Saturday, 4 April 2015
အချစ်၏ အရိပ်အာဝါသအောက်တွင် မိမိ၏အတ္တအား တည်ဆောက်ခြင်း
ဆံပင် ရှည်ရှည်နှင့် လမ်းသရဲ စတိုင် ကောင်လေးနှင့် မဟာဆန်သူ ကောင်မလေးတို့
ချစ်ခြင်း၏ အရိပ်အာဝါသအောက်တွင် အတူတကွ ခိုလှုံကြသည်။
ဖဲကစားခြင်းကို ဝါသနာ ထုံလွန်းသူ ကောင်လေးနှင့် လောင်းကစား မုန်းလွန်းသူ ကောင်မလေးတို့
ချစ်ခြင်း၏ အရိပ်အာဝါသအောက်တွင် အတူတကွ ကွန်းခိုကြသည်။
မင်းကို …..ကိုယ် အရမ်းချစ်တာပဲ…..
မောင့်ကို….ကျွန်မ အရမ်းချစ်တာပဲ ဟု ချစ်သူ စုံတွဲတို့ နားမငြီးတမ်း ဆိုတတ်ကြ၏။
ချစ်ကြတာပဲ…အပြစ်ဆိုစရာ မဟုတ်ပါ။ သည်နေရာတွင် အချစ်က ပြသနာမဟုတ်။
သို့ဆိုလျှင် အဓိက ပြသနာက အဘယ်အရာနည်း...???
ချစ်သူ သမီးရည်းစား နှစ်ဦးတို့သည် တစ်ဦးနှင့်တစ်ဦး မချစ်ကြိုက်ခင်
အမူအကျင့် စရိုက်တို့အား အပြန်အလှန် လေ့လာလေ့ ရှိကြသည်။
(လေ့လာသင့်သည်ဟုလည်း ထင်မြင်မိပါသည်)
မိန်းကလေး တစ်ဦး အနေနှင့် ယောက်ျားလေးအား အဖြေမပေးခင်
( အရက်သမားလား၊ ဘိန်းသမားလား၊ လောင်းကစားသမားလား)
အစရှိသည်ဖြင့် အနည်းအကျဉ်း လေ့လာရမည် ဖြစ်သည်။
ထိုနည်းတူ…ယောကျာ်းလေး အနေနှင့်လည်း မိန်းကလေး တစ်ယောက်အား
ဝရုန်းသုန်းကား ချဉ်းကပ်ကြခြင်းမျိုး ရှောင်ရမည် ဖြစ်သည်။
မိမိ ၏ လိုအပ်ချက်၊ စံချိန်စံညွှန်းတို့နှင့် ကိုက်ညီသလား၊ မကိုက်ညီဘူးလား
စသည်တို့အား သတိထားရမည် ဖြစ်သည်။
ဆိုကြပါစို့။
စရိုက်မတူသော ယောက်ျားလေးနှင့် မိန်းကလေး ချစ်ကြိုက်မိသောအခါ အစပိုင်းတွင်
အေးအေးလူလူ ရှိတတ်ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပြသနာ ရှိလာသည်။
နှစ်ဦးနှစ်ဘက်စလုံးက အချစ်နှင့် အတ္တကို သီးသန့် အကန့် ခွဲထားနိုင်စွမ်း နည်းလာသည်။
မင်းကို မိုးလောက်ကြီး ချစ်တယ်၊ ပင်လယ်ပြင်ကြီးလောက် ချစ်တယ် ဟု ဆိုကြသူတို့သည်ပင်လျှင်
အမှားသေးသေးလေးကိုပင်လျှင် သည်းခံနို်င်စွမ်း မဲ့လာကြသည်။
တနည်းဆိုရသော်...အချစ်၏ အရိပ်အာဝါသ အောက်တွင် မိမိ၏ အတ္တကိုသာ ဦးစားပေး၍
တည်ဆောက်လာကြသည်။
ပမာဆိုအံ့။
(ယောက်ျားလေး)
=============
မိမိအတ္တ တည်ဆောက်ခြင်း ပထမ အဆင့်တွင်
ကိုယ့်ကို ချစ်ရင်…..အတင်း…မတုပ်ပါနဲ့ကွာ….
ကိုယ့်ကို ချစ်ရင်…..လက်သည်း အရှည် မထားပါနဲ့ကွာ….
ကိုယ့်ကို ချစ်ရင် …..ဆံပင် အရောင် မဆိုးနဲ့ကွာ….
