Wednesday, 29 October 2014

၎း၂



“သူမ”

ရံရွေတော်သုံးဆယ့်နှစ်ပါးခြံရံ
အလျား ၄” အနံ ၂” နဲ့
သေးသွယ်ပါးလျသူမို့ အထင်မသေးလေနဲ့။
ငါးတစ်ကောင်လို သိုသိပ်ပြီး
နဂါးတစ်ကောင်လို မာန်ဝင့်တတ်တာ... သူမ။

“သူမ”

ပုခက်ထဲက ကလေးငယ်အတွက်
မှေးစက်စရာ တေးသွားဖြစ်သလို
အခက်အခဲကြားက နှစ်နိုင်ငံအတွက်
စစ်မက်ရေးရာ အရင်းခံဖြစ်တတ်တယ်။

“သူမ”

တိုတောင်းလွန်းပေမယ့်
အလျားအနံ့မဲ့စွာ ခရီးဆန့်တတ်ပြီး
ဖယောင်းလို ပျော့ပျောင်းပေမယ့်
သံမဏိလို ခက်ထန်တတ်တယ်။

“သူမ”

အကြွင်းမဲ့ခွင့်လွှတ်တတ်ပေမယ့်
ခြွင်းချက်နဲ့ အပြစ်တင်တတ်တယ်
ဆွေမျိုးအသစ်တိုးစေသလို
ရွှေမျိုး အချစ်ကြိုးပြတ်စေတယ်။

“သူမ”

ချစ်ခြင်းရဲ့ မြစ်ဖျားခံရာ ဖြစ်သလို
အမုန်းတို့ရဲ့ ရေသောက်မြစ် ဖြစ်တယ်
သံတမန်တို့အတွက် ဒိုင်းတစ်ခုဖြစ်သလို
စစ်တလင်းမြေက သက်ခြွေဓားတစ်လက်ဖြစ်တယ်။

“သူမ”

ပျားရည်လို ချို မြတတ်ပေမယ့်
တမာလို ခါးတတ်တယ်
ကောင်းကင်ဘုံနဲ့ အနီးဆုံးဆိုသလို
ငရဲခန်းရဲ့ အစိတ်အပိုင်းလည်း ဟုတ်ပြန်တယ်။

“သူမ”

လက်တစ်ထွာအကွာက အသိဥာဏ်
လက်တစ်တောင်လှမ်းတဲ့ နှလုံးသား
အကြီးကျယ်ဆုံးအရာနှစ်ခုကြားက
“သူမ”နာမည်က........................?

--------------------
အိမ်ဝေးသူ(KZ)
-------------------

မှတ်ချက်။
ကောင်းမွန်သော အရာခပ်သိမ်းတို့အတွက်
(သူမ)အား လှုပ်ရှားရုန်းကန်ခိုင်းပါလေ။
သို့သော်
အနှီအကျိုးမဲ့ အချင်းအရာတို့အတွက်ကား
(သူမ) အိပ်မောကျနေခြင်းကသာ အလှတရား ဖြစ်ချေ၏။


No comments:

Post a Comment