Thursday, 10 April 2014

ကျွန်တော့်လှေထဲ...ရေ ဘယ်လောက် ဝင်ပြီလဲ ?


အခြေအနေ (၁)



လှေငယ်ကလေးတစ်စင်းရှိသည်။

ထိုလှေငယ် လိုရာခရီးရောက်စေသော ရေလည်းရှိသည်။

လှေက ရေပေါ်မှာ ဖြစ်သည့်အတွက် ဤသို့သောအခြေအနေမျိုးကို

ပုံမှန်အခြေအနေမျိုးဟုသာခေါ်ဆိုနိုင်သည်။



(လှေထဲတွင် ရေမရှိဘဲ ရေပေါ်တွင်သာ လှေက ရှိနေသည်)



အခြေအနေ (၂)



လှေငယ်ကလေးတစ်စင်း ရှိသည်။

ထိုလှေငယ် လိုရာခရီးရောက်စေသော ရေလည်းရှိသည်။

အစပိုင်းတွင်လှေက ရေပေါ်မှာရှိနေသည်။

သို့သော် တဖြည်းဖြည်း ရေများကလှေထဲသို့ ဝင်ရောက်ပြီးနောက် လှေက

ရေအောက်သို့ ရောက်သွားသည်။

ဤအခြေအနေမျိုးကိုတော့ သာမန်ထက် ပိုသောအခြေအနေတစ်ခုအဖြစ်

သတ်မှတ်ရပါလိမ့်မည်။



(လှေအတွင်းသို့ ရေများတစိမ့်စိမ့်ဝင်ရောက်ပြီး ရေက လှေပေါ်သို့ ရောက်သွားသည်)



ရေကို ငွေအဖြစ် သတ်မှတ်ကြည့်ပြီး

လှေကိုမူ လူ့ဘဝအဖြစ် သတ်မှတ်ကြမည် ဆိုကြပါစို့။



လူ့ဘဝတစ်ခု အသက်ရှင်ရပ်တည်နေနိုင်ရန် ငွေကြေးသည် အရေးပါသည်ဟု

ကျွန်တော်တို့အားလုံး တညီတညွတ်တည်း လက်ခံထားကြပါသည်။ သို့သော်

အချို့ က ငွေကိုအကောင်းမြင်ကြပြီး အချို့ ကမူအဆိုးမြင်ကြသည်။ ငွေကြောင့်

မောက်မာနေတာဟု ပြောဆိုကြသူများရှိကြသလို ကုန်းကောက်စရာမရှိအောင်

မွဲလိုက်တဲ့ဘဝဟု ငြီးကြသူများလည်းရှိကြသည်။



အကောင်းမြင်သည့်ဘက်ကိုသာ အာရုံစိုက်ကြည့်ကြပါစို့။



အမှန်တကယ်တွင်မူ ငွေသည် နတ်ဆိုးတစ်ကောင်မဟုတ်ပါ။

သင့်ကိုမကောင်းမှုများ လုပ်ဆောင်ရန် တိုက်တွန်းနိုင်စွမ်းမရှိပါ။

လူသားတို့ အခြေခံလိုအပ်ချက်များ ပြည့်ဝအောင် ကူညီပေးနိုင်သည့်

(အသုံးချခံ) ပစ္စည်းသာဖြစ်သည်။



သင့် ကျန်းမာရေးအတွက် ငွေကိုလိုအပ်သည်။

သင့် ဆာလောင်မှုအတွက် ငွေကိုလိုအပ်သည်။

သင့် ပညာရေးအတွက် ငွေကိုလိုအပ်သည်။

သင့်…………..အတွက် ငွေကိုလိုအပ်သည်။



သို့သော် ကျွန်တော်တို့အများစုသည် ငွေကြေးနှင့် ပက်သက်ပြီး

နှစ်မျိုးသော အချက်ကို သတိထားရန် အရေးကြီးလှသည်။



(၁) ငွေကိုမည်သို့ ရှာဖွေမည်နည်း?



(၂) ငွေဖြင့် ဘဝကိုမည်သို့ နေထိုင်ရပ်တည်မည်နည်း?



ငွေရှာဖွေသည့် အတတ်ပညာကို အများစုက တတ်မြောက်ကြသော်လည်း

ထိုငွေဖြင့် ဘဝရပ်တည်ခြင်းကိုမူ လူအများ တတ်မြောက်ခြင်းမရှိကြချေ။

အချို့ သောပညာရှင်များ (Professionals) သည် ၄င်းတို့၏ အသက်မွေးဝမ်းကျောင်း

လုပ်ငန်းကို အလွန်ပင် လေးစားတန်ဖိုးထား ဂုဏ်ယူတတ်ကြသည်။

သို့သော် ဝမ်းနည်းဖွယ်ရာအချက်မှာ ၄င်းတို့သည် အလုပ်ကိုတန်ဖိုးထား

ဂရုစိုက်တတ်ကြသလောက် မိမိ၏ မိသားစုဘဝကိုမူ လစ်လျူ ရှူ ကြခြင်းပင် ဖြစ်သည်။



ဥပမာအားဖြင့်။



မြို့ပြအင်ဂျင်နီယာ တစ်ယောက်သည် သူ၏ လုပ်ငန်းကို အလွန်လေးစားတန်ဖိုးထားသည်။

လောကကြီးကို အလှဆင်သူဟု သူ့ကိုသူကျေနပ်အားရသည်။

သို့သော် ထိုသို့ ဖြစ်ရန် သူ၏ ငွေကြေးရှာချိန်နှင့် မိသားစုအချိန်ကို တိတိကျကျ

သတ်သတ်မှတ်မှတ် ခွဲခြားထားရမည်။ သို့မဟုတ်က သူသည် ငွေရှာနည်းကိုသိပြီး

ငွေဖြင့် ဘဝကိုအမှန်တကယ် ရပ်တည်နိုင်သူ မဟုတ်ဟု ယူဆရပေမည်။

မိသားစု၏ သာရေးနာရေးနှင့် တာဝန်ဝတ္တရားများကို

(ငါက ငွေရှာနေသူ/ ငါ့မိသားစုအတွက် ငါ အနစ်နာခံနေတာပဲ) ဟူသောခေါင်းစဉ်ကြီးအောက်သို့

ဆွဲသွင်း၍ မိသားစု၏ ခံစားချက်များကို ရိုက်ချိုးပစ်လိုက်ခြင်းမျိုးမဖြစ်စေရ။

အင်ဂျီနီယာတစ်ယောက်အနေဖြင့် အိမ်မှ အလုပ်သို့ ထွက်ခွာသွားသည့် အချိန်တွင် သူ၏

သားသမီးများအိပ်ပျော်နေတုန်းဖြစ်ပြီး သူအလုပ်ပြီး၍ အိမ်ပြန်ရောက်ချိန်တွင်လည်း

သားသမီးများက အိပ်ပျော်နေပြီဖြစ်လျှင် ထိုသူသည် လောကကို ရုပ်ဝထ္ထုများဖြင့်

အလှဆင်သူ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မိသားစု၏ ခံစားမှုများကိုမူ

တဖြည်းဖြည်း ဖျက်စီးပစ်လိုက်သူဖြစ်သည်။





သားသမီးနောင်ရေးအတွက် မိမိအနစ်နာခံတာပဲလေဟု ပြောတတ်ကြသူများ အနေဖြင့်

သေခြင်းတရားသည် အချိန်မရွေးဆိုက်ကပ်နိုင်သည်ကိုမူသတိချပ်သင့်သည်။

အနှစ် နှစ်ဆယ်ကျော်ကြာမြင့်ပြီးသောအခါ သင့်အချိန် ပြန်ရောက်လာပေလိမ့်ဦးမည်။

ထိုအချိန်တွင် သင်ကလူနာတင် ဝှီးချဲ (Wheel Chair) ပေါ် ရောက်ချင်ရောက်နေလိမ့်မည်။

သို့မဟုတ် ကုတင်ပေါ်တွင် မလှုပ်ရှားနိုင်သောလူမမာတစ်ဦး ဖြစ်ချင်ဖြစ်နေပါလိမ့်မည်။

သင့်အလုပ်အကိုင်နှင့် သင့်ငွေကြေးကသင့်ကိုအမှန်တကယ် စိတ်ချမ်းသာစေလိမ့်မည် မဟုတ်ပါ။

သင့်သားသမီးများကသင့်အချိန်တုန်းကလိုပင် သင့်ကိုလိုအပ်သလောက် သုံးရန်

ငွေကြေးကိုပေးကောင်းပေးမည်။ သူနာပြု ဆရာမငှားချင်ငှားပေးလိမ့်မည်။

သင် စားချင်တာကိုစားနိုင်အောင် စီစဉ်ပေးလိမ့်မည်။ သို့သော် ( အလုပ်၊ ငွေကြေး ) စသည့်

အကြောင်းပြချက်များဖြင့် သင့်ကိုအချိန် (သို့) မေတ္တာတရားပေးလိမ့်မည် မဟုတ်ပါချေ။





သို့ဆိုလျှင် ကျွန်တော် အထက်တွင် တင်ပြသကဲ့သို့ပင် ရေမရှိဘဲလှေကလေးမရွေ့ နိုင်ပါ။

လှေကလေးရွေ့ လျားနိုင်ရန် ရေကိုလိုအပ်ပါသည်။

သို့သော် ရေများလှေထဲသို့ ဝင်ရောက်လာပါကလှေကလေး မြုပ်သွားရှာလိမ့်မည်။

မိမိရွေ့ လျားရန် အဓိက ဖြစ်သောရေကြောင့် မိမိဘဝကိုပျက်သုဉ်းခံပါမည်နည်း။

အလားတူစွာ ကျွန်တော်တို့ဘဝလှေကလေးရွေ့ လျားရန် ရေနှင့်တူသောငွေကိုလိုအပ်ပါသည်။

သို့သော် ငွေကြေးရှာဖွေခြင်းက ကျွန်တော်တို့၏ နှလုံးသားကိုဖုံးလွှမ်းပစ်လိုက်မည်ဆိုပါလျှင်၊

မိသားစု၏ စိတ်ခံစားမှုများကိုဖျက်စီးပစ်လိုက်မည် ဆိုပါလျှင် ငွေသည် ကျွန်တော်တို့ ဘဝအတွက်

အသက်ရှင်ရပ်တည်ရန် (လိုအပ်ချက်) မဖြစ်တော့ဘဲ ကျွန်တော်တို့ ဘဝကိုနစ်မွန်းစေမည့်

(လူသတ်လက်နက်) တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။



ကျွန်တော့်အနေဖြင့်

မိမိကိုယ်ကိုမေးလိုသည်မှာ...



ကျွန်တော့်လှေထဲ ရေ…ဘယ်လောက်ဝင်ပြီလဲ?



ဟူ၍ ဖြစ်သည်။





အိမ်ဝေးသူ (KZ)

No comments:

Post a Comment