မိမိအတ္တ တည်ဆောက်ခြင်း ဒုတိယ အဆင့်တွင်
မင်းကို အတင်း လိုက်မတုပ်ဖို့ ကိုယ် ပြောထားတယ်နော်။
မင်းကို လက်သည်း အရှည် မထားဖို့ ကို်ယ်သတိပေးထားတယ်နော်။
မင်းကို ဆံပင် အရောင် မဆိုးဖို့ ကိုယ်မှာထားတယ်နော်။
မိမိအတ္တ တည်ဆောက်ခြင်း နောက်ဆုံး အဆင့်တွင်
မင်းကို အတန်တန် ပြောထားရက်နဲ့ မင်းကိုယ့်စကားကို နားမထောင်ဘူး…
ခုထိ အတင်း တုပ်နေတုန်းပဲ….မင်းနဲ့ကိုယ့် ဇာတ်လမ်း ပြတ်ပြီ။
မင်းကို အတန်တန် သတိပေးထားရက်နဲ့ မင်းကိုယ့်စကားကို နားမထောင်ဘူး…
ခုထိ လက်သည်းရှည် ထားတုန်းပဲ….မင်းနဲ့ကိုယ် လမ်းခွဲတာပဲ ကောင်းတယ်။
မင်းကို အတန်တန် မှာထားရက်နဲ့ မင်းကိုယ့်စကားကို နားမထောင်ဘူး….
ခုထိ ဆံပင်တွေ အရောင်ဆိုးတုန်းပဲ….ကိုယ့်ကို ထားခဲ့လို်က်တော့….။
(မိန်းကလေး)
==========
မိမိအတ္တ တည်ဆောက်ခြင်း ပထမ အဆင့်တွင်
ကျွန်မကို ချစ်ရင်…..လမ်းသရဲ မလုပ်ပါနဲ့လား မောင်ရယ်။
ကျွန်မကို ချစ်ရင်…..အလောင်းကစား မလုပ်ပါနဲ့လား မောင်ရယ်။
ကျွန်မကို ချစ်ရင်…..ဂိမ်းမကစားပါနဲ့လား မောင်ရယ်။
မိမိအတ္တ တည်ဆောက်ခြင်း ဒုတိယ အဆင့်တွင်
မောင့်ကို လမ်းသရဲ မလုပ်ဖို့ ကျွန်မ ပြောထားတယ်နော်။
မောင့်ကို အလောင်းကစား မလုပ်ဖို့ ကျွန်မ သတိပေးထားတယ်နော်။
မောင့်ကို ဂိမ်းမကစားဖို့ ကျွန်မ မှာထားတယ်နော်။
မိမိအတ္တ တည်ဆောက်ခြင်း နောက်ဆုံး အဆင့်တွင်
မောင့်ကို အတန်တန် ပြောထားရက်နဲ့ ကျွန်မစကားကို နားမထောင်ဘူး…
ခုထိ လမ်းသရဲလုပ်ကောင်းနေတုန်းပဲ….မောင်နဲ့ကျွန်မ ဇာတ်လမ်း ပြတ်ပြီ။
မောင့်ကို အတန်တန် သတိပေးထားရက်နဲ့ ကျွန်မစကားကို နားမထောင်ဘူး…
ခုထိ အလောင်းကစားတွေ လုပ်နေတုန်းပဲ…..မောင်နဲ့ကျွန်မ လမ်းခွဲတာပဲ ကောင်းတယ်။
မောင့်ကို အတန်တန် မှာထားရက်နဲ့ ကျွန်မစကားကို နားမထောင်ဘူး….
ခုထိ ဂိမ်းတွေ ကစားနေတုန်းပဲ….ကျွန်မကို ထားခဲ့လို်က်တော့….။
သည်နေရာတွင် မိန်းကလေး အများစု ကျူးလွန်မိကြသည့် အမှားက ယောက်ျားလေးအား
မိမိဘက်တော်သား ( တနည်း ..မိမိ၏ ချစ်သူ ) ဖြစ်လာသည့်အခါမှ အချစ်ကို အကြောင်းပြု၍
ချစ်သူအား လိုရာကို ပုံသွင်းယူမည်ဟု မှတ်ယူကြခြင်း ဖြစ်သည်။ မိမိပြောလျှင်လည်း ချစ်သူက
နားထောင်မည်ဟု အပြည့်အဝ ယုံကြည်ထားကြသည်။ သို့သော် မျှော်မှန်းထားသကဲ့သို့
ဖြစ်လာရန်မှာ ရာခိုင်နှုန်းအားဖြင့် အင်မတန် နည်းပါးလွန်းလှပေသည်။
အကျင့်ဆိုးများကို ဦးစွာ ပြင်ခိုင်းပြီးမှ ချစ်အဖြေ ပေးတတ်သည့် မိန်းကလေးများလည်း
ရှိပေမည်။ သို့သော် ရှားပေမည်။
သို့ဆိုလျှင်
မိမိ၏ ချစ်သူအား ကောင်းမွန်စေချင်သည့် စေတနာဖြင့်သာ ပြုပြင်ပေးခြင်း ဖြစ်သည်ဟု
စောဒက တက်ချင်ပါသလား...။
ချစ်သူ သမီးရည်းစား မဖြစ်ခင်ကတည်းက တစ်ဖက်သား၏ အမူအကျင့်များကို သတိမထားမိခဲ့လေသလား...။
သတိထားမိလျှင်ရော အဘယ်ကြောင့် ချစ်ရေးဆိုခဲ့သေးသနည်း...။
အဘယ့်ကြောင့် ချစ်အဖြေ ပေးခဲ့သနည်း...။
လူတိုင်းသည် အတ္တအနည်းအများဖြင့် ရှင်သန်နေကြသည့်အလျောက် ချစ်သက်တမ်း ကြာလာသည်နှင့်အမျှ
အတ္တတွင်းက နက်သထက် နက်လာသည်။
အဲဒါ...မလုပ်နဲ့....
