သုံးရာသီ အိပ်မက်ရှည်
မေမေရေ
အိပ်မက်ရှည်ရှည် မက်ဖို့
နွေဦးကိုလည်း ကျွန်တော် မကြိုလင့်ခဲ့ဘူး
ဆောင်းတွင်းတစ်ခု ကျွန်တော် မဖန်တီးခဲ့ဖူးဘူး။
မိုးစက်ပေါက်တွေကိုလည်း ကျွန်တော်ခယ,မနေခဲ့ဘူး။
မေမေနဲ့ ပက်သက်တဲ့ အမှတ်တရတိုင်းဟာ
ကျွန်တော့်ရင်ဘတ်ထဲက မြေသြဇာကြောင့်
နွေမိုးဆောင်း သုံးရာသီစလုံး
ကြည်နူးခြင်းတွေအဖြစ် အပြိုင်ပွင့်ကြသေးတယ် မေမေရဲ့ ။
တကယ်တော့
လူသိမ်လူမွှားကြီးရဲ့ 
ဒဏ်ရာအထပ်ထပ်နဲ့ ရင်ခွင်တောအုပ်ထဲမှာ
အဆက်မပြတ်စီးဆင်းနေတာ
မေမေ့မေတ္တာစမ်းချောင်းလေးပဲပေါ့ မေမေ။
နွေဘယ်လောက်ခေါင်ခေါင်၊
မိုးဘယ်လောက်သွန်းသွန်း၊
ဆောင်းဘယ်လောက်ခြွေခြွေ
မြတ်နိုးရာ အခန်းဆက်အိပ်မက်ရှည်ကြီးကို
တရှိုက်မက်မက် မက်နေခွင့်လေးတော့
ကျွန်တော့်ကို ပေးပါ....မေမေရယ်။
အိမ်ဝေးသူ(KZ)
သုံးရာသီအိပ်မက်ရှည် အပိုဒ် (၁)
- ကျက်သရေ အရှိဆုံးအသံက မေမေ၏ နှိုးသံဖြစ်သည်။
- ချို မြိန်လွန်းသဖြင့် ကျွန်တော့်ကို ချော့သိပ်သလို ခဏခဏဖြစ်ခဲ့ဖူးသည်။
- သားအဖတွေ 'အီးဒ်မိုဘာရက်ခ်' ဟုပြောပြီး အပြန်အလှန်ဖက်ပွေ့ကြတုန်းက မငိုရဘဲ
ရယ်ခဲ့ရဖူးသည်။ (ယခုဆိုလျှင် ကျွန်တော်ငိုမည်)
- 'ရေလောင်းပြီးနှိုးရမှာလား' ဟူသည့်အသံကတော့
ကျွန်တော့်ကို အိပ်ယာနှင့်ခွဲခွာပစ်လိုက်နိုင်စွမ်းရှိခဲ့သည်။
- အေးစိမ့်တုန်ချမ်းသော ဆောင်းရာသီကာလကလည်း မေ့မရနိုင်အောင် ဖြစ်စေခဲ့သည်။
- ထိုအချိန်တုန်းက ခက်ခဲလွန်းသော အလုပ်က ကျွန်တော်
'ပထမဆုံးလောင်းမည့် ရေဖလားထဲက ရေတစ်ခွက်ဖြစ်သည်'
(ယခုလည်း သိပ်တော့ကွာခြားလှသည်မဟုတ်)
- အင်္ကျီဖြူ နှင့် ပလေကပ်ပုဆိုးအစိပ်ကိုဝတ်ရသည်က ကျွန်တော့်ကို လူကြီးတစ်ယောက်နှင့် ပိုတူစေသည်။
သုံးရာသီအိပ်မက်ရှည် အပိုဒ် (၂)
- သားကြီး သြရသတို့၏ ထုံးစံအတိုင်း "လျှောကြိုး၊ နိုင်လွန်းကြိုး၊ အသားထည့်ရန် အိတ်၊
အသားလှီးစဉ် ဝတ်ရန်အဝတ်အစားများ၊ ဓားများကိုထည့်ထားသောအိတ်ကို
ထိန်းသိမ်းစောင့်ရှောက်ရသည့်တာဝန်ကို ကျွန်တော့်ကို ပေးထားသည်
(လုံးဝမကြိုက်ခဲ့။ စတိုင်ပျက်သည်၊ တာဝန်ကြီးသည်)
- ညီမလေး ပြင်ဆင်ပေးသော "စမိုင်မုန့်ချို နှင့် လက်ဘက်ရည်ပူပူ" ကို သောက်ရခြင်းက
ပြည့်စုံမှုများစွာထဲက တစ်ခုဖြစ်ခဲ့သည်။
- လမ်းတစ်လျှောက် ကုရ်ဘာနီကွင်းသို့ရောက်အောင် ပြိုင်ကားမောင်းသလို မောင်းနေကြသော
လူကြီးမင်းများ၊ အာရပ်ဝတ်စုံအပြည့်ကို စတိုင်ကျကျ ဆင်မြန်ထားသော မာမူချောချောကြီးများ
ကားပေါ်မှာ အူမြူးနေကြသည်ကို ကြည့်ရသည်က ထိုနေ့မနက်ခင်း၏ အလှတစ်ခုဖြစ်သည်။
- လှိုင်သာယာ ကုရ်ဘာနီကွင်းမှာ ကားရပ်ရန်နေရာဦးရသည့်ဒုက္ခ၊
ကွင်းနှင့်အနီးဆုံးနေရာကို ဦးနိုင်အောင်ကွေ့ပတ်မောင်းနှင်ရသည့် ဒုက္ခကလည်း
ချို မြိန်သော ဒုက္ခဖြစ်ခဲ့ဖူးသည်။
သုံးရာသီအိပ်မက်ရှည် အပိုဒ် (၃)
- ညီဖြစ်သူက သွေးကိုမကြောက်ဘဲ၊ အစ်ကိုဖြစ်သူက သွေးမြင်လျှင်
သိပ်မကြိုက်တတ်ခြင်းသည် တစ်ခါတရံတွင် မိသားစုဟာသ တစ်ပုဒ်ဖြစ်သည်။
- အသားလှီးလျှင် ထိုအသားနှင့် အဝေးဆုံး အကွာအဝေးကို မည်သူမျှ မပို့ဘဲ
ရောက်ရောက်တတ်သွားသည်က ကျွန်တော်ဖြစ်သည်။
-ဘောလုံးမှန်မှာကို ကျွန်တော်ကြောက်တတ်သလို၊ နွားကန်ခံရမည်ကိုလည်း
ခုထို ကျွန်တော် ကြောက်တတ်နေစဲ ဖြစ်သည်။
- သားကောင်ငြိမ်သွားလျှင် အလိုလို သားကောင်နား ပြန်ရောက်လာပြီး ဟိုဓားကိုင်၊
သည်ဓားကိုင် လုပ်တတ်သည်မှာလည်း ဇာတ်လိုက်ကျော် ကျွန်တော်သာ ဖြစ်သည်။
- အသားလှီးတာ အနည်းဆုံးဖြစ်ပြီး၊ အဝတ်အစားမှာ သွေးအပေဆုံးကို ပြပါဟုဆိုလျှင်
အားလုံးက ကျွန်တော့်ကိုသာ လက်ညှိုးဝိုင်းထိုးကြလိမ့်မည်။
- အသားလှီးဖြတ်သည့်အလုပ်ပြီးလျှင် ကားသို့ရောက်အောင်သယ်ဆောင်ရာ၌
ကျွန်တော်က အသေးဆုံးအထုပ်ကို ရွေးချယ်ပြီး သယ်တတ်သည်။
- ဗလသိပ်မကောင်းသော အစ်ကိုဖြစ်သူကို အထုပ်သေးသေးရွေးပေးပြီး သူက အထုပ်ကြီးတာကို
ရွေးပြီးထမ်းတတ်သော ညီလတ်အကြောင်းကို တွေးမိသည့်အခိုက် ကျွန်တော်မျက်ဝန်းမှာ
မျက်ရည်စတို့ ခုန်ထွက်တမ်း ကစားကြသည်။
သုံးရာသီအိပ်မက်ရှည် အပိုဒ် (၃)
- ကားက အိမ်မရောက်ခင် အိမ်ရှေ့ တွင် အသင့်အနေအထားဖြင့် တန်းစီနေသောလူတန်းကြီးကို
ကြည့်လိုက်တိုင်း မီးရထားတွဲတမ်း ကစားချင်စိတ်ပေါက်စေသည်။
- ပြန်ရောက်လျှင်ရောက်ချင်း ပင်ပန်းလာသော အဖေနှင့်အစ်ကိုတွေကို ချွေးသုတ်ပေးတတ်သော
ညီမထွေးလေး သဲသဲ၏ အပြုံးကို ပျက်သုဉ်းစေမည့် လုပ်ရပ်မျိုးကို ဤတစ်သက် ဘယ်တော့မျှ မလုပ်ပါဟု
မိမိကိုယ်ကို ကတိပေးခဲ့ဖူးသည်။ (မည်သူမဆို လုပ်ဆောင်ခဲ့ပါက ကျွန်တော်နှင့် ရန်သူဖြစ်လိမ့်မည်)
- အိမ်မှာ ပျော်ပျော်ပါးပါး (အသားလှီးပေးရင်း၊ ယောင်စိန်လုပ်ရင်း) မေမေချက်သော
အသားဟင်းပူပူစပ်စပ်နှင့် ထမင်းပူပူကို ကျွန်တော်မစားရတာ နှစ်တော်တော်ကြာခဲ့ပြီဖြစ်သည်။
- ဆွဲခြင်းတစ်လုံးထဲမှာ အသားအပြည့်ထည့်ပြီး ရပ်ကွက်အတွင်း ပတ်ပြီး အသားလိုက်ပို့ရသည့်အချိန်က
ငယ်ရွယ်နုပျိုမှုတို့၏ ပြယုဂ်ဖြစ်သည်ဟု ကျွန်တော်ထင်သည်။ (၈) ထပ်တိုက်၊ အလုံးပေါင်းများစွာကို
အတက်အဆင်းလုပ်ခဲ့သော်လည်း မျက်နှာက ရွှင်လန်းလွန်းခဲ့သည် မဟုတ်ပါလား။
- ဘာမျှ ထွေထွေထူးထူး မလုပ်သော်လည်း ကိုယ်တွေလက်တွေ နာသည်ကိုတော့ ကျွန်တော်မငြင်းပါ။
(ကျွန်တော်လည်း ပင်ပန်းသည်ပဲလေ)
သုံးရာသီအိပ်မက်ရှည် အပိုဒ် (၄)
- မည်မျှ ပင်ပန်းသည်ဖြစ်စေ၊ နေ့လည်ခင်း ဘုရားဝတ်ပြုပြီး သူငယ်ချင်းများနှင့်
လက်ဘက်ရည်ဆိုင် ထိုင်ရသည့်အရသာက တမ်းတစရာများစွာထဲမှ တစ်ခုဖြစ်ပါသည်။
- လက်ဘက်ရည်ဆိုင်မှ ပြန်ရောက်သည်နှင့် နေ့လည်တရေးတမော ကျောဆန့်သော
ဖေ့ဖေ့ကို ခြေထောက်နှိပ်ပေးရခြင်းသည် ကမ္ဘာမြေပေါ်၌ ကျွန်တော်ဆောင်ရွက်ခဲ့သည့်
ကောင်းမှုကုသိုလ်များထဲမှာ အကောင်းဆုံးနှင့် ကြီးကျယ်ခမ်းနားဆုံးဖြစ်သည်။
- ညနေစောင်း (၅) နာရီလောက်ဆိုလျှင် ဝေးကွာနေသော မိသားစုကို ဖေဖေ ဖုံးဆက်တတ်သည်။
ယခုအခါ မိသားစုနှင့် စကားပြောလျှင် ကြားခဲ့ဖူးသည့် ဖေဖေ့ရှိုက်သံတွေကို တစ်နယ်တကျေးရောက်
ကျွန်တော် အပြည့်အဝ လက်ဆင့်ကမ်းအမွေယူခဲ့ပြီ ဖြစ်သည်။
- တစ်နှစ်တွင် နှစ်ကြိမ်သာကျင်းပလေ့ရှိသည့်
ကျွန်တော်တို့၏ ပွဲတော်တွင် အပင်ပန်းဆုံးလူသားမှာ " မေမေ" ဖြစ်ပါသည်။
- ထိုညချမ်းမှာမှ ပိုလန်းသည့်အပျို ဖျန်းလေးများကို မြင်ရသည့် မြင်ကွင်း၊
'Oh My Darling, I love You' သီချင်းသံကို အိမ်တော်တော်များများဆီက ကြားရပြီဆိုပါက
ထိုနေ့၏ ပျော်ရွှင်ခြင်း နောက်ဆုံးအပိုင်းသို့ ရောက်ပြီဖြစ်သည်။
- သေချာသည်မှာ မနက်ဖြန်တွင် အရာရာတိုင်းက
ယနေ့နှင့်မတူသော ပုံမှန်များစွာတို့ဖြင့် ပုံမှန်ပြန်ဖြစ်ပေလိမ့်မည်။
သုံးရာသီအိပ်မက်ရှည် (နိဒါန်းနှင့်အတူ အပြုံး)
- ဤပွဲတော်ကို မိသားစုနှင့်အတူ ခင်ဗျားကျင်းပနေပါသလား။
သို့ဆိုလျှင် စက္ကန့်၊မိနစ်တိုင်းကို ခင်ဗျားတန်ဖိုးထားတတ်ပါစေ။
- ကျွန်တော်အပါအဝင် ရေခြားမြေခြားရောက်နေသူများအတွက် ခင်ဗျားပူဆွေးစရာ မလိုပါ။
ကျွန်တော်တို့အားလုံးသည် ခင်ဗျားတို့ ပျော်နေသည်ကို မြင်ရလျှင် လိုက်ပျော်တတ်သော
ခရီးသွားများဖြစ်သည်။ ဖြစ်နိုင်လျှင် ကျွန်တော်တို့ကို မေ့ပြီးတော့သာ ပျော်လိုက်စမ်းပါဟု ဆိုချင်ပါသည်။
- မနက်စောစော ဘုရားဝတ်ပြုမည်။
မိသားစုနှင့် ခင်ဗျားတို့တတွေကို ကျွန်တော့် တောင်းဆုမှာ သတိရမည်။
ပြီးလျှင် ကျွန်တော် ကြိုဝယ်ထားသောအသားကို အတတ်နိုင်ဆုံး အရသာရှိအောင်ချက်မည်။
အိမ်ကလူတွေကို ကျွေးမည်။ အပေါင်းအသင်း သိပ်မများသော ကျွန်တော့်အတွက် သူတစ်ပါးအိမ်မှာ
စားသောက်ဖို့ အခွင့်အရေးနည်းသည်။ ခေါ်လျှင်လည်း ကျွန်တော် သွားလိမ့်မည်မဟုတ်။ ဤလမ်းကို
ကျွန်တော်ကိုယ်တိုင် ကျေကျေနပ်နပ်ရွေးချယ်ခဲ့သည့်လမ်း ဖြစ်သည့်အတွက် ကျွန်တော့်မှာ နောင်တမရှိ။
- ကျွန်တော် ပျော်လွန်းသောကြောင့် ဤအက်ဆေးကို ရေးသည်ဟု မယူဆပါနှင့်။
နာကျင်စရာအကောင်းဆုံးအလုပ်တစ်ခုကို ဤနေ့အမှတ်တရအဖြစ် ဖော်ကျူးခဲ့ခြင်းသာ ဖြစ်သည်။
- ကျွန်တော့်စာကိုဖတ်၍ ခင်ဗျားမှာရှိခဲ့ဖူးသော တစ်ခါတုန်းကချို မြိန်မှုတို့ကို သတိတရဖြစ်ပြီး
အနည်းငယ်မျှ ကြည်နူးချမ်းမြေ့စိတ် ဖြစ်ထွန်းပြီဆိုလျှင်ပင် မျက်ရည်စများကြားက ပြုံးလိုက်သော
ကျွန်တော့်အပြုံးကို ခင်ဗျား မြင်နိုင်စွမ်းရှိပါလိမ့်မည်။
အီးဒ်နေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဟု အားလုံးကို နှုတ်ခွန်းဆက်ပါသည်။
-----------------
အိမ်ဝေးသူ(KZ)
-----------------