Sunday, 20 April 2014

ရွေးချယ်ခွင့် ရှိစဉ် စိတ်ကြိုက်ရွေးချယ်ပါ၊ ရွေးချယ်ပြီးလျှင် မြတ်နိုးတန်ဖိုးထားပါ


(၁)

နွားသတ်ရုံထဲ ရောက်ရှိနေသော နွားတစ်ကောင်၏ အဖြစ်သနစ်ကို စဉ်းစားတွေးတောကြည့်ဖူးပါသလား?

ဥပမာ...

ကျွန်တော်သည် နွားသတ်ရုံထဲသို့ ရောက်နေသော နွားတစ်ကောင် ဖြစ်သည်ဟု ဆိုကြပါစို့။

နွားအများကြီးထဲမှာ ဒီနေ့အတွက် အရေအတွက် ဘယ်လောက် သတ်မလဲဟူသော ဆုံးဖြတ်ချက်နှင့်အတူ

ကျွန်တော့်အသားပေါ်တွင် တံဆိပ်တစ်ခု ခတ်နှိပ်ခြင်းခံရမည် ဖြစ်သည်။

သေချာသွားပြီ။

ဒီနေ့ သတ်မည့်နွားများထဲတွင် ကျွန်တော်လည်း အပါအဝင် ဖြစ်မည်။

ကျွန်တော့် ကျန်းမာရေးကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ သားသတ်သမားတို့အတွက်

အရေးမပါလှ။ အသေချာဆုံးက ကျွန်တော့်မှာ အသက်ရှင်ခွင့် အနေအထား လုံးဝမရှိတော့ပြီ။

ကျွန်တော့်မှာ ရွေးချယ်ခွင့် ရှိပါသလား?

တကယ်တော့ ကျွန်တော့်မှာ ရွေးချယ်ခွင့် မရှိတော့ပါ။


(၂)

သို့ဆိုလျှင်...

နွားသတ်ရုံ အပြင်တစ်နေရာတွင်ရှိသော နွားတစ်ကောင် အဖြစ်သနစ်ကရော မည်သို့ ကွာခြားပါသလဲ?

နွားဆိုမှတော့...နွားပဲ ဖြစ်မည်။

သို့သော် အပြင်ကနွားက သခင်အတွက် အလုပ်ကို ပို၍ ကြိုးစားခြင်းဖြင့် အသက်ရှင်ရန်

အခွင့်အရေး ပိုရှိနေသည်။ နွားသတ်ရုံအတွင်းကနွားကဲ့သို့ တံဆိပ်ခတ်နှိပ်ခြင်း ခံရလိမ့်မည်

မဟုတ်။ အလုပ်လုပ်ရမည်ဖြစ်သော်လည်း နွားသတ်ရုံထဲ ရောက်နေသော

နွားတစ်ကောင်၏ သေမိန့်ကျပြီးသား ခံစားစိုးရိမ်ကြောင့်ကြမှုမျိုးတော့ ရှိမည်မဟုတ်။


(၃)

လူပျို၊၊ အပျို တစ်ယောက်သည် နွားသတ်ကွင်း အပြင်ဘက်တွင် ရှိနေသော နွားတစ်ကောင်နှင့်တူပြီး

အိမ်ထောင်ရှင် အမျိုးသား၊ အမျိုးသမီးတစ်ဦးသည် နွားသတ်ကွင်း အတွင်းထဲသို့ ရောက်ရှိနေသော

နွားတစ်ကောင်၏ အဖြစ်သနစ်နှင့် ဆင်တူလှပါသည်။

အိုး...ရိုင်းလှချေလားဗျာ။

ဟုတ်ပါသည်။ ရိုင်းသည်ဟုပြောလျှင်လည်း ကျွန်တော် ကျေကျေနပ်နပ် ခံယူရပါလိမ့်မည်။

ဘာကြောင့် နွားနှင့် ဥပမာပေး ခိုင်းနှိုင်းရသနည်း?

တစ်ခြား ဥပမာပေးစရာ မရှိလောက်အောင် ဥပမာ ရှားနေပါသလား?

