Thursday, 16 October 2014

ကျွန်တော်ဟာ မေမေ့အတွက်တော့ ကြောင်ကလေး တစ်ကောင်ပါပဲ မေမေ



မှတ်မိနေသေးသည်။
ကျွန်တော်က အကြော်အလှော် သိပ်ကြိုက်သည်။
ကျောင်းက ပြန်လာသည် ဖြစ်စေ၊ အပြင်တစ်နေရာရာက ပြန်လာသည် ဖြစ်စေ
မေမေ ချက်ပြုတ်နေခြင်းနှင့် ကြုံသည့်အခါတိုင်း ပါလာသောပစ္စည်းများကို
ကမျောကသော ပစ်ချပြီး မီးဖိုချောင်ကို အသာလေး ခြေဖွဖွနင်းပြီး
ကျွန်တော် ဝင်သွားတတ်သည်။ ကြောင်တစ်ကောင်လို ခြေသံမကြားရအောင်လည်း
ကျွန်တော် ကြိုးစားပြီး လျှောက်သည်။ သို့သော် ကြောင်ဆရာ ကြွက်ဆိုသကဲ့သို့
ကြောင်(ကျွန်တော်) ဝင်လာခြင်းကို မေမေက အမြဲလိုလိုသိနေတတ်သည်။
{အံသြစရာတော့လည်း မဟုတ်ပါဘူးပဲလေ...
သူမရဲ့  ဝမ်းတွင်းထဲမှာ ရက်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ သူမအသွေးအသားရဲ့ 
အနံ့အသက်ကို သူမ အတိအကျ သိနေရှာမှာပဲ}

အမြဲတမ်းပင် ဖြစ်သည်။
ကျွန်တော် ခြေသံဖွဖွ ဝင်လာသည့်အခါတိုင်း မေမေ့ကို ကူလုပ်ပေးနေကျ ဖြစ်သည့်
ညီမလေးကို မေမေကအမြဲ လှမ်းပြောပြီး သတိပေးတတ်သည်။

"သမီးငယ်...မီးဖိုချောင်ထဲကို ကြောင်အကြီးကြီးတစ်ကောင် ဝင်လာနေတယ်..
ငါးကြော်တွေ (အမဲသားကြော်) သေသေချာချာ ဖွက်ထားလိုက်ဦး၊
အဲ့ဒီကြောင်က အနံ့ခံသိပ်ကောင်းတယ်"

ပြောလည်း ပြောသည်။ သူမကိုယ်တိုင်လည်း အနည်းဆုံး ငါးကြော်
တစ်ကောင်လောက်တော့ ပန်းကန်ပြားထဲ ထည့်ပေးထားပြီး ဖြစ်သည်။
သို့သော် ကျွန်တော့်လက်ထဲကိုတော့ ငါးကြော်ကို ပေးလေ့မရှိ။
ညီမလေးက အကြော်အလှော်တွေကို ကမန်းကတန်း ဟန်ပြ ဖွက်သည်။
ဒါကလည်း မေမေနှင့် ညီမလေးရဲ့  ထုံးတမ်းစဉ်လာလို ဖြစ်နေပြီ။
ကျွန်တော်က ဖြူဖွေးအိစက်သည့် မေမေ့ ပါးပြင်နှစ်ဘက်နှင့် နဖူးပြင်ကို
"အာဗွား" များစွာ ပေးလိုက်သည့်အခါတိုင်း မေမေက "ကြောင်ပါးကြီး"
ဟု ပြောပြီး ကျွန်တော့်အတွက် ဖယ်ထားပြီးဖြစ်သော ငါးကြော်ကိုထုတ်ပေးမြဲ ဖြစ်သည်။
တကယ်တော့ မေမေက ငါးကြော်ကို ဘာမျှ မပြောဘဲ ပေးနိုင်သည့် အိမ်ထောင်ရှင်မ
ဖြစ်သည်။ ကျွန်တော့်ဆီက "အာဗွား" ကို လိုချင်သည့်အတွက်သာ မေမေက
ငါးကြော်တွေကို တမင်မပေးဘဲ ညီမလေးနှင့် ပေါင်းပြီး ကျွန်တော့်ကို ကျီစယ်ခဲ့သည်
မဟုတ်ပါလား။

ယခုတော့လည်း
ကျွန်တော့် မီးဖိုချောင်မှာ ကျွန်တော်ကလွဲပြီး မြေလှန်ပြီးရှာလျှင်တောင်
ကျွန်တော်တစ်ယောက် တည်းသာ ရှိသည်။

တစ်ခါတရံ
တိတ်ဆိတ်ခြောက်သွေ့လွန်းသည့် ကျွန်တော့်ထမင်းဝိုင်းထဲမှာ
မြင်ယောင်မိတတ်သည်က တစ်ခါတုန်းက မေမေကြော်ပေးခဲ့ပြီး
ကျွန်တော် အရသာရှိရှိ စားသုံးခဲ့သည့် ငါးကြော်များသာ ဖြစ်သည်။ ( ရှလွတ် )။

မေမေ ကျွေးမွေးခဲ့သည့်
ငါးကြော်များကို စားသုံးခဲ့ရင်း ကျွန်တော့် အရိုးအမြစ်တို့ သန်မာခဲ့သည်။
ကျွန်တော့် ဦးခေါင်းလည်း ကြီးတန်သမျှ ကြီးခဲ့ပါသည်။
ပြီးတော့ ကျွန်တော့် သက်တမ်းလည်း ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။

ဖြတ်သန်းခဲ့သည့် ဘဝတစ်လျှောက်...
စားသောက်ဆိုင်များ၊ မိတ်ဆွေသူငယ်ချင်းများထံမှ
ငါးကြော်များစွာကို ကျွန်တော် စားခဲ့ဖူးပါသည်။

သို့သော်...။
ဖြူ ဖွေးအိစက်သည့် မေမေ့ ပါးပြင်နှစ်ဘက်နှင့် နဖူးပြင်ကို "အာဗွား" ပေးပြီးမှ
ရရှိတတ်သော ငါးကြော်တစ်ကောင်ကို ကျွန်တော် ယနေ့တိုင် တမ်းတနေစဲ ဖြစ်သည်။

မေမေရေ...။
မေမေ့ကြောင်ကလေးရဲ့  အော်သံကို မေမေ ကြားမှကြားပါလေစ။

--------------------
အိမ်ဝေးသူ(KZ)


No comments:

Post a Comment