Friday, 17 October 2014

ကျွန်တော် ...ဆင်မြန်းပေးခဲ့တဲ့ သူမ နှလုံးသား



"မောင်...ကျွန်မကို ဘာတွေနဲ့ ဆင်မြန်းနိုင်မှာလဲ" တဲ့။

ကျွန်တော် ခေါင်းခါပြခဲ့ဖူးပါတယ်။
ကျွန်တော့်မှာ ထူးထူးခြားခြား သူမကို ဆင်မြန်းပေးစရာ ဘာမှ မရှိပဲလေ။
အဲ့ဒီ့လို အမေးခံရပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော် ချမ်းသာကြွယ်ဝလွန်းအောင်
ကြိုးစားတာမျိုးကို အတတ်နိုင်ဆုံး ရှောင်ရှားခဲ့တယ်။

"မောင့်ကို (၃) နှစ်အချိန်ပေးပါ။
အကောင်းဆုံး ဆင်မြန်းနိုင်အောင် မောင်...ကြိုးစားပါ့မယ်" လို့
ကျွန်တော် ကတိပေးခဲ့ပါတယ်။

ကတိ ပေးခဲ့တဲ့နေ့က စပြီး သူမကို အကောင်းဆုံး ဆင်မြန်းနိုင်အောင်
ကျွန်တော် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တယ်။

ဟော...ဒီနေ့တော့။
သူမကို ကျွန်တော် အလှဆုံး ဆင်မြန်းနိုင်ခဲ့ပြီလို့ ကြွေးကြော်နိုင်ပါပြီ။

(၁)
သူမ နှလုံးသား ခေါင်မိုးကို
ကျွန်တော့် ကိုယ်ကျင့်တရား နဲ့ အလုံခြုံဆုံး ဆင်မြန်းခဲ့ပါတယ်။

(၂)
သူမ နှလုံးသား ဒေါက်တိုင်တွေကို
ကျွန်တော့် ချစ်ခြင်းမေတ္တာတရားတွေ စီးဆင်းနေတဲ့ အရိုးအပိုင်းအစ တွေနဲ့
အခိုင်ခန့်ဆုံး ဆင်မြန်းခဲ့ပါတယ်။

(၃)
သူမ နှလုံးသား အကာအရံကို
ကျွန်တော့်ရဲ့  နွေးထွေးကြည်နူးမှုတွေနဲ့ အသာယာဆုံး ဆင်မြန်းခဲ့ပါတယ်။

(၄)
သူမ နှလုံးသား အခင်းအကျင်းကို
ကျွန်တော့် ဘဝတစ်ခုလုံးကို အရေခွံအဖြစ် ပြောင်းလဲပစ်ပြီး
အသပ်ရပ်ဆုံး ဆင်မြန်းခဲ့ပါတယ်။

(၅)
သူမ နှလုံးသား တံခါးကိုတော့
စက္ကန့်မလပ် စောင့်ကြည့်နေတတ်တဲ့
ကျွန်တော့် မျက်ဝန်းညိုတွေနဲ့ မင်္ဂလာအရှိဆုံး ဆင်မြန်းခဲ့ပါတယ်။

ဒီလိုနဲ့...။
သူမ နှလုံးသား တစ်ခုလုံးကို
အခြားနှလုံးသားတစ်ခုအတွက် နေရာမရှိရလေအောင်
ကျွန်တော့်မှာ ရှိသမျှ ခွန်အားနဲ့ အကောင်းဆုံး ဆင်မြန်းခဲ့ပါတယ်။

သူမ...
ကျေနပ်ကြည်နူးမှာပါလေ။

ကြေငြာချက်။
သူမကို အခြားသူများ တွေ့သွားမည်ကို မလိုလားသောကြောင့်
ပြတင်းပေါက်များကို ကျွန်တော် တပ်ဆင်ထားခြင်း မရှိပါ။
(သူမ နှလုံးသားလေး ကျွန်တော့်ကြောင့် ပူအိုက်လာပြီဟု ဆိုလျှင်လည်း
ကျွန်တော် ယပ်တောင်တစ်ချောင်း အသင့်ဆောင်ထားပြီး ဖြစ်ပါသည်)

---------------------

 အိမ်ဝေးသူ (KZ)

No comments:

Post a Comment