ရှင်းပါသည်။ နွားတစ်ကောင်သည် သခင့်အတွက် အလုပ်တာဝန်ကျေပွန်ရသလို

ကျွန်တော်တို့သည်လည်း မိမိတာဝန်ယူထားသည့် ကိစ္စများကို တာဝန်ယူရပါသည်။

နွားတစ်ကောင်သည် ၄င်း၏ ပခုံးထက်တွင် ဝန်ထုပ်ဝန်ပိုး တစ်ခုခုကို အမြဲထမ်းထားရသကဲ့သို့

ကျွန်တော်တို့ထံတွင်လည်း တာဝန်၊ ဝတ္တရားများကို အမြဲလိုလို ထမ်းထားရလေ့ရှိသည်။

အခြားသတ္တဝါများနှင့် ယှဉ်လိုက်လျှင် ကျွန်တော်တို့နှင့် အနီးစပ်ဆုံး ဖြစ်သည်မှာ နွားဖြစ်သည်။


(၄)

လူပျိုလူလွတ်တစ်ယောက် ၊ မိန်းမပျိုတစ်ယောက်အနေနှင့် မိမိ၏ ဘဝတစ်သက်တာ

လက်တွဲဖော်ကို စိတ်တိုင်းကျ ရွေးချယ်ပိုင်ခွင့် ရှိပါသည်။

အချို့ ကမူ...

" အဲဒီ ကောင်လေးလေ ချေးများသလား မမေးနဲ့၊ ဟိုကောင်မလေးနဲ့ စပ်လိုက်၊ ဒီကောင်မလေးနဲ့ စပ်လိုက်၊

တစ်ယောက်နဲ့မှ အဆင်မပြေဘူး၊ သူရတဲ့ ကောင်မလေးကို စောင့်ကြည့်ဦးမယ်၊ ကြီးကျယ်လိုက်တာ"

ဟု ပြောဆို တတ်ကြပြီး၊

အချို့ ကမူ...

" ဒီကောင်မလေး ရည်းစားများလိုက်တာ၊ ကောင်လေးတွေ ထည်လဲတွဲနေတာ၊ အရမ်း Social ကျတာပဲ

ဘာညာဘာညာ ####@@@@$$$$$$ "

ဟု ပေါ်တင်ဖြစ်စေ၊ ကွယ်ရာတွင် ဖြစ်စေ အမြင်စောင်းမြောင်းစွာ ပြောဆိုတတ်ကြပါသည်။

(ရည်းစားများများထားခြင်းကို အားပေးခြင်း မဟုတ်ပါ)

အရွေးလွန်သောကြောင့် ချေးများသည်ဟု ပြောလျှင်လည်း အပြောခံရလိုက်ရုံပင် ဖြစ်သည်။

ကြီးကျယ်သည်ဟုပြောလာလျှင်လည်း ငြင်းခုံစရာ အကြောင်းမရှိ။

သို့သော် မိမိ တစ်သက်တာ လက်တွဲရမည့် ဘဝခရီးဖော်ကိုတော့ စိတ်တိုင်းကျ

ရှာယူသင့်သည် မဟုတ်ပါလား?

အလိမ်အညာတွေ များပြားလှသော ခေတ်မဟုတ်ပါလား?

ငြင်းချင်ပါသလား?


ဥပမာ ပေးပါမည်။


ဦးကကြီးဆီမှာ သမီးချောတစ်ဦး ရှိသည်။ လှသည်၊ ယဉ်ကျေးလိမ္မာသည်။

တစ်နေ့တော့ အချစ်ကို အကြောင်းပြုပြီး ယောင်းမ မြင်းစီးထွက်သွားသည်။

ယောက်ျားနောက်ကို ခိုးရာလိုက်သွားသည်။ ဦးကကြီးက လုံးဝ သဘောမတူ။

ချစ်သူနှစ်ဦးကို အမြန်ဆုံးလိုက်ခွဲသည်။ အောင်မြင်သွားသည်။

ပထဆုံးညမှာပဲ ဖမ်းမိသည်။ တစ်ညတည်းပဲလေ၊ ဘာသိတာမှတ်လို့။

သမီး၏ ချစ်သူကို ဖျားယောင်းသွေးဆောင်မှု ဖြင့် တစ်နေရာကို ပို့လိုက်သည်။

သမီးကိုမူ သူသဘောတူသူ နောက်တစ်ဦးဖြင့် ထပ်ပေးစားရန် အမြန်ဆုံး စီစဉ်သည်။

ဒီနေရာမှာ ဇတ်လိုက် နောက်တစ်ယောက် ထပ်ရောက်လာသည်။

ဦးကကြီးမှာ ဦးခကွေးဟူသော သူငယ်ချင်း တစ်ယောက်ရှိပြီး သားလိမ္မာတစ်ယောက်လည်း

ရှိသည်။ ဦးကကြီးက ဦးခကွေးကို သားရေးသမီးရေး ကိစ္စပြောသည့်အခါ

( ကျွန်တော့်သမီးလေးက တစ်ညလေးတော့ လင်နောက်ကို လိုက်ဖူးပါတယ် ) ဟူ၍

ပြောမည်လား?

