မင်းက
သူမရဲ့  မျက်ဝန်းစိုစိုကြီးတွေကို
ရင်မဆိုင်ရဲတာလား...? ။
ဒါမှမဟုတ်
သူမရဲ့  သာမညအပြုံးတွေအောက်မှာ
အရည်ပျော်သွားမှာ ကြောက်တာလား...? ။
မင်းက
အစာဝလို့ အိပ်နေတာလား?
ဆာလွန်းလို့ နိုးထချင်စိတ် ကုန်ခန်းနေတာလား...? ။
ဒါမှမဟုတ်
မင့်သခင်မ ဖြစ်လာမယ့်
လူသားမလေးရဲ့  နဂါးရှုံးမျက်စောင်းလှလှတွေ
တစ်ဘဝတာ အရှုံးပေးမိသွားမှာ စိုးတာလား...? ။
'အဖြစ်မရှိဘူး' တဲ့
'ဂေါ်မစွံကြီး' တဲ့
'လူပျိုသိုးကြီး' တဲ့
ငါ့ကို...လူတွေ မေးငေါ့ပြောကုန်ကြပြီ။
မင်းက အမိုးအကာအောက်မှာ
တစ်ကိုယ်စာ အိပ်ချင်ယောင်ဆောင်နိုင်ပေမ
ငါ့မှာတော့
ထင်ယောင်ထင်မှားတွေ ကြားမှာ
အငွေ့ပျံမတတ် လူးလားခတ်နေရပြီကွယ့်။
ကဲ...
"ဥုံ ဖွ"လို့ တော့ တယုတယ ရွတ်မနေတော့ဘူး
ငါ့ ဘယ်ဘက်ရင်အုံကိုပဲ
ခတ်ဆတ်ဆတ်လေး ပုတ်ပြီးနှိုးပစ်လိုက်မယ်။
ကျေးဇူးပြုပြီး
အမြန်ဆုံး နိုးထပေးပါ ငါ့ရဲ့ ...ကာလနဂါးလေးရယ်။
--------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment