Saturday, 11 October 2014

ကမ္ဘာကျော်ကော်တရာ(၂) ၏ အလွဲများ



မြန်မာဟာသဇာတ်ကား- ကမ္ဘာကျော်ကော်တရာ(၂)
ဒါရိုက်တာအမည်---------ဗန်းကြီး (Ban Gyi)
အဓိကသရုပ်ဆောင်-----ခန့်စည်သူ၊ စိုးမြတ်သူဇာ

နိုင်ငံရပ်ခြား ရောက်နေသူအများစု အဓိကတမ်းတတတ်ကြတာက
မြန်မာ့ရေမြေရဲ့ အငွေ့အသက်တွေဆိုရင် ငြင်းကြမယ် မထင်ပါဘူး။
ကျွန်တော့်အတွက်တော့ အဲ့ဒီ့အငွေ့အသက်ကို ပြန်လည်ရနိုင်တာတွေထဲမှာ
မြန်မာဟာသကား ကြည့်တာလည်း တစ်ခုအပါအဝင်ပါ။ အားလပ်ရပ်မှာကျွန်တော်ကြိုက်တတ်တဲ့ ဟာသကားများဆိုရင် ကြည့်တတ်ပါတယ်။
အဲ့ဒါနဲ့ ကမ္ဘာကျော်ကော်တရာ (၂) ကို ကြည့်ဖြစ်တယ်ဆိုပါတော့ဗျာ။
အဲ့ဒီ့ဇာတ်ကားက (၁) လည်း ထွက်ပြီးသားပါ။

ကျွန်တော် ပေးထားတဲ့ ခေါင်းစဉ်လိုပဲ တကယ်ကို လွဲပါတယ်။
စိတ်ပျက်စရာ ကောင်းလောက်အောင်ကို လွဲတယ်လို့ပဲ ဆိုပါရစေ။
မြန်မာပြည်မှာ (အစွန်းရောက်ဘာသာရေးသမားတွေကလွဲပြီး) အများစုက
ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကို အလုအယက် တိုးဝင်နေကြရတဲ့
ခေတ်ကာလ အချိန်ပါ။

ရိုးရိုးသားသား ဝန်ခံရရင် အနုပညာရှင်တွေဟာ ( ဘာသာရေး အစွန်းရောက်မှု မှ)
ကင်းဝေးရလိမ့်မယ်။ တနည်းအားဖြင့် အနုပညာမှာ ဘာသာစွဲမရှိဘူး၊ ပုဂ္ဂိုလ်စွဲ
မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ညှိနှိုင်းစေ့စပ်ရေးတွေ၊ သင့်မြတ်စွာ နေထိုင်ရေးတွေ
လုပ်နေတဲ့အချိန်မှာမှ (ဘာသာရေးထိခိုက်စော်ကားမှုတွေ) ပိုများလာနေသလိုပါပဲ။
ရုပ်အဆိုးဆုံးကတော့ အနုပညာသမားအချို့  အဲ့လို (အောက်တန်းစား)
အသုံးအနှုန်းတွေ သုံးနေကြတာပါပဲ။

ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ (ဗန်းကြီး) က ရိုက်ကူးထားတဲ့ ကားမှာ....။

(၁)
ဆာရီဝတ်ထားတဲ့ ကုလားမ(ဂွမ်းပုံ)ကို ပေးထားတဲ့ နာမည်က ( ဖာသမာ) တဲ့။

(၂)
ဟိန္ဒူ နာမည်နဲ့ အစ္စလာမ်နာမည်ကို ကွဲကွဲပြားပြား မသိရှာတာလား။ ?

(၃)
ဇာတ်ဆောင်တွေရဲ့  (ဖာသမာ) ဆိုတဲ့ နာမည်ကို ခေါ်တဲ့အခါတိုင်း
ဆိုလိုရင်းက အခြားလှောင်ပြောင်မှု တစ်မျိုးကို ဦးတည်သလို ခံစားရစေတယ်။

(၄)
ဒီနာမည်ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ နောက်ဆုံးတမန်တော်မြတ်ကြီးရဲ့ သမီး
တော်အမည် ဖြစ်ပါတယ်။ အမျိုးသမီးထုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သူမရဲ့ နာမည်က
( Fatima ) သခင်မ ဖြစ်ပြီး (Fitam) ဆိုတဲ့ ဝေါဟာက ဆင်းသက်တဲ့
အမည်ဖြစ်ပါတယ်။ အမည်ရဲ့ ဆိုလိုရင်းကိုက နတ်ဆိုးနဲ့ မကောင်းမှုများနဲ့ ဝေးရာမှာ
နေခွင့်ရသူ ဖြစ်ပါတယ်။ အဲ့ဒီ့လို မွန်မြတ်တဲ့ အမည်နာမတစ်ခုကို အခုလို
တစ်နိုင်ငံလုံးအတိုင်းအတာ ပြသတဲ့ ဟာသကားတစ်ကားမှာ ပစ်စလက်ခတ်
သုံးစွဲထားခြင်းဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။

(၅)
ဇာတ်လမ်းတစ်နေရာမှာလည်း ဝက်အူချောင်း၊ ဝက်ဆီဖတ် ဆိုတာတွေနဲ့
တမင် ဟာသလုပ်တာမျိုး တွေ့ရတယ်။

(၆)
ဟိန္ဒူ ဆိုရင်တော့ ဝက်သားစားတာတွေ အများကြီးပါ။ (မစားတာလည်း ရှိ)
မွတ်စလင်မ်ဆိုရင်တော့ ဝက်သားဆိုတာ မထိ၊ မကိုင်၊ မစားရဘူးလို့
ဘာသာတရားက သတ်မှတ်တားမြစ်ချက်ပါ။ ( ဟာသမဟုတ်ပါ )

(၇)
အနုပညာသမားတွေက အခုလို ဘာသာရေးဆန်ဆန် ခွဲခြားဆက်ဆံ
စော်ကားတာမျိုး လုပ်တာဟာ အလွန် အကျည်းတန် ရုပ်ဆိုးလွန်းပါတယ်။
(မလိုအပ်ဘူးထင်တဲ့အတွက် ခါးအောက်ပိုင်း ညစ်ညမ်းပြက်လုံးတွေ
အကြောင်းကိုတော့ တကူးတက ထည့်မပြောတော့ပါဘူး)

ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေကို အသိပေးချင်တာ တစ်ချိ့ ရှိပါတယ်။

(က)
သန့်ရှင်းတဲ့ အနုပညာကို တန်ဖိုးထား ဖန်တီးစေချင်ပါတယ်။

(ခ)
ဘာသာရေးဆန်တဲ့ ထိပါးပုတ်ခတ်မှု မပါဘဲလည်း ဟာသကား ရိုက်လို့ ရပါတယ်။

(ဂ)
ဇာတ်လမ်းအရ ဘာသာခြားအမည်တစ်ခုခုကို သုံးစွဲရမယ်ဆိုရင်လည်း
သေသေချာချာ အရင်လေ့လာစေချင်ပါတယ်။

(ဃ)
နဖူးမှာ အစက်ရှိပြီး ဆာရီဝတ်ထားတဲ့ ကုလားမဆိုတိုင်း အစ္စလာမ်ဘာသာဝင်
မဟုတ်ကြောင်းနဲ့ အစ္စလာမ့် အမည်နာမကို ရမ်းသမ်းမသုံးသင့်ကြောင်း
သတိထားသင့်ပါတယ်။

(င)
သရုပ်ဆောင်တွေအနေနဲ့လည်း ဇာတ်ညွှန်းအရ အဲ့ဒီလို ပြောရတယ်ဆိုပေမယ့်
တကယ်တမ်း အခြားဘာသာတရားတစ်ခုခုကို စော်ကားတဲ့ပုံစံမျိုး ဖြစ်နေတဲ့
ဇာတ်ဝင်ခန်းမျိုးဆိုရင် ရှောင်ရှားသင့်ပါတယ်။

သန်ရှင်းသော
အနုပညာရပ်ဝန်းကိုသာ
အစဉ်မပျက်ခိုကွန်းချင်သည့်
--------------------
အိမ်ဝေးသူ(KZ)
--------------------

မှတ်ချက်။
ဤဇာတ်ကား မကြည့်ရသေးသူများ ကြည့်နိုင်သည်။
ကြည့်ပြီးပါက မိမိသဘောထားကိုလည်း ဝင်ရောက်ပြောဆိုနိုင်ပါသည်။


No comments:

Post a Comment