ဟာဗျာ...ဒါကတော့ သမီးရဲ့ အရှက်ကို ဖခင်တစ်ဦးအနေနဲ့ ထိန်းသိမ်းပေးရမှာပဲ ဟု

စောဒက တက်ချင်ပါသလား?

ဖခင်တစ်ဦး၏ သမီးအတွက် သုံးလိုက်သော မုသားဖြူဟု ပြောချင်ပါသလား?

သို့ဆိုလျှင် ဦးခကွေး၏ သားလိမ္မာလေးအတွက် ဘာကိုမျှ ထည့်တွက်စရာ မလိုတော့သည့်

သဘော သက်ရောက်နေသည် မဟုတ်ပါလား?

ဦးခကွေး၏ သားလိမ္မာလေးက ချစ်ဇနီးသည်၏ ဇာတ်လမ်းဟောင်းကို တူးဖော်ရှာဖွေမိသည့်အခါ

နောက်ဆက်တွဲ ကောင်းနိုင်ပါမည်လား?

ဦးခကွေး၏ သားဖြစ်သူသည် လူပျိုလူလွတ်တစ်ယောက်၏ အခွင့်အရေးကို အသုံးမချလိုက်ရဘဲ

မိဘ သဘောတူသူနှင့်သာ ပေါင်းသင်းလိုက်ရရှာသည်။

ဟုတ်ပါသည်။

ကျွန်တော်တို့သည် ဂုဏ်သိက္ခာအတွက် တစ်ဖက်သားကို ရက်စက်ကောက်ကျစ်စွာ

လိမ်ညာလှည့်ဖြားရက်ကြပါသည်။


(၅)

ကျွန်တော်က ဘဝလက်တွဲဖော်အဖြစ် တစ်စုံတစ်ဦးကို ရွေးချယ်ပြီးပြီိဟု ဆိုကြပါစို့။

သို့ဆိုလျှင် သေချာသည်မှာ ကျွန်တော်သည် နွားသတ်ကွင်းထဲက နွားတစ်ကောင်နှင့်

အလားတူသွားပါသည်။ တစ်ခုပဲ ခြားနားသည်။ နွားသတ်ရုံထဲက နွားတစ်ကောင်က

အရေပြားပေါ်မှာ တံဆိပ်ခတ်ခံရပြီး ကျွန်တော်ကမူ နှလုံးသားထဲ၌ ပိုင်ရှင်ရှိသွားပြီ ဟူသော

တံဆိပ်ကို ခတ်နှိပ်ရလိုက်ခြင်းဖြစ်သည်။ နှလုံးသားက ဟိုယိမ်းဒီတိမ်း လုပ်လို့မရတော့။

ကျွန်တော့်ကို စိတ်ဝင်စားမည့် ကောင်မလေးချောချောလေးများလည်း တဝဲလည်လည်

လုပ်နေမည်မဟုတ်တော့။ ကျွန်တော်က ကျွန်တော်လက်တွဲရမည့် နှလုံးသားထဲက ပိုင်ရှင်

(သို့မဟုတ်) ဘဝလက်တွဲဖော်မှလွဲ၍ အခြားမည်သူ တစ်ဦးတစ်ယောက်၏ စိတ်ဝင်စားမှုကိုမျှ

မခံယူသင့်တော့။ တစ်ခါတုန်းက ရည်းစားဟောင်း၊ ဇတ်လမ်းဟောင်း စသည်တို့ကို ယတိပြတ်

ရှင်းလင်းသုတ်သင် ပစ်လိုက်ရမည် ဖြစ်သည်။ မိမိ၏ နှလုံးသားနှင့် အသွေးအသားသည် မိမိ၏

ဘဝလက်တွဲဖော်မှလွဲ၍ အခြားတစ်ယောက်ယောက်ထံသို့ မတိမ်းစောင်းသင့်တော့။ နွားသတ်ကွင်းထဲ

နွားသည် မည်သို့ပင် ကြိုးစားဆောင်ရွက်ပါသော်လည်း လွတ်လမ်းမရှိ၊ သွေးသံရဲရဲဖြင့် သေပွဲဝင်ရမည်။

နောက်ဆက်တွဲ ဘာမျှ မရှိ။

မျက်ရည်ကျမည့်သူ မရှိ၊

မတရား စွပ်စွဲမည့်သူ မရှိ။

အော့နှလုံးနာ မုန်းတီးမည့်သူ မရှိ။

နာကျင်ကြေကွဲမည့်သူ မရှိ။

သို့သော် ကျွန်တော်၏ အဖြစ်က ထိုနွား၏ အခြေအနေထက် ပို၍ အန္တာရာယ် များသည်။

ကျွန်တော့် ကိုယ်ကျင့်တရားနှင့် စောင့်ထိန်းမှု အနည်းအကျဉ်းမျှ ပျက်ပြားသွားရုံမျှဖြင့်

တစ်ခုထက်မကသော နှလုံးသားများ သွေးအလူးလူးဖြင့် ကြေကွဲသေပွဲဝင်သွားနိုင်သည်။

ကျွန်တော့်ကြောင့်...

အနည်းဆုံးတော့ မျက်ရည်ကျမည့်သူ တစ်ဦး ရှိလိမ့်မည်။

အနည်းဆုံးတော့ မတရား စွပ်စွဲမည့်သူ တစ်ဦး ရှိလိမ့်မည်။

အနည်းဆုံးတော့ အော့နှလုံးနာ မုန်းတီးမည့်သူ တစ်ဦး ရှိလိမ့်မည်။

အနည်းဆုံးတော့ နာကျင်ကြေကွဲမည့်သူ တစ်ဦး ရှိလိမ့်မည်။


ယခုခေတ်သည် အချစ်တစ်ခုတည်းနှင့် အိမ်ထောင်တစ်ခု ထူထောင်သင့်သည့်

ခေတ်မဟုတ်တော့ဟု ယူဆပါသည်။ မိမိမှ ဖြစ်ထွန်းလာမည့် အနာဂတ်မျိုးဆက်ကို

ပြုစုပျိုးထောင်ရန်မှာ ခင်ပွန်းတစ်ယောက်တည်း တော်နေရုံ၊ ဇနီးတစ်ယောက်တည်း

တတ်နေရုံ ဖြင့် မလုံလောက်တော့ပါ။ ဇနီးနှင့်ခင်ပွန်း နှစ်ဦးစလုံး ရင်သွေးငယ်ပြုစုပျိုးထောင်ရေးကို

ဟန်ချက်ညီညီ တာဝန်ယူနိုင်ပါမှသာ တော်ရုံရှိပေမည်။ တစ်ကွက်ကောင်းကလေးနှင့်

တစ်စုံတစ်ယောက်ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ရန်မှာ အန္တာရာယ်ကြီးလွန်းသည်ဟု

ထင်ပါသည်။


(၆)

နောက်ဆုံးအနေနှင့် ပြောချင်သည်မှာ...

ရွေးချယ်ခွင့် ရှိနေသေးသရွေ့ ....စိတ်တိုင်းကျ ရွေးချယ်ပါ။

ထိုအခွင့်အရေးက အကန့်အသတ်ဖြင့်သာ တည်ရှိပါသည်။

တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီးပြီဆိုလျှင်တော့...

ထိုရွေးချယ်မှုကို မြတ်နိုးတန်ဖိုးထားပါ။



အိမ်ဝေးသူ (KZ)


မှတ်ချက်။ ။

ဤစာရေးနေသည့်အချိန်ထိတော့ ကျွန်တော်သည်
နွားသတ်ကွင်းအပြင်တစ်နေရာက လွတ်လပ်နေသေးသော
နွားတစ်ကောင်မျှသာ ဖြစ်ပါသည်။ နွားသတ်ကွင်းထဲသို့ ရောက်အောင်
အားသွန်ခွန်စိုက် ကြိုးပမ်းနေပါသည်။
မိမိနှင့် အလိုက်ဖက်ဆုံး (ပိုင်ရှင်ရှိသွားပြီ) ဟူသော တံဆိပ်ကိုရရှိအောင်
အကောင်းဆုံး လုံးပမ်းနေပါသဖြင့် အချိန်နှောင့်နှေးနေပါသည်။
မည်သူ့ကိုမှ အပြစ်မတင်သောကြောင့်..
(တော်တော်နှေးတာပဲ..နောက်ကားတွေရော..ရှေ့ ကားတွေပါ တစ်စီးပြီးတစ်စီး
ကျော်တတ်ကုန်ကြပြီ) ဟူ၍
အားလုံးကိုယ်စား မိမိကိုယ်ကိုမိမိသာ အပြစ်တင်လိုက်ပါသည်။ :)

No comments:

Post a Comment