ဟိုဟာ...လုပ်တာ မကြိုက်ဘူး....
ဒီလိုနေ....ဒီလိုမနေနဲ့....
စသည်ဖြင့် အတ္တကို အတ္တ ထပ်လာကြသည်...။
ချစ်သူကို တကယ်ကောင်းစေချင်သည့် စေတနာထက် မိမိ ဖြစ်လိုသည့် ဆန္ဒ
( တနည်း..မိမိ သည်းမခံနိုင်သည့် အမူအယာများ မဖြစ်အောင် အပြင်းအထန် ကာကွယ်နေခြင်း ) များကိုသာ
ဦးစားပေး ဆောင်ရွက်နေသည်ကို သတိထားမိခြင်း မရှိတော့..။
တစ်နေ့ထက် တစ်နေ့ ...ချစ်သူ၏ ဆန္ဒတို့ လေလွင့်ဝေဝါး၍ မိမိ၏ အတ္တများနှင့် ချစ်သူတွင် မူလ ရှိနှင့်နေပြီးသော
အတ္တကို ထိန်းချုပ်ရန်ကြိုးစားဖန်များလာသောအခါ...ရလဒ်က မကောင်းဖြစ်လာသည်။
မည်သူ့ကိုမျှ စိုးစဉ်းမျှ ဒုက္ခ မပေးသော...အချစ်သန့်သန့်က အဘယ်ရောက်သွားသနည်း...။
ချစ်ရလွန်းသူ၏ ဖြစ်ချင်သော ဆန္ဒတို့ အဘယ်ရောက်သွား ရပါသနည်း...။
တကယ်ချစ်လျှင် အမူအကျင့် အချို့၏ ဒဏ်ကိုလည်း ခံနိုင်စွမ်းရမည်ပေါ့။
ခံနိုင်ရည် မရှိလျှင်လည်း အစောကြီးကတည်းက လက်မတွဲခဲ့ရန်သာ ရှိချေသည် မဟုတ်လား။
မိုးလောက်ကြီး...ပင်လယ်လောက်ကြီး ချစ်သည်...စသည့်...အလွန်အကျူး ဒိုင်ယာလော့ဂ်တို့
ပျောက်ချင်းမလှ ပျောက်သွားကြသည်ကသာ များသည်။
နိဂုံးအနေနှင့် ပြောလိုသည်မှာ...
လူအများစုသည် အချစ်၏ အရိပ်အာဝါသ အောက်တွင် ကျေနပ်စွာ ခိုလှုံကြ၏။
ပြီးလျှင် အပြန်အလှန် အတ္တတို့ အထပ်ထပ် တည်ဆောက်ကြ၏။
အတ္တ ထုထည် ကြီးမားလာသည်နှင့်အမျှ ချစ်ခြင်းက ယိုင်နဲ့လာသည်။
အဆုံးသတ် ရလဒ်အနေနှင့် လူတို့က အချစ်ကိုသာ ယိုးမယ်ဖွဲ့ အပြစ်ဆိုကြကုန်၏။
အမှန်တကယ်တွင်မူ အချစ်၏ အရိပ်အာဝါသ အောက်တွင် ရာသက်ပန် ခိုလှုံလိုပါက
ဓားတောင်ကိုလည်း ကျော်ပြစရာမလိုပါ...။
မီးပင်လယ်ကိုလည်း ဖြတ်ပြစရာမလိုပါ...။
ကျားမြီးလည်း ဆွဲပြစရာ မလိုပါ...။
အလွယ်ဆုံးနှင့် အခက်ဆုံးသော အလုပ်တစ်ခုကိုသာ လုပ်ရန် လိုပါသည်။
ထိုအရာကား....
ချစ်ခြင်းနှင့်အတူ မိမိ၏ အတ္တနှင့်
ချစ်သူ၏ ဆန္ဒအား
မျှတစွာ ညှိနှိုင်းပေးခြင်းပင် ဖြစ်ပေသည်။
အိမ်ဝေးသူ (KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment