Friday, 18 April 2014

အတိတ်ချို


အချစ်တစ်ခုအောက်မှာ ရင်နင့်ခဲ့ရတဲ့
ကြေကွဲခြင်းကောင်းကင်မှာ
အချစ်သစ်ဆိုတဲ့ ကြယ်ပွင့်လေးတွေနဲ့
ဒုတိယအကြိမ်မြောက် ပြန်လည် လင်းလက်စေခဲ့လို့ ညီမလေးကို...ချစ်တယ်။

အိပ်မက်တွေ၊ ယုံကြည်ချက်တွေနဲ့
ခုတ်မောင်းနေရတဲ့ တစ်နေ့တာ
အလိုရမ္မက်တွေကို ခွာချလိုက်လို့
နှလုံးသားနဲ့ ခံစားမှု တန်းညီသွားတဲ့အခါတိုင်း ညီမလေးကို...လွမ်းတယ်။
ရယူခြင်း၊ ပေးဆပ်ခြင်း
ကျင့်ဝတ်နဲ့ ဆက်နွယ်မှုတို့ကြား ဗျာများနေတဲ့
(သူရဲဘောကြောင်တဲ့) ကိုယ့်ကိုယ်ကို...မုန်းတယ်။
ဘဝမှာ တစ်ခါကလေး တိုက်ခတ်ဖူးရုံနဲ့
တစ်သက်စာ လေပြည်လေးအဖြစ်
လိုအပ်သလို ထုတ်ယူတိုက်ခတ်လို့ရအောင်
အမှတ်တရတွေ ထားခဲ့ပေးတဲ့ ညီမလေးရဲ့ ချစ်ခြင်းမေတ္တာအတွက်...ကြည်နူးတယ်။
ဆုံးရှုံးရမှာကို တိတိကျကျ သိရက်နဲ့
နောက်မဆုတ်တဲ့ နှလုံးသားနဲ့ရင်းပြီး ချစ်ခဲ့တဲ့
ညီမလေးတစ်ယောက်...တစ်ပါးသူရင်ခွင်ထဲ ရှင်သန်ရမယ့်အခါ...ခွင့်လွှတ်တယ်။
တစ်နေ့နေ့ တစ်ချိန်ချိန်ဆိုတာကို
တမ်းတခွင့်မရှိတဲ့ ရင်ခွင်ထဲက
နှလုံးသားပြတိုက်ဟောင်းထဲမှာ
ညီမလေးရဲ့ ကိုယ်သင်းနံ့လေး
ရာသက်ပန် သိမ်းဆည်းခွင့်ရရုံနဲ့ ကိုယ့်ကိုယ်ကို...ကျေနပ်တယ်။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment