Wednesday, 29 April 2015

မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်ချင်သလား


လင်မယားနှစ်ယောက်နဲ့ သားလေးတစ်ယောက်ရှိတယ်။
တစ်နေ့မှာ ယောက်ျားက အရက်အလွန်အကျွံမူးပြီးတော့ အပြင်ကပြန်ရောက်လာတယ်။
အိမ်ကြမ်းပြင်မှာလည်း အန်ပြီးတော့အန်ဖတ်တွေနဲ့ ပေတလူးထားတယ်။
မိန်းမဖြစ်သူက လူမှန်းမသိအောင် မူးနေတဲ့ယောက်ျားကို အဝတ်အစားတွေလဲပေးတယ်။
သန့်ရှင်းရေးလုပ်ပေးပြီးတော့ အိပ်ယာပေါ်မှာ တင်ပေးလိုက်တယ်။
x
ယောက်ျားဖြစ်သူက ညတုန်းက အရက်မူးပြီး အိပ်ပျော်သွားတယ်ဆိုတော့
နောက်နေ့မနက် အိပ်ယာကနိုးတာနဲ့ သူ့မိန်းမကတော့ ညတုန်းက အရက်မူးတဲ့ကိစ္စနဲ့
သူ့ကို ဆူပူကြိမ်းမောင်းဦးမှာပဲလို့ တွေးပြီး ဂနာမငြိမ်ဖြစ်နေတာပေါ့။
သူ့ခမျာ ပွဲကြီးပွဲကောင်း မိန်းမနဲ့ရန်မဖြစ်ဖို့ ဆုတောင်းရတာလည်း အမောပေါ့လေ။
ဒါပေမယ့် အံ့သြစရာကောင်းအောင် မိန်းမဖြစ်သူရဲ့ ဗျစ်တောက်ဗျစ်တောက်အသံလည်း
မကြားရဘူး။
x
ထမင်းစားတဲ့ စားပွဲပေါ်မှာ မနက်စာအပြည့်အစုံနဲ့ စာတိုလေးတစ်စောင်
ရေးထားတာတွေ့တော့ သူလည်းယူဖတ်ကြည့်တော့တာပေါ့။ စာထဲမှာ ရေးထားတာက
"ကိုရေ...သိပ်ချစ်တယ်၊ ကို့အတွက် မနက်စာလည်း အဆင်သင့်ပါပဲ၊ ချစ်ကတော့
လိုအပ်တဲ့ အိမ်သုံးပစ္စည်းလေးတွေ သွားဝယ်လိုက်ဦးမယ်" တဲ့။
သူလည်း စာဖတ်ပြီး နားမလည်နိုင်အောင်ဖြစ်ပြီး သားဖြစ်သူကို လှမ်းမေးတယ်။
"သားရေ၊ ညတုန်းက ဖေဖေအရက်မူးပြီး ဘာတွေဖြစ်သေးလဲ သား..သိလား"
သားဖြစ်သူက လည်း သူသိတဲ့အကြောင်း ပြန်ဖြေတယ်။
x
"ညတုန်းက ဖေဖေက အရက်တွေ သိပ်မူးနေတယ်။ စကားတောင် လေးလုံးကွဲအောင်
မပြောနိုင်ဘူး၊ မေမေက ဖေဖေ့ဘောင်းဘီ လဲပေးဖို့လုပ်တော့ ဖေဖေက
" ဟေ့...ဟေ့...ဒီမှာ မိန်းကလေးငါ့ကို မနှောင့်ယှက်ပါနဲ့ ၊
ငါက အိမ်ထောင်သည် ယောက်ျားကွ" လို့ မေမေ့ကို ပြန်ပြောတော့ မေမေက
ဖေဖေ့မျက်နှာကို ကြည့်ပြီး မျက်ရည်တွေ ကျနေတာပဲ။
ယောက်ျားဖြစ်သူက အကြောင်းစုံကို သဘောပေါက်သွားတယ်။
x
အကြောင်းအရာက ဒီလောက်ပါပဲ။
မုန့်ကို ဝေစားချင် စားမယ်၊ အချစ်ကိုတော့ ဘယ်တော့မှ ဝေမစားဘူးဆိုတာ
မိန်းမတွေမှာ ရှိတဲ့ စိတ်ဓာတ်လေးတစ်ခု။ တရားတယ်လို့လည်း ဆိုလို့ရပါတယ်။
ယောက်ျားတွေ ဘယ်လောက် အပြစ်ကျူးလွန်ပါစေ၊ ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့်
အချစ်ကို မျှပေးလိုက်တာမျိုးတော့ သူတို့ မကြိုက်တတ်ကြဘူး။ အပေါ်မှာ ပြောပြတဲ့
အဖြစ်အပျက်လေးမှာ အသိစိတ်လုံးဝကင်းမဲ့နေတဲ့ အချိန်မှာ နှုတ်ကနေထွက်လာတဲ့
အရိုးသားဆုံး စကားလေးတစ်ခွန်းက မိန်းမဖြစ်သူရဲ့ နှလုံးအိမ်ကို လှုပ်ရှားသွားစေတယ်။
x
တကယ်တော့
မိန်းမတစ်ယောက်ရဲ့ နှလုံးသားနဲ့ ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားကို ပိုင်ဆိုင်ဖို့
ခင်ဗျားအတွက် သိပ်မခက်လှပါဘူး။ အချိန်ကောင်း၊ အခြေအနေကောင်းတဲ့
အခိုက်တန့်လေးတစ်ခုမှာတင် မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို ခင်ဗျား အပိုင်သိမ်းပိုက်လိုက်နိုင်ပါတယ်။
(ခင်ဗျား...အရက်သောက်ပြီး တမင်တကာ မူးပြစရာ မလိုပေမယ့် ဇနီးမယားအပေါ်မှာ
သစ္စာရှိပြီး ရိုးသားဖို့တော့ လိုတာပေါ့လေ)

--------------------
အိမ်ဝေးသူ(KZ)

Tuesday, 28 April 2015

ယောက်ျားတစ်ယောက်ကို ဘယ်လိုထိန်းမလဲ


ယောက်ျား။
အားနည်းသူဘက် အမြဲရပ်တည်တတ်တယ်။
အဲ့ဒီ့ ယောက်ျားတွေရဲ့ စိတ်သဘာဝကို
မိန်းမတွေ သေသေချာချာ နားလည်ထားဖို့လိုပါတယ်။
x
အဲ့ဒီ့ သဘာဝကို နားမလည်ဘူးဆိုရင်
မိန်းမတစ်ယောက်အနေနဲ့ အချိန်မရွေး
သူ့ချစ်သူ၊ သူ့ယောက်ျားအတွက် ဗီလိန်ဖြစ်သွားနိုင်တယ်။
x
ဥပမာ။
ကိုယ့်ချစ်သူ၊ ကိုယ့်ယောက်ျားကို
မူယာမာယာပေါင်းစုံသုံးပြီး အပိုင်သိမ်းချင်တဲ့
အခြားမိန်းမတစ်ယောက်အရှေ့မှာ
ကိုယ့်ရဲ့ အပြုအမူတွေက လိမ္မာပါးနပ်ဖို့လိုပါတယ်။
ကိုယ်က သဘောထား သေးသိမ်ပြမိတာမျိုးနဲ့
အဲ့ဒီ့ မိန်းမရဲ့ အားနည်းချက်ကိုရွေးပြီး ပြောပြမိတာမျိုးတွေက
ကိုယ့်ချစ်သူ၊ ကိုယ့်ယောက်ျားက
ကိုယ့်ကို အထင်အမြင်သေးသွားပြီး
အဲ့ဒီ့မိန်းမဘက်က မားမားမတ်မတ် ရပ်တည်ပေးဖို့
လုံလောက်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာတတ်တယ်။
x
ထပ်ပြောမယ်။
ယောက်ျားဆိုတာ အားနည်းသူဘက်က ရပ်တည်တယ်။
မိန်းမတစ်ယောက်အနေနဲ့
ကိုယ့်ချစ်သူ၊ ကိုယ့်ယောက်ျားကိုလုယူမယ့်
နောက်ထပ်မိန်းမတစ်ယောက်ကို ကြုံတွေ့ခဲ့မယ်ဆိုရင်
ဂရုတစိုက်လုပ်ရမယ့် အလုပ်က
အဲ့ဒီ့ မိန်းမရဲ့ မကောင်းကြောင်းကိုမပြောမိစေဖို့နဲ့
ကိုယ့်ရဲ့ သဘောထားကြီးမားမှုကို ပြသဖို့ပါပဲ...။
x
အဲ့ဒါဆိုရင်...။
ကိုယ့်ဘဝကို ဖျက်ဆီးဖို့ ရောက်လာတဲ့ အဲ့ဒီ့မိန်းမ
သူ...လာရာလမ်းအတိုင်း ပြန်သွားလိမ့်မယ်။
မဟုတ်ရင်တော့.......................................။

--------------------
အိမ်ဝေးသူ(KZ)

Monday, 27 April 2015

မင်းဘက်က အပျင်းပြေ၊ ငါတို့အတွက်တော့ ဘဝတွေ



မင်းရဲ့ကျောပေါ်မှာ ကစားနေတဲ့ ကလေးငယ်လေး
ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်သွားရှာပြီ။
x
မင်းရဲ့  ကျောပေါ်မှာ မေတ္တာပို့နေတဲ့ အမေအိုကြီး
ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
x
မင်းရဲ့ ကျောပေါ်မှာ ဝန်ထမ်းထားတဲ့ ကိုယ်ဝန်သည်လေး
ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
x
မင်းရဲ့ကျောပေါ်မှာ ဆောက်ထားတဲ့ မူလတန်းကျောင်းလေး
ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
x
မင်းရဲ့ကျောပေါ်မှာ တည်ထားတဲ့ ဘုရားဆောင်လေး
ခုတော့ မင်းရဲ့ဝမ်းဗိုက်ထဲ ရောက်ခဲ့ရရှာပြီ။
x
မင်းရဲ့ကျောပေါ်မှာ ရုန်းကန်နေတဲ့ ပစ္စုပန်တွေ
မင်းရဲ့ကျောပေါ်မှာ ငဲ့ကြည့်နေတဲ့ အတိတ်တွေ
မင်းရဲ့ကျောပေါ်မှာ ပြေးလွှားနေတဲ့ အနာဂတ်တွေ
ခုတော့လည်း အရာအားလုံးက မင်းအလိုကျပေါ့ကွယ်။
x
မင်းရဲ့ ဆာလောင်မှုအတွက် ဘဝတွေရင်းရတယ်။
မင်းရဲ့ အကြောတဆန့်အတွက် အသက်တွေပေးရတယ်။
ခုတော့လည်း
မင်းရဲ့ ကျောပေါ်မှာ စိုက်ထားတဲ့
"ကမ္ဘာမြေစိမ်းလန်းပါစေ"ဆိုတဲ့ ဆိုင်းဘုတ်လေး ကွယ်လွန်ခဲ့ပြီ။
ငါတို့ဘဝတွေနဲ့ အနာဂတ်ကိုယ်စီလည်း တိမ်းပါးခဲ့ကြရပါပြီ။
x
ဟေ့-ကမ္ဘာမြေ !
ငါတို့ ဘဝတွေ...မယိမ်းယိုင်စေဖို့
ကျေးဇူးပြုပြီး
မင်းရဲ့ကျောပြင်ကို ဖြေးဖြေးဆန့်ပေးစမ်းပါကွယ့်

-------------------
အိမ်ဝေးသူ(KZ)
-------------------
(မှတ်ချက်)
ကျွန်တော်တို့ လူသားတွေရဲ့ ကိုယ်ကျင့်တရားဟာ ကျွန်တော်တို့ ကမ္ဘာမြေရဲ့
စိမ်းလန်းခြင်း၊ ဆုတ်ယုတ်ခြင်းပါပဲ။ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားတွေနဲ့အတူ
မြေကမ္ဘာမှာ ဖြေသာလောက်တဲ့ လေညှင်းလေးတွေ တိုက်ခတ်နိုင်ပါစေလို့ ဆုမွန်
တောင်းခဲ့ပါတယ်။
x
(စာကြွင်း)
အစိုးရနဲ့ ပြည်သူ၊ တွဲလက်တွေတူညီလို့ အခက်အခဲတွေကို ဖြေရှင်းနိုင်ကြပါစေ။
နီပါလ်နိုင်ငံသားတွေရဲ့ ဘေးအန္တရာယ်အတွက် ကျွန်တော် ဝမ်းနည်းမိတာတော့
အမှန်ပါပဲ။ ဒါပေမယ့် အဲ့ဒီ့ငလျင်ဟာ ကျွန်တော်တို့တိုင်းပြည်မှာ မဖြစ်သွားတဲ့အတွက်
ဝမ်းသာမိတာလည်း အမှန်ပါပဲ။ ဘေးအန္တရာယ်တစ်ခုခုကျရင် ထိထိရောက်ရောက်
မလုပ်တဲ့ အစိုးရ၊ ပြည်ပအကူအညီရရင်လည်း ရတာကို အိတ်ထဲထည့်တတ်တဲ့
အစိုးရ။ ဒီအချက်တွေကို သတိထားမိရုံနဲ့ သူများနိုင်ငံမှာတော့ ငါတို့ နိုင်ငံထက်
ပိုပြီးမဆိုးလောက်ပါဘူးလေ ဆိုတဲ့အသိနဲ့ ဒီအဖြစ်အပျက်ကြီးက မြန်မာပြည်မှာ
ဖြစ်မသွားတာကိုပဲ ကျွန်တ်ာဝမ်းသာမိပါတယ်။



အသျှင့်ကို ကျေးဇူးတင်ပါ (ကောင်း၊ဆိုး မခွဲပါနှင့်)


ကျွန်တော် အစ္စလာမ်ဘာသာဝင်။
ဖန်ဆင်းရှင်ကို အကြွင်းမဲ့ယုံကြည်တယ်။
ဖြစ်ပျက်သမျှ အကောင်းအဆိုးမှန်သမျှဟာ
အဲ့ဒီ့ တစ်ပါးတည်းသော ဖန်ဆင်းရှင်ရဲ့
အလိုတော်အတိုင်း ဖြစ်ပျက်နေတယ်ဆိုတာကိုလည်း
ခြွင်းချက်မရှိ မငြင်းဆိုပဲ အမြဲလက်ခံလေ့ရှိတယ်။
x
အကွယ်က ဖန်ဆင်းရှင်ကို
အကြွင်းမဲ့ ယုံကြည်တဲ့ကျွန်တော်ဟာ
အဆိုးရွားဆုံးအခြေအနေများစွာကို ကြုံခဲ့ဖူးပါတယ်။
အဲ့ဒီ့လို ကံဆိုးမိုးမှောင်ကျတဲ့အခါတိုင်း
အဲ့ဒီ့ အဆိုးရွားဆုံးဆိုတာကနေ
အနိမ့်ဆုံး ကောင်းတဲ့အချက်ကလေးတစ်ခုကို
မဖြစ်ဖြစ်အောင်၊ မရရအောင် ရွေးထုတ်မိတတ်တယ်။
x
တစ်ခါတလေ ဒေါသထွက်စရာကိစ္စ။
တစ်ခါတလေ ဝမ်းနည်းစရာအကြောင်း။
တစ်ခါတလေကျတော့ စိတ်ပျက်စရာအနေအထား။
ပုံစံမျိးစုံနဲ့ ဆိုးရွားမှုအထွေထွေ ကြုံခဲ့ရတိုင်း
အဲ့ဒီ့ အဖြစ်အပျက်တွေဟာ ဖန်ဆင်းရှင်ရဲ့ အလိုတော်အတိုင်း
ဖြစ်ပျက်နေတာပဲဆိုပြီး (အလ်ဟမ်ဒုလိလ္လာဟ်) လို့
ရေရွတ်နိုင်အောင် ကြိုးစားတည်ဆောက်ခဲ့တယ်။
x
အစပိုင်းမှာတော့ သိပ်ခက်ခဲလွန်းခဲ့ပါတယ်။
အလ်ဟမ်ဒုလိလ္လာဟ်၊ အလ်ဟမ်ဒုလိလ္လာဟ်။
အခုတော့...ဘယ်လိုဒုက္ခတွေပဲ ကြုံရပါစေ၊
ဘယ်လောက်ခါးသီးနာကျင်နေရပါစေ၊
အဲ့ဒီ့ အဆိုးဆုံးကိစ္စကနေ၊ ကောင်းကွက်လေးတစ်ခုကို
ကျွန်တော် ရွေးထုတ်ပြီး အသျှင့်ကို ကျေးဇူးတင်နေတတ်ပြီ။
x
အဲ့ဒီ့လို စိတ်မျိုးထားလိုက်တာနဲ့
လက်ရှိကြုံတွေ့ရတဲ့ဒုက္ခက လျော့ပါးသွားပြီး
နှလုံးသားထဲမှာလည်း အတိုင်းမသိတည်ငြိမ်မှုမျိုး
ဖြစ်ထွန်းလာတတ်တယ်ဆိုတာကို
ကြုံဖူးသူတိုင်း ခံစားနားလည်ကြမယ်လို့ ယုံကြည်မိပါတယ်။
(မကြုံဖူးခဲ့ရင်...လက်တွေ့စမ်းကြည့်ပါလို့ တိုက်တွန်းပါတယ်)
x
ဝန်ခံချက်။
အကယ်၍ ကျွန်တော်က ဒီပို့စ်ကိုရေးပြီး လူအထင်ကြီးခံရအောင်
လုပ်တယ်လို့များ ထင်ခဲ့မယ်ဆိုရင် ဒီပို့စ် ဖတ်မိသူတိုင်း ကမ္ဘာ့တရားခွင်နေ့မှာ
ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး တရားစွဲဆိုနိုင်ပါတယ်။

--------------------
အိမ်ဝေးသူ(KZ)

Sunday, 26 April 2015

ကော်ဖီတစ်ငုံ


ဘဝက
ခါးတယ်၊ ချိုတယ်လို့
အပြစ်မတင်ရက်ဘူး။
x
ခွက်ထဲက
ကော်ဖီလက်ကျန်ကိုပဲ
ခပ်သွက်သွက် မွှေပေးနေမိတယ်။
x
သေချာတယ်
ပါးစပ်ထဲက ကော်ဖီတစ်ငုံကတော့
အချိုအခါး ညှိလို့မရနိုင်တော့ဘူး။

--------------------
အိမ်ဝေးသူ(KZ)

Saturday, 25 April 2015

သူတို့ပြောချင်တာတွေကို နားထောင်ပေးကြပါဗျာ


နားထောင်ခြင်းအတတ်ပညာဟာ
ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ အရေးပါလွန်းပါတယ်။
မိမိပြောလိုက်တဲ့ စကားကို လူတစ်ဘက်သားက ဂရုတစိုက်
အလေးထားပြီး နားထောင်ပေးတတ်ရင် စကားပြောတဲ့သူက
နားထောင်ပေးတဲ့သူကို အလိုလို လေးစားချစ်ခင်လိုစိတ် ဖြစ်ထွန်းပါတယ်။
စကားသိပ်ပြောချင်ပေမယ့် ပြောခွင့်နည်းရုံမက အထီးကျန်ပြီး
အဖော်မဲ့တတ်တဲ့ အရွယ်(၂)မျိုးအကြောင်း ကျွန်တော် ပြောချင်ပါတယ်။

