Sunday, 5 April 2015

ကျွန်တော်...မငိုတော့ဘူး...မေမေ !!!


(၁)

သူမသည်...
ပန်းပွင့်...ဆန်၏။

သူမသည်...
စမ်းချောင်း...ဆန်၏။

သူမသည်...
တောတောင်...ဆန်၏။

သူမသည်...
ကြယ်တာယာ....ဆန်၏။

(၂)

သူမ...
ရယ်လျှင်...ကျွန်တော်...ရယ်၏။

သူမ...
ပြုံးလျှင်...ကျွန်တော်...ပြုံး၏။

သူမ...
ငိုလျှင်...ကျွန်တော်...ငို၏။

သူမ...
ထားသွားတော့....ကျွန်တော်...နေခဲ့ရ ၏။

(၃)

သူမမှာ...
ကျွန်တော့်ကို နှစ်သိမ့်အားပေးခဲ့သော...
ရင်ခွင်တစ်စုံရှိ၏။

သူမမှာ...
ကျွန်တော့်ကြောင့်...ပူပန်ငိုကြွေးရခဲ့သော...
မျက်ဝန်းတစ်စုံရှိ၏။

သူမမှာ...
ကျွန်တော့်ကို...ပြုစုပျိုးထောင်ခဲ့သော...
လက်တစ်စုံရှိ၏။

သူမမှာ...
ကျွန်တော့်ကို...ဆုံးမသွန်သင်ခဲ့သော..
နှုတ်ခမ်းတစ်စုံရှိ၏။

(၄)

တစ်ဦးတည်း ပိုင်ဆိုင်လိုစိတ်ဖြင့်
သူမကို တစ်ဦးပိုင်နာမည်တစ်ခု ပေးခဲ့ဖူး၏။
သူမ..ငြင်းဆန်ခဲ့ရှာသည်။
ကမ္ဘာပေါ်ရှိ...
သား၊သမီးတိုင်း ခေါ်ဆိုနိုင်ရန်အတွက်...
အများပိုင်သော အမည်...
"မေမေ"
ဟု ခေါ်ဆိုလျှင်ပင်...ကျေနပ်လှပါပြီဟု
သူမ..တောင်းဆိုခဲ့ဖူး၏။
**************
(၅)
ဘဝရဲ့  ကြမ်းတမ်းရှတ,တဲ့
အချိုးအကွေ့တွေနဲ့ ကြုံတိုင်း
ကျွန်တော်...
သည်းခြေပျက်မတတ် လွမ်းတယ်...မေမေရယ်။

(၆)

မေ့မေ့ရဲ့  နွေးထွေးစာနာတတ်မှု
ဖေ့ဖေ့ရဲ့  တည်ကြည်ပြတ်သားမှု
ကျွန်တော့်ရဲ့ 
မွေးရာပါ ဂျစ်ကန်ကန် ဗီဇလေး အားကိုး
ယုံကြည်ရာကို ရဲရဲတိုးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ 
ပျော်ရာမှာမနေ၊ တော်ရာမှာ ရုန်းကန်ခဲ့ပေမယ့်
အမိမဲ့သား ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုနဲ့တင်
ရေမနည်းခင်ကတည်းက...
ကျွန်တော့်...
ပါးဟက်ကလေး...ခြောက်သွေ့ခဲ့ရပြီ...မေမေ။

(၇)

ဘယ်တော့မှ မခွဲချင်ဘူးဆိုတဲ့
ကျွန်တော့်...
အတ္တအိုးလေး အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့ရပေါ့။
တရားနဲ့သာဖြေ..ဆိုတဲ့...
ဆင်ခြင်စိတ်...ကြိုးစားမွေးမြူခဲ့ပေမယ့်
“စောလိုက်တာမေမေရယ် “ ဆိုပြီး
ဆင်ခြေ အမြဲတောင်းနေတဲ့ နှလုံးခုန်သံတိုင်းက
ခုထိ နှိပ်စက်နေဆဲပါ...မေမေ။

(၈)

ဘဝဆိုတာ
တူတူပုန်းတမ်း ကစားတာမျိုးလား???
မေမေ...ပုန်းခဲ့လေသမျှ
ရှာလို့ မတွေ့ခဲ့တဲ့အဆုံး
လက်မြှောက်အရှုံးပေးလိုက်ပါပြီ
ကျွန်တော့်ဆီသာ...ပြန်လာခဲ့ပါတော့ မေမေရယ်။

(၉)

ဟော
ခုတော့...
မေမေပြောနေကျ
လောကဓံ ဆိုတာကြီးနဲ့ လုံးထွေးသတ်ပုတ်ရင်း
မေ့မေ့ရဲ့ လူကလေး..ကျွန်တော်
ဗျိုင်းရှေ့ ကမပျံလည်း....အိပ်တတ်နေပါပြီမေမေ။
ထမင်းဆီစမ်းကိုလည်း..
ကြုံရာပန်းကန်နဲ့ စားတတ်နေပါပြီမေမေ။

(၁၀)

မျှော်လင့်ခဲ့သမျှ အလွဲလွဲ
သေကွဲလည်း ခွဲခဲ့ရသူမို့ 
ကျွန်တော့်ပါးပြင်မှာ...ဖြတ်တဲ့ မြစ်နှစ်စင်းနဲ့ 
ထာဝရ...မျက်နှာသစ်လိုက်ချင်ပေမယ့်
ရှေ့ သို့သာချီ ဆိုတဲ့ မေ့မေ့စိတ်ဓာတ်ကလေး ရင်ဝယ်ပိုက်
မျက်ရည်ကို ခပ်သွက်သွက်သုတ်လို့ 
ဆန့်ကျင်ဘက်ခရီးအတွက်...လက်မှတ် သွားဝယ်တော့မယ်မေမေ။
******************

(နိဂုံးနှင့်အတူနိဒါန်း)

၂၀၁၁ ရဲ့ ..တစ်ခုသော နေ့မှာ
သူမ...ကျွန်တော့်ကို..
နှုတ်မဆက်ဘဲ...ထားရစ်ခဲ့သည်။

နှလုံးသည်းပွတ်၌
သူမ...အမြဲ ရှိသည့်အတွက်
ကျွန်တော်...လုံးဝ...မငိုတော့ပါ။

သွေးကြောများ၌
သူမ၏ မေတ္တာတရားတို့ ...အစဉ်မပြတ်
စီးဆင်းနေသည့်အတွက်...
ကျွန်တော်...မငိုတော့ပါ။
ကျွန်တော်...လုံးဝ...မငိုတော့ပါ။
ကျွန်တော်....လုံးဝ...လုံးဝ...လုံးဝ....မငိုတော့ပါ ။။

"သား"
------------------------------------------------------------------------
မှတ်ချက်။ ။ ။
မေမေပြောခဲ့သလိုပင်ဖြစ်သည်။
ဤကဗျာကို ကျွန်တော် မပိုင်ပါ။
" အမေ " ရှိသည့် လူသားတိုင်း ပိုင်ဆိုင်သော
အများပိုင်ကဗျာတစ်ပုဒ်သာ...ဖြစ်ပါကြောင်း။
------------------------------------------------------------------------
အိမ်ဝေးသူ( KZ)

 

No comments:

Post a Comment