Sunday, 5 April 2015

လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဟုတ်ပါသလား ???


                                                    “Man Is A Rational Animal”

                           “လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ....တဲ့။


                                                         မှန်ပါသလား???


ဂရိတွေးခေါ်ပညာရှင်ကြီး အရစ်(စ်)တိုတယ်လ် (Aristotle)က ဆိုခဲ့ခြင်းဖြစ်ချေသည်။

လူသည် မိမိလုပ်ကိုင်သည့် အရာကိစ္စတိုင်းအတွက် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း ရှိသည်ဟု

သူက ယူဆခဲ့သည်။ သစ်ပင်၊ ပိုးမွှားတိရစ္ဆာန်၊ လူသားတို့အနက်သစ်ပင်သည် စဉ်းစားဆင်ခြင်နိုင်စွမ်း

အနည်းဆုံး၊ ပိုးမွှားတိရစ္ဆာန် တို့က ဒုတိယ စဉ်းစားဆင်ခြင်နိုင်စွမ်း အနည်းဆုံးဖြစ်ပြီး လူသားကမူ

စဉ်းစားဆင်ခြင်နိုင်စွမ်း အရှိဆုံးဟု ဆိုသည်။


လူတို့၏ ဆင်ခြင်ဥာဏ်၌ ဖြစ်သင့်၏၊ မဖြစ်သင့်ပါ ဟူသော (concepts) နှင့်

မျှတ၏၊ မမျှတပါ ဟူသော (Justification) သမမျှတသော စိတ်အခြေခံ ရှိသည်ဟု

အရစ်(စ်)တိုတယ်လ် ကြွေးကြော်ခဲ့သည်။ သူ့ခေတ်အခါတုန်းက အရစ်(စ်)တိုတယ်လ်သည်

"zoon logikon" ဟူသောအသုံးအနှုံးကို သုံးခဲ့သည်။ "Zoon" ဆိုသည်က "zoo”(animal)

သတ္တဝါနှင့် အဓိပ္ပါယ်  တူပြီး "logikon" ဆိုသည်ကတော့ “rational” (power to think)

ဆင်ခြင်စွမ်းအား ဟု ရည်ညွှန်းခဲ့သည်။ ဤနေရာတွင် သူက လူတို့၏ ဆင်ခြင်နိုင်စွမ်းသည်

အတ္တဝိညာဉ် (human soul) နှင့် တိုက်ရိုက်ပက်သက်ပြီး အတ္တဝိညာဉ် နှင့် ဆင်ခြင်တုံ့တရား

ပေါင်းလိုက်ခြင်းဖြင့် လူသားက အခြားသက်ရှိများနှင့် ယှဉ်လိုက်လျှင် အမျှတဆုံး၊ အတွေးခေါ်နိုင်ဆုံး၊

အဆင်ခြင်နိုင်ဆုံး သတ္တဝါဟု ဆိုလိုခဲ့ဟန်တူသည်။


ထို့အပြင် လူသည် ဗဟုသုတ (Knowledge) နှင့် အသိဥာဏ် (Intelligent) တရားနှင့် ပြည့်စုံသည့်

ပေါင်းသင်းဆက်ဆံရေး သတ္တဝါတစ်မျိုးဖြစ်သည်။  ဤနေရာတွင် အသိဥာဏ် (Intelligent)  ကို

အောက်ပါ အချက် (၅) ချက်ဖြင့် ဖွဲ့စည်းထားပေသည်။


ယင်းတို့မှာ...

အတွေအကြုံ (Experience)


သင်ယူနိုင်ခြင်း (Learning)


စဉ်းစားခြင်း (Thinking)


ကျိုးကြောင်းဆင်ခြင်ခြင်း (Reasoning)


မှတ်ဥာဏ်(Memory) တို့ ဖြစ်သည်။


ဤသို့ ပြည့်စုံကုံလုံသော အချက်ပေါင်းများစွာကို အခြေခံပြီး လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်း

အရှိဆုံးသော မဟာလူသားများ ဖြစ်လာရခြင်း ဖြစ်ချေသည်။ စာဖတ်သူများအနေဖြင့်

မဟာလူသားဝါဒအား တနည်းနည်းဖြင့် ဂုဏ်ယူကြပေလိမ့်မည်။

သို့ သော် နှစ်ဆယ်ရာစု အစပိုင်းလောက်၌ အရစ်(စ်)တိုတယ်လ်၏ အဆိုအား ဆန့်ကျင်သည့်

ပညာရှင် နှစ်ဦး ထွက်ပေါ်လာသောအခါ ကျွုန်ုပ်တို့ လူသားများ၏ ဂုဏ်သိက္ခာများ

ကျဆင်းခဲ့ရပေသည်။ ပထမ ပညာရှင်မှာ ဆစ်ဂ်မန်းဖရွိုက်ဒ် (Sigmund Freud) ဖြစ်ပြီးဒုတိယ

ပညာရှင်မှာ ဘာထရန် ရက်ဆဲလ် (Bertrand Russell) ဖြစ်ချေသည်။ ဤပညာရှင် နှစ်ဦး

မပေါ်ထွန်းခင် ခေတ်များက ပညာရှင်တို့က လူသား၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အခြေပြု၍

လူဖြစ်ရခြင်းကို ကျေနပ်ခဲ့ကြသည်။


မစ္စတာ ဖရွိုက်ဒ်က... ကျွန်ုပ်တို့ လူသားများသည် အမြင်အားဖြင့် အင်မတန် ဆင်ခြင်တတ်ကြသော

အသိဥာဏ် ရှိသည်ဟု ယူဆရသော်လည်း တကယ့် လက်တွေ့ တွင်မူ ကျွန်ုပ်တို့ လူသားများကို

ဦးဆောင်နေသည်မှာ ဆင်ခြင်တတ်ကြသော အသိဥာဏ် မဟုတ်ဘဲ လူတို့၏ မသိစိတ်၊ အစွဲအလန်း၊

အလိုရမ္မက်  ဒေါသတရား အစရှိသည်တို့ ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။

မစ္စတာ ရက်ဆဲလ်ကလည်း" လူဟာဆင်ခြင်ဥာဏ်ရှိတဲ့ သတ္တဝါများ ဖြစ်တယ်လို့ ယုံကြည်ခဲ့သည့်

အလျောက် နေရာတော်တော်များများမှာ ရှာကြည့်ခဲ့ဖူးသည့် အကြောင်း၊ သို့သော် လူသားများသည်

မိုက်မဲမှုများ၊ နိုင်လိုမင်းထက် ပြုမှုများဘက်သို့ သာ ဦးတည်နေကြောင်း" ညည်းခဲ့ရှာသည်။


၂၁ ရာစုတွင်မူ ဤအဖြေသည် တစ်စတစ်စ ရှင်းလင်းပြတ်သားလာချေပြီ။ ကျောက်ခေတ်တုန်းက

လူသားများသည် အသားစိမ်းများကို စားသောက်ခဲ့ကြသည်။ ဖိုမ ရေးရာ ကိစ္စများကို လုံခြုံစွာ

လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ကြ။ လုံခြုံမှုမရှိသော ကိုယ်ထည်ဖြင့် ရှင်သန်ခဲ့ကြသည်။ ယခုအခါတွင်မူ

လိုချင်သလောက် အဝတ်အထည်များ လုံခြုံစွာ ဝတ်ဆင်နိုင်သော်လည်း Sexy ဟု တစ်မျိုး၊

အလှအပ ဟု တစ်ဖုံ နာမည်တပ်၍ ကျောက်ခေတ်နှင့်မခြားသော အဝတ်အစားများ

ဝတ်ဆင်လာကြချေပြီ။ ဖိုမ ရေးရာ ကိစ္စများတွင်လည်း စည်းစောင့်ခြင်းတို့ နည်းပါးလာကြသည်။

လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ နှလုံးသားရေး၊ အစရှိသဖြင့် အရေးကိစ္စများစွာတို့တွင်

အရစ်(စ်)တိုတယ်လ် မျှော်လင့်ချက်ကြီးကြီး ထားခဲ့သလို မှန်၏ မှား၏ မဆင်ခြင်ကြတော့။

သင့်တင့်၏၊ မသင့်တင့်၏ မစဉ်းစားတော့။ မိမိဖို့သာ ကြည့်လာတတ်ကြတော့သည်။

ထို့ပြင် ပိုင်ဆိုင်လိုစိတ် ရမ္မက်တရားတို့ ပိုများပြားလာသည်။ ကိုလိုနီနယ်ချဲ့မှုများကို

ကမ္ဘာမြေပြင်တွင်သာမက လ,ကမ္ဘာသို့တိုင် သွားရောက် လုပ်ဆောင်လာကြသည်။

အနိုင်ရရေးအတွက်၊ လက်ဦးမှု ရရေးအတွက် လူသားမျိုးတုံးစေသော လက်နက်များ

အပြိုင်အဆိုင် ထုတ်လုပ်ကြသည်။ လူ့အခွင့်အရေးခေါင်းစဉ်အောက်တွင် လူသားတစ်ဦးစီ၏

အခြေခံအကျဆုံးသော အခွင့်အရေးများကို အပြိုင်အဆိုင် ချိုးဖောက်လာကြသည်။ ကိုယ်ကျင့်တရား

ပိုမိုကောင်းမွန်အောင်၊ ကိုယ်ချင်းစာတရား ထွန်းကားလာအောင် အလျင်းမျှ မကြိုးစားကြဘဲ တိုက်တာ၊

အိုးအိမ်စည်းစိမ်တို့ ကြီးပွားတိုးတက်ရေး စသည့် ရုပ်ဝထ္ထု တို့ နောက်သို့သာ မနေမနား

ကြိုးပမ်းနေကြပေသည်။

ကျွန်ုပ်အဖို့မူကား


မိမိ၏ လည်ချောင်းအတွင်းသို့

အစားတစ်လုတ် ချောမွေ့စွာ ဝင်ရောက်ရေးအတွက်

အခြားလူသားတစ်ဦး၏ လည်မြိုအားနင်းခြေရမည်ဆိုလျှင်

(စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။


မိမိ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအတွက်

အခြားလူသားတစ်ဦး၏ ကိုးကွယ် ယုံကြည်လေးစားမှုအား

စော်ကားဖျက်စီးရမည်ဆိုလျှင်

(စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။


မိမိ၏ နှလုံးသား လန်းဆန်းရှင်သန်စေရန်အတွက်

အခြားလူသားတစ်ဦး၏ နှလုံးသားအား

သေရာပါ ဒဏ်ရာ ပေးခဲ့ရမည်ဆိုလျှင်

(စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။



မိမိ၏.......................................အတွက်

..............................................................ခဲ့ရမည်ဆိုလျှင်

(စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုတော့ပါ။

ဤနေရာတွင် ပြင်သစ် ဒဿသနိကဗေဒပညာရှင် ရက်နေးဒီကာတ် (René Descartes) က

ပြောခဲ့သော စကားတစ်ခွန်းကို တင်ပြလိုသည်။ ယင်းမှာ...

                                                            "I think therefore I am."


"ငါသည် စဉ်းစားဆင်ခြင်သည်၊ထို့ကြောင့် ငါအဖြစ် ဖြစ်တည်၏" ဟူသော စကားဖြစ်သည်။

ဆိုလိုသည်မှာ လူသားသည် လူသားအဖြစ် ရပ်တည်ရန်အတွက် လူသားဆန်ဆန်

စဉ်းစားဆင်ခြင်သင့်သည်။ သို့မဟုတ်က လူအဖြစ်မှ တိရစ္ဆာန် အဖြစ်သို့ ရောက်ရှိသည်နှင့်

မခြားဖြစ်သည်။  မြန်မာပြည်က ဘာသာရေး ဖိနှိပ်မှုများ၊ အီဂျစ်ပြည်က လူသတ်မြင်ကွင်းများ၊