(၁)
ကလေးငယ်တွေ။
သူတို့တတွေဟာ သင်ယူနေဖို့ အသင့်ဖြစ်နေကြသူတွေ ဖြစ်တယ်။
သူတို့တတွေဟာ စူးစမ်းလိုစိတ် အပြည့်ရှိကြသူတွေ ဖြစ်တယ်။
သူတို့တတွေဟာ အလုပ်များလွန်းတဲ့ မိသားစုဝင်အသီးသီးရဲ့ 
လျစ်လျူ ရှုခြင်းကို ခံကြရတတ်သူတွေ ဖြစ်တယ်။
သူတို့တတွေဟာ ငှက်ကလေးတွေ ဘာကြောင့်ပျံတာလဲ၊
ဘိုးဘိုးရဲ့  ဆံပင်က ဖြူ ဖွေးနေတာဟာ ဘာကြောင့်လဲ၊ ဆိုတဲ့
မေးခွန်းများစွာနဲ့ သိချင်စိတ်တွေ ပြင်းပြနေကြသူလေးတွေ ဖြစ်တယ်။
x
(၂)
အိုမင်းကြီးရင့်သူတွေ။
သူတို့တတွေက သင်ပေးဖို့ အဆင်သင့်ဖြစ်နေကြသူတွေ ဖြစ်တယ်။
သူတို့တတွေက သူတို့ မြိုချထားသမျှ ပြန်အန်ချင်ကြတဲ့သူတွေ ဖြစ်တယ်။
သူတို့တတွေက အထီးကျန်ဆန်နေတတ်ပြီး မိသားစုအများစုရဲ့
ပစ်ပယ်ထားခြင်းကို ခံကြရတတ်သူတွေ ဖြစ်တယ်။
သူတို့တတွေက လာရောက်မေးမြန်းသင်ယူသူတွေကို ချစ်တတ်ကြသူတွေ ဖြစ်တယ်။
သူတို့တတွေက
သူတို့မှားခဲ့တဲ့ အမှားအယွင်းတွေကို ငယ်ရွယ်သူတွေသိအောင်ပြောတတ်ပြီး
အဲ့ဒီ့ အမှားအယွင်းတွေကနေ သင်ခန်းစာယူစေချင်တဲ့ စေတနာရှင်တွေ ဖြစ်တယ်။
x
ကျွန်တော် သတိထားမိသလောက်
အိုမင်းကြီးရင့်သူ ဘိုးဘွားတွေနဲ့ ကလေးသူငယ်တွေမှာ
တူညီတာတွေ အထိုက်အလျောက်ရှိနေတတ်ကြပါတယ်။
ဥပမာအားဖြင့် သူတို့ ပြောတဲ့စကားတွေက အလေးထားခြင်းမခံရတာ၊
လျစ်လျူ ရှုထားခြင်း ခံရတာ၊ စကားသိပ်ပြောချင်တာ၊ ဂရုအစိုက်ခံချင်တာ
စတဲ့ အချက်တွေက သူတို့ကြားမှာ တူညီတဲ့အချက်တွေပါပဲ။
x
အဲ့ဒီ့လို
အထီးကျန်တတ်တဲ့ ဘိုးဘွားတွေနဲ့ ကလေးသူငယ်တွေကို
ဘုရားသခင်က သိပ်ချစ်စရာကောင်းတဲ့ အခြေအနေတစ်ခုကို
ပိုင်ဆိုင်ခွင့်ပေးလိုက်ပါတော့တယ်။
အဲ့ဒါကတော့.........။
(တစ်ယောက်ကို တစ်ယောက် သိပ်ပြီးခင်တွယ်ကြတာပါ)
အဘိုးအဘွားတွေက မြေး၊မြေးမတွေကို သိပ်ချစ်တတ်ကြသလို
မြေး၊မြေးမတွေကလည်း အဘိုးအဘွားတွေနဲ့ ပြောမဆုံးဖြစ်နေတတ်တယ်။
သင်ပေးချင်တဲ့ စိတ်ပြင်းပြသူ (အဘိုး၊ အဘွား) နဲ့
သိချင်စိတ်တွေ ပြင်းပြလွန်းသူ (မြေး၊ မြေးမ ) လေးတွေ တွေ့ကြရင်
အဲ့ဒီ့အခိုက်အတန့်ဟာ သိပ်ကိုကြည်နူးချမ်းမြေ့စရာကောင်းတဲ့ အချိန်ပါပဲ။
x
ကျွန်တော်။
မိဘနှစ်ဘက်စလုံးက အဘိုးအဘွားတွေကို ကျွန်တော် ဆုံးရှုံးခဲ့ရပါပြီ။
အခုတော့ အဲ့ဒီ့လို အငွေ့အသက်တွေကို ပြန်မရနိုင်တော့ပါဘူး။
ဘုရားသခင် အလိုရှိလို့ အသက်ရှည်ရှည် နေခွင့်ရခဲ့မယ်ဆိုရင်
ကျွန်တော်လည်း အဘိုးနေရာကို ရောက်လာဦးမှာပါ။ အဲ့ဒီ့အခါကျရင်တော့
မြေး၊ မြေးမလေးတွေကို အနွေးထွေးဆုံး မေတ္တာတရားတွေနဲ့အတူ
ကျွန်တော့်ဘဝဖြတ်သန်းမှုတွေကို အားရပါးရကြီး ပေးဖြစ်ဦးမှာပါ။
(သူတို့လေးတွေ အိပ်မငိုက်ဘူးဆိုရင်ပေါ့)
x
စာဖတ်သူမှာ
လက်ရှိ အဖေအိုကြီး၊ အမေအိုကြီးရှိနေသေးရင်
သူတို့ပြောချင်တာတွေကို နားထောင်ပေးပါ။
စာဖတ်သူက
မိဘနေရာကို ရောက်နေတဲ့အရွယ်ဆိုရင်
အရွယ်ငယ်လွန်းသေးတဲ့ သားသမီးတွေပြောစကားကို
သေသေချာချာ အချိန်ပေးပြီး ဂရုတစိုက် နားထောင်ပေးပါ။
စာဖတ်သူက
လူငယ်လေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်
အဘိုးအဘွားတွေအပါးမှာနေပြီး သူတို့မှားခဲ့တဲ့
အမှားပေါင်းများစွာနဲ့ ဘဝအတွေ့အကြုံတွေဆီကနေ လေ့လာသင်ယူပါ။
x
မိမိက အဘိုးအဘွားတွေကို ဖေးမစာနာစိတ် မထားဘဲ၊
လျစ်လျူ ရှုခဲ့မယ်ဆိုရင် သိပ်မကြာတော့တဲ့ ကာလတစ်ခုမှာ
မိမိကိုယ်တိုင်ကလည်း အိုမင်းမစွမ်းတဲ့ အိုကြီးအိုမ ဘဝတစ်ခုကို
ရောက်ရလိမ့်ဦးမယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ဗျာ။
နောက်ဆုံးအနေနဲ့
သင်ပြုသောကံ သင့်ထံကို မနှေးအမြန်ပြန်လာမည် ဆိုတဲ့စကားကို
အမြဲ အမှတ်တရ ရှိနေသင့်တယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

အဘိုးကြီးပေါက်စ(ကျွန်တော်)

--------------------
အိမ်ဝေးသူ(KZ)


နှလုံးသား(ဆင်) ၊ ဦးနှောက်(ချွန်း)


ဆင်။
ခွန်အားကြီးတယ်။
မုန်ယိုတတ်တယ်။
လူတွေရဲ့ အသုံးချခံရတယ်။
x
နှလုံးသား။
အင်အားများတယ်။
အလွန်အကျူးခံစားတတ်တယ်။
လူတွေက ဦးစားပေးတတ်တယ်။
x
ချွန်း။
ခွန်အားသေးတယ်။
ထိန်းကျောင်းနိုင်စွမ်းရှိတယ်။
လူတွေက လက်နက်တစ်ခုလို သုံးတယ်။
x
ဦးနှောက်။
အင်အားသေးတယ်။
မှတ်တယ်၊ မခံစားဘူး၊ မှား/မှန်ကို သိတယ်။
လူတွေက အားကိုးစရာတစ်ခုလို ဆောင်တယ်။
x
နှလုံးသားဆိုတာ ဆင်နဲ့တူရင်
ဦးနှောက်ဟာလည်း ချွန်းတစ်လက်ပါပဲ။
လူတွေဟာ နှလုံးသားပါလို့ ခံစားတတ်သလို
ဦးနှောက်ပါတဲ့အတွက် အမှားအမှန်လည်းသိတယ်။
x
ချစ်တတ်၊ မုန်းတတ်ကြတဲ့
ကျွန်တော်တို့ လူသားတွေဟာ
ချစ်ခြင်း၊ မုန်းခြင်းအမှုကိစ္စတွေကို
နှလုံးသားသီးသန့်သုံးပြီး ပြုမူဆောင်ရွက်တတ်ကြပါတယ်။
အဲ့ဒီ့လို နှလုံးသားသက်သက်နဲ့ ချစ်၊မုန်းရတာကို
ဂုဏ်ယူဝင့်ကြွားတတ်ကြပါသေးတယ်။
x
(နှလုံးသားတစ်ခုတည်းနဲ့ရင်းပြီး ချစ်တာပါ) လို့
ပြောတတ်တဲ့ လူငယ်အများစုကို တွေ့ဖူးကြမှာပါ။
သူတို့တတွေရဲ့  ချစ်ခြင်းရလာဒ်က နောက်ဆုံးမှာ
ကြေကွဲမှုတွေနဲ့ အဆုံးသတ်ရတာများတတ်ပါတယ်။
ဘုရားသခင်က
မလိုအပ်ဘူးဆိုရင် ဦးနှောက်ကို ထည့်ပေးမှာမဟုတ်ပါဘူး။
လူငယ်အများစုက နှလုံးသားကို ဦးစားပေးလွန်းတတ်တယ်။
လူတစ်ယောက်ကို ချစ်ခင်မြတ်နိုးတဲ့အခါ
နှလုံးသားတစ်ခုတည်းကိုသုံးပြီး ချစ်မိသွားတဲ့အဖြစ်မျိုးတွေက
ရေရှည်မှာတော့ ရလာဒ်မကောင်းတတ်ပါဘူး။
x
နှလုံးသားနဲ့ ရင်းပြီး ချစ်ပစ်၊ မုန်းပစ်လိုက်ပါ။
ဒါပေမယ့် ချွန်းတစ်လက်နဲ့တူတဲ့
ဦးနှောက်ကိုလည်း အဖော်အဖြစ် သွားလေရာ ခေါ်သွားပါ။
ဘာကြောင့်လဲဆိုတော့
နှလုံးသားက ဆင်ခြင်နိုင်စွမ်းမရှိဘူး။ ခံစားတတ်ရုံပဲရတယ်။
ဦးနှောက်ကတော့ မခံစားတတ်ဘူး။ ဆုံးဖြတ်ချက်ပဲ ချတတ်တယ်။
အဲ့ဒီ့တော့ နှလုံးသားသက်သက်နဲ့ ချစ်တာ၊ မုန်းတာ၊
ဦးနှောက်တစ်ခုတည်းနဲ့ မုန်းတာ၊ ချစ်တာတွေက မှန်ကန်တယ်လို့
ပြောလို့ ရနိုင်မယ်မထင်ပါဘူး။ နှလုံးသားနဲ့ ဦးနှောက် နှစ်မျိုးစလုံးက
ပူးပေါင်းဆောင်ရွက်မှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ပိုင်ပိုင်နိုင်နိုင်
ချမှတ်နိုင်စွမ်း ရှိလာမှာပါ။ (ကျွန်တော့်အမြင်)
x
ဆိုလိုချင်တာက
နှလုံးသားကို ဇာတ်လိုက်မင်းသားအဖြစ် သုံးပါ။
ဒါပေမယ့် ဦးနှောက်ကိုလည်း အရံအဖြစ် အသင့်ပြင်ထားပါ။
အဲ့ဒီ့ နှလုံးသားခံစားမှု ဆိုတာကြီးက ထိန်းမရတော့ဘူးဆိုရင်
ချွန်းနဲ့ တူတဲ့ ဦးနှောက်ရဲ့ အကူအညီကို ရယူပါ။
ပြီးတော့ ဦးနှောက်တစ်ခုတည်းနဲ့ ချစ်မိ၊ မုန်းမိရင်လည်း
ဆင်တစ်ကောင်လို အားအင်ကြီးတဲ့ နှလုံးသားခွန်အားနဲ့
မိမိတို့ရဲ့  ချစ်ခြင်း၊ မုန်းခြင်း အမှုကိစ္စတွေကို ညီမျှအောင် ဆောင်ရွက်ပါ။
x
အချစ်၊ အမုန်းကိစ္စတွေကို ဆောင်ရွက်တော့မယ်ဆိုရင်
နှလုံးသားနဲ့ ဦးနှောက်၊ ဆင်တစ်ကောင်နဲ့ ချွန်းတစ်လက်ကို
ခင်ဗျားတို့ မှတ်မှတ်ရရ ရှိနေပါစေ...။

-------------------
အိမ်ဝေးသူ(KZ)
-------------------







Friday, 24 April 2015

ခရီးသွား


လူဆိုတာ
ခရီးသွား သတ္တဝါ တစ်မျိုးပဲ...၊၊
ကိုယ့်အထုပ် ကိုယ်သယ်ဖို့ 
ကိုယ့်ခြေထောက်တွေတော့
ခိုင်ခန့် သန်မာရမှာပေါ့ကွယ်...၊၊
ကိုယ့်ဒူးကိုယ် မယုံရဘူးဆိုသူတွေရေ
ကျေးဇူးပြုပြီး
ခင်ဗျားတို့ အကြည့်တွေ
ကျွန်တော့် ဒူးအစုံပေါ်ကို
ရောက်မလာပါစေနဲ့ ...!!!
---------------------
အိမ်ဝေးသူ (KZ)

Thursday, 23 April 2015

အတုအယောင်အမျိုးသားရေးဝါဒ


စစ်မှန်တဲ့ အမျိုးသားရေးဝါဒဆိုတာ
စုစည်းမှုကို အခြေခံထားတယ်။
ညီညွတ်မှုကို အုတ်မြစ်ချထားတယ်။
အကောင်းအဆိုးမှန်သမျှကို
မျှဝေခံစားတတ်တဲ့ ကတိသစ္စာရှိတယ်။
x
အခု...
ခင်ဗျားတို့ မြင်နေရတဲ့
အမျိုးသားရေး ဝါဒဆိုတာ
လူပြိန်းတစ်ချို့ နဲ့ ဖွဲ့စည်းထားတဲ့ဝါဒ။
x
ပြည့်တန်ဆာခေါင်းဆောင်ထက်
ပိုပြီးယုတ်ညံ့တဲ့ ဒိုင်ယာလော့ခ်တွေသုံးပြီး
ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုတဲ့
အောက်တန်းစားတွေ အသက်သွင်းထားတဲ့
အတုအယောင်....အမျိုးသားရေးဝါဒ။
x
အဲ့ဒီ့ အမျိုးသားရေးဝါဒမှာ
စုစည်းမှု မရှိဘူး၊ ဗိုလ်ကျစိုးမိုးမှုဝါဒပဲ ရှိတယ်။
အဲ့ဒီ့ အမျိုးသားရေးဝါဒမှာ
ညီညွတ်မှု မရှိဘူး၊ သူတလူငါတမင်းဝါဒပဲ ရှိတယ်။
အဲ့ဒီ့ အမျိုးသားရေးဝါဒမှာ
အေးအတူပူအမျှ မရှိဘူး၊ လျင်သူစားဝါဒပဲ ရှိတယ်။
x
အဲ့ဒီ့ အမျိုးသားရေးဝါဒမှာ
ပြည်သူ့အကျိုး လိုလားတဲ့သူ မရှိဘူး။
ကိုယ့်လူမျိုးကို ကျွန်ဇာတ်သွင်းနေတဲ့
နိုင်ငံ့ခေါင်းဆောင်ဆိုသူတွေရဲ့ 
စနစ်တကျ အကွက်ချမှုအောက်မှာ
အမြီးတနံ့နံ့နဲ့ သခင်အားရကျွန်ပါးဝတတ်တဲ့
ခွေးဝဲစားတစ်ချို့ ရှိတယ်။
x
အောက်တန်းစား အိုက်ဒီယာတွေနဲ့
အမျိုးသားရေးဝါဒအတုကို ဗန်းမပြပါနဲ့။
ကိုယ့်တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင်
စစ်မှန်တဲ့ အမျိုးသားရေးဝါဒကိုသုံးပြီး
ဒုက္ခပေါင်းစုံရောက်နေတဲ့ ပြည်သူကို ကယ်တင်ပါ။
x
အစစ်အမှန် အမျိုးသားရေးဝါဒအောက်မှာ
ဟစ်တလာက ဂျူးလူမျိုးတွေအပေါ် လုပ်ခဲ့သလို
ငါတို့အသက်တွေကို စတေးရမယ်ဆိုရင်တောင်
မြန်မာပြည်သူအများစု ကောင်းစားကြမယ်ဆိုတဲ့
အသိစိတ်ကလေးတစ်ခုနဲ့တင်
လူနည်းစုဖြစ်တဲ့....ငါတို့ ကျေနပ်နိုင်တယ်။
ခုတော့................................................။။။

(ကဗျာရေးချင်စိတ်မရှိလို့ ကဗျာမရေးတော့ဘဲ အဆင်ပြေသလို ရေးလိုက်တယ်)
--------------------
အိမ်ဝေးသူ(KZ)

ဘဝကိုရှာရင်း ဘဝပျောက်သူ



ဘဝ
တစ်ခါလေးလိုက်
တစ်ခါပေါ့လိုက်နဲ့
အချိုးမညီတဲ့ ဟင်းတစ်ခွက်။
x
ဘဝ
တစ်ခါငြိမ်လိုက်
တစ်ခါထန်လိုက်နဲ့
အစိုးမရတဲ့ ပင်လယ်တစ်ခု။
x
ဘဝ
တစ်ခါငိုလိုက်
တစ်ခါရယ်လိုက်နဲ့
ရသစုံတဲ့ ရုပ်ရှင်တစ်ကား။
x
အဲ့ဒီ့ဘဝကိုရှာရင်း
(ငါ)ဆိုတာ...ပျောက်ဆုံးသွားတယ်။
အဲ့ဒီ့ဘဝကိုရှာရင်း
(မိသားစု)ကို...ဆုံးရှုံးလိုက်ရတယ်။
အဲ့ဒီ့ဘဝကိုရှာရင်း
(ပျော်ရွှင်မှု)တွေ...စတေးလိုက်ရတယ်။
အဲ့ဒီ့ဘဝကိုရှာရင်း
(ရုန်းကန်ခြင်း)ကို...ရင်းနှီးလိုက်ရတယ်။
x
ဘဝ
အဲ့ဒီ့ဘဝကို ရှာရင်း (ငါ့ဘဝ) ပျောက်တယ်။
အဲ့ဒီ့ဘဝမှာ ပျော်ရင်း (ငါ့ဘဝ) ပျက်ရတယ်။

-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
ကျွန်တော်တို့ ပုံဖော်မြင်ယောင်မှန်းဆထားတဲ့ (ဘဝ) တစ်ခုကိုရှာရင်းနဲ့
ကျွန်တော်တို့ လက်ရှိတကယ်ပိုင်ဆိုင်နေတဲ့ (ဘဝ) တစ်ခုကို စတေးလိုက်ရတယ်။
ကိုယ်လိုချင်တဲ့ဘဝ ရမလား၊ မရဘူးလား ဆိုတာ မသေချာပေမယ့်
အသေချာဆုံး တစ်ခုကတော့ ကိုယ့်ဘဝဆိုတာကြီးကို ပေးလိုက်ရတာပါပဲဗျာ။


Tuesday, 21 April 2015

သက်ဝင်ယုံကြည်မှုကို လမ်းလွဲစေနိုင်သည့် အရာ(၄)ခု


(၁) ချစ်ခြင်းမေတ္တာ
(၂) စည်းစိမ်ချမ်းသာ
(၃) ရာထူးအာဏာ
(၄) အသက်အန္တရာယ်

ဘာသာတရားအယူအဆတစ်ခုကို သက်ဝင်ယုံကြည်နေကြတဲ့သူတွေ
အများကြီး ရှိကြပါတယ်။ အဲ့ဒီ့လို သက်ဝင်ယုံကြည်သူတွေထဲမှာ

(က) မိမိကိုယ်တိုင် လေ့လာလိုက်စား၍ သက်ဝင်ယုံကြည်သူများ
( ခ ) မိရိုးဖလာ အစဉ်အလာအရ သက်ဝင်ယုံကြည်သူများ

ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ မိမိကိုယ်တိုင် လေ့လာဆန်းစစ်ပြီး ဖြစ်လာတဲ့
သက်ဝင်ယုံကြည်မှုမျိုးကို အထက်မှာ ပြထားတဲ့ အခြေအနေ (၄) မျိုးက
ပြောင်းလဲပစ်နိုင်စွမ်း မရှိပါဘူး။ မိရိုးဖလာကြောင့် ဖြစ်စေ၊ မိမိကိုယ်တိုင်က
မိမိဘာသာတရားရဲ့ အနှစ်သာရတွေကို လေးလေးနက်နက် မသိခြင်းကြောင့်ဖြစ်စေ၊
သက်ဝင်ယုံကြည်မှု တစ်ခုကနေ အခြားသက်ဝင်ယုံကြည်မှုကို အလွယ်တကူ ကူးပြောင်း
တတ်ကြတယ်။

သမမျှတတဲ့ စိတ်အခြေခံ ရှိကြသူများအတွက်တော့ အထက်မှာ ဖော်ပြထားတဲ့
ချစ်ခြင်းမေတ္တာ၊ စည်းစိမ်ချမ်းသာ၊ ရာထူးအာဏာ နဲ့ အသက်အန္တရာယ် တွေဟာ သက်ဝင်ယုံကြည်မှုတစ်ခုခုကို ခုန်ကူးစေတာမျိုး မဖြစ်စေပါဘူး။ သို့သော် စိတ်တစ်ဘက်စောင်းနင်းဖြစ်တတ်သူများနဲ့ တစ်ခုခုကို အလွန်အကျူး တပ်မက်စိတ်ကြီးသူတွေဟာ သူတို့လိုချင်တာရဖို့အတွက် ဘယ်အရာကိုမဆို လက်လွှတ်ဖို့ဝန်မလေးတတ်သူများ ဖြစ်တတ်ပါတယ်။

(၁) သိပ်ချစ်လွန်းလို့ သက်ဝင်ယုံကြည်မှုကိုပါ ရောပြီး ပြောင်းလဲပစ်လိုက်သူတွေ
(၂) သိပ်ချမ်းသာချင်လွန်းလို့ ရိုးရာယုံကြည်မှုများကို စွန့်လွှတ်ပစ်လိုက်ကြသူတွေ
(၃) ရာထူးအာဏာတည်မြဲဖို့ မိမိကိုးကွယ်မှုကိုပါ ချနင်းပစ်လိုက်ကြသူတွေ
(၄) အသက်အန္တရာယ်လွတ်ကင်းဖို့ မိမိဘာသာတရားနဲ့ လဲပစ်လိုက်ကြသူတွေ ကို

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်ဖူးကြမှာပါ။ (ကျွန်တော်ကတော့ (၄) မျိုးစလုံးကို
ကိုယ်တိုင်မြင်ဖူးခဲ့ပါတယ်။ အဲ့ဒီ့လို အလွယ်တကူ ပြောင်းလဲလိုက်ကြသူတွေဟာ
အများအားဖြင့် သူတို့လိုချင်တာ၊ ဖြစ်ချင်တာတွေ ရသွားတတ်ကြပါတယ်။ ရေတိုမှာ
အဆင်ပြေပေမယ့် ရေရှည်မှာတော့ စိတ်အနှောင့်အယှက်တွေ ဖြစ်တတ်ပါတယ်။
ဒီနေရာမှာ ဘာသာတရားနဲ့ သက်ဝင်ယုံကြည်မှုတွေအကြောင်းကို လေ့လာ
လိုက်စားပြီး မိမိမြတ်နိုးရာကို ရွေးချယ်တဲ့သူများကို မဆိုလိုပါဘူး။

နိဂုံးချုပ်အားဖြင့်
မိမိ သက်ဝင်ယုံကြည်ရာကို အမြတ်တနိုးရှိတတ်ပါစေ။
မိမိ သက်ဝင်ယုံကြည်ရာကို အသေးစိတ်တတ်သိ နားလည်ပါစေ။
မိမိ၏ သက်ဝင်ယုံကြည်မှုနှင့် တစ်စုံတရာကို လဲလှယ်ရမည်ဆိုပါက
အကျိုးဆက်ကိုလည်း ထည့်သွင်းစဉ်းစားတတ်ပါစေ။
တစ်စုံတရာအပေါ် အစွန်းရောက်ခံစားခြင်းများမှ ထိန်းသိမ်းတတ်ပါစေ။

မှတ်ချက်။
ဤအချက် (၄)ချက်မှာ ကျွန်တော် ကိုယ်တိုင်တွေ့မြင်ခဲ့သည်များသာ ဖြစ်ပြီး
ထိုလေးချက်တည်းနှင့် ပြီးပြည့်စုံပြီဟု ယူဆထားခြင်း လုံးဝမရှိပါ။ စာဖတ်သူ၏
အတွေ့အကြုံနှင့် အယူအဆကို ထည့်သွင်း ဖော်ပြလိုပါက အမှတ်စဉ် (၅) မှ စတင်ဖြည့်စွက်ပေးစေလိုပါသည်
---------------------
အိမ်ဝေးသူ(KZ)



ဆန္ဒမစောပါနဲ့


တစ်စုံတစ်ယောက်ကို
(က) ချီးကျူးတာလည်း မစောပါနဲ့။
(ခ) အလျင်စလိုလည်း မကဲ့ရဲ့ ပါနဲ့။
သင့်ရဲ့  ဆန္ဒစောမှုထဲမှာ
သင်...ဘယ်လိုလူစားလဲဆိုတာကို
ဘယ်သူမှ သင့်ကို မမေးဘဲ
သင်ကိုယ်တိုင် အတင်းရှင်းပြသလို ဖြစ်တတ်တယ်။
ပြီးတော့
ဝေဖန်ထောက်ပြခြင်းဟာ လူတိုင်းမတတ်တဲ့
အတတ်ပညာစစ်စစ်ကြီး တစ်ခုဖြစ်ပါတယ်။
အဲ့ဒီ့ ဝေဖန်နိုင်တဲ့ အတတ်ပညာနဲ့
မိမိဝေဖန်မယ့် အကြောင်းအရာနဲ့ ပက်သက်တဲ့ အတွေ့အကြုံမရှိဘဲ
တစ်စုံတစ်ယောက်ကို
ဝေဖန်ထောက်ပြမှုမျိုးဟာ မိမိကိုယ်ကို မိမိအရှက်တကွဲ
အကျိုးနည်းအောင် ပြုလုပ်သလို ဖြစ်တတ်ပါတယ်။
အဲ့ဒါကြောင့်
ဝေဖန်ထောက်ပြခြင်းကို သိပ်ပြီးဝါသနာထုံတယ်ဆိုရင်တော့
၁) ပုဂ္ဂိုလ်စွဲ ကင်းနိုင်အောင် ကြိုးစားပါ။
၂) အကြောင်းအရာကို ပိုင်နိုင်ကျွမ်းကျင်အောင် လေ့လာပါ။
ပြီးမှ
ဝေဖန်ထောက်ပြပါ။
-------------------
အိမ်ဝေးသူ(KZ)

မိမိစိတ်ကို D ပစ်လိုက်ပါ


Facebook
အကောင့် D လိုက်တာ
သိပ်လွယ်တယ်။
x
ကိုယ့်စိတ်ကို
အယူအစွဲ ပြတ်အောင်
D ဖို့တော့ ခက်တယ်။
x
တကယ်ဆိုရင်
Facebook ကို D ပစ်လိုက်ဖို့ထက်
ကိုယ့်စိတ်ကို D တတ်ဖို့ ကြိုးစားသင့်တာပေါ့။
-------------------
အိမ်ဝေးသူ(KZ)

Monday, 20 April 2015

တန်ရာတန်ကြေး


နှလုံးသားတစ်ခုကို သိမ်းပိုက်ဖို့အတွက်
ကမ္ဘာကြီးကို ပခုံးပေါ်ထမ်းပြစရာမလိုဘူး။
(သူ့) နှလုံးသားကို သိမ်းပိုက်ချင်ရင်
(ကိုယ့်) နှလုံးသားကို ထိုးကျွေးရဲရတယ်။
နှလုံးသားတစ်ခုအတွက်
အထိုက်တန်ဆုံးအရင်းအနှီးက တကယ့်နှလုံးသားတစ်ခုပါပဲ။

-------------------
အိမ်ဝေးသူ(KZ)

သား...စာမေးပွဲအောင်တယ်


"မေမေရေ..မေမေ
သား...စာမေးပွဲ အောင်တယ်ဗျ"
x
"အမလေး၊
ဝမ်းသာလိုက်တာသားရယ်
ကျသွားရင်
နောက်တစ်နှစ်စာကုန်မယ့်ငွေအတွက်
ခေါင်းကိုက်စရာမလိုတော့ဘူးပေါ့"
x
သြော်...
အဆင်မပြေမှုတွေနဲ့ လုံးချာလိုက်နေကြတဲ့
အချို့သော မိသားစုတွေရဲ့
စာမေးပွဲအောင်တဲ့သားသမီးတွေအတွက်
ဝမ်းသာပီတိဖြစ်ကြပုံများကတော့
ကြားရသူတို့...ရင်ထဲမချိအောင်ပါပဲကွယ်။

-------------------
အိမ်ဝေးသူ(KZ)

Sunday, 19 April 2015

တကယ့်အချစ်ဆိုတာ


(က)
တကယ့်အချစ်မှာ...။

တဏှာရာဂ လုံးဝမပါဘူး။
အထိအတွေ့မှာ မသာယာဘူး။
အသွေးအသားကို မမက်မောဘူး။
ရုပ်ရည်အဆင်း အဓိကမဟုတ်ဘူး။
စည်းစိမ်ချမ်းသာ လုံးဝမခင်တွယ်ဘူး။
ဂုဏ်တုဂုဏ်ပြိုင် အကြိုက်မဟုတ်ဘူး။

(ခ)
တကယ်ချစ်မိသွားရင်...။

(၁)
သူ့ကို ပိုင်ဆိုင်ဖို့ ပဓာန မဟုတ်ဘူး။
သူဘာလုပ်လုပ် ခင်ဗျား ခွင့်လွှတ်နိုင်လိ့်မ်မယ်။

(၂)
သူနဲ့ ပက်သက်သမျှအရာအားလုံးက
ခင်ဗျားကို ကြည်နူးချမ်းမြေ့စေလိမ့်မယ်

(၃)
သူ့ရဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးကို မြင်ရခြင်းက
ခင်ဗျားကို ပျော်ရွှင်စေလိမ့်မယ်။

(၄)
သူ့ရဲ့  အိပ်ယာနိုးထခြင်းကို ကြည့်ရတာ
ခင်ဗျားကို ကြည်မြချိုသာစေလိမ့်မယ်။

(၅)
သူ့ရဲ့ သန်းဝေခြင်းက
ခင်ဗျားအတွက် ကဗျာတစ်ပုဒ်ဖြစ်လိမ့်မယ်။

(၆)
သူ့ရဲ့  အပြုံးတစ်ပွင့်ကို မြင်ခွင့်ရတာ
ခင်ဗျားအတွက် အခွင့်ထူးလို့ ခံစားမိလိမ့်မယ်။

(၇)
သူ့ရဲ့ နာကျင်ခြင်းက
ခင်ဗျားရဲ့ သေဆုံးခြင်းထက် ပြင်းထန်လိမ့်မယ်။

(၈)
သူ့ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေက
ခင်ဗျားရဲ့ ရင်ခုန်သံကို ပိုပြီးမြန်စေလိမ့်မယ်။

(၉)
သူနဲ့ လကမ္ဘာကို အလည်သွားစရာမလိုဘူး။
နေဝင်ချိန်ကို အတူကြည့်ခွင့်ရရုံနဲ့ ခင်ဗျားသေပျော်ပီလို့ ထင်လိမ့်မယ်။

(၁၀)
ခင်ဗျား အသက်ရှည်ဖို့ ဆုတောင်းမှာထက်
သူ ရောဂါဘယ မဖြစ်အောင် ခင်ဗျားဆုတောင်းမိလိမ့်မယ်။

(၁၁)
မနက်ဖြန်ကို ခင်ဗျားသိပ်တွေးမိမှာမဟုတ်ဘူး။
ဒီနေ့မှာ ကံဆိုးမိုးမှောင်မကျဖို့ ခင်ဗျား ရည်သန်နေလိမ့်မယ်။

(၁၂)
သူက ခင်ဗျားကို မချစ်တော့ဘူးလို့ ပြောလာရင်
သူ့ကိုစိတ်ဆိုးမိမှာမဟုတ်ဘဲ လိုလိုလာလား လိုက်လျောမိလိမ့်မယ်။

(၁၃)
တကယ်ချစ်တယ်ဆိုတာ
သူ့စိတ်ကို ခင်ဗျားစိတ်နဲ့ ချစ်မိသွားတာ။
ဘာတစ်ခုမှ ပိုင်ဆိုင်ခွင့်မရလည်း ခင်ဗျားအတွက် နောင်တ လုံးဝမရှိဘူး။

တော်လောက်ပြီဗျာ။
ဒါ (ကျွန်တော်) လူတစ်ယောက်တည်းရဲ့
ကိုယ်ပိုင်ခံယူချက်နဲ့ အတွေ့အကြုံ ဖြစ်တဲ့အတွက်
တခြားသူတွေရဲ့  ဘဝအတွေ့အကြုံနဲ့ တူချင်မှ တူပါလိမ့်မယ်။
ကျွန်တော့် ခံယူချက်တွေက ပွဲတိုးဖို့မဆိုထားနဲ့၊
လူတစ်ယောက်ရဲ့ နှလုံးသားကိုတောင် မထိုးဖောက်နိုင်တာ ကြာခဲ့ပြီဗျ။

ခြွင်းချက်များ။
----------------
ရယူပိုင်ဆိုင်လိုခြင်းဟာလည်း အချစ်မဟုတ်ဘူးလို့ မပြောလိုပါဘူး။
အချစ်နဲ့ တဏှာကလည်း အပ်စပ်မှု မရှိဘူးလို့ ယတိပြတ် မဆိုလိုပါဘူး။
သိပ်ချစ်လွန်းလို့ အသွေးအသားကိုပါ ပိုင်ဆိုင်ချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

--------------------
အိမ်ဝေးသူ(KZ)


ပြေးလမ်းပေါ်က လူသား


ငါတို့က
ကားပါကင်ဝင်းထဲမှာ
ရပ်ထားတဲ့ ကားတွေမဟုတ်ဘူး။
ပြေးလမ်းပေါ်မှာ
အပြိုင်မောင်းနေတဲ့ ကားတွေပါ။
x
ကိုယ့်ပြေးလမ်းကြောင်းမှာ
ကိုယ့်အရှိန်နဲ့ပြေးနေပေမယ့်
ကိုယ့်ကို ပွတ်သွားမယ့်သူတွေ
ကိုယ့်ကိုယ် ဝင်တိုက်မယ့်သူတွေ
ကိုယ့်ကိုယ် ကျော်သွားမယ့်သူတွေ
ပုံစံမျိးစုံနဲ့ လူ့စိတ်အစုံတွေရှိကြတယ်။
x
ငါတို့က
ကိုယ့်လမ်းကြောင်းမှန်နေရုံနဲ့မပြီးဘူး။
ကိုယ့်ဆီပြေးဝင်လာတဲ့
မှားယွင်းမှုတစ်စုံတရာကိုလည်း
သေသပ်စွာ ရှောင်တိမ်းတတ်ဖို့လိုတယ်။
x
ရပ်ထားတဲ့ကားကိုတောင်
ဝင်တိုက်တတ်တဲ့ လောကသဘာဝမှာ
ပြေးနေတဲ့ ငါတို့အတွက်ဆိုရင်
အတိုက်မခံရဖို့ဆိုတာ
ဘယ်လောက်များ သေချာနိုင်မှာလဲ။
x
တကယ်တော့လည်း
ငါတို့က
ပြေးလမ်းပေါ်မှာ
ကိုယ့်အရှိန်၊ ကိုယ့်လမ်းကြောင်းနဲ့
ပြေးနေတဲ့ ပြိုင်ကားတွေပါပဲကွယ်။
(အရှောင်အတိမ်းမကျွမ်းရင်...အက်စီးဒင့်တော့ ရှိနိုင်တာပေါ့လေ)

-------------------
အိမ်ဝေးသူ(KZ)



အလွမ်းကမ္ဘာ


နင့်ကို...မလွမ်းမိဖို့
ကြိုးစားရင်း လွမ်းနေမိတယ်။
နင့်ကို...မလွမ်းမိဖို့
ဖြေဖျောက်ရင်း အလွမ်းပိုမိတယ်။
နင့်ကို...မလွမ်းမိဖို့
ထိန်းချုပ်ရင်း အလွမ်းဖျားနေတယ်။
နင့်ကို...မလွမ်းမိဖို့
ဆုတောင်းရင်း လွမ်းမိုးမိနေတယ်။
x
နင့်ကို
ချစ်တဲ့စိတ်တစ်ခုတည်းနဲ့
ငါ့ကိုယ်ငါ...တွန်းတင်ထားပေမယ့်
တကယ်က
အလွမ်းတွေကိုသာ
တနင့်တပိုး ထမ်းပိုးထားရတဲ့င့ါဘဝ။
x
အဲ့ဒီ့ကောင်က
ကံကြမ္မာအကျိုးပေး ကောင်းလွန်းရဲ့။
နင့်ကို လွမ်းနေရတာကို
ကဗျာတစ်ပုဒ်နဲ့ ပွေ့ဖက်နမ်းရှုံ့နေရသလို
ကျေနပ်နေတတ်တဲ့သူမျိုးပေါ့။
x
နင့်နှလုံးသားမှာ
ငါ့ကို အမြဲအမှတ်တရရှိပါစေလို့
အတ္တမကြီးပါရစေနဲ့။
ဖြစ်နိုင်မယ်ဆိုရင်
နင်နဲ့နင့်အငွေ့အသက်တွေကို
ငါ့နှလုံးသားထဲမှာ
သိုသိုသိပ်သိပ် ထုပ်ပိုးသိမ်းဆည်းပြီး
ထာဝရလွမ်းနေခွင့်သာ ငါ့ကိုပေးပါ။
x
ကောင်မလေးရေ
တကယ်တော့လည်း
နင့်ကို မလွမ်းမိဖို့
ငါ့ကိုယ်ငါ...ပြဌာန်းနေရတာကိုက
လွမ်းစရာ သိပ်ကောင်းနေပါပြီ။
x
ငါ့ ဗီရိုထဲက
နင့်ပုံတူပန်းချီကားလေးများ
နင်...တစ်နေ့နေ့တွေ့ခဲ့မိရင်
အဲ့ပန်းချီကားထဲက
ငါ့အချစ်တွေကို နင်ယူသွားပေးပါ။
နင့်ကိုလွမ်းခဲ့တဲ့ အလွမ်းတွေကိုတော့
ငါ့အတွက် ချန်ထားခဲ့ပေးပါကွယ်။

--------------------
အိမ်ဝေးသူ(KZ)

Saturday, 18 April 2015

မွတ်စလင်(မ့်) ရတနာများ (ကုရ်အာန်+ ဟဒီးဆ်များ)


(၁)
တမန်တော်မြတ်
(ဆွလ္လလ္လာဟု အလိုက်ဟိ ဝစလ္လာမ်) အပေါ်မှာ
အသျှင်မြတ်က ချပေးထားတဲ့ ကုရ်အာန် ကျမ်းတော်မြတ်။
x
(၂)
တမန်တော်မြတ်
(ဆွလ္လလ္လာဟု အလိုက်ဟိ ဝစလ္လာမ်) ရဲ့
မွတ်စလင်(မ်)ပီသစွာ နေထိုင်ကျင့်ကြံခဲ့တဲ့ လမ်းပြဟဒီးဆ်များ။
x
အဲ့ဒီ အရာတွေဟာ
ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါပဲ။
ရတနာဆိုပေမယ့်
အလှကြည့်ရုံသက်သက် ရတနာမျိုးကို မဆိုလိုဘဲ
မိမိဘဝ နေထိုင်မှုပုံစံထဲမှာ လက်တွေ့အသုံးချရတဲ့ ရတနာမျိုးပါ။
x
ဒါပေမယ့်
ကျွန်တော်တို့ခေတ်မှာ
အဲ့ဒီ့ (ကုရ်အာန်+ ဟဒီးဆ်များ) ရတနာတွေက
မိမိဘဝမျက်နှာစာနဲ့ အစ္စလာမ့်ရုပ်ရည်မှာ
ကျက်သရေရှိဖို့ ကျင့်သုံးဆင်မြန်းခြင်းမျိုးမဟုတ်တော့ဘဲ
အလှပြရုံသက်သက်၊ အထောက်အထားပြရုံသက်သက်
ဖြစ်လာတာကိုတော့..ဝမ်းနည်းကြေကွဲစွာ မြင်တွေ့နေရပါပြီ။
x
ကျွန်တော်တို့ခေတ်မှာ
သိတဲ့သူတွေ(ပညာသိသူ) သိပ်များသလောက်၊
အထောက်အထားပြနိုင်သူတွေ ပေါများသလောက်
ကိုယ်တိုင်ကျင့်သုံးဆောင်ရွက်သူ(ပညာရှိသူ)တွေ
တဖြည်းဖြည်း နည်းပါးလာတာက စိတ်မကောင်းစရာပါပဲ။
x
နောက်ဆုံး အွမ္မသ်အတွက်
သီးသန့် လက်ဆောင်အနေနဲ့ ရထားတဲ့
(ကုရ်အာန်+ ဟဒီးဆ်များ) ရတနာတွေကို
အဖိုးတန် ရတနာတွေအဖြစ် ကျင့်ကြံဆင်မြန်းမှု မရှိကြဘူးဆိုရင်
လက်ဆောင်ပေးတဲ့ ပိုင်ရှင် ကြီးကျယ်မြင့်မြတ်တဲ့ အလ္လာဟ်အသျှင်မြတ်နဲ့
ကျွန်တော်တို့ကို ထပ်ဆင့်လက်ဆောင်အဖြစ် အမွေပေးခဲ့တဲ့
တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုက်ဟိ ဝစလ္လာမ်) ကို
ကျွန်တော်တို့ ဘယ်လိုမျက်နှာမျိုးနဲ့ ရင်ဆိုင်ကြမှာလဲဗျာ။
x
သိရုံသိတဲ့ မွတ်စလင်(မ်)
အထောက်အထားပြရုံသာ ပြတတ်တဲ့ မွတ်စလင်(မ်)ဘဝမှ
လက်တွေ့ကျင့်ကြံပြီး သိလည်းသိ၊ ရှိလည်းရှိတဲ့ မွတ်စလင်(မ်)ဘဝမျိုးကို
ကျွန်တော်မျိုးအား အသျှင်ပေးသနားတော်မူပါစေ။ (အာမီးန်)။
(ကောင်းတဲ့အလုပ် လုပ်ချင်တဲ့အခါ၊ အချိန်မဆိုင်းပါနဲ့၊
မကောင်းတဲ့အလုပ်တစ်ခု လုပ်ချင်စိတ်ဖြစ်ရင်တော့ အချိန်ဆွဲပါ)

-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
ကုန်အာန် လက်မခံသူ၊ ဟဒီးဆ် လက်မခံသူ ကိစ္စတွေကို
ဆွေးနွေးတင်ပြခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်ရေးခဲ့တာကို မကြိုက်ရင်
ကျော်သွားနိုင်ပါတယ်။ မမြင်ချင်ယောင် ဆောင်သွားနိုင်ပါတယ်။
ဒါပေမယ့် အကြောင်းအရာနဲ့ မဆိုင်တာတွေကိုတော့
ကျွန်တော့်ပို့စ်အောက်မှာ လာမရေးကြပါနဲ့လို့ ကြိုတင်မေတ္တာရပ်ခံပါတယ်။

Friday, 17 April 2015

လူ၊ လူ့ပတ်ဝန်းကျင်


လူ...
မိမိကိုယ်တိုင်ကောင်းဖို့လိုတယ်။
မိမိပတ်ဝန်းကျင်ကောင်းဖို့လိုတယ်။
x
မိမိပတ်ဝန်းကျင်က
ဆိုးရွားလွန်းနေတာမျိုးဆိုရင်
အဲ့ဒီ့ ပတ်ဝန်းကျင်ကို
ပြောင်းလဲပစ်နိုင်ဖို့ ကြိုးပမ်းရမယ်။
x
မိမိပတ်ဝန်းကျင်က
ကောင်းလွန်းနေတာမျိုးဆိုရင်
အဲ့ဒီ့ပတ်ဝန်ကျင်ထဲမှာ
မိမိပါ တစ်သားတည်းဖြစ်အောင်
မိမိကိုယ်ကို ပြောင်းလဲပစ်နိုင်စွမ်း ရှိရမယ်။
x
တကယ်တော့
အရည်အချင်းရှိသူဆိုတာ
ကိုယ်တစ်ယောက်တည်း
ကောင်းနေ၊တော်နေသူမဟုတ်ပါဘူး။
ကိုယ်နဲ့အတူ ကိုယ့်ပတ်ဝန်းကျင်ကိုပါ
ကောင်းလာအောင်၊ တော်လာအောင်
ဖန်တီးပြောင်းလဲပစ်နိုင်စွမ်းရှိသူသာဖြစ်တယ်။

-------------------
အိမ်ဝေးသူ(KZ)

