Monday, 7 April 2014

သို့...မေမေ

********
(၁)
အမေ...
ကျွန်တော် ငယ်ငယ်တုန်းက
မလိမ်မိုးမလိမ်မာလေးမို့ 
အမေ့ ကို ဆန့် ကျင် စကားတွေ
အများကြီး ပြောခဲ့ ဖူးတယ်...!!!
(၂)
ကျွန်တော် မှတ်မိနေသေးတယ်....
ကျွန်တော် ဆိုးလို့ ဗိုက်ခေါက်ကို
အမေ ဆွဲလိမ်တဲ့ အခါတိုင်း....
လူပျိုသိုးလေးကျွန်တော်
အမေ့ ကို ...တိတ်တဆိတ်
ဒေါသတွေ ထွက်ခဲ့ ဖူးသေးတယ်...!!!
(၃)
ခွင့်လွှတ်ပါ....အမေ
ဘ၀ရဲ့ အတိမ်အနက်
အမြင့်အနိမ့်ကို
နားမလည်နိုင်သေးတဲ့ အချိန်...
အသိတရားနဲ့ ရင့်ကျက်မှု အားနည်းခဲ့ လွန်းလို့ 
ကျွန်တော် မိုက်မှားမိခဲ့ တာပါ....အမေ...!!!
(၄)
ဟော.....
ခုတော့လည်း အမေ..ရယ်
ကျွန်တော်လေ
သင်ပုန်းကြီးလည်း ကျေခဲ့ ပြီ
A,B,C လည်း ထုံးလို ချေ....ရေလိုနှောက်ခဲ့ ပြီ
လူတို့ ရဲ့ ကျင့်ဝတ်ကိုလည်း
နှလုံးသားနဲ့ ရင်းပြီ....နားလည်ခဲ့ ပြီ
ပြီးတော့...
အမေ့ရင်ခွင်ရဲ့ 
အဆုံးမရှိတဲ့ ....ကျယ်ပြန့် နွေးထွေးမှုကို လည်း
ကျွန်တော်....သိခဲ့ပါပြီ...!!!
(၅)
ဂုဏ်ယူလိုက်တော့.....အမေ
ခုဆို
အမေသင်ပေးခဲ့တဲ့ .....အသိတရား
မိုးကောင်းကင်အောက်မှာ
ရင့်ကျက်တည်ငြိမ်၊ စာနာထောက်ထားမှုတွေနဲ့ 
ကျွန်တော်...
ဘုရင်တစ်ပါးလို
ခမ်းနားကြီးကျယ်နေပြီလေ...!!!
(၆)
ကိုယ်ထင်ရာ...ကိုယ်မှန်တယ်လို့ 
ယူဆတတ်တဲ့ ခေတ်ကြီးထဲမှာ....
ဘယ်သူမှားမှား ဘယ်သူမှန်မှန်
အမေ့သား....ကျွန်တော်
ဝင်မစွက်ဖက်တတ်တော့ပါဘူး
ပြီးတော့...
ဖြောင့်မလာတဲ့ လူတွေရဲ့ စိတ်ဓာတ်တွေကိုလည်း
ကျနော့် ...ကျည်တောက်နဲ့ စွပ်ဖို့ 
မကြိုးစားတော့ပါဘူး...!!!
(၇)
သတိရတယ်....
တမ်းတတယ်ဆိုတာထက် ပိုတယ်အမေရယ်
ခုချိန်မှာသာ
ကျွန်တော်....အိမ်ပြန်နောက်ကျရင်
ဗျစ်တောက်...ဗျစ်တောက်နဲ့ 
နားပူအောင်..ဆူတတ်တဲ့ အမေ
ကျွန်တော့်ဘေးမှာရှိခဲ့ရင်...
ကျွန်တော်...အပြစ်လုပ်တိုင်း
ဗိုက်ခေါက်ကလေးကို နာကျင်အောင်
ဆွဲတတ်တဲ့ အမေ...ရှိနေပေးခဲ့ ရင်
ကျွန်တော်...ဘ၀ကို ဒီထက်ပိုပြိး..ရင်ကျက်မှုတွေနဲ့ 
၇င်ဆိုင်နိုင်စွမ်းရှိမှာပါ အမေ...!!!
(၈)
ဟော....ဒီနေ့
ကျွန်တော့်ဘဝရဲ့ အမှတ်တရ နေ့တစ်နေ့
ကျွန်တော်...
ပျော်ရမှာလား.....?
ဝမ်းနည်းရမှာလား....?
အမေမရှိတဲ့ ဒီနေ့ကို
ကျွန်တော် မပျော်ရက်ဘူးအမေ...ရယ်
ကျွန်တော့်ကို ခွင့်လွှတ်ပါ.....
ခုလို တိုက်ဆိုင်မှုတွေ ရှိလာတိုင်း
အမေ့ကို သည်းခြေကိုက်မတတ်
တမ်းတမိတယ်...အမေရယ်...!!!
(၉)
အရာရာ အသင့်ဖြစ်အောင်...
လုပ်ပေးတတ်တဲ့ အမေ...
ကျွန်တော့် မျက်နှာတစ်ချက်
မညှိုးစေခဲ့ တဲ့ အမေ...
အမေသိလား...
ခုတော့လည်း ကျွန်တော့်ဘ၀က
အဆင်မသင့်တာတွေနဲ့ ပဲ
နေသားကျနေပါပြီလေ...!!!
(၁၀)
စားရေးအတွက် ကြက်သွန်လှီးတိုင်း
ကြက်သွန်ရဲ့ အပူကြောင့်
ကျွန်တော် မျက်ရည်ကျတတ်တယ် အမေ။
ဒါပေမယ့်......
အဲဒီမျက်ရည်နဲ့ အတူ
အမေ့ကို ကိုယ်ချင်းစာလို့ 
ကျတဲ့ မျက်ရည်ပါ..ကျဆင်းတယ်ဆိုတာတော့
ဘယ်သူသိနိုင်မှာလဲ?
တကယ်တော့ အမေက
နှစ်ပေါင်းများစွာ..ကျွန်တော့်ကို
ချက်ပြုတ်ကျွေးမွေးခဲ့တာပဲလေ
အမေလည်း
မျက်လုံးတွေ စပ်ခဲ့ဖူးမှာပေါ့..!!!
(၁၁)
အမေ
လန်ဒန်ရဲ့ ဆောင်းညတာရှည်တွေမှာ
ကျွန်တော့် ဗိုက်ကို ယောင်ယောင်ပြီး
ပွတ်နေမိဆဲပါ
အမေ များ...ကျွန်တော့်ကို
ဗိုက်ခေါက်ဆွဲလိမ်သလားလို့ လေ...!!!
အိမ်ဝေးသူ (KZ)

No comments:

Post a Comment