Thursday, 1 May 2014

လမ်းခွဲဖို့ မဆုံးဖြတ်ခင် ဘာလုပ်သင့်ပါသလဲ?


ဆိုကြပါစို့။


ချစ်သူနှစ်ယောက် ရှိတယ်။

ချစ်သူသက်တမ်းလည်း အထိုက်အလျောက် ရှိပြီ။

တစ်ယောက်အကြောင်းလည်း တစ်ယောက် အတော်အတန် သိပြီ။

ကာလကြာလို့ ငြီးငွေ့တတ်တဲ့ အနေအထားမျိုးလည်း ရှိလာပြီ။

သာမန် ကိစ္စသေးသေးလေးတွေကို တစ်ယောက်ယောက်က အကြီးကြီး လုပ်ပစ်တတ်လာမယ်။

တစ်ယောက်ကို တစ်ယောက် သည်းခံနိုင်စွမ်းနည်းလာမယ်။

တစ်ယောက်က နောက်တစ်ယောက်ကို အနွံတာခံတာမျိုး လုံးပါးပါးလာမယ်။

တစ်ယောက်က တစ်ခုခု ပြောလာတဲ့အခါ ကျန်တစ်ယောက် ပြန်ဖြေတဲ့ပုံစံက စိတ်မရှည်ဘဲ

ဒေါသသံ စွက်နေမယ်။

ပျော်စရာ အချိန်တွေထက် စိတ်ပျက်ငြီးငွေ့နေရတဲ့ အချိန်တွေ ကုန်ဆုံးဖို့သာ ကျိတ်ပြီး ဆုတောင်းနေရမယ်။


အဲဒီလို အခြေအနေမျိုးကို စာဖတ်သူ ကြုံဖူးပါသလား(သို့) ကြုံနေရပါသလား ?

ကြုံနေရပြီဆိုရင်ရော အဲဒီအခြေအနေမျိုးကို စာဖတ်သူ ဘယ်လို ဖြေရှင်းမလဲ?

သေချာတာ တစ်ခုက (အားနည်းချက်တွေ၊ စိတ်ပျက်ငြီးငွေ့မှုတွေ) က အစိုင်အခဲ အဖြစ်

တဖြည်းဖြည်း စုစည်းလာမယ်။

နောက်ဆုံး တစ်ယောက်ယောက်က အကြောင်းပြချက် တစ်စုံတရာ မည်မည်ရရ မပေးဘဲ

နောက်တစ်ယောက်ကို ချန်ထားပစ်ခဲ့တတ်ကြတယ်။

အဲဒီအခါ နှစ်ယောက်စလုံးအတွက် အစာမကြေဘဲ အမုန်းပွားတာမျိုးတွေ ဖြစ်တတ်တယ်။

အထူးသဖြင့် ချန်ထားခံရသူက အမုန်းမီးတောက်တတ်ကြတယ်။

နှစ်ယောက်စလုံးက ပြတ်ချင်ပြတ်ပစေတော့ ဆိုတဲ့ အနေအထားမျိုး ဖြစ်နေပြီဆိုပါတော့။


လုပ်သင့်တာလေးတစ်ခုကို ကျွန်တော် အကြံပေးပါရစေ။


အချိန် သုံးရက် (သို့) ခုနှစ်ရက် ယူပါ။

စာရွက်တစ်ရွက်ပေါ်မှာ မိမိ ချစ်သူရဲ့  မိမိ အမုန်းဆုံး၊ မကြိုက်ဆုံး အမူအကျင့်မျိုးတွေ၊

အားနည်းချက်တွေကို ချရေးခိုင်းပါ။ မိန်းကလေးက ယောက်ျားလေးအတွက်ရေးပေးမှာဖြစ်ပြီး

ယောက်ျားလေးကတော့ မိန်းကလေးအတွက် ရေးရပါလိမ့်မယ်။


ဥပမာအနေနဲ့…

မောင်ဖြူနဲ့ မနီတို့ ချစ်သူနှစ်ဦး အကြောင်းကို စာရင်းလုပ်ပြီး ရေးပြပါမယ်။

မောင်ဖြူက မနီ အကြောင်းရေးမှာဖြစ်ပြီး မနီက မောင်ဖြူအကြောင်း ရေးမှာပါ။



မောင်ဖြူ (မနီရဲ့ အကျင့်ဆိုးများ၊ အားနည်းချက်များကို ရေးမှာပါ)