နှစ်သစ်မှာ တောထုတ်ကြမယ်


နှစ်ဆန်း(၁)ရက်နေ့မှာ
မကျွတ်မလွတ်နိုင်သူများ၊
မကောင်းဆိုးဝါးများကို
သံပုံးများတီးပြီး မောင်းထုတ်ကြပါသည်။
x
သို့သော်
မမြင်ရသည့် မကောင်းဆိုးဝါးများကို
မောင်းထုတ်ရခြင်းထက်
ထင်ထင်ရှားရှား မြင်ရသည့်
မကောင်းဆိုးဝါးသတ္တဝါများကို
မောင်းထုတ်နိုင်ရန် ပိုအရေးကြီးပါသည်။
x
မမြင်ရသော
မကျွတ်မလွတ်သူများသည်
မြင်နေရသော
မကောင်းဆိုးဝါးများကို
ဝိုင်းဝန်း မောင်းထုတ်ပေးနိုင်ကြပါစေ။
x
မြန်မာပြည်ကြီး
ငြိမ်းချမ်းသာယာပြီး
မြင်နိုင်သောမကောင်းဆိုးဝါးများ၏
ဘေးအန္တရာယ်မှ အမြန်ဆုံးကင်းလွတ်ပါစေ။

-------------------
အိမ်ဝေးသူ(KZ)

Thursday, 16 April 2015

မာယာဒုက္ခ


သူမရဲ့အချစ်ကိုရဖို့
ဒုက္ခခံတဲ့ ယောက်ျားကို
သူမ...သိပ်ချစ်သွားနိုင်တယ်။
x
ဒါပေမယ့်
သူမအချစ်ကိုရဖို့
အဲ့ဒီ့ယောက်ျားက
မာယာဆေးဆိုးထားတဲ့
ဒုက္ခပြကွက်တစ်ခုအဖြစ်သာ
ပြသအသုံးတော်ခံခဲ့တာဆိုရင်
သူမ..............................။။။

-------------------
အိမ်ဝေးသူ(KZ)

Tuesday, 14 April 2015

ပိုပြီး အချစ်ခံချင်ပါသလား


ကျွန်တော့်ကို
တစ်စုံတစ်ယောက်က မေးတယ်။
(----------) နဲ့ (----------)ထဲမှာ
ဘယ်သူ့ကို ပိုချစ်ခဲ့ပါသလဲတဲ့...။
x
ပိုချစ်အောင် နေခဲ့တဲ့သူကိုပဲ
ကျွန်တော် ပိုချစ်ခဲ့ပါတယ်လို့ပဲ
ကျွန်တော် ပြန်ဖြေခဲ့ပါတယ်။
x
တကယ်တော့လည်း
ဘယ်သူ့ကို ပိုချစ်တယ်ဆိုတာထက်
ဘယ်သူက ပိုချစ်အောင်
နေထိုင်ကျင့်ကြံခဲ့သလဲဆိုတာမျိုးက
ပိုပြီး သဘာဝကျတယ်လို့ ထင်ပါတယ်။
x
ခြွင်းချက်တစ်ချို့ တော့ ရှိတယ်။
ဥပမာ...။
လိမ္မာတဲ့သားထက်
ဆိုးတဲ့သားကို မိခင်ဖြစ်သူက
အချစ်ပိုတတ်တာမျိုးပေါ့။
x
အဲ့ဒီ့တော့
ပိုချစ်တာ ခံချင်ပါသလား?
ပိုပြီးအချစ်ခံရအောင်
ပြုမူနေထိုင်ကျင့်ကြံနိုင်အောင် ကြိုးစားပါ။

-------------------
အိမ်ဝေးသူ(KZ)

စုပေါင်းကျိန်စာ



ကြေကွဲဖွယ်
အထိမ်းအမှတ်နေ့တွေ
တဖြည်းဖြည်း များလာတယ်။
x
မေတ္တာပို့သံတွေ တိတ်ဆိတ်ပြီး
ကျိန်ဆဲသံတွေ မိုးခြိမ်းသလို ညံလာတယ်။
x
ပြည်သူတွေရဲ့ ရှိုက်သံတွေနဲ့အတူ
နတ်ဒေဝါတွေလည်း ဆုတောင်းနေတယ်။
x
မိ,မဆုံးမ
ဖ,မဆုံးမ အစိုးအရအတွက်တော့
ငရဲမင်းက ကြိမ်းဝါးအော်ဟစ်နေလေရဲ့ ။

-------------------
အိမ်ဝေးသူ(KZ)

အကူအညီ...?


အကူအညီပေးခြင်း၊
အကူအညီတောင်းခြင်းတွေက
အပေးအယူ လုပ်ကြတာမဟုတ်ပါဘူး။
x
အကူအညီပေးသူဟာ
သူဆောင်ရွက်ပေးနိုင်တာကို
ဆောင်ရွက်ပြီးပေးတာနဲ့ မေ့ပစ်လိုက်ရမှာပါ။
(အကူအညီယူသူက မှတ်ထားတာက တစ်ပိုင်းပါ)
x
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
အကူအညီတောင်းကြတာ၊
ယူကြတာတွေကို အများစု မြင်ဖူးကြပါတယ်။
အဲ့ဒီ့ထဲက လူတစ်ချို့ ဟာ
တစ်စုံတစ်ယောက်ထံက အကူအညီတောင်းတဲ့အခါ
သူတစ်ချိန်တုန်းက အဲ့ဒီ့လူကိုပေးခဲ့ဖူးတဲ့ အကူအညီကို
ပြန်ပြီး ဖော်ထုတ်ပြတတ်တယ်။
ဥပမာ။
(ခင်ဗျားအလှည့်တုန်းက ကျွန်တော်ကူညီခဲ့တယ်၊
အခု ကျွန်တော့်အလှည့်ကျတော့ ခင်ဗျားက ဒီလိုလား၊
ရတယ်လေ...နောက်တစ်ခါ ကျွန်တော့်အကြောင်း သိမယ်)
x
စာဖတ်သူ ဘယ်လိုထင်ပါသလဲ?
တကယ်တော့
ဒီလိုအပြုအမူမျိုးဟာ အေးဓားပြတိုက်တာနဲ့ အတူတူပါပဲ။
မိမိက သူတစ်ထူးအပေါ် ပြုခဲ့ဖူးတဲ့ကူညီဖေးမမှုကို
တစ်နေ့နေ့ အမြတ်အစွန်းပြန်ရမှာပဲ ဆိုတဲ့
မျှော်လင့်ချက်နဲ့ လုပ်ဆောင်ခဲ့တာဆိုရင်တော့
အဲ့ဒါကို အကူအညီလို့ မသတ်မှတ်ဘဲ
အပေးအယူ လုပ်ကြတာလို့ ခေါ်ဆိုရင် ပိုသင့်တော်ပါလိမ့်မယ်။
x
မိမိထံက
အကူအညီယူခဲ့ဖူးသူကိုယ်တိုင်က
လိုလိုလားလားနဲ့ ကျေးဇူးသိတတ်ပြီး
ခင်ဗျားကို တစ်လှည့်ပြန်ပြီးကူညီပါရစေဆိုတာမျိုး
ပြောလာခဲ့ရင်တော့ လက်ခံပေးနိုင်ပါတယ်။
အဲ့ဒီ့လိုမှ မဟုတ်ဘဲ
ကိုယ်ပေးခဲ့တဲ့ အကူအညီကိုဗန်းပြရုံမက
တစ်ဘက်သားကို ကျဉ်းထဲကြပ်ထဲ ရောက်အောင်တွန်းပို့ပြီး
မိမိလိုချင်တဲ့ အကူအညီကို ရအောင်ယူတတ်သူအတွက်တော့
တကယ့် ဆုံးရှုံးမှုတစ်ခုလို့ပဲ ယူဆမိပါတယ်။
x
အဲ့ဒီ့တော့
(အကူအညီပေးသူအနေနဲ့)
တစ်ဘက်သားကို ကူညီပြီးတာနဲ့
မိမိက ကူညီခဲ့တာကို မေ့ပစ်လိုက်ပါ။
(အကူအညီယူခဲ့သူအနေနဲ့)
လူတစ်ဦးတစ်ယောက်က
မိမိကို ပေးခဲ့တဲ့အကူအညီကို အမှတ်တရရှိပါ။
x
အဲ့ဒီလိုသာ
ကျင့်ကြံဆောင်ရွက်တတ်မယ်ဆိုရင်
မိမိက သူတစ်ပါးဆီက အကူအညီတောင်းလို့
တစ်ဘက်က မကူညီနိုင်တဲ့အခါ စိတ်မဆိုးမိဘဲ
အေးချမ်းတည်ငြိမ်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ပါလိမ့်မယ်။
အဲ့ဒီ့လိုစိတ်မျိုး မထားနိုင်ဘူးဆိုရင်တော့
မိမိအကူညီပေးခဲ့သူက မိမိကို တဖန်ပြန်ပြီးမကူညီနိုင်တဲ့အခါ
(ငါ့ အလှည့်တုန်းကတော့ မင်းကို ကူညီခဲ့လိုက်ရတာ) ဆိုတဲ့
တန်ပြန်မျှော်လင့်ခြင်းဆိုတဲ့ မီးတောက်ရဲ့ လောင်ကျွမ်းမှုကြောင့်
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်တတ်ကြောင်းပါ ခင်ဗျာ။

------------------
အိမ်ဝေးသူ(KZ)

Monday, 13 April 2015

ဆိုလိုရင်း တူတဲ့အခါ Fucking နဲ့ F**K'N ဟာ အဓိပ္ပါယ် အတူတူပါပဲ


ယခု တင်ပြမည့် အကြောင်းအရာတွင် (A),(B) နှင့် (C) ဟူသော ဇာတ်ကောင် သုံးကောင်

ပါဝင်ပြီး အဓိက ဇာတ်ကောင်မှာ (C) ဖြစ်သည်။


(A) ဆိုသည်မှာ အလွန် လိမ္မာရေးခြားရှိပြီ မိဘကို လုပ်ကျွေးနေသော ၁၅ နှစ်အရွယ်

      လူငယ်ကလေး တစ်ယောက်ဖြစ်သည်။


(B) ကတော့ အလွန် လုယက် ဆိုးသွမ်းပြီး လူအများကို ဒုက္ခပေးတတ်သော အသက် ၄၅ အရွယ်

      လူယုတ်မာကြီး တစ်ဦးဖြစ်သည်။


ထိုသူ နှစ်ဦးစလုံးကို သိသော (C) လည်း ရှိသည်။


(A) နှင့် (B ) နှစ်ယောက်စလုံး ၏ ကောင်းခြင်း ဆိုးခြင်းတို့အတွက် (A)ကို သနားကြင်နာစိတ်

ရှိနေပြီး (B)ကိုမူ မုန်းတီးရွံရှာနေသူ ဖြစ်သည်


အခြေအနေတစ်ခုကို တင်ပြပါမည်။


(B) က (A) ကို အကြောင်းပြချက် တစ်ခုမျှ မရှိဘဲ သတ်ပစ်လိုက်သည်။

ထိုအခါ (C) က အလွန်ပေါက်ကွဲသည်။ ဒေါသထွက်သည်။ နာကျည်းသည်။

အော့နှလုံးနာသည်။ အပြစ်မရှိသော ကလေးငယ်တစ်ဦး ဖြစ်ရုံမကဘဲ

မိဘကို လုပ်ကျွေးပြုစုနေသူ တစ်ဦးကို သတ်ပစ်လိုက်သည့်အတွက် (C) သည်

အလွန် စိတ်ထိခိုက်နေသည်။  သူ့အနေနှင့် ရန်ကိုရန်နှင့်လည်း မတုံ့ပြန်လို။

သူ့ဒေါသကို သူသိသည်။ (A) အတွက် (B) ကို သူ လက်စားချေမိပေလိမ့်မည်။

နောက်ဆုံး (C) သည် ဖေ့ဘွတ်ပေါ် တက်ဖို့ စိတ်ကူးလိုက်သည်။

ချက်ချင်း ကွန်ပျူတာဖွင့်ပြီး ဝမ်းနည်းဒေါသ ဖြစ်သည့်အကြောင်းကို Status တစ်ခု

အကြမ်း ရေးပစ်လိုက်သည်။ Status တွင်တစ်ဘက်လူမှာ ဘယ်လောက် လူစိတ်မရှိကြောင်း၊

သေသွားသည့် လူငယ်မှာ ဘယ်လောက် သနားစရာကောင်းကြောင်း ရေးထားသည်။

ပြီးတော့ ထို့အတွက် သူကိုယ်တိုင် ဘယ်လောက် ခံစားနာကျင် ကြေကွဲနေရကြောင်း

ရေးသားထားသည်။ သို့သော်

သူ စိတ်တိုင်းမကျ။

သူ့ပေါက်ကွဲမှုက မပီပြင်။

သူ့ ဝမ်းနည်းမှုကို သူ့ဝေါလ် ပေါ်က သူငယ်ချင်းတွေ သိပ် အသိအမှတ် မပြု။

ဒီထက် ခံစားမှုတွေ၊ ပေါက်ကွဲမှုတွေကို အစွန်းဆုံးထိ သယ်ဆောင်ပေးနိုင်သော

စကားလုံးတစ်လုံးကို သူအသေအလဲ စဉ်းစားလိုက်သည်။

အိုး....စဉ်းစားလို့ ရပြီ...

ဒါလေးများ ခက်တာ မှတ်လို့....

အကြမ်းရေးထားသည့် Status မှာ အများနားလည်သည့် ဝေါဟာရ တစ်လုံး

ဖြည့်စွက်လိုက်ရုံဖြင့် သူ့ ခံစားမှုတို့ လူများ လက်ခံမည်ဟု သူယုံကြည်သည်။

သို့ဖြင့် သူ့ Status မှာ ကမ္ဘာအကျော်ဆုံး စကားလုံး ဖြစ်သော

''FUCKING......%****BLA...BLA...BLA'' ဟု ပြောင်းရေးလိုက်သည်။

သူ သေချာ ဖတ်ကြည့်သည်။ အရေးအသားကတော့ ပိုကြွသွားသည်။

သို့သော် FUCKING ဆိုတာက တကယ့်ကို တိုက်ရိုက်ကြီး ဖြစ်နေသည်။

နည်းနည်းတော့ Facebook လောကမှာ ယဉ်ကျေးမှု ရှိရမည်မဟုတ်လား။

သို့နှင့် သူ့အရေးအသားကို သွယ်ဝိုက်သောနည်းဖြင့် ယဉ်ကျေးစွာ ပြင်ရေးလိုက်သည်။

''F**K'N*****BLA BLA BLA ...***£££%%%''

သူကျေနပ်သွားသည်...အရေးအသားလည်း သွယ်ဝိုက်စွာ ယဉ်ကျေးသွားသည်။

သူ့ဒေါသတို့လည်း အနည်းငယ် ပြေလျော့သွားသည်။ ပြီးတော့ သူပြုံးရွှင်စွာဖြင့်

သူပိုင်သော Facebook Wall ပေါ်တွင် တင်လိုက်သည်။ သူကြိုသိနေသည်က

သူ့ ဒေါသ၊ ဝမ်းနည်းမှု  စသည့် ခံစားမှုတို့ကို ထင်ပေါ်အောင် သုံးလိုက်သော

ပိုမို ယဉ်ကျေးသော ''F**K'N*****BLA BLA BLA ...***£££%%%'' ဖြင့်

သူ့ Status မှာ သူ့မိတ်ဆွေ၊ Facebook လောကသားများက သဘောကျစွာ

ယဉ်ကျေးသော လိုက်ခ်များ၊ ကွန့်မန့်များ ပေးလာမည်ကိုပင် ဖြစ်ချေသည်။

************×××**************×××************

ဤသည်ကား ယခု လက်ရှိ မျက်မှောက်ကာလ၏ Social Networking ယဉ်ကျေးမှု

အသစ်တစ်ခုဟုပင် ပြောရမလိုဖြစ်နေသည်။ အမှန်တကယ်သုံးသပ်လျှင်

ဤ အဖြစ်အပျက်တွင်....

(C) အနေနှင့် အခြားသော ဖြေရှင်းစရာ နည်းလမ်းပေါင်းများစွာကို အသုံးပြုနိုင်မည် ဖြစ်သည်။

ဥပမာ....

(၁) သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုကို အာပေးစကား ပြောမည်လား?

(၂) မတရားပြုသူ၏ လုပ်ရပ်အား ဆန့်ကျင်သည့်အနေနှင့် တစ်ကိုယ်တော် ဆန္ဒပြမည်လား?

(၃) သေဆုံးသူအတွက် ကောင်းမွန်ရာ ရောက်ကြောင်း ဆုတောင်းပေးမည်လား?

(၄) ဝမ်းနည်းကြောင်း ပန်းစည်း ပို့မည်လား?

(၅) Facebook ပေါ်တွင် ဘုရားသခင် အမည်နာမ နှင့် အစပြု၍ ကောင်းမွန်သော

      အရေးအသားဖြင့် သေခြင်းတရားက ရှောင်လွဲ၍ မရနိုင်သော အရာ ဖြစ်ကြောင်း၊

      သို့သော် ဘုရားသခင် အလိုတော်အရ ဤသို့သော သေခြင်းမျိုးဖြင့် ဘဝကူးခဲ့ရကြောင်း

      အလွန်ပင် ဝမ်းနည်းကြေကွဲမိကြောင်းကို ''F**K'N'' မပါဘဲ ရေသားမည်လား? 


ဤသည်မှာ ဥပမာ အချို့ ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ တင်ပြခဲ့သော ဇတ်ကောင်များမှာလည်း

ဥပမာ ပေးထားခြင်း ဖြစ်သည်။ သို့သော် ထို့ထက် ဆိုးရွားသော ကိစ္စများ နေ့စဉ် ဖြစ်ပျက်နေသည်။

ထိုကိစ္စရပ်များအတွက် လက်တွေ့ကျကျ တကယ့် အဖြေရှာသူဦးရေ ဘယ်နှစ်ယောက် ရှိပြီး

Facebook ပေါ်တွင် ကမ္ဘာကျော် အဆဲ စကားလုံးများစွာကို သုံးပြီး Status များစွာ

ထိုင်ရာမထ ရေးနေသူဦးရေ အဘယ်မျှ ရှိပါမည်နည်း။ နှုတ်က ပြောစရာ မလိုဘဲ ကီးဘုတ်ဖြင့်

ဆဲလို့ရသည်ဟု သဘောထားပြီး ( အမိယုတ်တော့ နှုတ်ကြမ်း ) ဆိုသည့် စကားနှင့်

မိမိ မသက်ဆိုင်ဟု မထင်လိုက်ပါနှင့်။ တစ်စုံတစ်ယောက် ၏ တစ်စုံတရာ နစ်နာမှုအတွက်

မိမိ တတ်နိုင်မစွမ်းက မိမိ သဘောဆန္ဒအလျောက် အေးအေးလူလူ နေနိုင်သည်။

ဝမ်းနည်းကြောင်း တစ်ခုခုဖြင့် သက်သေပြနိုင်သည်။ သို့သော် 'F**K'N''  ဆိုတာမျိုးနှင့်

ဝမ်းနည်းကြေကွဲ ဒေါသထွက်ပြနေမည်ဆိုပါက မိမိ မိခင်အတွက် စိတ်မကောင်းစရာ ဖြစ်ချေမည်။

အနည်းဆုံးတော့ နေရင်းထိုင်ရင်း ဆဲဆိုမည့်သည့်အတွက် လက်ငင်း အ,ကုသိုလ် ရသည်က

မိမိကိုယ်တိုင် ပင် ဖြစ်သည်။

ထို့ကြောင့်.....မိမိအနေနှင့်

ဝမ်းနည်းစရာ ရှိလျှင် အရိုးရှင်းဆုံး ဝမ်းနည်းပါ။

(ကျေးဇူးပြုပြီး မဆဲပါနှင့် )

တုံ့ပြန်စရာ ရှိလျှင် အရိုးရှင်းဆုံး တုံ့ပြန်ပါ။

( ကျေးဇူးပြုပြီး မဆဲပါနှင့် )

ဒေါသထွက်စရာ ရှိလျှင် အရိုးရှင်းဆုံး ဒေါသထွက်ပါ။

( ကျေးဇူးပြုပြီး မဆဲပါနှင့် )

တစ်ယောက်တည်း ရှိနေသည့် အချိန်တွင် ဆဲဆိုတတ်ပါက

အများအရှေ့တွင်လည်း ဆဲဆိုသည့် အကျင့် ဖြစ်တည်လာလိမ့်မည်။

မိမိသား၊သမီးရှေ့ တွင် ဆဲဆိုသည့် အကျင့်ပါသွားပါက

မိမိသားသမီးကလည်း မိမိရှေ့ တွင်ပင် ဆဲဆိုသည့် အကျင့် ပါသွားလိမ့်မည်။

ထိုအခါ မိမိ စိတ်မကောင်း ဖြစ်ရတတ်ရုံမျှမက မိမိတို့ မျိုးဆက်သည်

အဆဲတည်း ဟူသော သံသရာစက်ဝန်း၌ ချာချာလည်ရပေလိမ့်မည်။


" သင်..သေပြီး ပုပ်ဆွေးသွားတာနဲ့ 

သင့်ကို ...

အများက မေ့လျော့ သွားတာမျိုး မဖြစ်စေချင်ရင်

ဖတ်သင့်ဖတ်ထိုက်တာ...

ရေးသင့်ရေးထိုက်တာ...

လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ခဲ့ပါ "


ဤစကားကို ပြောခဲ့သော Benjamin Franklin ဟာ ရေးသင့်ရေးထိုက်တာတွေ ရေးခဲ့ပါ ဟု

ဆိုခဲ့ခြင်းမှာ ကောင်းမွန်ပြီး အများ အကျိုးရှိမည့် စာပေများကိုသာ ရည်ညွှန်းပြီး 'F**K'N'' 

ကဲ့သို့ ကြမ်းတမ်းပြီး အကျိုးမဲ့သော စာပေ အရေးအသားများ မပါဝင်ဟု ထင်မြင်မိကြောင်း

ရေးသားရင်း နှုတ်လျှာက ကြမ်းတမ်းမှုနှင့် ကီးဘုတ်ပေါ်က ရိုင်းစိုင်းမှုများ ရှောင်ကြဉ်နိုင်စေကြောင်း

ဆန္ဒပြုလိုက်ရပါသည်။


အိမ်ဝေးသူ (KZ)


မှတ်ချက်။

Fucking နဲ့ F**K'N ဟာ အဓိပ္ပါယ် အတူတူပါပဲ

ရေးသူက ဆိုလိုရင်းကို နားလည်သလို

ဖတ်သူကလည်း ဘာဆိုလိုမှန်း အတိအကျ သိပါတယ်။ 


Sunday, 12 April 2015

အကျဉ်းကျနေကြသူများ


အချို့ က ရုပ်ပိုင်းဆိုင်ရာ အကျဉ်းကျနေကြသည်။
အချို့က နာမ်ပိုင်းဆိုင်ရာ အကျဉ်းကျနေကြသည်။
အချို့က ရုပ်+နာမ် နှစ်ခုစလုံး အကျဉ်းကျနေကြသည်။
အကျဉ်းကျခြင်းဟူသည် (အပြစ်ကိုဆေးကြောခြင်း) ဖြစ်သည့်အတွက်
တရားမျှတသည်ဟု ဆိုရမည်ဖြစ်ပါသည်။

သို့သော်။
လွတ်လပ်ခြင်းကို အလွန်တရာ မြတ်နိုးသူတစ်ယောက်အတွက်မူ
တစ်မိနစ်မျှ အကျဉ်းကျခြင်းသည်ပင်လျှင် ကြီးမားလွန်းသည့် ပြစ်ဒဏ် ဖြစ်ပေရော့မည်။
မိမိ၏ အမှားကို မိမိကိုယ်တိုင် မှတ်မှတ်ရရ ရှိစေလိုသည့် ဆန္ဒဖြင့်
(၃) ရက်တာ စာမရေးရန် (မိမိ၏ နာမ် {စိတ်}) ကို အကျဉ်းချထားခဲ့ပါသည်။
ချုပ်နှောင်ခြင်းကို သိပ်မကြိုက်တတ်သော ကျွန်တော့်အတွက်မူ အတိုင်းအတာတစ်ခုထိ
ထိထိရောက်ရောက် ဖြစ်ခဲ့ပြီး အကျဉ်းကျခြင်း၏ အရသာကို အထိုက်အလျောက်
မြည်းစမ်းခွင့် ရခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

စာရေးရခြင်းကို ဝါသနထုံလွန်းသည့် ကျွန်တော့်အတွက် (၃) ရက်တာ
စာမရေးမိအောင် ထိန်းချုပ်ရသည်မှာ ခက်ခဲလွန်းလှပါသည်။
ထို (၃) ရက်တာအတွင်း

(၁) မိမိရေးချင်သော အကြောင်းအရာများကို အကြမ်းချရေးထားခြင်းလည်း မလုပ်ခဲ့။
(၂) အပြစ်ဒဏ်ခံရသူတစ်ယောက်၏ စိတ်မျိုးကို အပြည့်အဝ ခံစားခဲ့သည်။
(၃) အခြားအမည်ခွဲများဖြင့်လည်း မည်သည့်စာပေမျိုးကိုမျှ လုံးဝ မရေးခဲ့။
မည်သို့ဆိုစေ...ထို (၃) ရက်တာကို ကျွန်တော် အလွန်ကျေးဇူးတင်ပါသည်။

အပြစ်ကျူးလွန်သူ ကျွန်တော့်အတွက် (၃) ရက်တာမျှ (နာမ်) ကို အကျဉ်းချခြင်းမှာ
သဘာဝကျသလို သမာသမတ်ကျသည်ဟုလည်း ယူဆနိုင်ပါသည်။ သို့သော်
ကမ္ဘာအနှံ့အပြားရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေကြသူများအတွက်
တစ်ခဏတာမျှ ဝင်ရောက်ကိုယ်ချင်းစာကြည့်ကြမည်ဆိုပါက...

(၁) ယုံကြည်မှုကြောင့် အကျဉ်းကျနေကြသူများ
(၂) ကိုးကွယ်မှုကြောင့် အကျဉ်းကျနေကြသူများ
(၃) စည်းစိမ်ဥစ္စာမရှိ/ ရှိ သောကြောင့် အကျဉ်းကျနေကြသူများ
(၄) ရာထူးအာဏာ မရှိ/ ရှိ သောကြောင့် အကျဉ်းကျနေကြသူများ
(၅) အပြစ်အနာအဆာ တစ်စုံတစ်ရာ မရှိဘဲ အကျဉ်းကျနေကြသူများ

အစရှိသဖြင့် ပုံစံစုံလင်စွာ (စိတ်+ကိုယ်) နှစ်ခုစလုံးကို အကျဉ်းချခြင်း ခံနေရသည်ကို
တွေ့ရလိမ့်မည်။ ကျွန်တော်နှင့် ထိုသူတို့၏ ခြားနားခြင်းမှာလည်း ကြီးမားလွန်းသည်။

(က)
ကျွန်တော်က (၃) ရက်တာ။ (နာမ် သီးသန့်)
ထိုသူတို့က နှစ်ပေါင်း (၃၀)။ (နာမ်+ ရုပ်)

(ခ)
ကျွန်တော်က အပြစ်ရှိသည်။ (ထိုက်တန်)
ထိုသူတို့က အပြစ်မရှိ။ (မထိုက်တန်)

(ဂ)
ကျွန်တော်က မိမိစိတ်တိုင်းကျ ချက်ပြုတ်စားသောက်နိုင်သည်။ (လွတ်လပ်သည်)
ထိုသူတို့က သောက်ရေ၊ သုံးရေကိုပင်လျှင် လောက်ငှခြင်းမရှိ။ (မလွတ်လပ်)

(ဃ)
ကျွန်တော်က စာရေးခြင်းမှလွဲ၍ အခြားကိစ္စများတွင် ကန့်သတ်ချက် မရှိ။ (ဘောင်မခတ်)
ထိုသူတို့က ထိုင်ခြင်း၊ ထခြင်းကိုပင် စိတ်တိုင်းကျမလုပ်နိုင်ကြ။ (ဘောင်ခတ်)

နိဂုံးချုပ်ပါမည်။
လွတ်လပ်ခြင်းနှင့် ချုပ်နှောင်ခြင်းခံရခြင်းသည် ကွာခြားလွန်းပါသည်။
ထို့အတူ
မျှတစွာ ချုပ်နှောင်ခံရခြင်းနှင့် မတရားသဖြင့် ချုပ်နှောင်ခံရခြင်းမှာလည်း ကွာခြားလွန်းပါသည်။
(နာမ်) ကို သုံးရက်တာမျှ အကျဉ်းချမိခဲ့ရုံဖြင့် မလွတ်လပ်ခြင်း၏ အရသာအား
သိသိသာသာကြီး ခံစားမိသည်ဆိုလျှင် ကံအကြောင်းမလှစွာဖြင့် (ရုပ်+နာမ်)
နှစ်ခုစလုံးကို အကျဉ်းထောင်များတွင် လည်စင်းခံရင်း ပေးဆပ်နေရရှာသော
ဘဝများစွာနှင့် ထိုဘဝများစွာကို မှီခိုစားသောက်နေရသော နောက်ထပ်ဘဝများစွာတို့၏
နာကျင်ကြေကွဲခြင်း၊ မုန်းတီးနာကြည်းခြင်းများမှာမူ ဆိုဖွယ်ရာမရှိတော့ပြီ။

ကျွန်တော့်တွင် နောင်တမရှိ။
ကျွန်တော့်တွင် အမှားအယွင်းမရှိ။
ကျွန်တော့်တွင် သင်ခန်းစာသာ ရှိသည်။
ထို (၃) ရက်တာက အနှစ် (၃၀) စာ ဘဝများစွာ၏ ပုံရိပ်များကို
အခိုက်အတန့်လေးမဆို ပုံဖော်မြင်နိုင်စွမ်းပေးခဲ့သည့်အတွက် ကျေနပ်မိပါသည်။
လွတ်လပ်စွာ ရှင်သန်ခွင့်ရသော ကျေးကျွန်တစ်ယောက်၏ မလွတ်လပ်သော
ညီနောင်သားချင်းများအတွက် ဖြစ်ထွန်းခဲ့သော အောက်ပါဆုတောင်းကို လက်ခံတော်မူပါ။

အသျှင်။
လွတ်မြောက်ခြင်းနှင့် ထိုက်တန်သူများအား ထိုလွတ်မြောက်ခြင်း၏ အရသာကို
အမြန်ဆုံးစံစားခွင့် ချီးမြှင့်ပေးသနားတော်မူပါ။

-------------------
အိမ်ဝေးသူ(KZ)


သင်္ကြန်ရေမှာ သွေးမစွန်းစေဖို့


ငြိမ်းအေးချမ်းမြေ့ခြင်းကိုလိုလားတဲ့
မြန်မာလူမျိုးတွေရဲ့
ကူညီစောင့်ရှောက်မှုတွေ အများကြီးလိုအပ်ပါတယ်။
x
ဘာသာခြားတစ်ဦးရဲ့
မသင်္ကာစရာကောင်းတဲ့ လုပ်ရပ်မျိုးကို တွေ့မြင်သည်ဖြစ်စေ၊
ဘာသာတူတစ်ဦးရဲ့
မသင်္ကာစရာကောင်းတဲ့ လုပ်ရပ်မျိုးကို တွေ့မြင်သည်ဖြစ်စေ၊
ထိုသူရဲ့ မိသားစု(သို့) သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပါ။
x
(သတိ)
သင်္ကြန်ရေမှာ သွေးမစွန်းစေဖို့
ကျေးဇူးပြုပြီး
အစွန်းရောက်တွေနဲ့ ဖွဲ့စည်းထားတဲ့
မည်သည့်အဖွဲ့အစည်းမျိုးကိုမှ (လုံးဝ) အကြောင်းမကြားပါနဲ့။

-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
သင်္ကြန်ရက်အတွင်း အကြမ်းဖက်သမားတွေက အသေခံဗုံးခွဲမယ်ဆိုပြီး
ဆန်ကုန်မြေလေးတချို့ က ဖွနေကြတာ အများစုသိကြပါတယ်။ သင်္ကြန်ရဲ့အလှအပကို ဖျက်စီးပစ်ဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းနေကြတဲ့သူတွေရဲ့ လုပ်ရပ်တွေ အရာမထင်ဘဲ
အချည်းအနှီး ဖြစ်သွားအောင် မြန်မာလူမျိုးများ ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ဖို့
မေတ္တာရပ်ခံပါတယ်။


Saturday, 11 April 2015

အချစ် နဲ့ သာယာစီးမျောခြင်း


ကာမ-လိုချင်တပ်မက်ခြင်း
ဂုဏ-နှောင်ဖွဲ့တတ်ခြင်း
ကာမဂုဏ်= လိုချင်တပ်မက်အောင် နှောင်ဖွဲ့တတ်သောအရာ
အချစ်=ကာမဂုဏ် (လိုချင်တပ်မက်အောင် နှောင်ဖွဲ့တတ်သောအရာ)
x
ကာမဂုဏ်(၅)ပါး
၁) လိုချင်နှစ်သက်စရာ အဆင်းမျိုးစုံ (ရူပါရုံ)
၂) လိုချင်နှစ်သက်စရာ အသံမျိုးစုံ (သဒ္ဒါရုံ)
၃) လိုချင်နှစ်သက်စရာ အနံ့မျိုးစုံ (ဂန္ဓာရုံ)
၎) လိုချင်နှစ်သက်စရာ အရသာမျိုးစုံ (ရသာရုံ)
၅) လိုချင်နှစ်သက်စရာ အတွေ့အထိမျိုးစုံ (ဖောဌဗ္ဗာရုံ)
(အကျယ်ချဲ့ ပြီး မပြောတော့ပါ)
အချစ်။
အချစ်မှာ မျက်စိမရှိဘူးလို့ ပြောကြတယ်။
တကယ်က အချစ်မှာ မျက်စိရှိပါတယ်။
တိတိကျကျပြောရမယ်ဆိုရင်
အချစ်မှာ မျက်စိ (အမြင်အာရုံခံစားမှု) အပြင်
အာရုံခံစားမှု တစ်ခုခု အမြဲတမ်း ပါဝင်တတ်ပါတယ်။
အာရုံခံစားမှု တစ်ခုခုမရှိဘဲ တစ်စုံတစ်ယောက်ကို ချစ်နိုင်စွမ်းမရှိပါဘူး။
ဥပမာ-
(၁)
နားလေးနေတဲ့ ကောင်လေးတစ်ယောက်က
ကောင်မလေးတစ်ယောက်ရဲ့ ချစ်စဖွယ်
ဟန်ပန်အမူအယာလေးကိုကြည့်ပြီး ချစ်သွားတာမျိး- (အမြင်အာရုံ)။
(၂)
မျက်မမြင်ကောင်မလေးတစ်ယောက်က
ကာင်လေးတစ်ယောက်ရဲ့  စွဲမက်ဖွယ်
အသံကိုကြားပြီး ချစ်သွားတာမျိုး (အကြားအာရုံ)
x
တခြားသော အာရုံခံစားမှုတွေလည်း ကျန်ပါသေးတယ်။
အဲ့ဒီ့တော့
ဆိုလိုချင်တာက အချစ်ဆိုတဲ့အရာ ဖြစ်ထွန်းဖို့ သင့်တင့်လျောက်ပတ်တဲ့
အကြောင်းအရာ တစ်ခုခုလိုအပ်ပါတယ်။ အဲ့ဒီ့အကြောင်းအရာတစ်ခုခုကို
အခြေခံပြီးမှသာ အချစ်ဆိုတာ ဖြစ်ထွန်းနိုင်တာမျိုးပါ။ ပြီးတော့ အချစ်ပေါက်ဖွားဖို့
အာရုံခံစားမှုတွေအားလုံး ပြည့်စုံနေမှ မဟုတ်ပါဘူး။ အာရုံခံစားမှု ချို့ တဲ့သူ ယောက်ျားနဲ့
အာရုံခံစားမှု ပြည့်စုံသူ မိန်းကလေးလည်း ချစ်သွားနိုင်ပါတယ်။
# သာယာစီးမျောခြင်း #
~~~~~~~~~~~~~~~
x
သိပ်ကြောက်ဖို့ကောင်းတယ်။
လူတွေ ကြိုက်တဲ့ ပီကေတစ်ခုနဲ့ တူတယ်။
ပီကယ်ကို အချိုရှိနေသေးသရွေ့  လူတွေက ဝါးချင်ကြတယ်။
ပါးစပ်ထဲမှာ ငုံထားချင်ကြတယ်။ ဒါပေမယ့် အချိုဓာတ်ပျက်ပြယ်သွားတဲ့အခါ
ဘယ်သူမှ အငြောင်းခံပြီး မဝါးချင်တော့ဘူး။ (ပူဖောင်းမှုတ်သူများ စောဒက တက်ပါ)
သာယာမှုဆိုတာ ဖြစ်ထွန်းဖို့အတွက် အသက်အရွယ်ကလည်း အရေးပါတယ်။
x
ဥပမာအားဖြင့်
အသက်အရွယ် ကွာခြားသူတွေနဲ့
ဂရုစိုက်ဖေးမတတ်တဲ့သူတွေကြားမှာ ဖြစ်တတ်တယ်။
ကိုကြီးနဲ့ ညီမလေး ဇာတ်လမ်း (ဂရုစိုက်ဖေးမမှုတွေကို အခြေခံတယ်)
မနဲ့ မောင် ဇာတ်လမ်း (ဖေးမစာနာမှုတွေကို အခြေခံတယ်)
x
အသက်အရွယ် ကွာခြားသူတွေက ပေးတတ်တဲ့
ဂရုစိုက်ဖေးမမှု ၊ ဖေးမစာနာမှုတွေကြားမှာ ယောင်ချာချာ ဖြစ်နေတတ်တယ်။
ရုန်းမထွက်နိုင်တာမျိုး ဖြစ်တတ်တယ်။ ငြိမ့်ငြိမ့်ငြောင်းငြောင်းလေး ခံစားနေတတ်တယ်။
တကယ်တမ်းက သာယာစီးမျောနေတာ။ ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်ကတော့
တစ်ဘက်လူကို ချစ်နေတယ်လို့ပဲ တထစ်ချ ထင်မှတ် နေတတ်တယ်။
အဲ့ဒီ့လို ခံစားမှုကို တိတိကျကျ သိလာခွင့်ရှိတတ်တဲ့အချိန်က တစ်ဘက်လူက
ကိုယ့်ကို ဂရုစိုက်မှု ဖေးမမှု မရှိတော့တဲ့အခါမျိုးမှာပါပဲ။
x
အဲ့ဒီ့အခါကျရင် ကိုယ့်ခံစားမှုက
ပီကေလိုပဲ ဘာအရသာမှ မရှိတော့တဲ့ အဖြစ်မျိုးကို ရောက်သွားတတ်တယ်။
တစ်ဘက်လူကိုလည်း စိတ်ထဲက နာကြည်းသွားတာမျိုးတွေ ဖြစ်တတ်တယ်။
ကိုယ့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားခဲ့တာလား၊ ကိုယ့်အချစ်ကို ပျက်ရယ်ပြုတာလား
ဆိုတာမျိုးတွေနဲ့ စိတ်ဆင်းရဲသောကတွေ ဖြစ်ရတတ်တယ်။
x
အဲ့ဒီတော့
လူတစ်ယောက်ကို ချစ်နေတာလား?
အဲ့ဒီ့လူရဲ့  ဂရုစိုက်မှု ၊ ဖေးမမှုတွေထဲမှာ သာယာနေတာလား? ဆိုတာ
ကိုယ့်ကိုယ်ကို သေသေချာချာ သုံးသပ်လေ့လာပါ။ အထူးသဖြင့်
မိန်းကလေးအများစုက ဂရုစိုက်မှု ၊ ဖေးမမှုတွေကို ခုံမင်နှစ်သက်တတ်ကြတယ်။
အကယ်၍ သာယာစီးမျောနေမိတာမျိုးဖြစ်ခဲ့မယ်ဆိုရင် အမြန်ဆုံး ရုန်းထွက်ပါ။
(တစ်ဘက်လူမှာ ကိုယ့်အတွက် ဂရုစိုက်မှု ၊ ဖေးမမှုတွေကလွဲရင် အချစ် ရှိမနေတတ်ဘူး)
အဲ့ဒီ့လိုမှ ရုန်းထွက်နိုင်စွမ်းမရှိဘူးဆိုရင်တော့ ကိုယ့်နှလုံးသားက တစ်ဘက်လူ မစားသုံးဘဲ ပရုတ်လုံးလို တဖြည်းဖြည်းလုံးပါးပါးရမယ့် အဖြစ်မျိုးနဲ့ ကြုံသွားရပါလိမ့်မယ်။
-------------------
အိမ်ဝေးသူ(KZ)

ငါ...ထွန်းထွန်းမင်း



ငါထိုးတဲ့လက်သီးက
ဘာသာတရား မရွေးဘူး။
ငါ့ခြေကန်ချက်တွေမှာလည်း
အမုန်းတရား မပါဘူး။
x
ရွှေတံဆိပ်ဆုက
ငါ့အတွက် မမြဲလည်း
ဖြောင့်မတ်မှုကတော့
ငါ့ဦးခေါင်းထက်မှာ
နေလို၊ လ,လို တည်တယ်။
x
ငါထိုးတယ်...ငါနိုင်တယ်။
ငါထိုးတယ်...ငါရှုံးတယ်။
အနိုင်အရှုံးလား...?
ငါ့အတွက် အဓိကမကျဘူး။
ယှဉ်ပြိုင်ခြင်းလား...?
ခါးရိုးချဉ်ဆီလို ငါတန်ဖိုးထားတယ်။
x
ပြိုင်ဘက်ရဲ့ ထိုးချက်က
ငါ့အရိုးတွေကို ရိုက်ချိုးပစ်နိုင်တယ်။
ငါ့ပြည်သူတွေရဲ့
ခွဲခြားဆက်ဆံခြင်းကတော့
ငါ့သည်းခြေကို အဆိပ်ခတ်နိုင်တယ်။
x
ဘာပဲဖြစ်ဖြစ်
တိုင်းပြည်ကိုကိုယ်စားပြုတဲ့ ထိုးပွဲတိုင်းမှာ
မြန်မာ့စိတ်ဓာတ်က
ငါ့သွေးကြောတွေထဲ စီးဆင်းတယ်။
x
မြန်မာ့အားကစား
ကမ္ဘာကိုမလွှမ်းနိုင်လည်း
မြန်မာ့စိတ်ဓာတ်ကို
ကမ္ဘာအဝှမ်း သြဘာညံစေချင်သူမို့
ဟေ့...သွေးချင်းတို့ရေ
ကျေးဇူးပြုပြီး
ငါ့...အားကစားစိတ်ဓာတ်ကို
ပြက်ရယ်မပြုကြပါနဲ့လားကွယ်။

-------------------
အိမ်ဝေးသူ(KZ)
-------------------

Friday, 10 April 2015

အချစ်နဲ့ သံယောဇဉ်


အချစ်။
အချိန်မရွေး၊ နေရာမရွေး၊ အခြေအနေမရွေး ပေါက်ဖွားနိုင်တယ်။
အများအားဖြင့် လူဆိုတဲ့သက်ရှိမှာ အဖြစ်များတတ်တယ်။
အချစ်ဆိုတာ ပေါက်ဖွားဖို့ အခြေခံအားဖြင့် သင့်တင့်လျောက်ပတ်တဲ့
အကြောင်းအရာတစ်ခုခု ရှိနေတတ်တယ်။
ဥပမာ-
နှုတ်ခမ်းစူနေတဲ့ ကောင်မလေးတစ်ယောက်ကို
ကြည့်လိုက်တဲ့အခိုက်မှာပဲ ချစ်ကျွမ်းဝင်သွားနိုင်တယ်။
သနားစရာကောင်းတဲ့ ကောင်လေးတစ်ယောက်ကို မြင်မိပြီး
သနားရာကတဆင့် ချစ်သွားနိုင်တယ်။
ဒါပေမယ့်
အချစ်ဆိုတာ လူ+လူ(အထီး+အမ) မှာပဲ ဖြစ်ထွန်းတတ်တယ်။
{အကယ်၍ အချစ်က (အထီး+အထီး / အမ+အမ) မှာ ဖြစ်ထွန်းရင်
အန္တရာယ် ကြီးတယ်}
အိမ်မှာမွေးထားတဲ့ ခွေးလေးကိုကျတော့ ချစ်တယ်လို့ မခေါ်ဘူး။
သက်ရှိတွေရဲ့ ခင်တွယ်တတ်တဲ့
သဘောသဘာဝအရ သံယောဇဉ်ဖြစ်သွားကြတာလို့ပဲ သတ်မှတ်နိုင်တယ်။
x
သံယောဇဉ်။
အချိန်ပေးရတယ်၊ ရင်းနှီးကျွမ်းဝင်မှုကို အခြေခံပြီးမှ ဖြစ်ပေါ်လာတတ်တယ်။
လူအပါအဝင် အသက်ရှိတဲ့ သတ္တဝါအများစုမှာ သံယောဇဉ်ဖြစ်တတ်တယ်။
အဲ့ဒီ့ သက်ရှိတွေရဲ့ အပြုအမူတွေ၊ အနေအထိုင်တွေ၊ ဝါသနာတွေကို အခြေခံပြီး
သံယောဇဉ် ဖြစ်တတ်တယ်။
ဥပမာ-
ခွေးနဲ့ ခွေးလည်း သံယောဇဉ် ဖြစ်တတ်တယ်။
လူနဲ့ ခွေးလည်း သံယောဇဉ် ဖြစ်တတ်တယ်။ (လူနဲ့ခွေးက မချစ်ကြဘူး)
x
သံယောဇဉ်က အရင်ဖြစ်တည်ပြီး
သံယောဇဉ်ကတဆင့်တိုးပြီး တဖြည်းဖြည်းနဲ့ ချစ်လာတာမျိုးလည်း ရှိတယ်။
x
အချစ်က အရင်ဖြစ်တည်ပြီး
အချစ်ကနေ သံယောဇဉ်တိုးပြီး တဖြည်းဖြည်းတိုးပြီးချစ်သွားတာမျိုးလည်း ရှိတယ်။
x
အကယ်၍
ကိုယ့်မှာ ချစ်မယ်လို့ ရည်ရွယ်ထားတဲ့သူ၊ ချစ်နေတယ်လို့ ထင်တဲ့သူ
ရှိခဲ့မယ်ဆိုရင် အချစ်နဲ့ သံယောဇဉ်ကို သေချာကွဲပြားစွာ သိဖို့တော့လိုလိမ့်မယ်။

-------------------
အိမ်ဝေးသူ(KZ)

Sunday, 5 April 2015

ကျွန်တော်နေတဲ့ တိုင်းပြည်


အဲ့ဒီ့တိုင်းပြည်မှာ
ကုလားနဲ့ ဝက်သားကို
တွဲပြီးပြောတဲ့ အကျင့်ရှိသူတွေ များလာတယ်။
(အဲ့ဒီ့ တိုင်းပြည်မှာ ကျွန်တော်နေတယ်)
x
အဲ့ဒီ့တိုင်းပြည်မှာ
မှုခင်းမှတ်ရာနဲ့ မီဒီယာသတင်းတွေက
ဘာသာခြား(ကုလား)ဆိုတဲ့ ဝေါဟာရကို
သုံးစွဲသူတွေ များလာတယ်။
(အဲ့ဒီ့ တိုင်းပြည်မှာ ကျွန်တော်နေတယ်)
x
အဲ့ဒီ့တိုင်းပြည်မှာ
ပညာတတ်အချို့ရဲ့ မျက်စိတစ်ဘက်လည်း
သိသိသာသာကြီး ကြောင်တောင်ကန်းတွေ ဖြစ်လာတယ်။
(အဲ့ဒီ့ တိုင်းပြည်မှာ ကျွန်တော်နေတယ်)
x
အဲ့ဒီ့တိုင်းပြည်မှာ
ဘာသာခြားတွေနဲ့ အရောင်းအဝယ်မလုပ်ဖို့
အံ့ဖွယ်တိုက်တွန်းတာတွေ များလာတယ်။
(အဲ့ဒီ့ တိုင်းပြည်မှာ ကျွန်တော်နေတယ်)
x
အဲ့ဒီ့တိုင်းပြည်မှာ
လူထုရဲ့ဟာကွက်ကိုသိလွန်းတဲ့ အစိုးရရှိတယ်။
အစိုးရရဲ့ ရိုးလွန်းတဲ့ လှည့်ကွက်တွေအောက်မှာ
စီးမျောနေကြတဲ့ အများပြည်သူဆိုတာလည်း ရှိတယ်။
(အဲ့ဒီ့ တိုင်းပြည်မှာ ကျွန်တော်နေတယ်)
x
အဲ့ဒီ့တိုင်းပြည်မှာ
သယံဇာတတွေ ပေါများသလောက်
ထမင်းနပ်မှန်အောင် မစားနိုင်ကြသူတွေ ရှိတယ်။
ပုစွန်တုပ်ကို ဖတ်စာအုပ်ထဲမှာသာမြင်ဖူးတဲ့ လူမမည်လေးတွေ ရှိတယ်။
သိန်းသောင်းချီ လှူ ဒါန်းနိုင်တဲ့ ခတ်သစ်ဝေသန္တရာတွေ ရှိတယ်။
ကမ္ဘာပတ်ပြီးတောင်းစားနေတဲ့ ကမ္ဘာကျော်သူတောင်းစားတွေ ရှိတယ်။
သူခိုးဆီက ဓားပြတိုက်တတ်တဲ့ လူတန်းစားတစ်ချို့လည်း ရှိတယ်။
(အဲ့ဒီ့ တိုင်းပြည်မှာ ကျွန်တော်နေတယ်)
x
တိုင်းပြည်ကို
မွဲပြာကျအောင်လုပ်နေတဲ့ အောက်တန်းစားတစ်ချို့နဲ့
ဗုဒ္ဓဘာသာကို
ညှိုးနွမ်းအောင်လုပ်နေတဲ့ သာသနာဖျက်တစ်ချို့ကြောင့်
အဲ့ဒီ့တိုင်းပြည်က
ကမ္ဘာ့အလယ်မှာ ခေါင်းမဖော်ဝံ့အောင် လူသိများလာတယ်။
(အဲ့ဒီ့ တိုင်းပြည်မှာ ကျွန်တော်နေတယ်)
x
ဘာပဲဖြစ်ဖြစ်...
သေနတ်သုံးချက်ဖောက်ရင် ငြိမ်ကျတတ်သွားတဲ့
အဲ့ဒီ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာ ကျွန်တော်နေတယ်။

-------------------
အိမ်ဝေးသူ(KZ)


ကျွန်တော်နှင့် အံစာတုံးရှုထောင့်


အံစာတုံး။
မျက်နှာပြင် ခြောက်ခုရှိသည်။
တိတိကျကျ ပြောရမည်ဆိုလျှင် ၁-၂-၃-၄-၅-၆ ဟူသော မျက်နှာပြင်ခြောက်ခု တိတိရှိပါသည်။
ထိုအံစာတုံးနှင့် ဆိုင်သော အကြောင်းအရာတစ်ချို့ အား ကျွန်တော် တင်ပြပါမည်။
x
ယနေ့ မနက်ခင်းပိုင်းက (ကျွန်တော်နေတဲ့ တိုင်းပြည်) ဟူသော ပို့စ်တစ်ခုအား
ကျွန်တော် ရေးသားခဲ့ပါသည်။ ရေးသားခဲ့ရသည့် အကြောင်းရင်းမှာလည်း မြန်မာပြည်၏
လက်ရှိအခြေအနေများအား မြန်မာပြည်သူတို့ မြင်သာအောင် ရိုးရှင်းစွာ တင်ပြခဲ့ခြင်းသာ ဖြစ်သည်။ မြန်မာပြည်၏ အခြေအနေများအား တင်ပြနိုင်မည့်
ရှုထောင့်ပေါင်း များစွာ ရှိပါသည်။ သို့သော် တစ်ယောက်နှင့်တစ်ယောက်တင်ပြသည့်
ရှုထောင့်ပုံစံချင်းတော့ တူမည်မဟုတ်ပါ။
x
အကြောင်းအရာ ရှုထောင့်တစ်ခုအားကွက်ပြီး ရေးသားတင်ပြခဲ့သော်လည်း
ကျွန်တော်တို့ အများစုသိထားနှင့်ပြီးသော မြန်မာပြည်၏ အခြားရှုထောင့်ပေါင်းများစွာ
ရှိနေပါသေးသည်။ အံစာတုံးတစ်တုံးနှင့် ကျွန်တော်ရေးခဲ့သည့်အကြောင်းအရာကို
ဆက်စပ်တင်ပြလိုပါသည်။
x
အံစာတုံးတစ်တုံး၏ မျက်နှာပြင်တစ်ခုတည်းကိုကြည့်ပြီး အံစာတုံးတစ်တုံးဟု ခေါ်ဆို၍
မရနိုင်သကဲ့သို့ ကျွန်တော်ရေးသားတင်ပြခဲ့သည့် (ကျွန်တော်နေတဲ့ တိုင်းပြည်) ဆိုသည်
ပို့စ်တစ်ခုတည်းကို ကြည့်ပြီး မြန်မာပြည်တစ်ခုလုံး၏ အခြေအနေအလုံးစုံအား
လုံလောက်စွာ တင်ပြနိုင်မည် မဟုတ်ပါ။ ဆိုလိုချင်သည်မှာ မြန်မာပြည်၏
ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော ရှုထောင့်၊ မြန်မာလူမျိုးတို့၏ အေးချမ်းစွာနေတတ်သော ဓလေ့စရိုက်စသည့် အခြားသောရှုထောင့်များစွာ ရှိနေသေးသည်ကို စာရေးသူ
ကောင်းစွာသိထားပြီး ဖြစ်ပါသည်။ သို့သော် စာရေးသူက အံစာတုံးတစ်တုံး၏
မျက်နှာပြင်တစ်ခုပေါ်တွင် ပါရှိသော ကိန်းဂဏာန်းကိုသာ ကွက်ပြီး ကြည့်မြင်သကဲ့သို့
မြန်မာပြည်၏ ရှုထောင့်တစ်ခုကို ကွက်ပြီး မြင်သာထင်သာအောင် တင်ပြခဲ့ခြင်းဖြစ်ပါသည်။
x
ကျွန်တော်ရေးသားခဲ့သည် (ကျွန်တော်နေတဲ့ တိုင်းပြည်) ဟူသော ပို့စ်ထဲမှာပါသော အကြောင်းအရာအနည်းအကျဉ်းကိုသာ ကွက်ကြည့်ပြီး အပြစ်မြင်မည်ကြမည်ဆိုပါက
ထိုသူများသည် အမြင်မမျှတသူများသာဖြစ်ကြပေလိမ့်မည်ဟု ကျွန်တော်ဆိုပါက ကျွန်တော့်အလွန်သာ ဖြစ်ပေတော့မည်။
x
နိဂုံးချုပ်ပါမည်။
မျက်နှာပြင်တစ်ခုတွင် ပါရှိသောကိန်းဂဏာန်းများကိုကြည့်ပြီး အံစာတုံးတစ်တုံးဟု
မည်သူမျှမခေါ်ဆိုကြ။ မျက်နှာပြင် ခြောက်ခုစလုံးတွင် ပါရှိသော ကိန်းဂဏာန်းများကို
ကြည့်ပြီးမှသာ အံစာတုံးတစ်တုံးဟု သတ်မှတ်ကြပါသည်။ ထို့အတူ ကျွန်တော်
ရေးသားတင်ပြခဲ့သည်မှာလည်း မြန်မာပြည်၏ ရှုထောင့်များစွာရှိသည့်အထဲမှ
ရှုထောင့်တစ်ခုကို ကွက်ပြီး ရေးသားတင်ပြခဲ့ခြင်းသာ ဖြစ်ပါကြောင်း။

-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
(ဆိုးကွက်၊ အားနည်းကွက်၊ ဟာကွက်တစ်ခုကို ရွေးချယ်ပြီး တင်ပြခဲ့ရုံမျှဖြင့် တင်ပြခဲ့သည့်
အကြောင်းအရာတစ်ခုလုံးက အဆိုးဆုံး၊ အားနည်းဆုံး၊ ဟာကွက်အရှိဆုံးဖြစ်သည်ဟု ယူဆ၍မရနိုင်ကြောင်း သတိပြုစေချင်ပါသည်)


လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဟုတ်ပါသလား ???


                                                    “Man Is A Rational Animal”

                           “လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ....တဲ့။


                                                         မှန်ပါသလား???


ဂရိတွေးခေါ်ပညာရှင်ကြီး အရစ်(စ်)တိုတယ်လ် (Aristotle)က ဆိုခဲ့ခြင်းဖြစ်ချေသည်။

လူသည် မိမိလုပ်ကိုင်သည့် အရာကိစ္စတိုင်းအတွက် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း ရှိသည်ဟု

သူက ယူဆခဲ့သည်။ သစ်ပင်၊ ပိုးမွှားတိရစ္ဆာန်၊ လူသားတို့အနက်သစ်ပင်သည် စဉ်းစားဆင်ခြင်နိုင်စွမ်း

အနည်းဆုံး၊ ပိုးမွှားတိရစ္ဆာန် တို့က ဒုတိယ စဉ်းစားဆင်ခြင်နိုင်စွမ်း အနည်းဆုံးဖြစ်ပြီး လူသားကမူ

စဉ်းစားဆင်ခြင်နိုင်စွမ်း အရှိဆုံးဟု ဆိုသည်။


လူတို့၏ ဆင်ခြင်ဥာဏ်၌ ဖြစ်သင့်၏၊ မဖြစ်သင့်ပါ ဟူသော (concepts) နှင့်

မျှတ၏၊ မမျှတပါ ဟူသော (Justification) သမမျှတသော စိတ်အခြေခံ ရှိသည်ဟု

အရစ်(စ်)တိုတယ်လ် ကြွေးကြော်ခဲ့သည်။ သူ့ခေတ်အခါတုန်းက အရစ်(စ်)တိုတယ်လ်သည်

"zoon logikon" ဟူသောအသုံးအနှုံးကို သုံးခဲ့သည်။ "Zoon" ဆိုသည်က "zoo”(animal)

သတ္တဝါနှင့် အဓိပ္ပါယ်  တူပြီး "logikon" ဆိုသည်ကတော့ “rational” (power to think)

ဆင်ခြင်စွမ်းအား ဟု ရည်ညွှန်းခဲ့သည်။ ဤနေရာတွင် သူက လူတို့၏ ဆင်ခြင်နိုင်စွမ်းသည်

အတ္တဝိညာဉ် (human soul) နှင့် တိုက်ရိုက်ပက်သက်ပြီး အတ္တဝိညာဉ် နှင့် ဆင်ခြင်တုံ့တရား

ပေါင်းလိုက်ခြင်းဖြင့် လူသားက အခြားသက်ရှိများနှင့် ယှဉ်လိုက်လျှင် အမျှတဆုံး၊ အတွေးခေါ်နိုင်ဆုံး၊

အဆင်ခြင်နိုင်ဆုံး သတ္တဝါဟု ဆိုလိုခဲ့ဟန်တူသည်။


ထို့အပြင် လူသည် ဗဟုသုတ (Knowledge) နှင့် အသိဥာဏ် (Intelligent) တရားနှင့် ပြည့်စုံသည့်

