Saturday, 25 April 2015

နှလုံးသား(ဆင်) ၊ ဦးနှောက်(ချွန်း)


ဆင်။
ခွန်အားကြီးတယ်။
မုန်ယိုတတ်တယ်။
လူတွေရဲ့ အသုံးချခံရတယ်။
x
နှလုံးသား။
အင်အားများတယ်။
အလွန်အကျူးခံစားတတ်တယ်။
လူတွေက ဦးစားပေးတတ်တယ်။
x
ချွန်း။
ခွန်အားသေးတယ်။
ထိန်းကျောင်းနိုင်စွမ်းရှိတယ်။
လူတွေက လက်နက်တစ်ခုလို သုံးတယ်။
x
ဦးနှောက်။
အင်အားသေးတယ်။
မှတ်တယ်၊ မခံစားဘူး၊ မှား/မှန်ကို သိတယ်။
လူတွေက အားကိုးစရာတစ်ခုလို ဆောင်တယ်။
x
နှလုံးသားဆိုတာ ဆင်နဲ့တူရင်
ဦးနှောက်ဟာလည်း ချွန်းတစ်လက်ပါပဲ။
လူတွေဟာ နှလုံးသားပါလို့ ခံစားတတ်သလို
ဦးနှောက်ပါတဲ့အတွက် အမှားအမှန်လည်းသိတယ်။
x
ချစ်တတ်၊ မုန်းတတ်ကြတဲ့
ကျွန်တော်တို့ လူသားတွေဟာ
ချစ်ခြင်း၊ မုန်းခြင်းအမှုကိစ္စတွေကို
နှလုံးသားသီးသန့်သုံးပြီး ပြုမူဆောင်ရွက်တတ်ကြပါတယ်။
အဲ့ဒီ့လို နှလုံးသားသက်သက်နဲ့ ချစ်၊မုန်းရတာကို
ဂုဏ်ယူဝင့်ကြွားတတ်ကြပါသေးတယ်။
x
(နှလုံးသားတစ်ခုတည်းနဲ့ရင်းပြီး ချစ်တာပါ) လို့
ပြောတတ်တဲ့ လူငယ်အများစုကို တွေ့ဖူးကြမှာပါ။
သူတို့တတွေရဲ့  ချစ်ခြင်းရလာဒ်က နောက်ဆုံးမှာ
ကြေကွဲမှုတွေနဲ့ အဆုံးသတ်ရတာများတတ်ပါတယ်။
ဘုရားသခင်က
မလိုအပ်ဘူးဆိုရင် ဦးနှောက်ကို ထည့်ပေးမှာမဟုတ်ပါဘူး။
လူငယ်အများစုက နှလုံးသားကို ဦးစားပေးလွန်းတတ်တယ်။
လူတစ်ယောက်ကို ချစ်ခင်မြတ်နိုးတဲ့အခါ
နှလုံးသားတစ်ခုတည်းကိုသုံးပြီး ချစ်မိသွားတဲ့အဖြစ်မျိုးတွေက
ရေရှည်မှာတော့ ရလာဒ်မကောင်းတတ်ပါဘူး။
x
နှလုံးသားနဲ့ ရင်းပြီး ချစ်ပစ်၊ မုန်းပစ်လိုက်ပါ။
ဒါပေမယ့် ချွန်းတစ်လက်နဲ့တူတဲ့
ဦးနှောက်ကိုလည်း အဖော်အဖြစ် သွားလေရာ ခေါ်သွားပါ။
ဘာကြောင့်လဲဆိုတော့
နှလုံးသားက ဆင်ခြင်နိုင်စွမ်းမရှိဘူး။ ခံစားတတ်ရုံပဲရတယ်။
ဦးနှောက်ကတော့ မခံစားတတ်ဘူး။ ဆုံးဖြတ်ချက်ပဲ ချတတ်တယ်။
အဲ့ဒီ့တော့ နှလုံးသားသက်သက်နဲ့ ချစ်တာ၊ မုန်းတာ၊
ဦးနှောက်တစ်ခုတည်းနဲ့ မုန်းတာ၊ ချစ်တာတွေက မှန်ကန်တယ်လို့
ပြောလို့ ရနိုင်မယ်မထင်ပါဘူး။ နှလုံးသားနဲ့ ဦးနှောက် နှစ်မျိုးစလုံးက
ပူးပေါင်းဆောင်ရွက်မှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ပိုင်ပိုင်နိုင်နိုင်
ချမှတ်နိုင်စွမ်း ရှိလာမှာပါ။ (ကျွန်တော့်အမြင်)
x
ဆိုလိုချင်တာက
နှလုံးသားကို ဇာတ်လိုက်မင်းသားအဖြစ် သုံးပါ။
ဒါပေမယ့် ဦးနှောက်ကိုလည်း အရံအဖြစ် အသင့်ပြင်ထားပါ။
အဲ့ဒီ့ နှလုံးသားခံစားမှု ဆိုတာကြီးက ထိန်းမရတော့ဘူးဆိုရင်
ချွန်းနဲ့ တူတဲ့ ဦးနှောက်ရဲ့ အကူအညီကို ရယူပါ။
ပြီးတော့ ဦးနှောက်တစ်ခုတည်းနဲ့ ချစ်မိ၊ မုန်းမိရင်လည်း
ဆင်တစ်ကောင်လို အားအင်ကြီးတဲ့ နှလုံးသားခွန်အားနဲ့
မိမိတို့ရဲ့  ချစ်ခြင်း၊ မုန်းခြင်း အမှုကိစ္စတွေကို ညီမျှအောင် ဆောင်ရွက်ပါ။
x
အချစ်၊ အမုန်းကိစ္စတွေကို ဆောင်ရွက်တော့မယ်ဆိုရင်
နှလုံးသားနဲ့ ဦးနှောက်၊ ဆင်တစ်ကောင်နဲ့ ချွန်းတစ်လက်ကို
ခင်ဗျားတို့ မှတ်မှတ်ရရ ရှိနေပါစေ...။

-------------------
အိမ်ဝေးသူ(KZ)
-------------------







No comments:

Post a Comment