ကျွန်တော်နှင့် သက်တူရွယ်တူလောက် ရှိမည့် လူငယ်တစ်ဦး
ကျွန်တော့် ရှေ့ တည့်တည့်မှာ လာရပ်သည်။ ရုတ်တရက်ဖြစ်သောကြောင့်
လန့်သွားပြီး လက်နှစ်ဘက်မှာ ကိုင်ထားသောကော်ဖီခွက်နှင့် ဘာဂါပင် လွတ်ကျမတတ် ဖြစ်သွားသည်။
ထိုလူငယ်က ကျွန်တော့် လက်ထဲက ဘာဂါကို လက်ညှိုးထိုးပြပြီး
“ ကျွန်တော့်ကို ခင်ဗျား ဘာဂါလေး ကျွေးပါလားဗျာ…
ကျွန်တော် မနေ့ကတည်းက ဘာမှ မစားရသေးလို့ပါ “ တဲ့။
မမျှော်လင့်ဘဲ မုန့်တောင်းစားသူနှင့် ကြုံနေရခြင်းကိုး။
သို့နှင့် သူ့အနေအထားကို သုံးသပ်ကြည့်လိုက်တော့
တကယ်ပင် ဗိုက်ဆာနေဟန်တူသည်။ ဖျော့တော့သော မျက်နှာအနေအထားနှင့်
ပိန်လှီသော ခန္ဒာကိုယ်ကို ကြည့်ပြီး ကျွန်တော် ဂရုဏာသက်မိသည်။
ကျွန်တော်က သူ့လောက် အခြေအနေ မဆိုးသေး။
စားသောက်ဆိုင် တစ်ခုခုမှာ တစ်ခုခု ဝယ်စားရန် ငွေအလုံအလောက်ပါသည်။
ဝယ်စားရန်လည်း အဆင်ပြေသည်။
သို့နှင့် လက်ထဲက ပါလာသည့် ဘာဂါနှင့် ကော်ဖီခွက်ကို သူ့အား ကမ်းပေးလိုက်သည်။
သူက ဝမ်းသာအားရ ယူလိုက်သည်။
စားရန် ပြင်ပြီးတော့မှ
“ အို…ခင်ဗျားလည်း ဗိုက်ဆာနေတာနဲ့ တူတယ်…
ကျွန်တော်တို့ တစ်ယောက်တစ်ဝက် ရှယ်ကြတာပေါ့ဗျာ” တဲ့။
ထိုလူငယ်၏ တုန့်ပြန်မှုက ကျွန်တော့် ရင်ကို ပီတိဖြစ်စေသည်။
သူ့မှာ ရှိသည့် မျှဝေလိုသော စိတ်ဓာတ်အခံ က သူ၏ ဆာလောင်မွတ်သိပ်နေသော အခြေအနေမျိုးတွင်ပင် သူ့ကို ဂုဏ်ပေးနိုင်သည်။
လက်တွေ့ဘဝထဲက လူငယ်တစ်ယောက်၏ နှလုံးသားထဲမှက နှိပ်လိုက်သော
မျှဝေခြင်းခလုတ် (Share Button) သည်
ကျွန်တော့် ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း စီးဝင်ခဲ့ချေပြီ။
Caring without expecting is more than Sharing !!!
Sharing without expecting is more than Caring !!!
အိမ်ဝေးသူ (KZ)

No comments:
Post a Comment