ပေါင်းသင်းဆက်ဆံရေး သတ္တဝါတစ်မျိုးဖြစ်သည်။  ဤနေရာတွင် အသိဥာဏ် (Intelligent)  ကို

အောက်ပါ အချက် (၅) ချက်ဖြင့် ဖွဲ့စည်းထားပေသည်။


ယင်းတို့မှာ...

အတွေအကြုံ (Experience)


သင်ယူနိုင်ခြင်း (Learning)


စဉ်းစားခြင်း (Thinking)


ကျိုးကြောင်းဆင်ခြင်ခြင်း (Reasoning)


မှတ်ဥာဏ်(Memory) တို့ ဖြစ်သည်။


ဤသို့ ပြည့်စုံကုံလုံသော အချက်ပေါင်းများစွာကို အခြေခံပြီး လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်း

အရှိဆုံးသော မဟာလူသားများ ဖြစ်လာရခြင်း ဖြစ်ချေသည်။ စာဖတ်သူများအနေဖြင့်

မဟာလူသားဝါဒအား တနည်းနည်းဖြင့် ဂုဏ်ယူကြပေလိမ့်မည်။

သို့ သော် နှစ်ဆယ်ရာစု အစပိုင်းလောက်၌ အရစ်(စ်)တိုတယ်လ်၏ အဆိုအား ဆန့်ကျင်သည့်

ပညာရှင် နှစ်ဦး ထွက်ပေါ်လာသောအခါ ကျွုန်ုပ်တို့ လူသားများ၏ ဂုဏ်သိက္ခာများ

ကျဆင်းခဲ့ရပေသည်။ ပထမ ပညာရှင်မှာ ဆစ်ဂ်မန်းဖရွိုက်ဒ် (Sigmund Freud) ဖြစ်ပြီးဒုတိယ

ပညာရှင်မှာ ဘာထရန် ရက်ဆဲလ် (Bertrand Russell) ဖြစ်ချေသည်။ ဤပညာရှင် နှစ်ဦး

မပေါ်ထွန်းခင် ခေတ်များက ပညာရှင်တို့က လူသား၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အခြေပြု၍

လူဖြစ်ရခြင်းကို ကျေနပ်ခဲ့ကြသည်။


မစ္စတာ ဖရွိုက်ဒ်က... ကျွန်ုပ်တို့ လူသားများသည် အမြင်အားဖြင့် အင်မတန် ဆင်ခြင်တတ်ကြသော

အသိဥာဏ် ရှိသည်ဟု ယူဆရသော်လည်း တကယ့် လက်တွေ့ တွင်မူ ကျွန်ုပ်တို့ လူသားများကို

ဦးဆောင်နေသည်မှာ ဆင်ခြင်တတ်ကြသော အသိဥာဏ် မဟုတ်ဘဲ လူတို့၏ မသိစိတ်၊ အစွဲအလန်း၊

အလိုရမ္မက်  ဒေါသတရား အစရှိသည်တို့ ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။

မစ္စတာ ရက်ဆဲလ်ကလည်း" လူဟာဆင်ခြင်ဥာဏ်ရှိတဲ့ သတ္တဝါများ ဖြစ်တယ်လို့ ယုံကြည်ခဲ့သည့်

အလျောက် နေရာတော်တော်များများမှာ ရှာကြည့်ခဲ့ဖူးသည့် အကြောင်း၊ သို့သော် လူသားများသည်

မိုက်မဲမှုများ၊ နိုင်လိုမင်းထက် ပြုမှုများဘက်သို့ သာ ဦးတည်နေကြောင်း" ညည်းခဲ့ရှာသည်။


၂၁ ရာစုတွင်မူ ဤအဖြေသည် တစ်စတစ်စ ရှင်းလင်းပြတ်သားလာချေပြီ။ ကျောက်ခေတ်တုန်းက

လူသားများသည် အသားစိမ်းများကို စားသောက်ခဲ့ကြသည်။ ဖိုမ ရေးရာ ကိစ္စများကို လုံခြုံစွာ

လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ကြ။ လုံခြုံမှုမရှိသော ကိုယ်ထည်ဖြင့် ရှင်သန်ခဲ့ကြသည်။ ယခုအခါတွင်မူ

လိုချင်သလောက် အဝတ်အထည်များ လုံခြုံစွာ ဝတ်ဆင်နိုင်သော်လည်း Sexy ဟု တစ်မျိုး၊

အလှအပ ဟု တစ်ဖုံ နာမည်တပ်၍ ကျောက်ခေတ်နှင့်မခြားသော အဝတ်အစားများ

ဝတ်ဆင်လာကြချေပြီ။ ဖိုမ ရေးရာ ကိစ္စများတွင်လည်း စည်းစောင့်ခြင်းတို့ နည်းပါးလာကြသည်။

လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ နှလုံးသားရေး၊ အစရှိသဖြင့် အရေးကိစ္စများစွာတို့တွင်

အရစ်(စ်)တိုတယ်လ် မျှော်လင့်ချက်ကြီးကြီး ထားခဲ့သလို မှန်၏ မှား၏ မဆင်ခြင်ကြတော့။

သင့်တင့်၏၊ မသင့်တင့်၏ မစဉ်းစားတော့။ မိမိဖို့သာ ကြည့်လာတတ်ကြတော့သည်။

ထို့ပြင် ပိုင်ဆိုင်လိုစိတ် ရမ္မက်တရားတို့ ပိုများပြားလာသည်။ ကိုလိုနီနယ်ချဲ့မှုများကို

ကမ္ဘာမြေပြင်တွင်သာမက လ,ကမ္ဘာသို့တိုင် သွားရောက် လုပ်ဆောင်လာကြသည်။

အနိုင်ရရေးအတွက်၊ လက်ဦးမှု ရရေးအတွက် လူသားမျိုးတုံးစေသော လက်နက်များ

အပြိုင်အဆိုင် ထုတ်လုပ်ကြသည်။ လူ့အခွင့်အရေးခေါင်းစဉ်အောက်တွင် လူသားတစ်ဦးစီ၏

အခြေခံအကျဆုံးသော အခွင့်အရေးများကို အပြိုင်အဆိုင် ချိုးဖောက်လာကြသည်။ ကိုယ်ကျင့်တရား

ပိုမိုကောင်းမွန်အောင်၊ ကိုယ်ချင်းစာတရား ထွန်းကားလာအောင် အလျင်းမျှ မကြိုးစားကြဘဲ တိုက်တာ၊

အိုးအိမ်စည်းစိမ်တို့ ကြီးပွားတိုးတက်ရေး စသည့် ရုပ်ဝထ္ထု တို့ နောက်သို့သာ မနေမနား

ကြိုးပမ်းနေကြပေသည်။

ကျွန်ုပ်အဖို့မူကား


မိမိ၏ လည်ချောင်းအတွင်းသို့

အစားတစ်လုတ် ချောမွေ့စွာ ဝင်ရောက်ရေးအတွက်

အခြားလူသားတစ်ဦး၏ လည်မြိုအားနင်းခြေရမည်ဆိုလျှင်

(စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။


မိမိ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအတွက်

အခြားလူသားတစ်ဦး၏ ကိုးကွယ် ယုံကြည်လေးစားမှုအား

စော်ကားဖျက်စီးရမည်ဆိုလျှင်

(စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။


မိမိ၏ နှလုံးသား လန်းဆန်းရှင်သန်စေရန်အတွက်

အခြားလူသားတစ်ဦး၏ နှလုံးသားအား

သေရာပါ ဒဏ်ရာ ပေးခဲ့ရမည်ဆိုလျှင်

(စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုပါ။



မိမိ၏.......................................အတွက်

..............................................................ခဲ့ရမည်ဆိုလျှင်

(စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ) လူမဖြစ်လိုတော့ပါ။

ဤနေရာတွင် ပြင်သစ် ဒဿသနိကဗေဒပညာရှင် ရက်နေးဒီကာတ် (René Descartes) က

ပြောခဲ့သော စကားတစ်ခွန်းကို တင်ပြလိုသည်။ ယင်းမှာ...

                                                            "I think therefore I am."


"ငါသည် စဉ်းစားဆင်ခြင်သည်၊ထို့ကြောင့် ငါအဖြစ် ဖြစ်တည်၏" ဟူသော စကားဖြစ်သည်။

ဆိုလိုသည်မှာ လူသားသည် လူသားအဖြစ် ရပ်တည်ရန်အတွက် လူသားဆန်ဆန်

စဉ်းစားဆင်ခြင်သင့်သည်။ သို့မဟုတ်က လူအဖြစ်မှ တိရစ္ဆာန် အဖြစ်သို့ ရောက်ရှိသည်နှင့်

မခြားဖြစ်သည်။  မြန်မာပြည်က ဘာသာရေး ဖိနှိပ်မှုများ၊ အီဂျစ်ပြည်က လူသတ်မြင်ကွင်းများ၊

အိန္ဒိယ၊ ပါကစ္စတန် တင်းမာမှုများ စသည့် လတ်တလောအဖြစ်အပျက်များကို ကြည့်ပါက

“လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ဟူသော စကားအား ကျွန်ုပ် သံသယ

ရှိပေသည်။ အသက်တွေကို ကယ်တင်ဖို့ဝေးစွ၊ အသက်ပေါင်းများစွာ သေကြေပျက်စီးခြင်း

ဆိုက်ရောက်နေသည့်အတွက် ကျွန်ုပ်တို့၏ လူသားဆန်သော စိတ်ဓာတ်များ တစ်နေ့ထက်တစ်နေ့

ရှားပါးလာပြီ ဟု ယူဆနိုင်ပေသည်။


သက်ရှိသတ္တဝါတို့တွင် အတွေ့အကြုံမှ သင်ခန်းစာ ယူတတ်ကြသူများမှာ စဉ်းစားဆင်ခြင်တတ်သည်

ဟူသော မဟာလူသားများမှ တစ်ပါး အခြားမရှိချေ။ ဥပမာဆိုသော် ပလူကောင်များသည် မိုးဦးကာလ၌

အလင်းရှိရာဆီသို့ အုပ်စုလိုက် ဝင်ရောက်လေ့ ရှိသည်။ ထိုပလူကောင်များသည် ရှေ့ဆုံးက

ပလူကောင်တစ်ကောင် မီးအိမ်၊ဖယောင်းတိုင်၊ အစရှိသဖြင့် တစ်စုံတစ်ရာနှင့် ထိပြီး အတောင်ပံများ

လောင်ကျွမ်းပျက်စီးသည်ကို မြင်သော်လည်း နောက်မှ အကောင်များက ရပ်တန့် သွားခြင်းအလျင်းမရှိ။

ရှေ့သို့သာ တိုးကြကုန်၏။ နောက်လိုက် ပလူကောင်တို့သည်လည်း မီးအလင်းရောင်သည်

ယင်းတို့အတွက် အန္တရာယ်ကြီးလွန်းသည်ကို မျက်မြင်အသိ ဖြစ်သော်လည်း အတွေ့အကြုံမှ သင်ခန်းစာ

မယူတတ်ရုံမျှမက စဉ်းစားဆင်ခြင်နိုင်စွမ်းလည်း မရှိသည့်အတွက် အတောင်ပံများ လောင်ကျွမ်းပြီး

ပျက်စီးခြင်း အဖြစ်သို့ ဆိုက်ရောက်ရလေသည်။


နိဂုံးချုပ်အနေဖြင့်ဆိုရသော် ကမ္ဘာ့ သမိုင်း၌ လူသားတို့မှားခဲ့ကြ၏။ ယခုထိလည်း မှားနေကြစဲဖြစ်သည်။

ရှေ့ခရီးလမ်းတစ်လျှောက် အမှားများနည်းသထက်နည်းလာရန်မှာမူ ရရှိထားသော လူသားအသိဥာဏ်နှင့်

ဆင်ခြင်တုံ့တရားကို နည်းလမ်းကျကျ အသုံးပြုရုံသာ လိုအပ်သည်။ ပလူကောင်များကဲ့သို့ အတွေ့အကြုံမှ

သင်ခန်းစာ ယူနိုင်စွမ်းမရှိပါက ကျွန်ုပ်တို့ လူသားများ ပျက်စီးခြင်းနှင့် မုချဧကန် ကြုံတွေ့ရပေမည်။

ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ကိုယ်ကျင့်တရားနှင့် ကိုယ်ချင်းစာတရားတို့ကို ထိန်းကျောင်း

တည့်မတ် ပြုပြင်ပေးပါက “လူသည် စဉ်းစားဆင်ခြင်နိုင်စွမ်းသော သတ္တဝါ ဖြစ်သည်” ဟူသော အဆိုနှင့်

ကိုက်ညီရုံမျှမက လူတို့၏ ဂုဏ်သိက္ခာနှင့် လူ့ယဉ်ကျေးမှု ပြန်လည် မြှင့်တင်ရေး အတွက် အသေအချာ

အထောက်အကူ ပြုပေလိမ့်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

အိမ်ဝေးသူ (KZ)


ကျွန်တော်...မငိုတော့ဘူး...မေမေ !!!


(၁)

သူမသည်...
ပန်းပွင့်...ဆန်၏။

သူမသည်...
စမ်းချောင်း...ဆန်၏။

သူမသည်...
တောတောင်...ဆန်၏။

သူမသည်...
ကြယ်တာယာ....ဆန်၏။

(၂)

သူမ...
ရယ်လျှင်...ကျွန်တော်...ရယ်၏။

သူမ...
ပြုံးလျှင်...ကျွန်တော်...ပြုံး၏။

သူမ...
ငိုလျှင်...ကျွန်တော်...ငို၏။

သူမ...
ထားသွားတော့....ကျွန်တော်...နေခဲ့ရ ၏။

(၃)

သူမမှာ...
ကျွန်တော့်ကို နှစ်သိမ့်အားပေးခဲ့သော...
ရင်ခွင်တစ်စုံရှိ၏။

သူမမှာ...
ကျွန်တော့်ကြောင့်...ပူပန်ငိုကြွေးရခဲ့သော...
မျက်ဝန်းတစ်စုံရှိ၏။

သူမမှာ...
ကျွန်တော့်ကို...ပြုစုပျိုးထောင်ခဲ့သော...
လက်တစ်စုံရှိ၏။

သူမမှာ...
ကျွန်တော့်ကို...ဆုံးမသွန်သင်ခဲ့သော..
နှုတ်ခမ်းတစ်စုံရှိ၏။

(၄)

တစ်ဦးတည်း ပိုင်ဆိုင်လိုစိတ်ဖြင့်
သူမကို တစ်ဦးပိုင်နာမည်တစ်ခု ပေးခဲ့ဖူး၏။
သူမ..ငြင်းဆန်ခဲ့ရှာသည်။
ကမ္ဘာပေါ်ရှိ...
သား၊သမီးတိုင်း ခေါ်ဆိုနိုင်ရန်အတွက်...
အများပိုင်သော အမည်...
"မေမေ"
ဟု ခေါ်ဆိုလျှင်ပင်...ကျေနပ်လှပါပြီဟု
သူမ..တောင်းဆိုခဲ့ဖူး၏။
**************
(၅)
ဘဝရဲ့  ကြမ်းတမ်းရှတ,တဲ့
အချိုးအကွေ့တွေနဲ့ ကြုံတိုင်း
ကျွန်တော်...
သည်းခြေပျက်မတတ် လွမ်းတယ်...မေမေရယ်။

(၆)

မေ့မေ့ရဲ့  နွေးထွေးစာနာတတ်မှု
ဖေ့ဖေ့ရဲ့  တည်ကြည်ပြတ်သားမှု
ကျွန်တော့်ရဲ့ 
မွေးရာပါ ဂျစ်ကန်ကန် ဗီဇလေး အားကိုး
ယုံကြည်ရာကို ရဲရဲတိုးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ 
ပျော်ရာမှာမနေ၊ တော်ရာမှာ ရုန်းကန်ခဲ့ပေမယ့်
အမိမဲ့သား ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုနဲ့တင်
ရေမနည်းခင်ကတည်းက...
ကျွန်တော့်...
ပါးဟက်ကလေး...ခြောက်သွေ့ခဲ့ရပြီ...မေမေ။

(၇)

ဘယ်တော့မှ မခွဲချင်ဘူးဆိုတဲ့
ကျွန်တော့်...
အတ္တအိုးလေး အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့ရပေါ့။
တရားနဲ့သာဖြေ..ဆိုတဲ့...
ဆင်ခြင်စိတ်...ကြိုးစားမွေးမြူခဲ့ပေမယ့်
“စောလိုက်တာမေမေရယ် “ ဆိုပြီး
ဆင်ခြေ အမြဲတောင်းနေတဲ့ နှလုံးခုန်သံတိုင်းက
ခုထိ နှိပ်စက်နေဆဲပါ...မေမေ။

(၈)

ဘဝဆိုတာ
တူတူပုန်းတမ်း ကစားတာမျိုးလား???
မေမေ...ပုန်းခဲ့လေသမျှ
ရှာလို့ မတွေ့ခဲ့တဲ့အဆုံး
လက်မြှောက်အရှုံးပေးလိုက်ပါပြီ
ကျွန်တော့်ဆီသာ...ပြန်လာခဲ့ပါတော့ မေမေရယ်။

(၉)

ဟော
ခုတော့...
မေမေပြောနေကျ
လောကဓံ ဆိုတာကြီးနဲ့ လုံးထွေးသတ်ပုတ်ရင်း
မေ့မေ့ရဲ့ လူကလေး..ကျွန်တော်
ဗျိုင်းရှေ့ ကမပျံလည်း....အိပ်တတ်နေပါပြီမေမေ။
ထမင်းဆီစမ်းကိုလည်း..
ကြုံရာပန်းကန်နဲ့ စားတတ်နေပါပြီမေမေ။

(၁၀)

မျှော်လင့်ခဲ့သမျှ အလွဲလွဲ
သေကွဲလည်း ခွဲခဲ့ရသူမို့ 
ကျွန်တော့်ပါးပြင်မှာ...ဖြတ်တဲ့ မြစ်နှစ်စင်းနဲ့ 
ထာဝရ...မျက်နှာသစ်လိုက်ချင်ပေမယ့်
ရှေ့ သို့သာချီ ဆိုတဲ့ မေ့မေ့စိတ်ဓာတ်ကလေး ရင်ဝယ်ပိုက်
မျက်ရည်ကို ခပ်သွက်သွက်သုတ်လို့ 
ဆန့်ကျင်ဘက်ခရီးအတွက်...လက်မှတ် သွားဝယ်တော့မယ်မေမေ။
******************

(နိဂုံးနှင့်အတူနိဒါန်း)

၂၀၁၁ ရဲ့ ..တစ်ခုသော နေ့မှာ
သူမ...ကျွန်တော့်ကို..
နှုတ်မဆက်ဘဲ...ထားရစ်ခဲ့သည်။

နှလုံးသည်းပွတ်၌
သူမ...အမြဲ ရှိသည့်အတွက်
ကျွန်တော်...လုံးဝ...မငိုတော့ပါ။

သွေးကြောများ၌
သူမ၏ မေတ္တာတရားတို့ ...အစဉ်မပြတ်
စီးဆင်းနေသည့်အတွက်...
ကျွန်တော်...မငိုတော့ပါ။
ကျွန်တော်...လုံးဝ...မငိုတော့ပါ။
ကျွန်တော်....လုံးဝ...လုံးဝ...လုံးဝ....မငိုတော့ပါ ။။

"သား"
------------------------------------------------------------------------
မှတ်ချက်။ ။ ။
မေမေပြောခဲ့သလိုပင်ဖြစ်သည်။
ဤကဗျာကို ကျွန်တော် မပိုင်ပါ။
" အမေ " ရှိသည့် လူသားတိုင်း ပိုင်ဆိုင်သော
အများပိုင်ကဗျာတစ်ပုဒ်သာ...ဖြစ်ပါကြောင်း။
------------------------------------------------------------------------
အိမ်ဝေးသူ( KZ)

 

Saturday, 4 April 2015

သူတို့က လူငယ်တွေ


သူတို့က လူငယ်တွေ။
နားကြပ်ကိုယ်စီနဲ့ သူတို့ငြိမ့်ညောင်းကြတယ်။
တေးဂီတတွေနဲ့အတူ သူတို့ စီးမျောကြတယ်။
ခေတ်နဲ့အတူ သူတို့ပျော်ပါးလွတ်လပ်ကြတယ်။
x
သူတို့က လူငယ်တွေ။
ပွင့်လင်းမြင်သာကြပေမယ့်
ရဲတင်းစော်ကားကြတာမျိုးတော့ ရွံတတ်ကြတယ်။
နားမှာဆင်ထားတဲ့ နားကပ်တွေထက်
နှလုံးသားမှာတွဲကပ်နေတဲ့ ဖြူ စင်မှုက အရောင်ပိုလက်တယ်။
x
သူတို့က လူငယ်တွေ။
ငွေနှစ်ထောင်နဲ့ လုံလောက်ပါလို့ မပြောဘူး။
နယ်လှည့်ပါးရိုက်ပစ်မယ်လို့လည်း ရင့်သီးမနေကြဘူး။
(မိဘပြည်သူများ) ဆိုပြီးလည်း ရွှေပြည်အေးတရားမဟောဘူး။
x
သူတို့က လူငယ်တွေ။
မြို့ပြင်တွေမှာ ကျောင်းတက်ကြတယ်။
လွယ်အိတ်တွေထဲမှာလည်း
အနာဂတ်တွေ တနင့်တပိုး သိမ်းဆည်းထားကြတယ်။
ရော့ခ်ကာတွေလည်း ရှိသလို
ရက်ပ်သီချင်းခရေဇီတွေလည်း အများကြီးရှိတယ်။
တီဗွီမှန်သားပြင်ပေါ်မှာ ချိုမိုင်မိုင်ကပြတာမျိုးလည်း
သူတို့တတွေ မုန်းတီးတတ်ကြသေးတယ်။
x
သူတို့က လူငယ်တွေ။
ဘောင်းဘီအပွကြီးတွေ ဝတ်ပေမယ့်
အတွေးအခေါ်တွေတော့ ပွရွမနေကြဘူး။
မှားရဲတယ်၊ ပြင်ရဲတယ်၊ တောင်းပန်ရဲတယ်။
ရေတံခွန်လို တရှိန်ထိုးစီးဆင်းတတ်ကြသလို
စမ်းချောင်းလေးတစ်စင်းလိုလည်း
သာသာယာယာ စီးဆင်းတတ်ကြသေးတယ်။
x
သူတို့က လူငယ်တွေ။
လူငယ်တွေလို လွတ်လပ်ပေါ့ပါးချင်ပေမယ့်
လူကြီးတစ်ချို့ရဲ့ ဉာဏ်တိမ်မှုအောက်မှာ
လေးလံထိုင်းမှိုင်းနေကြရရှာတယ်။
လူငယ်တွေလို နေချင်ကြပေမယ့်
လူကြီးတစ်ချို့ ရဲ့ အတ္တတွေအောက်မှာ
အိပ်မက်တွေ ဖဲ့ယူစားသုံးခြင်းခံနေကြရရှာတယ်။

-------------------
အိမ်ဝေးသူ(KZ)


"ငါးမျှားချိတ်ထဲကကြယ်"

တစ်နေ့တစ်ငုံနဲ့
အဟုတ် ပလုံခဲ့ရပေါ့
လူ...ဆိုတာ
သေမျိုးချည်းဆိုပေမယ့်
ငါ...
ဘဝကူးစောခဲ့လေရဲ့  ...။။။

 

အချစ်၏ အရိပ်အာဝါသအောက်တွင် မိမိ၏အတ္တအား တည်ဆောက်ခြင်း


ဆံပင် ရှည်ရှည်နှင့် လမ်းသရဲ စတိုင် ကောင်လေးနှင့် မဟာဆန်သူ ကောင်မလေးတို့
ချစ်ခြင်း၏ အရိပ်အာဝါသအောက်တွင် အတူတကွ ခိုလှုံကြသည်။
ဖဲကစားခြင်းကို ဝါသနာ ထုံလွန်းသူ ကောင်လေးနှင့် လောင်းကစား မုန်းလွန်းသူ ကောင်မလေးတို့
ချစ်ခြင်း၏ အရိပ်အာဝါသအောက်တွင် အတူတကွ ကွန်းခိုကြသည်။
မင်းကို …..ကိုယ် အရမ်းချစ်တာပဲ…..
မောင့်ကို….ကျွန်မ အရမ်းချစ်တာပဲ ဟု ချစ်သူ စုံတွဲတို့ နားမငြီးတမ်း ဆိုတတ်ကြ၏။
ချစ်ကြတာပဲ…အပြစ်ဆိုစရာ မဟုတ်ပါ။ သည်နေရာတွင် အချစ်က ပြသနာမဟုတ်။
သို့ဆိုလျှင် အဓိက ပြသနာက အဘယ်အရာနည်း...???