၁)

အမြဲလိုလို shopping ထွက်ပြီး ပိုက်ဆံဖြုန်းနေတဲ့ အကျင့်ကို လုံးဝမကြိုက်ပါ။

၂)

သန်းတဲ့အခါ ပါးစပ်ကြီး ဖြဲပြီး သန်းတယ်။ ကားပေါ်လည်း မရှောင်၊ လမ်းပေါ်လည်း မရှောင်
အဲဒီအကျင့်ကြောင့် လူအများရှေ့မှာ မောင်ဖြူ မျက်နှာငယ်ရတယ်။ အမြန်ဆုံးပြင်ပါရန်။

(၃)

ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ အလှအပကို လုံးဝ စိတ်မဝင်စားတော့ဘူး။ ဖိုသီဖတ်သီ
နေတတ်လွန်းတယ်။ (အိမ်ထောင်များကျရင်မတွေးရဲပါ)။

(၄)

ချစ်သူတစ်ယောက်လုံး အရှေ့မှာ နှာခေါင်းထဲ လက်နှိုက်တဲ့အကျင့်။
ရရှိလာတဲ့ နှာချေးဖတ်ကို လက်ညှိုးလက်မ, သုံးပြီး အတွင်းအားနဲ့ ချေတတ်တဲ့အကျင့် လုံးဝ မကြိုက်ပါ။
အင်မတန် ရွံတတ်ပါတယ်။

(၅)

ကိုယ့်ချစ်သူနဲ့ တစ်ခြားယောက်ျားတစ်ယောက်ရဲ့ အခြေအနေ တစ်စုံတရာ ကွာဟမှုကို အမြဲ
ပြစ်တင်ပြောဆိုတတ်တယ်။ အဲဒီ အကျင့်ကို လုံးဝ မကြိုက်ပါ။


မနီ (မောင်ဖြူရဲ့  အကျင့်ဆိုးများ၊ အားနည်းချက်များကို ရေးမှာပါ)


(၁)

ချစ်သူတစ်ယောက်လုံးကို ဘေးမှာထားပြီး တစ်ခြား ကောင်မလေး အလှပဂေးတွေကို
လစ်ရင်လစ်သလို ပေါ်တင် ငမ်းတယ်။ တစ်ယောက်ဆို တစ်ယောက်ပဲ ဆိုတာမျိုးကိုသာ အလိုရှိပါတယ်
အမြန်ဆုံး ပြုပြင်ပါ။

(၂)

ဗိုက်အောင့်တတ်တယ်ဆိုတာကို အကြောင်းပြပြီး ချစ်သူရှေ့မှာ အားမနာတမ်း၊ မရှက်တမ်း
လေလည်တတ်တယ်။ ပြီးရင် ရုပ်တည်ကြီးနဲ့ နေတတ်တယ်။ လုံးဝ မကြိုက်ပါ။ အနည်းဆုံးတော့
လူကွယ်ရာမှာ ကိစ္စရှင်းသင့်ပါတယ်။

(၃)

မိဘပိုက်ဆံကိုပဲ ထိုင်ဖြုန်းတယ်။ အလုပ်မကြိုးစားဘူး။ ယောင်ခြောက်ဆယ် အကျင့်တွေကို
လုံးဝမကြိုက်ပါ။ ကြိုးစားရိုးသားတဲ့ ချစ်သူကိုပဲ လက်တွဲဖော်လုပ်ချင်ပါတယ်။ အမြန်ဆုံး အလုပ်ရှာရန်။

(၄)

စကားပြောလို့ အဆင်မချောတဲ့အခါ နှုတ်ကြမ်းတယ်။ ချစ်သူကိုတောင် (ကောင်မ) ဆိုတဲ့
နာမ်စားသုံးတယ်။ အခုအချိန်မှာတောင် ဒီလိုပုံစံမျိုး ပြသနာကို မဖြေရှုင်းရင် အိမ်ထောင်ဘက် ဖြစ်တဲ့အခါ
ဆဲဆိုကြိမ်းမောင်းနေမယ့် ဘဝမျိုး အလိုမရှိပါ။ လုံးဝ လက်မခံပါ။

(၅)

ဆေးလိပ်သောက်တဲ့ အကျင့်ကို ပြင်ခိုင်းတာ ချစ်သူ စဖြစ်ကတည်းကပဲ။
အဲဒီတုန်းကတော့ အဖြေပေးရင် ဆေးလိပ်ဖြတ်မယ်ဆိုလို့ အဖြေပေးမိတယ်။
အခုတော့ လုံးဝ မဖြတ်ဘဲ ဆက်သောက်တယ်။ ဆေးလိပ်အနံ့ မခံနိုင်ပါ။
အခုတော့ ဆေးလိပ်ကို ဖြတ်မလား၊ ချစ်သူကို ဖြတ်မလား လို့ပဲ မေးရလိမ့်မယ်။

(မောင်ဖြူ၊မနီ စသော နာမ်စားများသည် ဥပမာသာ ဖြစ်သည်)


အထက်မှာ ကျွန်တော် တင်ပြခဲ့တာတွေက ဥပမာ အနေနဲ့ပါပဲ။

ဘာလို့ အဲလိုတွေ ချရေးခိုင်းရသလဲဆိုတာ အကြောင်းပြချက်လည်း ရှိပါတယ်။

တော်ရုံ ချစ်သူစုံတွဲတွေက ပွင့်ပွင့်လင်းလင်း တစ်ယောက်အားနည်းချက်ကို

တစ်ယောက် မဝေဖန်တတ်ဘူး။ မဝေဖန်ရဲကြဘူး။

သိုသိပ်ခံစားရင်း ကြာလာတဲ့အခါ ငြီးငွေ့မှုတွေ၊ စိတ်ပျက်မှုတွေ၊ အားနည်းချက်တွေ စုပြီး

(နောက်ဆုံးအကြိမ် မွမ်းမံတည်ဆောက်ခြင်း) အဆင့်ကိုတောင် မရောက်ဘဲ

ဇာတ်လမ်းက ပြတ်ရော။


ဒီလို တစ်ယောက်မကြိုက်တာတွေ တစ်ယောက်က ချရေးပြီး စာရင်းနဲ့ တင်ပြလိုက်ခြင်းအားဖြင့်

ချစ်သူနှစ်ယောက် ချစ်သက်တမ်းကို ဆွဲဆန့်ခြင်းမည်တယ်။

ညှိနှိုင်းဖို့ အခွင့်အရေးတစ်ခု ရလာတယ်။

အနည်းဆုံး မိမိအားနည်းချက်ကို မိမိနဲ့ အနီးစပ်ဆုံး လူတစ်ယောက်က

အရိုးသားဆုံးနဲ့အမှန်ကန်ဆုံး ဝေဖန်ပေးတာကို ရလိုက်နိုင်တယ်။

(ပြုပြင်ပြောင်းလဲလိုစိတ်ရှိနေသမျှ အမြတ်ပဲ)

ညှိလို့မှ မရရင်....
သည်းခံနိုင်စွမ်းမှ မရှိတော့ရင်လည်း
အကောင်းဆုံးကို ကြိုးစားဆောင်ရွက်ခဲ့ပြီးဖြစ်လို့...
လွမ်းလောက်စရာ မရှိတော့ဘူး။


ချစ်တိုင်းလည်း မညား ဆိုတဲ့
စကား မှန်ခဲ့ရင်လည်း
ကိုယ့်ချစ်သူက သူ့အမှားသူသိပြီး၊ သူ့အားနည်းချက် သူပြင်ဆင်ပြီး
အကောင်းဆုံး ကြိုးစားနေထိုင်မယ်ဆိုရင်
ကိုယ်နဲ့ မညားခဲ့ပေမယ့်...
ကိုယ့်ချစ်သူနဲ့ ညားမယ့်သူအတွက် ကံကောင်းတယ်လို့ပဲ မှတ်ယူလိုက်ပါ။


မှတ်ချက်။ ကောင်းတဲ့အချက်တွကို တကူးတက ထည့်ရေးပြစရာ မလိုပါ။  



ခင်မင်စွာဖြင့်

အိမ်ဝေးသူ (KZ)

No comments:

Post a Comment