Wednesday, 8 October 2014

လူရိုင်းတစ်ယောက်အတွက်တော့ (ခင်ဗျား) ဆိုတာ အယဉ်ကျေးဆုံး နာမ်စားတစ်ခုပဲ



(၁)
ကျွန်တော် (၁၆) နှစ်သား အရွယ်လောက်တုန်းက ဖြစ်သည်။
ကျွန်တော့်ထက် (၁၄) နှစ်လောက်ပိုကြီးသော အသက်(၃၀) အရွယ်
လူကြီးမင်းတစ်ယောက်နှင့် စကားပြောရာ၌ "ခင်ဗျား" ဆိုသော အသုံးအနှုန်းကို
သုံးခဲ့ဖူးသည်။ ကျွန်တော် သုံးခဲ့သော နာမ်စားက မြွေဟောက်တစ်ကောင်လို
ထိုလူကြီးမင်း၏ ငယ်ထိပ်သို့ ပေါက်ခဲ့ဟန်တူသည်။ ထိုလူကြီးမင်း၏ တုံ့ပြန်မှုက
သိပ်လှပြီး ပြင်းထန်လွန်းလှသည်။
"ဒီကောင်" တော်တော်ရိုင်းတဲ့ "ကောင်" ပဲ တဲ့။
ထိုစဉ်တုန်းက ကျွန်တော်က "ရိုင်းပါတယ်" ဟု သူ့ကို ဝန်ခံလိုက်သည်။
ကျွန်တော် လူရိုင်းတစ်ယောက် ဖြစ်ကြောင်း သူအသိအမှတ်ပြုသွားခဲ့ဖူးသည်။

(၂)
လတ်လတ်ဆတ်ဆတ် အဖြစ်အပျက်တစ်ခု ရှိပါသေးသည်။
"မင်းစာရေးရင် ဘာလို့ (ခင်ဗျား) ဆိုတာကြီး ထည့်သုံးရတာလဲ" ဟု
အမေးခံခဲ့ရခြင်း ဖြစ်သည်။ ကျွန်တော်ကတော့
"ကျွန်တော် အဲ့ဒီ့ နာမ်စားကို ကြိုက်လို့ သုံးပါတယ်" ဟု အဖြေပေးခဲ့သည်။
သို့သော် တစ်ဘက်က သိပ်ကျေနပ်ပုံမရ။ ကျွန်တော့်ကို ဖွင့်မပြောသော်လည်း
သူ့ရင်ထဲမှာတော့ ကျွန်တော့်ကို "လူရိုင်းတစ်ယောက်" ဟု ထင်မြင်ကောင်း
ထင်မြင်လိမ့်မည်။ သို့သော် ကျွန်တော်ကမူ " ခင်ဗျား" ဟူသော အသုံးအနှုန်းကို
သုံးနေစဲ၊ နှစ်ခြိုက်နေမြဲ ဖြစ်သည်။ ပြီးတော့ လူရိုင်းဘွဲ့ကိုလည်း ကျေကျေနပ်နပ်
ခံယူနေစဲ ဖြစ်သည်။

(၃)
ကျွန်တော် စာရေးသည့်အခါ "ခင်ဗျား" ဟူသည့် နာမ်စားကို သုံးလေ့သုံးထ ရှိသည်။
သို့သော် ထိုသို့သုံးဖြစ်သည်မှာ (ကျွန်တော် လူရိုင်းဖြစ်လင့်ကစား)

(က) ရိုင်းပျကြမ်းတမ်းစွာ ပြောဆိုလိုသည့် သဘောမျိုးမဟုတ်ဘဲ
(ခ) အကြောင်းအရာကို ပိုမိုလေးနက်၊ သတိထားစေချင်သော စေတနာဖြင့်သာ

ရေးသားသုံးစွဲကြောင်း အသိပေးချင်ပါသည်။ ကျွန်တော့်အတွက် "ခင်ဗျား" ဟူသော
အသုံးအနှုန်းသည် အင်္ဂလိပ် နာမ်စား (YOU) ပင်ဖြစ်ပါသည်။ (YOU) သည်
အသက်အရွယ်၊ ဂုဏ်သိက္ခာ၊ အထီးအမ၊ မရွေးဘဲ လူတန်းစားပေါင်းစုံကို
တန်းတူညီမျှ ရည်ညွှန်းနိုင်သော နာမ်စားဖြစ်သည်ဟု ကျွန်တော် ထင်မြင်ယူဆပါသည်။

(၄)
မြန်မာပြည်ကို တစ်ချက်မျှ ပြန်လည်ငဲ့စောင်း ကြည့်ချင်ပါသည်။
လူငယ်အများစုက လူကြီးများကို နာမည်လှလှလေးများ ပေးထားကြပြီး ဖြစ်သည်။

- ဘဲကြီး၊ ဘဲနာ၊ ဘဲနာကြီး၊ ဘိုးတော်၊ အဘွားကြီး၊ ဘွားတော်၊

မျက်နှာချင်းဆိုင် မပြောဝံ့ကြလျှင် ကွယ်ရာမှာ ပြောဆိုသုံးနှုန်းကြသည်။
ကျွေးမွေးပြုစု ပျိုးထောင်ခဲ့သည့် ဖခင်အရင်းကိုပင်လျှင် " ဘိုးတော်၊ အဘိုးကြီး " ဟု
ပြောဆို ဆက်ဆံနေကြသည့် မျိုးဆက်သစ်များ အထိုက်အလျောက် များပြားလပြီဟု
ပြောလျှင် ကျွန်တော် လူရိုင်းကြီး၏ အလွန်ပင် ဖြစ်ချေတော့မည်။

မြန်မာပြည်က အထွန်းကားဆုံး ယဉ်ကျေးမှု တစ်ခုကို တိုးတိုးတိတ်တိတ် ပြောပြပါမည်။
တိုက်ပုံ၊ နက်ခ်တိုင် ကျကျနန ဝတ်စားဆင်ယင်ထားသော ဂုဏ်ကျက်သရေများ
ပြိုးပြိုးပြက်ပြက် လက်လက်ထနေသော လူကြီးလူကောင်းများ လက်ဘက်ရည်ဆိုင်
ထိုင်သော အချိန်တွင်ဖြစ်သည်။ မှာယူထားသော အစားအသောက်များ ရောက်မလာ
သေးပါက လူကြီးမင်းများ ဒေါသူပုန်ထ တတ်ကြသည်။ ထိုအခါမျိုး၌

"ဟေ့ကောင်၊ (ဟေ့ကောင်လေး) ငါတို့ ဝိုင်းက ခေါ်နေတာကြာလှပြီ။
အခုထိ အစားအသောက်တွေ မှာထားတာ လာမချသေးဘူးလားကွ"

စားပွဲထိုးလေးမှာ မျက်နှာငယ်လေးဖြင့် ထိုလူကြီးမင်းများ ခေါ်ရာသို့ အပြေးအလွှား
လာရရှာသည်။ သူ့အနေနှင့် စားပွဲထိုးလစာကို မျှော်ကိုးရသောကြောင့်
အကောင်ဗလောင်နှင့် ခိုင်းနှိုင်းသုံးစွဲခြင်းကို မကျေမနပ် ခံယူရရှာသည်။
အံသြစရာကောင်းလွန်းသည့် အချက်တစ်ချက် ရှိပါသည်။
ထိုအချက်ကား စားပွဲထိုးလေး၏ ဂုဏ်အဆင့်အတန်းနှင့် ငယ်ရွယ်မှုကို အခြေခံပြီး အကောင်ဖြင့် နှိုင်း၍ ပြောဆိုခဲ့သော ထိုလူကြီးမင်းများသည် သူတို့ထက် ကြီးသော လူကြီးမင်းများနှင့် တွေ့သည့်အခါ ဖြစ်စေ၊ အထက်လူကြီးမင်းများ၏ သားသမီးများနှင့်
တွေ့ဆုံသည့် အခါဖြစ်စေ ကမ္ဘာကျော် လူယဉ်ကျေးကြီးများ ဖြစ်သွားတတ်ကြခြင်း ဖြစ်သည်။

"သူဌေးလေး။ သခင်လေး၊ အကိုလေး
ကျွန်တော် ဘာများ လုပ်ပေးရမလဲ အမိန့်ရှိပါခင်ဗျာ"

အစရှိသဖြင့် ဝေါဟာရများကို လှပသေသပ်စွာ သုံးစွဲနိုင်သည့် အတွက်
ထိုလူကြီးမင်းများအတွက် ကျွန်တော် ဂုဏ်ယူပါသည်။ ထို့အတူ စားပွဲထိုးလေးအား (စားပွဲထိုးအဆင့်အတန်းကြောင့်) နှိမ့်ချစွာ ပြောထွက်ခဲ့သော " ဟေ့ကောင်"
ဟူသော နာမ်စားအတွက် ဖြစ်နိုင်မည်ဆိုလျှင် ထိုလူကြီးမင်းများ၏ လျှာကို ကျွန်တော် ဖြတ်ပစ်ချင်ပါသည်။

(၅)
ချစ်ခင်မြတ်နိုးမှုကို အခြေခံသည့် အသုံးအစွဲများကိုလည်း ကျွန်တော်တို့
ထည့်သွင်း စဉ်းစားရလိမ့်မည်။

"ကောင်လေး၊ ကောင်မလေး" ဟုဆိုလျှင် ချစ်ခင်ရင်းနှီးမှုတို့၏ ပြယုဂ်ဟု ဆိုနိုင်သည်။
"ကောင်၊ ကောင်မ" ဆိုလျှင်တော့ သိပ်အဆင်မပြေလှဟု မြင်သည်။ ကျွန်တော်သည်လည်း
"ချစ်လှစွာသော ငါ့ရဲ့ ကောင်မလေးရေ" ဟု သုံးနှုန်းခဲ့ဖူးပါသည်။

တစ်ခါတရံ တစ်ချို့  (ကောင်လေး၊ ကောင်မလေး) များက ကျွန်တော့်ကို ကျီစယ်တတ်ကြသည်

"ဘဲရီး" နေကောင်းလား"
"ကိုယ်...ကိုယ်နေကောင်းပါတယ် "ဘဲလေးရေ"
ဟု ပြန်နှုတ်ဆက်လျှင် စိတ်ဆိုးခြင်း ခံရပါသည်။

"ဘဲရီး" ထမင်းစားပြီး ပြီလား"
"ကိုယ်..ထမင်းစားပြီးပါပြီ ကြက်မလေးရေ"
ဟု တုံ့ပြန်မိလျှင်ပင် ကျွန်တော့်ကို စိတ်ဆိုးတတ်ကြသည်။

(၆)
နိဂုံးချုပ်ပါမည်။
ကျွန်တော်သည် "ခင်ဗျား" ဟူသော နာမ်စားကို သိပ်ကြိုက်ပါသည်။
အိပ်ငိုက်နေသော လူတစ်ယောက်ကို မျက်လုံးကျယ်စေနိုင်သကဲ့သို့
ခင်ဗျားဟူသော နာမ်စား၏ လေးနက်မှုကြောင့် အပြောခံရသူ၏ အာရုံစူးစိုက်မှု
စွမ်းအားကို တိုးနိုင်သည်ဟု ကျွန်တော် ခံယူထားသည်။ ထို့အတွက်
နောက်နောင်များတွင်လည်း အလျဉ်းသင့်သလို "ခင်ဗျား" ဟူသည့် နာမ်စားကို
ကျွန်တော် သုံးစွဲပါဦးမည်။ တစ်ပြိုင်နက်တည်းမှာပင် ထိုသို့သုံးစွဲခြင်းသည် အကြောင်းအရာကို ပိုမိုလေးနက်စေချင်သည့် သဘောဖြစ်ကြောင်းကိုလည်း သိစေချင်ပါသည်။ မျက်နှာချင်းဆိုင်ဖြစ်စေ၊ ကွယ်ရာ၌ ဖြစ်စေ၊ (ဒီကောင်၊ ဒီကောင်မ၊ ဟေ့ကောင်) စသည်တို့ကို သုံးစွဲကျင့်မရှိသည့် "ကျွန်တော့်လို လူရိုင်းတစ်ယောက်" အတွက်မူ "ခင်ဗျား" ဟူသည့် နာမ်စားမှာ အယဉ်ကျေးဆုံး
ဝေါဟာရတစ်ခုသာ ဖြစ်ကြောင်း ခင်ဗျားတို့အားလုံးကို အသိပေးရင်း ကျွန်တော့်စာကို ဤနေရာတွင် အဆုံးသတ်ပါမည်။

မှတ်ချက်။
ကျွန်တော့်ကို (သိပ်ရိုင်းတာပဲ/ အရိုင်းအစိုင်းကောင်) ဟု ပြောလာမည့်
သုံးယောက်မြောက် ပုဂ္ဂိုလ်ကို ကျွန်တော် စောင့်ကြိုနေပါသည်။

--------------------
အိမ်ဝေးသူ(KZ)


No comments:

Post a Comment