Wednesday, 29 April 2015

မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်ချင်သလား


လင်မယားနှစ်ယောက်နဲ့ သားလေးတစ်ယောက်ရှိတယ်။
တစ်နေ့မှာ ယောက်ျားက အရက်အလွန်အကျွံမူးပြီးတော့ အပြင်ကပြန်ရောက်လာတယ်။
အိမ်ကြမ်းပြင်မှာလည်း အန်ပြီးတော့အန်ဖတ်တွေနဲ့ ပေတလူးထားတယ်။
မိန်းမဖြစ်သူက လူမှန်းမသိအောင် မူးနေတဲ့ယောက်ျားကို အဝတ်အစားတွေလဲပေးတယ်။
သန့်ရှင်းရေးလုပ်ပေးပြီးတော့ အိပ်ယာပေါ်မှာ တင်ပေးလိုက်တယ်။
x
ယောက်ျားဖြစ်သူက ညတုန်းက အရက်မူးပြီး အိပ်ပျော်သွားတယ်ဆိုတော့
နောက်နေ့မနက် အိပ်ယာကနိုးတာနဲ့ သူ့မိန်းမကတော့ ညတုန်းက အရက်မူးတဲ့ကိစ္စနဲ့
သူ့ကို ဆူပူကြိမ်းမောင်းဦးမှာပဲလို့ တွေးပြီး ဂနာမငြိမ်ဖြစ်နေတာပေါ့။
သူ့ခမျာ ပွဲကြီးပွဲကောင်း မိန်းမနဲ့ရန်မဖြစ်ဖို့ ဆုတောင်းရတာလည်း အမောပေါ့လေ။
ဒါပေမယ့် အံ့သြစရာကောင်းအောင် မိန်းမဖြစ်သူရဲ့ ဗျစ်တောက်ဗျစ်တောက်အသံလည်း
မကြားရဘူး။
x
ထမင်းစားတဲ့ စားပွဲပေါ်မှာ မနက်စာအပြည့်အစုံနဲ့ စာတိုလေးတစ်စောင်
ရေးထားတာတွေ့တော့ သူလည်းယူဖတ်ကြည့်တော့တာပေါ့။ စာထဲမှာ ရေးထားတာက
"ကိုရေ...သိပ်ချစ်တယ်၊ ကို့အတွက် မနက်စာလည်း အဆင်သင့်ပါပဲ၊ ချစ်ကတော့
လိုအပ်တဲ့ အိမ်သုံးပစ္စည်းလေးတွေ သွားဝယ်လိုက်ဦးမယ်" တဲ့။
သူလည်း စာဖတ်ပြီး နားမလည်နိုင်အောင်ဖြစ်ပြီး သားဖြစ်သူကို လှမ်းမေးတယ်။
"သားရေ၊ ညတုန်းက ဖေဖေအရက်မူးပြီး ဘာတွေဖြစ်သေးလဲ သား..သိလား"
သားဖြစ်သူက လည်း သူသိတဲ့အကြောင်း ပြန်ဖြေတယ်။
x
"ညတုန်းက ဖေဖေက အရက်တွေ သိပ်မူးနေတယ်။ စကားတောင် လေးလုံးကွဲအောင်
မပြောနိုင်ဘူး၊ မေမေက ဖေဖေ့ဘောင်းဘီ လဲပေးဖို့လုပ်တော့ ဖေဖေက
" ဟေ့...ဟေ့...ဒီမှာ မိန်းကလေးငါ့ကို မနှောင့်ယှက်ပါနဲ့ ၊
ငါက အိမ်ထောင်သည် ယောက်ျားကွ" လို့ မေမေ့ကို ပြန်ပြောတော့ မေမေက
ဖေဖေ့မျက်နှာကို ကြည့်ပြီး မျက်ရည်တွေ ကျနေတာပဲ။
ယောက်ျားဖြစ်သူက အကြောင်းစုံကို သဘောပေါက်သွားတယ်။
x
အကြောင်းအရာက ဒီလောက်ပါပဲ။
မုန့်ကို ဝေစားချင် စားမယ်၊ အချစ်ကိုတော့ ဘယ်တော့မှ ဝေမစားဘူးဆိုတာ
မိန်းမတွေမှာ ရှိတဲ့ စိတ်ဓာတ်လေးတစ်ခု။ တရားတယ်လို့လည်း ဆိုလို့ရပါတယ်။
ယောက်ျားတွေ ဘယ်လောက် အပြစ်ကျူးလွန်ပါစေ၊ ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့်
အချစ်ကို မျှပေးလိုက်တာမျိုးတော့ သူတို့ မကြိုက်တတ်ကြဘူး။ အပေါ်မှာ ပြောပြတဲ့
အဖြစ်အပျက်လေးမှာ အသိစိတ်လုံးဝကင်းမဲ့နေတဲ့ အချိန်မှာ နှုတ်ကနေထွက်လာတဲ့
အရိုးသားဆုံး စကားလေးတစ်ခွန်းက မိန်းမဖြစ်သူရဲ့ နှလုံးအိမ်ကို လှုပ်ရှားသွားစေတယ်။
x
တကယ်တော့
မိန်းမတစ်ယောက်ရဲ့ နှလုံးသားနဲ့ ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားကို ပိုင်ဆိုင်ဖို့
ခင်ဗျားအတွက် သိပ်မခက်လှပါဘူး။ အချိန်ကောင်း၊ အခြေအနေကောင်းတဲ့
အခိုက်တန့်လေးတစ်ခုမှာတင် မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ခင်ဗျား အပိုင်သိမ်းပိုက်လိုက်နိုင်ပါတယ်။
(ခင်ဗျား...အရက်သောက်ပြီး တမင်တကာ မူးပြစရာ မလိုပေမယ့် ဇနီးမယားအပေါ်မှာ
သစ္စာရှိပြီး ရိုးသားဖို့တော့ လိုတာပေါ့လေ)

--------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment