Monday, 27 April 2015

အသျှင့်ကို ကျေးဇူးတင်ပါ (ကောင်း၊ဆိုး မခွဲပါနှင့်)


ကျွန်တော် အစ္စလာမ်ဘာသာဝင်။
ဖန်ဆင်းရှင်ကို အကြွင်းမဲ့ယုံကြည်တယ်။
ဖြစ်ပျက်သမျှ အကောင်းအဆိုးမှန်သမျှဟာ
အဲ့ဒီ့ တစ်ပါးတည်းသော ဖန်ဆင်းရှင်ရဲ့
အလိုတော်အတိုင်း ဖြစ်ပျက်နေတယ်ဆိုတာကိုလည်း
ခြွင်းချက်မရှိ မငြင်းဆိုပဲ အမြဲလက်ခံလေ့ရှိတယ်။
x
အကွယ်က ဖန်ဆင်းရှင်ကို
အကြွင်းမဲ့ ယုံကြည်တဲ့ကျွန်တော်ဟာ
အဆိုးရွားဆုံးအခြေအနေများစွာကို ကြုံခဲ့ဖူးပါတယ်။
အဲ့ဒီ့လို ကံဆိုးမိုးမှောင်ကျတဲ့အခါတိုင်း
အဲ့ဒီ့ အဆိုးရွားဆုံးဆိုတာကနေ
အနိမ့်ဆုံး ကောင်းတဲ့အချက်ကလေးတစ်ခုကို
မဖြစ်ဖြစ်အောင်၊ မရရအောင် ရွေးထုတ်မိတတ်တယ်။
x
တစ်ခါတလေ ဒေါသထွက်စရာကိစ္စ။
တစ်ခါတလေ ဝမ်းနည်းစရာအကြောင်း။
တစ်ခါတလေကျတော့ စိတ်ပျက်စရာအနေအထား။
ပုံစံမျိးစုံနဲ့ ဆိုးရွားမှုအထွေထွေ ကြုံခဲ့ရတိုင်း
အဲ့ဒီ့ အဖြစ်အပျက်တွေဟာ ဖန်ဆင်းရှင်ရဲ့ အလိုတော်အတိုင်း
ဖြစ်ပျက်နေတာပဲဆိုပြီး (အလ်ဟမ်ဒုလိလ္လာဟ်) လို့
ရေရွတ်နိုင်အောင် ကြိုးစားတည်ဆောက်ခဲ့တယ်။
x
အစပိုင်းမှာတော့ သိပ်ခက်ခဲလွန်းခဲ့ပါတယ်။
အလ်ဟမ်ဒုလိလ္လာဟ်၊ အလ်ဟမ်ဒုလိလ္လာဟ်။
အခုတော့...ဘယ်လိုဒုက္ခတွေပဲ ကြုံရပါစေ၊
ဘယ်လောက်ခါးသီးနာကျင်နေရပါစေ၊
အဲ့ဒီ့ အဆိုးဆုံးကိစ္စကနေ၊ ကောင်းကွက်လေးတစ်ခုကို
ကျွန်တော် ရွေးထုတ်ပြီး အသျှင့်ကို ကျေးဇူးတင်နေတတ်ပြီ။
x
အဲ့ဒီ့လို စိတ်မျိုးထားလိုက်တာနဲ့
လက်ရှိကြုံတွေ့ရတဲ့ဒုက္ခက လျော့ပါးသွားပြီး
နှလုံးသားထဲမှာလည်း အတိုင်းမသိတည်ငြိမ်မှုမျိုး
ဖြစ်ထွန်းလာတတ်တယ်ဆိုတာကို
ကြုံဖူးသူတိုင်း ခံစားနားလည်ကြမယ်လို့ ယုံကြည်မိပါတယ်။
(မကြုံဖူးခဲ့ရင်...လက်တွေ့စမ်းကြည့်ပါလို့ တိုက်တွန်းပါတယ်)
x
ဝန်ခံချက်။
အကယ်၍ ကျွန်တော်က ဒီပို့စ်ကိုရေးပြီး လူအထင်ကြီးခံရအောင်
လုပ်တယ်လို့များ ထင်ခဲ့မယ်ဆိုရင် ဒီပို့စ် ဖတ်မိသူတိုင်း ကမ္ဘာ့တရားခွင်နေ့မှာ
ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး တရားစွဲဆိုနိုင်ပါတယ်။

--------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment