Friday, 10 October 2014

ဘာသာတရား ( ဝေဖန်တိုက်ခိုက်မှု ၊ တန်ပြန်ဖြေရှင်းမှု )



ဘာသာတရားတစ်ခုနှင့် ပက်သက်ပြီး ဘာသာခြားတို့၏ စွပ်စွဲထိုးနှက်ခြင်း၊
နှိမ့်ချပုတ်ခတ်ခြင်း များကို ခေတ်အဆက်မှစ၍ ယနေ့ထိထိုင် လူသားများ ရင်ဆိုင်ဖြေရှင်းခဲ့ကြသည်။ ဘာသာတရားတိုင်းက ကောင်းခြင်းများကိုသာ သွန်သင်ဆုံးမ ပြသလမ်းညွှန်ထားသော်လည်း
(အချို့ သော စုန်းပြူးများကြောင့်) ဘာသာတရားတစ်ခုက အခြားဘာသာတရား တစ်ခုကို စော်ကားထိပါးသလို ဖြစ်တတ်ကြသည်။

ဘာသာတရား အသီးသီး၌ ခိုင်မာသော အကြောင်းပြချက်ကိုယ်စီ ရှိကြပါသည်။
ထိုခိုင်မာမှုတို့ကြောင့် လူသိန်းသန်းချီ၍ ထိုသာသနာကို ယုံကြည်စွာ လက်ခံ
ကိုးကွယ်နေကြသည် မဟုတ်ပါလား။ ထို့အပြင် ဘာသာတရားအားလုံး၌
ပင်ကိုယ်အလှကိုယ်စီ ရှိပြီးဖြစ်၏။ ထိုအလှတရားတို့အား မည်သူမျှ ဖျက်စီးပစ်နိုင်
လိမ့်မည်မဟုတ်။ လူသားတို့ မျိုးဆက်များသာ တစ်ဆက်ပြီးတစ်ဆက် ပျက်သုဉ်းသွားမည်၊
လူတို့၏ ဘာသာတရားအပေါ် အရေးပေးဂရုထားမှုသာ လျော့နည်းသွားပေလိမ့်မည်။ ဘာသာတရားဟူသည် ဆိတ်သုဉ်းလိမ့်မည်မဟုတ်။

သို့ဆိုလျှင် ကျွန်တော့်အနေနှင့် ကျွန်တော် ကိုးကွယ်ရာသာသနာနှင့် ထိုသာသနာ
အပေါ် ကျွန်တော်တို့ ထားရှိသော သဘောထားတစ်ချို့ အား တင်ပြလိုပါသည်။
ဤသည်မှာလည်း အခြားဘာသာဝင်များအကြောင်းကို ပြောပြခြင်းမျိုးမဟုတ်ဘဲ
မိမိဘာသာဝင်များကို အပြုသဘောဖြင့် အသိပေးခြင်းဖြစ်ကြောင်းကို ကြိုတင်ဝန်ခံပါသည်။

အစ္စလာမ်သာသနာနှင့် ပက်သက်ပြီး ခေတ်အဆက်ဆက်မှ စ၍ ယနေ့ထိတိုင်
အမျိုးမျိုးသော ဝေဖန်ရှုံ့ ချမှုများကို အစ္စလာမ်ဘာသာဝင်တို့ ရင်ဆိုင်ဖြေရှင်းခဲ့ကြသည်။
ထိုနည်းတူစွာ အစ္စလာမ်ဘာသာဝင်တို့အတွက် နောက်ဆုံးတမန်တော် ဖြစ်တော်မူသော မိုဟာမဒ်သခင် (ဆွလ္လလ္လာဟုအလိုက်ဟိ၊ဝစလ္လာမ်) ခေတ်အခါတွင်လည်း ယခင်နည်းတူ
သာသနာနှင့် ပက်သက်ပြီး စွပ်စွဲတိုက်ခိုက်မှုများကို ဖြေရှင်းခဲ့သည်။ တမန်တော် ကွယ်လွန် (ဝဖားသ်) ပြီး နှစ်ပေါင်း ၁၄၀၀ ကျော်လွန်ခဲ့ပြီးဖြစ်သည့် ကျွန်တော်တို့၏
ယနေ့ခေတ်အခါတွင်လည်း ဆက်လက်ဖြေရှင်း တုံ့ပြန်နေရဆဲဖြစ်သည်။

သို့သော် ကျွန်တော်တို့၏ ဖြေရှင်းပုံ ဖြေရှင်းနည်းမှာ အနည်းမျှ ကွာခြားနေသည်ဟု
ထောက်ပြမည်ဆိုပါက ကျွန်တော့်ညီနောင်များ အမျက်ဒေါသ ဖြစ်လိမ့်မည်မဟုတ်ဟု
ကျွန်တော်ယုံကြည်ပါသည်။ တနည်းအားဖြင့် ညီနောင်တို့ကို သတိထားစေချင်သည်ထက်
ကျွန်တော်ကိုယ်တိုင် သတိထားလိုက်နာစေသည့် သဘောက ပိုပါသည်။ လိုရင်းကို
ကျွန်တော် ယခု ဆိုပါမည်။ တမန်တော်နှင့် သူ၏ နောက်လိုက်သာဝကများ၏ ခေတ်
အဆက်ဆက်တွင် စုန်းပြူးများ (ဘာသာခြားတိုင်းကို မဆိုလိုသောကြောင့် စုန်းပြူးဟု သုံးစွဲသည်) ၏ တိုက်ခိုက်ထိုးနှက်မှုများကို ပြန်လည်တုံ့ပြန်ရာ၌ အချက်နှစ်ချက်ကို စနစ်တကျ အခြေခံခဲ့သည်။ ငှက်တစ်ကောင်၏ အတောင်ပံနှစ်ဘက်ကဲ့သို့ လည်းကောင်း၊ ဒင်္ဂါးပြားတစ်ခု၏ မျက်နှာပြင်နှစ်ခုကဲ့သို့လည်းကောင်း သဘောထားပြီး ဂရုစိုက်ခဲ့ကြသည်။

(၁)
မိမိကိုယ်တိုင် အစ္စလာမ်သာသနာကို လက်တွေ့လိုက်နာ ကျင့်သုံးသော စစ်မှန်သည့်
သာသနာဝင်အဖြစ်ကို ကြိုးစားတည်ဆောက်ကြခြင်း။ (အမည်ခံဘာသာဝင်မဟုတ်)

(၂)
ကိုယ်တိုင်ကျင့်သုံးသည့် အဆင့်အောင်မြင်ပြီးမှသာ ဒုတိယအဆင့်အနေဖြင့်
ဘာသာခြားများ၏ တိုက်ခိုက်ဝေဖန်မှုများကို တွန်းလှန်ချေပ ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

ဘာသာခြားအချို့ ၏ ထိုးနှက်တိုက်ခိုက်မှုများကို ၄င်းတို့က သာသနာကို
တိတိကျကျ လိုက်နာကျင့်သုံးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်ပြီးသား
ဖြစ်သည်။ ထိုမျှမက မိမိသာသနာ၏ မှန်ကန်မှုအား မိမိ၏ အနေအထိုင်၊ အပြောအဆို၊
အပေးအယူ၊ ခဝပ်ကိုးကွယ်မှု စသည်တို့ဖြင့် ဘာသာခြားများက သြချလောက်အောင်
ဂရုတစိုက် ရှိခဲ့ကြသည်။ ထိုပုဂ္ဂိုလ်တို့၏ မှန်ကန်စွာ ရပ်တည်မှု ကြောင့် မြောက်မြားစွာသောသူတို့ ကျွန်တော်တို့ သာသာနာကို အလွယ်တကူ လက်ခံနိုင်စွမ်း ရှိခဲ့ကြသည်။

သို့သော် ကျွန်တော်တို့ ခေတ်မှာတော့ ကျွန်တော်တို့ အာရုံစိုက်မှုက အားနည်းနေသည်ဟု
မိမိကိုယ်ကို အပြစ်တင်ချင်ပါသည်။ ကျွန်တော်သည် ဘာသာရေး ပညာရှင် မဟုတ်ပါ။
ပညာရှင်မဟုတ်သည့်အတွက် ပညာရှင်၊ တတ်သိနားလည်သူများကိုလည်း
စော်ကားပြောဆိုလိမ့်မည် မဟုတ်ပါ။ ပိုင်ခြင်း၊မပိုင်ခြင်းများကိုလည်း ဆွေးနွေးနိုင်စွမ်း
မရှိပါ။ သာမန်စာရေးသူတစ်ယောက်၏ ရိုးရှင်းစွာ တွေးတောမိသည့်
( မိမိအပါအဝင် ညီနောင်များအတွက် ဖြစ်တည်မိသည့် ) သောက သက်သက်သာ
ဖြစ်ကြောင်း အတိအလင်း ပြောချင်ပါသည်။ ယခင် ပဂ္ဂိုလ်တို့ တည်ဆောက်ခဲ့သည့်

- ကိုယ်တိုင်လိုက်နာကျင့်သုံးခြင်း နှင့်
- တိုက်ခိုက်ဝေဖန်မှုများအား တန်ပြန်ချေပခြင်း

ဟူသော လမ်းစဉ်ကို တန်ဖိုးထား ကျင့်ကြံမည်ဆိုပါက ကျွန်တော်သည် အစ္စလာမ်
ဘာသာဝင် ဖြစ်ကြောင်း နဖူးမှာ စာတမ်းထိုးစရာမလိုဘဲ ကျွန်တော်သည် အစ္စလာမ်၏
ပြယုဂ် အမှတ်အသားတစ်ခု သိသိသာသာ ဖြစ်လာမည် ဟု ယုံကြည်ကြောင်း မိမိကိုယ်ကို
သတိပေးရင်း နိဂုံးချု ပ်လိုက်ပါသည်။

မှတ်ချက်။
ဘာသာခြားများကို စော်ကားတိုက်ခိုက်သော မည်သည့်ဘာသာဝင် (စုန်းပြူး) ဖြစ်စေ၊
ထိုစုန်းပြူးအား ကြည့်မှန်တစ်ချပ် လက်ဆောင်ပေးချင်ပါသည်။

-------------------
အိမ်ဝေးသူ(KZ)




No comments:

Post a Comment