ချစ်သူ သမီးရည်းစား နှစ်ဦးတို့သည် တစ်ဦးနှင့်တစ်ဦး မချစ်ကြိုက်ခင်
အမူအကျင့် စရိုက်တို့အား အပြန်အလှန် လေ့လာလေ့ ရှိကြသည်။
(လေ့လာသင့်သည်ဟုလည်း ထင်မြင်မိပါသည်)
မိန်းကလေး တစ်ဦး အနေနှင့် ယောက်ျားလေးအား အဖြေမပေးခင်
( အရက်သမားလား၊ ဘိန်းသမားလား၊ လောင်းကစားသမားလား)
အစရှိသည်ဖြင့် အနည်းအကျဉ်း လေ့လာရမည် ဖြစ်သည်။
ထိုနည်းတူ…ယောကျာ်းလေး အနေနှင့်လည်း မိန်းကလေး တစ်ယောက်အား
ဝရုန်းသုန်းကား ချဉ်းကပ်ကြခြင်းမျိုး ရှောင်ရမည် ဖြစ်သည်။
မိမိ ၏ လိုအပ်ချက်၊ စံချိန်စံညွှန်းတို့နှင့် ကိုက်ညီသလား၊ မကိုက်ညီဘူးလား
စသည်တို့အား သတိထားရမည် ဖြစ်သည်။

ဆိုကြပါစို့။
စရိုက်မတူသော ယောက်ျားလေးနှင့် မိန်းကလေး ချစ်ကြိုက်မိသောအခါ အစပိုင်းတွင်
အေးအေးလူလူ ရှိတတ်ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပြသနာ ရှိလာသည်။
နှစ်ဦးနှစ်ဘက်စလုံးက အချစ်နှင့် အတ္တကို သီးသန့် အကန့် ခွဲထားနိုင်စွမ်း နည်းလာသည်။
မင်းကို မိုးလောက်ကြီး ချစ်တယ်၊ ပင်လယ်ပြင်ကြီးလောက် ချစ်တယ် ဟု ဆိုကြသူတို့သည်ပင်လျှင်
အမှားသေးသေးလေးကိုပင်လျှင် သည်းခံနို်င်စွမ်း မဲ့လာကြသည်။
တနည်းဆိုရသော်...အချစ်၏ အရိပ်အာဝါသ အောက်တွင် မိမိ၏ အတ္တကိုသာ ဦးစားပေး၍
တည်ဆောက်လာကြသည်။

ပမာဆိုအံ့။

(ယောက်ျားလေး)
=============

မိမိအတ္တ တည်ဆောက်ခြင်း ပထမ အဆင့်တွင်

ကိုယ့်ကို ချစ်ရင်…..အတင်း…မတုပ်ပါနဲ့ကွာ….
ကိုယ့်ကို ချစ်ရင်…..လက်သည်း အရှည် မထားပါနဲ့ကွာ….
ကိုယ့်ကို ချစ်ရင် …..ဆံပင် အရောင် မဆိုးနဲ့ကွာ….

မိမိအတ္တ တည်ဆောက်ခြင်း ဒုတိယ အဆင့်တွင်

မင်းကို အတင်း လိုက်မတုပ်ဖို့ ကိုယ် ပြောထားတယ်နော်။
မင်းကို လက်သည်း အရှည် မထားဖို့ ကို်ယ်သတိပေးထားတယ်နော်။
မင်းကို ဆံပင် အရောင် မဆိုးဖို့ ကိုယ်မှာထားတယ်နော်။

မိမိအတ္တ တည်ဆောက်ခြင်း နောက်ဆုံး အဆင့်တွင်

မင်းကို အတန်တန် ပြောထားရက်နဲ့ မင်းကိုယ့်စကားကို နားမထောင်ဘူး…
ခုထိ အတင်း တုပ်နေတုန်းပဲ….မင်းနဲ့ကိုယ့် ဇာတ်လမ်း ပြတ်ပြီ။
မင်းကို အတန်တန် သတိပေးထားရက်နဲ့ မင်းကိုယ့်စကားကို နားမထောင်ဘူး…
ခုထိ လက်သည်းရှည် ထားတုန်းပဲ….မင်းနဲ့ကိုယ် လမ်းခွဲတာပဲ ကောင်းတယ်။
မင်းကို အတန်တန် မှာထားရက်နဲ့ မင်းကိုယ့်စကားကို နားမထောင်ဘူး….
ခုထိ ဆံပင်တွေ အရောင်ဆိုးတုန်းပဲ….ကိုယ့်ကို ထားခဲ့လို်က်တော့….။

(မိန်းကလေး)
==========

မိမိအတ္တ တည်ဆောက်ခြင်း ပထမ အဆင့်တွင်

ကျွန်မကို ချစ်ရင်…..လမ်းသရဲ မလုပ်ပါနဲ့လား မောင်ရယ်။

ကျွန်မကို ချစ်ရင်…..အလောင်းကစား မလုပ်ပါနဲ့လား မောင်ရယ်။

ကျွန်မကို ချစ်ရင်…..ဂိမ်းမကစားပါနဲ့လား မောင်ရယ်။


မိမိအတ္တ တည်ဆောက်ခြင်း ဒုတိယ အဆင့်တွင်

မောင့်ကို လမ်းသရဲ မလုပ်ဖို့ ကျွန်မ ပြောထားတယ်နော်။

မောင့်ကို အလောင်းကစား မလုပ်ဖို့ ကျွန်မ သတိပေးထားတယ်နော်။

မောင့်ကို ဂိမ်းမကစားဖို့ ကျွန်မ မှာထားတယ်နော်။


မိမိအတ္တ တည်ဆောက်ခြင်း နောက်ဆုံး အဆင့်တွင်

မောင့်ကို အတန်တန် ပြောထားရက်နဲ့ ကျွန်မစကားကို နားမထောင်ဘူး…

ခုထိ လမ်းသရဲလုပ်ကောင်းနေတုန်းပဲ….မောင်နဲ့ကျွန်မ ဇာတ်လမ်း ပြတ်ပြီ။

မောင့်ကို အတန်တန် သတိပေးထားရက်နဲ့ ကျွန်မစကားကို နားမထောင်ဘူး…

ခုထိ အလောင်းကစားတွေ လုပ်နေတုန်းပဲ…..မောင်နဲ့ကျွန်မ လမ်းခွဲတာပဲ ကောင်းတယ်။

မောင့်ကို အတန်တန် မှာထားရက်နဲ့ ကျွန်မစကားကို နားမထောင်ဘူး….

ခုထိ ဂိမ်းတွေ ကစားနေတုန်းပဲ….ကျွန်မကို ထားခဲ့လို်က်တော့….။

သည်နေရာတွင် မိန်းကလေး အများစု ကျူးလွန်မိကြသည့် အမှားက ယောက်ျားလေးအား
မိမိဘက်တော်သား ( တနည်း ..မိမိ၏ ချစ်သူ ) ဖြစ်လာသည့်အခါမှ အချစ်ကို အကြောင်းပြု၍
ချစ်သူအား လိုရာကို ပုံသွင်းယူမည်ဟု မှတ်ယူကြခြင်း ဖြစ်သည်။ မိမိပြောလျှင်လည်း ချစ်သူက
နားထောင်မည်ဟု အပြည့်အဝ ယုံကြည်ထားကြသည်။ သို့သော်  မျှော်မှန်းထားသကဲ့သို့
ဖြစ်လာရန်မှာ ရာခိုင်နှုန်းအားဖြင့် အင်မတန် နည်းပါးလွန်းလှပေသည်။
အကျင့်ဆိုးများကို ဦးစွာ ပြင်ခိုင်းပြီးမှ ချစ်အဖြေ ပေးတတ်သည့် မိန်းကလေးများလည်း
ရှိပေမည်။ သို့သော် ရှားပေမည်။

သို့ဆိုလျှင်
မိမိ၏ ချစ်သူအား ကောင်းမွန်စေချင်သည့် စေတနာဖြင့်သာ ပြုပြင်ပေးခြင်း ဖြစ်သည်ဟု
စောဒက တက်ချင်ပါသလား...။
ချစ်သူ သမီးရည်းစား မဖြစ်ခင်ကတည်းက တစ်ဖက်သား၏ အမူအကျင့်များကို သတိမထားမိခဲ့လေသလား...။
သတိထားမိလျှင်ရော အဘယ်ကြောင့် ချစ်ရေးဆိုခဲ့သေးသနည်း...။
အဘယ့်ကြောင့် ချစ်အဖြေ ပေးခဲ့သနည်း...။

လူတိုင်းသည် အတ္တအနည်းအများဖြင့် ရှင်သန်နေကြသည့်အလျောက် ချစ်သက်တမ်း ကြာလာသည်နှင့်အမျှ
အတ္တတွင်းက နက်သထက် နက်လာသည်။
အဲဒါ...မလုပ်နဲ့....
ဟိုဟာ...လုပ်တာ မကြိုက်ဘူး....
ဒီလိုနေ....ဒီလိုမနေနဲ့....
စသည်ဖြင့် အတ္တကို အတ္တ ထပ်လာကြသည်...။
ချစ်သူကို တကယ်ကောင်းစေချင်သည့် စေတနာထက် မိမိ ဖြစ်လိုသည့် ဆန္ဒ
( တနည်း..မိမိ သည်းမခံနိုင်သည့် အမူအယာများ မဖြစ်အောင် အပြင်းအထန် ကာကွယ်နေခြင်း ) များကိုသာ
ဦးစားပေး ဆောင်ရွက်နေသည်ကို သတိထားမိခြင်း မရှိတော့..။
တစ်နေ့ထက် တစ်နေ့ ...ချစ်သူ၏ ဆန္ဒတို့ လေလွင့်ဝေဝါး၍ မိမိ၏ အတ္တများနှင့် ချစ်သူတွင် မူလ ရှိနှင့်နေပြီးသော
အတ္တကို ထိန်းချုပ်ရန်ကြိုးစားဖန်များလာသောအခါ...ရလဒ်က မကောင်းဖြစ်လာသည်။

မည်သူ့ကိုမျှ စိုးစဉ်းမျှ ဒုက္ခ မပေးသော...အချစ်သန့်သန့်က အဘယ်ရောက်သွားသနည်း...။
ချစ်ရလွန်းသူ၏ ဖြစ်ချင်သော ဆန္ဒတို့ အဘယ်ရောက်သွား ရပါသနည်း...။
တကယ်ချစ်လျှင် အမူအကျင့် အချို့၏ ဒဏ်ကိုလည်း ခံနိုင်စွမ်းရမည်ပေါ့။
ခံနိုင်ရည် မရှိလျှင်လည်း အစောကြီးကတည်းက လက်မတွဲခဲ့ရန်သာ ရှိချေသည် မဟုတ်လား။
မိုးလောက်ကြီး...ပင်လယ်လောက်ကြီး ချစ်သည်...စသည့်...အလွန်အကျူး ဒိုင်ယာလော့ဂ်တို့
ပျောက်ချင်းမလှ ပျောက်သွားကြသည်ကသာ များသည်။

နိဂုံးအနေနှင့် ပြောလိုသည်မှာ...
လူအများစုသည် အချစ်၏ အရိပ်အာဝါသ အောက်တွင် ကျေနပ်စွာ ခိုလှုံကြ၏။
ပြီးလျှင် အပြန်အလှန် အတ္တတို့ အထပ်ထပ် တည်ဆောက်ကြ၏။
အတ္တ ထုထည် ကြီးမားလာသည်နှင့်အမျှ ချစ်ခြင်းက ယိုင်နဲ့လာသည်။
အဆုံးသတ် ရလဒ်အနေနှင့် လူတို့က အချစ်ကိုသာ ယိုးမယ်ဖွဲ့ အပြစ်ဆိုကြကုန်၏။
အမှန်တကယ်တွင်မူ အချစ်၏ အရိပ်အာဝါသ အောက်တွင် ရာသက်ပန် ခိုလှုံလိုပါက
ဓားတောင်ကိုလည်း ကျော်ပြစရာမလိုပါ...။
မီးပင်လယ်ကိုလည်း ဖြတ်ပြစရာမလိုပါ...။
ကျားမြီးလည်း ဆွဲပြစရာ မလိုပါ...။
အလွယ်ဆုံးနှင့် အခက်ဆုံးသော အလုပ်တစ်ခုကိုသာ လုပ်ရန် လိုပါသည်။
ထိုအရာကား....

ချစ်ခြင်းနှင့်အတူ မိမိ၏ အတ္တနှင့်
ချစ်သူ၏ ဆန္ဒအား
မျှတစွာ ညှိနှိုင်းပေးခြင်းပင် ဖြစ်ပေသည်။

အိမ်ဝေးသူ (KZ)


ကိုယ်ပိုင်တန်ဖိုးဖြင့် ရပ်တည်ခြင်း

မောင်(၁) နှင့် မောင် (၂) တို့ ပြသနာ တက်နေကြသည်။

အချင်းများသည့် အကြောင်းအရာကမူ ရိုးစင်းလှသည်။ သို့သော် အရှင်းဆုံးအကြောင်းအရာက

အရှုပ်ထွေးဆုံး အဖြစ်သို့ သယ်ဆောင်သွားသည်။ ဖြစ်ပျက်ပုံ အလုံးစုံကား ဤသို့တည်း။


မောင်(၁) ။       ။ ငါ မင်းကို ဘာများ လုပ်မိလို့ လဲကွာ။ (၁) ဆိုတဲ့ ငါ့နေရာမှာ ငါ ငြိမ်ငြိမ်လေး

                        နေ,နေတာပဲလေကွာ။


မောင်(၂) ။       ။ မင်း အဲ့လို ငြိမ်ငြိမ်လေး ငါ့ ရှေ့ မှာ ကာဆီး၊ကာဆီး လုပ်နေတာကိုက

                        ငါ့ကို ဒုက္ခပေးနေတာပဲကွ။ မင်းက အမြဲတမ်း ငါ့ရှေ့ ရောက်နေတာ ငါ လုံးဝ

                        မကျေနပ်ဘူးကွာ။


မောင်(၁) ။       ။ ဟာကွာ၊ သူငယ်ချင်းရာ မင်းအဲလို မထင်ပါနဲ့ ကွာ။ ကိန်းဂဏန်းတိုင်းမှာ

                        သူ့ တန်ဖိုးနဲ့ သူ ရှိပြီးသားပါ။ လူသားတွေ တွက်ချက်လို့ ရအောင် ငါတို့တတွေဟာ

                        အမြဲတမ်း ကူညီနေကြတာပါ။ ငါတို့ ကိန်းဂဏန်းတွေမှာ သာခြင်း၊ နာခြင်း မရှိကြပါဘူး။

                        ကိုယ့်နေရာနဲ့ ကိုယ့်တာဝန်ကို တိတိကျကျ ယူပြီး လိုက်နာဖို့ က အဓိကပါကွာ။


မောင်(၂) ။       ။ မင်းငါ့ကို လေပြည်အေး တရားတွေ လာဟောမနေနဲ့ ။ ငါ (တစ်) ဖြစ်ချင်တယ်။

                        မင်းနဲ့ငါ နေရာချင်း လဲမလား?


မောင်(၁) ။       ။ နေရာချင်းလဲတာတော့ မဖြစ်နိုင်တော့ဘူးကွ။ ဒါပေမယ့် မောင် (၂) ရာ ...

                        မင်းရဲ့ အလှတရားကို မင်း မြင်အောင်ကြည့်တတ်စမ်းပါကွာ။

                        မြင်အောင်ကြည့်ဖြစ်သွားရင်  (၂) နေရာမှာ နေရတာကို ကျေနပ်သွားမှာပါ။


မောင်(၂) ။       ။ ဟေ့ကောင် ! ဘာအလှတရားမှ ကြည့်စရာ မလိုဘူး...

                        ဘာမှကြီးကြီးကျယ်ကျယ်တွေ လျှောက်မပြောနဲ့ ကွ။


မောင်(၁) ။       ။ မင်းအလှတရားကို မင်းမမြင်ရင် ငါရှင်းပြမယ်။ မင်းက ငါ့ကို တော်တော်

                        အထင်ကြီးနေတာကိုးကွ။ ငါ့ဒုက္ခကို မင်းမသိလို့ပါ။ တစ်ဆ နဲ့ နှစ်ဆ ဆိုတာကို

                        မင်းနားလည်ရဲ့ လား။ အပြတ်အသတ် ကွာတယ်ကွ။ ငါနဲ့ ကိန်းဂဏန်းတစ်ခု

                        လာပေါင်းရင် တစ်ပဲ တိုးခွင့် ရှိတယ် ( ၅ + ၁ = ၆)။ ပြီးတော့ ငါနဲ့ ကိန်းဂဏန်း

                        တစ်ခုခုက  လာမြှောက်တဲ့အခါ အဲဒီကိန်းဂဏန်းပဲ ပြန်ရတယ်။

                        ငါဆိုတာ လုံးဝ မရှိတော့သလို ခံစားရတယ်။ ( ၅ x ၁ = ၅ )။

                        အဲလို ဖြစ်တိုင်း ငါဟာ အလကားကောင်လို့ တောင် ခံစားချင် ခံစားလို့ ရတယ်ကွ။

                        ငါ့ကို ကိန်းဂဏန်းတစ်ခုက လာ စားသည် ဖြစ်စေ၊ နှုတ်သည် ဖြစ်စေ ကွာဟ မှုက

                        တစ်ပဲ ရကြတယ်။


မောင်(၂) ။       ။ ဒါဆို ငါ့ကျတော့ရော။


မောင်(၁) ။       ။ မင်းကျတော့ နေရာတိုင်းမှာ နှစ်ဆပဲ။ အထူးသဖြင့် စီးပွားရေးသမားတွေ

                        မင်းကို သိပ်စိတ်ဝင်စားကြတယ်။ မင်းနဲ့ လာပေါင်းတဲ့ ကိန်းဂဏန်းက နှစ်တောင်

                        တိုးပွားခွင့် ရသွားကြတယ်။ ( ၅ + ၂ = ၇)။ ပြီးတော့ ငါ့ကို လာမြှောက်တုန်းကလို

                        အရာမဝင်တာမျိုး မဟုတ်တော့ဘူး။ မင်းကို လာထိတာနဲ့ နှစ်ဆပဲကွ။

                        မူလ တန်ဖိုးကို မင်းက နှစ်ဆ ဖြစ်အောင် ဟပ်ချလောင်းဆိုပြီး လုပ်နိုင်ခွင့် ရှိတယ်

                        သူငယ်ချင်းရ။ ( ၅ x ၂ = ၁၀ )။ အဲလိုပဲ မင်းကို ကိန်းဂဏန်းတစ်ခုက

                        လာစားသည် ဖြစ်စေ၊ နှုတ်သည် ဖြစ်စေ ခြားနားမှုက အမြဲတမ်း နှစ်ဆပဲကွ။

                        ကြည့်စမ်း..မင်းရဲ့ ဖြစ်တည်မှုက ဘယ်လောက် တန်ဖိုးကြီးလိုက်သလဲ။

                        အဲဒီတော့ မင်းအရှေ့မှာ ငါနေရရုံလေးနဲ့ ငါဟာ မင်းတက်လမ်းကို ပိတ်ထားတယ်၊

                        မင်းထက်သာတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲကွာ။

                        ငါတို့ လက်တွဲပြီး ရပ်တည်ကြတာပေါ့ သူငယ်ချင်းရာ။


မောင်(၂) ။       ။ မင်းက ပြောအား ရှိတာပေါ့။ မင်းအရှေ့မှာ နေတဲ့ကောင်က အလုပ်မဖြစ်တဲ့ကောင်

                        သုည ဆိုတော့။ ဟားဟား။


မောင်(၁) ။       ။ မဟုတ်သေးဘူးကွ။ သူလည်း သူတန်ဖိုးနဲ့ သူ အလုပ်ဖြစ်နေတာပဲလေ။

                        အလုပ်မဖြစ်ဘူးလို့ တော့ မပြောနဲ့ကွ။ မင်းစဉ်းစား ကြည့်စမ်းပါ။

                        ကဗျာဆရာတွေ၊ အတွေးအခေါ်ပညာရှင်တွေဆို ငါ့ကို သတိတောင် မရကြဘူး။

                        ငါ့အရှေ့က (သုည)ကိုပဲ တင်စားခေါ်ဆိုကြတာ။ မင်းခိုက်စိုးစန်တောင် (သုည) ဆိုပြီး

                        စာအုပ်ထုတ်ထားသေးတယ်။ ဒါပေမယ့် ငါ ဘယ်တုန်းကမှ ဝမ်းမနည်းဘူး။

                        ငါ့နေရာမှာ ငါတိတိကျကျ ရပ်တည်တယ်။

                        မောင် (၁) က မောင် (၁) အနေနဲ့ ရပ်တည်တယ်။ မောင်( ၂) လိုလို မောင် (၃) လိုလို၊

                        မောင်သုည လိုလို ငါဘယ်တော့မှ မလုပ်ဘူး။ တကယ်ဆို (၀-၁-၂-၃-၄-၅-၆-၇-၈-၉)

                        ဆိုတဲ့ ငါတို့ တတွေဟာ ညီတူမျှတူ လူ့လောက အကျိုးကို ဆောင်နေကြတာပါကွာ။


မောင်(၂) ။       ။ မင်းပြောလို့ ပြီးပြီလားကွ။ ဒါပေမယ့် မင်းက ငါ့ရှေ့မှာ ရောက်နေတဲ့အတွက်....

                        ငါ့ဘဝတက်လမ်းကို ပိတ်ထားတဲ့ အတွက် ငါ...မင်းကို မုန်းတယ်။

                        ကိန်းဂဏန်း အဖြစ်ကနေ ငါ ကြွေကျတဲ့ နောက်ဆုံးနေ့ အထိ

                        ငါ...မင်းကို မုန်းနေမယ်။


မောင်(၁) ။       ။ ကျေးဇူးပဲ သူငယ်ချင်း။

                        ကိုယ့်အလှတရားကို ကိုယ်မြင်နိုင်စွမ်းမရှိတဲ့ မင်းကို၊ ဖျောင်းဖျလို့မရတဲ့မင်းကို

                        ငါ...လစ်လျူရှုလိုက်ပါပြီ။ ဒါပေမယ့်ကွာ...တစ်ခါတရံမှာ အမုန်းဆိုတာ

                        သတိရနေခြင်း တစ်မျိုးပဲလို့ ငါ ခံယူထားတဲ့အတွက် မင်း...ငါ့ကို မုန်းနေတာဟာ

                        ငါ့ဖြစ်တည်မှုကို အသိအမှတ်ပြုတာ၊ ငါ့ကို သတိတယ ရှိနေတာလို့ 

                        ငါသိလိုက်ရတဲ့ အတွက်...ငါ ဝမ်းသာတယ်ကွာ။


မောင်(၂) ။       ။ တောက်။ မင်းနဲ့ ငါ တွေ့ ကြသေးတာပေါ့။


မောင်(၁) ။       ။ မပူပါနဲ့ သူငယ်ချင်းရာ။

                        မင်းနဲ့ ငါက ကမ္ဘာလောကကြီး တည်မြဲနေသေးသရွေ၊ 

                        ကိန်းကဏန်းတွေ တည်မြဲနေသေးသရွေ့ ၊

                        လူသားတွေ အတွက်အချက် လုပ်နေသေးသရွေ့

                        အမြဲတမ်း ကပ်လျက် အနေအထားနဲ့ပါကွာ။ (မုန်းသည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ)


ထိုနေ့မှ စပြီး မောင် (၁) နှင့် မောင် (၂) သည် ဘေးချင်းကပ်လျက် အနေအထား ရှိသော်လည်း

စကားပြောဆိုခြင်း မရှိတော့။ မောင် (၁) သည် မောင် (၂) ဘက်သို့ လှည့်လည်ပြီး စကားစမြည်

ပြောဆိုလိုသော်လည်း မောင် (၂) က ခက်ထန်မာကျောသော မျက်နှာထားဖြင့် သူ့နောက်ကျောကို

စိုက်ကြည့်နေသောကြောင့် မောင် (၂) ဘက်သို့ လှည့်ခွင့် မရရှာဘဲ မောင်သုည (၀/zero)

ဘက်သို့သာ အမြဲတမ်းအတွက် မျက်နှာမူ ထားရရှာလေသည်။


အိမ်ဝေးသူ (KZ)