Tuesday, 29 April 2014

ခေတ်သစ်မှာတမ်း (သို့) ညီမလေးသို့


(၁)
ညီမလေးရေ...
သေသွားတဲ့ ငါးတစ်ကောင်ကြောင့်လည်း
ရေကန်တစ်ခုလုံး ပုပ်စော်နံတတ်တယ်သလို
လတ်ဆတ်တဲ့ တောင်ဇလပ်ပန်းတစ်ပွင့်ကြောင့်လည်း
ဖက်ရွက်ကလေးတစ်ခုရဲ့ ဘဝ..မွေးပျံ့ တတ်ပါတယ်ကွယ်...။

(၂)
ညီမလေးရေ...
အသက်ရှုမဝဘူးတဲ့လားကွယ်?
လေပြည်ကို မျှော်ရင်း
မျှော်လင့်ခြင်းကြယ်တွေ တဖြုတ်ဖြုတ် ကြွေမယ့်အစား
မုန်တိုင်းထဲ တိုးဝင်လိုက်စမ်းပါ
သူ့ မှာလည်း ကိုယ်ပိုင် အောက်စီဂျင်နဲ့ ပါကွယ်....။
(၃)
ညီမလေးရေ...
ဂျွန်နသန်လို ပျံချင်ပါတယ်တဲ့လား?
“ဘဝဆိုတာ ပျံသန်းခြင်းတစ်မျိုးပါ” ပဲ
ပျံတော့ပျံပေါ့ကွယ်
ဒါပေမယ့်..
ခြေကုန်လက်ပန်းမကျခင်တော့
အနာဂတ်ဆိုတာကို အမိအရဖမ်းဆုပ်ခဲ့ပါကွယ်...။
(၄)
ညီမလေးရေ...
“ မိန်းမတို့ သည် မြစ်ကဲ့သို ကွေ့ ကောက်စီးဆင်းတတ်၏ “ တဲ့
“ဘဝ” ဆိုတာလည်း ကွေ့ ကောက်ခြင်းတစ်မျိုးပဲလို့ ထစ်ချုန်းပြရင်း
ပြည့်ဝတဲ့ ပင်လယ်မျိုးကို ရွေးပြီး စီးဆင်းပြလိုက်စမ်းပါကွယ်.....။
(၅)
ညီမလေးရေ...
ကုန်ဈေးနှုန်းတွေ ပါတဲ့
လူတွေရဲ့ အပြုံးကို ကြွေးရှင်လို ဝေးဝေးရှောင်ရင်း
“ ဗိုက်ဖောင်းတာ အရေးမကြီးဘူး...အိတ်ဖောင်းဖို့ အရေးကြီးတယ်”
ဆိုတဲ့ စကားလေးတစ်ခုနဲ့ တော့
နှလုံးသားကို နေ့စဉ် မသေဆုံးခိုင်းလိုက်ပါနဲ့ ကွယ်....။
(၆)
ညီမလေးရေ...
ဖြစ်နိုင်ရင် ကျောင်းတုန်းက ဆိုတာတွေ မေ့ထားလိုက်
ဘဝဆိုတာ...
မင်းရွေးချယ်ရမယ့် ကျောင်းတော်
ဒုက္ခဆိုတာက မင်းရဲ့ Pratical Subject
အခက်အခဲဆိုတာတော့
မင်းလုပ်ရမယ့် Tutorial ပဲကွယ်....။
(၇)
ညီမလေးရေ...
ယောကျာ်းတစ်ယောက်ရဲ့ 
အဆိပ်ငွေ့ နဲ့ တော့
မင်းဘဝတစ်ခုလုံး ပျော့ခွေမနေစေနဲ့ ကွယ်....။
(၈)
ညီမလေးရေ...
မင်းဘက်မှာ မင်းတစ်ယောက်လုံး ရှိနေသမျှ
ဟန်ဆောင်တတ်တဲ့ လူယဉ်ကျေးတွေကို
ရဲရဲဝံ့ဝံ့ မုန်းလိုက်စမ်းပါ။
အကူအညီပေးသယောင် နဲ့ 
အခွင့်အရေးယူတတ်တဲ့ နံစော်စော်လူတန်းစားတွေကို
ရဲရဲဝံ့ဝံ့ မုန်းလိုက်စမ်းပါ ။
သစ္စာတရားကို တန်ဖိုးထားသလိုနဲ့ 
နောက်ကျောဓားနဲ့ ထိုးတတ်တဲ့ လူ့ မြည်းတွေကို
ရဲရဲဝံ့ဝံ့ မုန်းလိုက်စမ်းပါ ။
မင်းဘက်မှာ မင်းတစ်ယောက်လုံး ရှိနေသမျှ
...........................
...........................တွေကို မုန်းလိုက်စမ်းပါကွဲ့ ။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment