Sunday, 12 April 2015

အကျဉ်းကျနေကြသူများ


အချို့ က ရုပ်ပိုင်းဆိုင်ရာ အကျဉ်းကျနေကြသည်။
အချို့က နာမ်ပိုင်းဆိုင်ရာ အကျဉ်းကျနေကြသည်။
အချို့က ရုပ်+နာမ် နှစ်ခုစလုံး အကျဉ်းကျနေကြသည်။
အကျဉ်းကျခြင်းဟူသည် (အပြစ်ကိုဆေးကြောခြင်း) ဖြစ်သည့်အတွက်
တရားမျှတသည်ဟု ဆိုရမည်ဖြစ်ပါသည်။

သို့သော်။
လွတ်လပ်ခြင်းကို အလွန်တရာ မြတ်နိုးသူတစ်ယောက်အတွက်မူ
တစ်မိနစ်မျှ အကျဉ်းကျခြင်းသည်ပင်လျှင် ကြီးမားလွန်းသည့် ပြစ်ဒဏ် ဖြစ်ပေရော့မည်။
မိမိ၏ အမှားကို မိမိကိုယ်တိုင် မှတ်မှတ်ရရ ရှိစေလိုသည့် ဆန္ဒဖြင့်
(၃) ရက်တာ စာမရေးရန် (မိမိ၏ နာမ် {စိတ်}) ကို အကျဉ်းချထားခဲ့ပါသည်။
ချုပ်နှောင်ခြင်းကို သိပ်မကြိုက်တတ်သော ကျွန်တော့်အတွက်မူ အတိုင်းအတာတစ်ခုထိ
ထိထိရောက်ရောက် ဖြစ်ခဲ့ပြီး အကျဉ်းကျခြင်း၏ အရသာကို အထိုက်အလျောက်
မြည်းစမ်းခွင့် ရခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

စာရေးရခြင်းကို ဝါသနထုံလွန်းသည့် ကျွန်တော့်အတွက် (၃) ရက်တာ
စာမရေးမိအောင် ထိန်းချုပ်ရသည်မှာ ခက်ခဲလွန်းလှပါသည်။
ထို (၃) ရက်တာအတွင်း

(၁) မိမိရေးချင်သော အကြောင်းအရာများကို အကြမ်းချရေးထားခြင်းလည်း မလုပ်ခဲ့။
(၂) အပြစ်ဒဏ်ခံရသူတစ်ယောက်၏ စိတ်မျိုးကို အပြည့်အဝ ခံစားခဲ့သည်။
(၃) အခြားအမည်ခွဲများဖြင့်လည်း မည်သည့်စာပေမျိုးကိုမျှ လုံးဝ မရေးခဲ့။
မည်သို့ဆိုစေ...ထို (၃) ရက်တာကို ကျွန်တော် အလွန်ကျေးဇူးတင်ပါသည်။

အပြစ်ကျူးလွန်သူ ကျွန်တော့်အတွက် (၃) ရက်တာမျှ (နာမ်) ကို အကျဉ်းချခြင်းမှာ
သဘာဝကျသလို သမာသမတ်ကျသည်ဟုလည်း ယူဆနိုင်ပါသည်။ သို့သော်
ကမ္ဘာအနှံ့အပြားရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေကြသူများအတွက်
တစ်ခဏတာမျှ ဝင်ရောက်ကိုယ်ချင်းစာကြည့်ကြမည်ဆိုပါက...

(၁) ယုံကြည်မှုကြောင့် အကျဉ်းကျနေကြသူများ
(၂) ကိုးကွယ်မှုကြောင့် အကျဉ်းကျနေကြသူများ
(၃) စည်းစိမ်ဥစ္စာမရှိ/ ရှိ သောကြောင့် အကျဉ်းကျနေကြသူများ
(၄) ရာထူးအာဏာ မရှိ/ ရှိ သောကြောင့် အကျဉ်းကျနေကြသူများ
(၅) အပြစ်အနာအဆာ တစ်စုံတစ်ရာ မရှိဘဲ အကျဉ်းကျနေကြသူများ

အစရှိသဖြင့် ပုံစံစုံလင်စွာ (စိတ်+ကိုယ်) နှစ်ခုစလုံးကို အကျဉ်းချခြင်း ခံနေရသည်ကို
တွေ့ရလိမ့်မည်။ ကျွန်တော်နှင့် ထိုသူတို့၏ ခြားနားခြင်းမှာလည်း ကြီးမားလွန်းသည်။

(က)
ကျွန်တော်က (၃) ရက်တာ။ (နာမ် သီးသန့်)
ထိုသူတို့က နှစ်ပေါင်း (၃၀)။ (နာမ်+ ရုပ်)

(ခ)
ကျွန်တော်က အပြစ်ရှိသည်။ (ထိုက်တန်)
ထိုသူတို့က အပြစ်မရှိ။ (မထိုက်တန်)

(ဂ)
ကျွန်တော်က မိမိစိတ်တိုင်းကျ ချက်ပြုတ်စားသောက်နိုင်သည်။ (လွတ်လပ်သည်)
ထိုသူတို့က သောက်ရေ၊ သုံးရေကိုပင်လျှင် လောက်ငှခြင်းမရှိ။ (မလွတ်လပ်)

(ဃ)
ကျွန်တော်က စာရေးခြင်းမှလွဲ၍ အခြားကိစ္စများတွင် ကန့်သတ်ချက် မရှိ။ (ဘောင်မခတ်)
ထိုသူတို့က ထိုင်ခြင်း၊ ထခြင်းကိုပင် စိတ်တိုင်းကျမလုပ်နိုင်ကြ။ (ဘောင်ခတ်)

နိဂုံးချုပ်ပါမည်။
လွတ်လပ်ခြင်းနှင့် ချုပ်နှောင်ခြင်းခံရခြင်းသည် ကွာခြားလွန်းပါသည်။
ထို့အတူ
မျှတစွာ ချုပ်နှောင်ခံရခြင်းနှင့် မတရားသဖြင့် ချုပ်နှောင်ခံရခြင်းမှာလည်း ကွာခြားလွန်းပါသည်။
(နာမ်) ကို သုံးရက်တာမျှ အကျဉ်းချမိခဲ့ရုံဖြင့် မလွတ်လပ်ခြင်း၏ အရသာအား
သိသိသာသာကြီး ခံစားမိသည်ဆိုလျှင် ကံအကြောင်းမလှစွာဖြင့် (ရုပ်+နာမ်)
နှစ်ခုစလုံးကို အကျဉ်းထောင်များတွင် လည်စင်းခံရင်း ပေးဆပ်နေရရှာသော
ဘဝများစွာနှင့် ထိုဘဝများစွာကို မှီခိုစားသောက်နေရသော နောက်ထပ်ဘဝများစွာတို့၏
နာကျင်ကြေကွဲခြင်း၊ မုန်းတီးနာကြည်းခြင်းများမှာမူ ဆိုဖွယ်ရာမရှိတော့ပြီ။

ကျွန်တော့်တွင် နောင်တမရှိ။
ကျွန်တော့်တွင် အမှားအယွင်းမရှိ။
ကျွန်တော့်တွင် သင်ခန်းစာသာ ရှိသည်။
ထို (၃) ရက်တာက အနှစ် (၃၀) စာ ဘဝများစွာ၏ ပုံရိပ်များကို
အခိုက်အတန့်လေးမဆို ပုံဖော်မြင်နိုင်စွမ်းပေးခဲ့သည့်အတွက် ကျေနပ်မိပါသည်။
လွတ်လပ်စွာ ရှင်သန်ခွင့်ရသော ကျေးကျွန်တစ်ယောက်၏ မလွတ်လပ်သော
ညီနောင်သားချင်းများအတွက် ဖြစ်ထွန်းခဲ့သော အောက်ပါဆုတောင်းကို လက်ခံတော်မူပါ။

အသျှင်။
လွတ်မြောက်ခြင်းနှင့် ထိုက်တန်သူများအား ထိုလွတ်မြောက်ခြင်း၏ အရသာကို
အမြန်ဆုံးစံစားခွင့် ချီးမြှင့်ပေးသနားတော်မူပါ။

-------------------
အိမ်ဝေးသူ(KZ)


No comments:

Post a Comment