အိန္ဒိယ၊ ပါကစ္စတန် တင်းမာမှုများ စသည့် လတ်တလောအဖြစ်အပျက်များကို ကြည့်ပါက

“လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ဟူသော စကားအား ကျွန်ုပ် သံသယ

ရှိပေသည်။ အသက်တွေကို ကယ်တင်ဖို့ဝေးစွ၊ အသက်ပေါင်းများစွာ သေကြေပျက်စီးခြင်း

ဆိုက်ရောက်နေသည့်အတွက် ကျွန်ုပ်တို့၏ လူသားဆန်သော စိတ်ဓာတ်များ တစ်နေ့ထက်တစ်နေ့

ရှားပါးလာပြီ ဟု ယူဆနိုင်ပေသည်။


သက်ရှိသတ္တဝါတို့တွင် အတွေ့အကြုံမှ သင်ခန်းစာ ယူတတ်ကြသူများမှာ စဉ်းစားဆင်ခြင်တတ်သည်

ဟူသော မဟာလူသားများမှ တစ်ပါး အခြားမရှိချေ။ ဥပမာဆိုသော် ပလူကောင်များသည် မိုးဦးကာလ၌

အလင်းရှိရာဆီသို့ အုပ်စုလိုက် ဝင်ရောက်လေ့ ရှိသည်။ ထိုပလူကောင်များသည် ရှေ့ဆုံးက

ပလူကောင်တစ်ကောင် မီးအိမ်၊ဖယောင်းတိုင်၊ အစရှိသဖြင့် တစ်စုံတစ်ရာနှင့် ထိပြီး အတောင်ပံများ

လောင်ကျွမ်းပျက်စီးသည်ကို မြင်သော်လည်း နောက်မှ အကောင်များက ရပ်တန့် သွားခြင်းအလျင်းမရှိ။

ရှေ့သို့သာ တိုးကြကုန်၏။ နောက်လိုက် ပလူကောင်တို့သည်လည်း မီးအလင်းရောင်သည်

ယင်းတို့အတွက် အန္တရာယ်ကြီးလွန်းသည်ကို မျက်မြင်အသိ ဖြစ်သော်လည်း အတွေ့အကြုံမှ သင်ခန်းစာ

မယူတတ်ရုံမျှမက စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း မရှိသည့်အတွက် အတောင်ပံများ လောင်ကျွမ်းပြီး

ပျက်စီးခြင်း အဖြစ်သို့ ဆိုက်ရောက်ရလေသည်။


နိဂုံးချုပ်အနေဖြင့်ဆိုရသော် ကမ္ဘာ့ သမိုင်း၌ လူသားတို့မှားခဲ့ကြ၏။ ယခုထိလည်း မှားနေကြစဲဖြစ်သည်။

ရှေ့ခရီးလမ်းတစ်လျှောက် အမှားများနည်းသထက်နည်းလာရန်မှာမူ ရရှိထားသော လူသားအသိဥာဏ်နှင့်

ဆင်ခြင်တုံ့တရားကို နည်းလမ်းကျကျ အသုံးပြုရုံသာ လိုအပ်သည်။ ပလူကောင်များကဲ့သို့ အတွေ့အကြုံမှ

သင်ခန်းစာ ယူနိုင်စွမ်းမရှိပါက ကျွန်ုပ်တို့ လူသားများ ပျက်စီးခြင်းနှင့် မုချဧကန် ကြုံတွေ့ရပေမည်။

ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ကိုယ်ကျင့်တရားနှင့် ကိုယ်ချင်းစာတရားတို့ကို ထိန်းကျောင်း

တည့်မတ် ပြုပြင်ပေးပါက “လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ဟူသော အဆိုနှင့်

ကိုက်ညီရုံမျှမက လူတို့၏ ဂုဏ်သိက္ခာနှင့် လူ့ယဉ်ကျေးမှု ပြန်လည် မြှင့်တင်ရေး အတွက် အသေအချာ

အထောက်အကူ ပြုပေလိမ့်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

အိမ်ဝေးသူ (KZ)


No comments:

Post a Comment