Friday, 25 April 2014

ဆရာနှစ်ပါးကို မတရားအကျဉ်းချထားခြင်းအတွက် ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ ???


ဆရာနှစ်ပါးကို မတရားဖမ်းဆီးပြီး ထောင်ဒဏ် ၈နှစ်စီ ချမှတ်လိုက်တယ်ဆိုတဲ့
သတင်းစကားကို ကြားရတော့ ကျွန်တော်အပါအဝင် အများစုသော
မွတ်စလင်ညီနောင်များ ဝမ်းနည်းကြေကွဲကြရပါတယ်။
ဒီကိစ္စနဲ့ ဆက်နွယ်ပြီး ပြောသင့်တာလေး အနည်းအကျဉ်းကို ပြောပါရစေ။
ကျွန်တော်တို့ မွတ်စလင်မ် အများစုဟာ ဝမ်းနည်းစရာ ကိစ္စတစ်ခုခုကို
ကြုံတွေ့ရပြီဆိုရင် အခိုက်အတန့်တော့ သွေးဆူပွက်ပြီး ဝမ်းနည်းဒေါသ
ထွက်တတ်ကြပါတယ်။ အချိန်ကာလတစ်ခုထိလည်း အထိမ်းအမှတ်တစ်ခု
အဖြစ် ပရိုဖိုင်းလ် ပုံကအစ ပြောင်းပစ်လိုက်တတ်ကြပါတယ်။
( အဲဒီအတွက် ပြစ်တင်စရာ မရှိလှပါဘူး )
ဒါပေမယ့်…
အချိန်ကာလတစ်ခုကြာတော့ တစ်ခြားကိစ္စအသစ်တွေထဲမှာ အာရုံစိုက်ကြပြီး
မူလ ပြသနာဆိုတာ ထည့်တောင် မတွေးမိတော့တဲ့ အဖြစ်မျိုးကို ရောက်တတ်ကြပါတယ်။
ဒါပေမယ့်…
ကျွန်တော်တို့ ထည့်သွင်းစဉ်းစားစရာ တစ်ချို့  ရှိနေပါသေးတယ်။
တကယ်တော့...
(၁)
စာသင်ကျောင်းမှာ စာသင်တဲ့ ဆရာသမားတွေ ဖြစ်တဲ့အတွက်
သေချာသလောက်က ငွေကြေးချို့ တဲ့ကြမှာပါ။
(၂)
မိသားစုတွေ ကျန်ခဲ့ရင် အဲဒီမိသားစုအတွက် စားဝတ်နေရေး အခက်အခဲ
ဖြစ်လာနိုင်ပါတယ်။ အဲဒီလို ကျန်ရစ်ခဲ့တဲ့ မိသားစုအတွက် ကျွန်တော်တို့
မွတ်စလင်မ် ညီနောင်များက စုပေါင်းပြီး လစဉ်ဖြစ်ဖြစ် ကူညီထောက်ပံ့တာမျိုး
ဖြစ်သင့်ပါတယ်။
(၃)
မတရား အကျဉ်းချခံထားရတဲ့ ဆရာသမားတွေခမျာလည်း စိတ်ဓာတ်ရေးရာ
ထိခိုက်ကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ညီနောင်တွေ တိုင်ပင်ပြီး လစဉ်လိုက်
ထောင်ဝင်စာ တွေ့တာမျိုး၊ လိုအပ်တာတွေကို ဝယ်ပြီးပို့ပေးတာမျိုး၊ မိသားစုအတွက် စိတ်ချလက်ချ နေဖို့ အားပေးစကားပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
(၄)
တစ်ဘက်ကလည်း သူတို့လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက်
ဥပဒေပညာရှင်များနဲ့ တိုင်ပင်ပြီး လိုအပ်တာတွေကို ဆောင်ရွက်သင့်ပါတယ်။
(၅)
နောက်တစ်ခုက ပရဟိတ လုပ်သူများအနေနဲ့ အကျဉ်းကျနေတဲ့
မွတ်စလင်မ်ညီနောင်များအတွက် အစီအစဉ်တစ်ခု ရှိစေချင်ပါတယ်။
အကျဉ်းကျမွတ်စလင်မ်ညီနောင်များအတွက် ရန်ပုံငွေ အစီအစဉ်မျိုး ရှိရင်လည်း အကောင်းဆုံးပါပဲ။
(၆)
အစိုးရရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ လှည့်ကွက်အောက်မှာ
ကျွန်တော်တို့ မွတ်စလင်မ်ညီနောင်တွေ ဘယ်လောက်များများ
အကျဉ်းထောင်တွေထဲမှာ စတေးခဲ့ပြီးပြီလဲ…စတေးကြရဦးမှာလဲ ဆိုတာကို
ကျွန်တော်တို့ ထည့်စဉ်းစားကြရမှာပါ။
(၇)
ဆရာနှစ်ပါးကို လက်ထိပ်တွေနဲ့ မြင်ရတဲ့ မြင်ကွင်းက ကျွန်တော့်ကိုတောင်
နာကျင်စေရင် သူတို့ကိုယ်တိုင်ဆိုရင် ဘယ်လောက်များ စိတ်ဓာတ်ရေးရာ၊
ကျန်မာရေးရာ ထိခိုက်ကြလိမ့်မလဲ…???
(၈)
ဆရာတို့ရဲ့ လက်တွေက အကျဉ်းထောင်တိုင်တွေနဲ့ မတန်ဘူး။
ဆရာတို့ရဲ့ လက်တွေက ပုတီးကုံးနဲ့သာ ထိုက်တန်တာပါ။
ဆရာတို့ရဲ့ မျက်လုံးတွေက အကျဉ်းထောင်နံရံတွေကို ကြည့်ရမှာ မဟုတ်ဘူး။
ဆရာတို့ရဲ့ မျက်လုံးတွေက အသျှင့်ကရုဏာတော်ကို ကြည့်ရမှာပါ။
ဆရာတို့ရဲ့ ဦးခေါင်းတွေက ထောင်မှုးတွေရှေ့မှာ ညွတ်စရာမလိုဘူး။
ဆရာတို့ရဲ့  ဦးခေါင်းတွေက အသျှင့်ရှေ့တော်မှောက်မှာ ဦးညွတ်ရမှာပါ။
ဆရာတို့ရဲ့ နှုတ်ခမ်းတွေက ဒဏ်ရာတွေကြောင့် ညည်းတွားရမှာမဟုတ်ဘူး။
ဆရာတို့ရဲ့ နှုတ်ခမ်းတွေက အသျှင့်ကြီးကျုယ်မှုတွေကိုသာ မြွက်ဟနေရမှာပါ။
ခုတော့ဗျာ။

မှတ်ချက်။
ကျွန်တော့်လို (အပြစ်များစွာနဲ့) ဂိုနာဂါရ် တစ်ယောက်အတွက်ဆိုရင်
ဒီလို တောင်းပန် ခယမည် မဟုတ်ပါ။
အသျှင့်အလုပ်ကို အမြဲမပြတ်လုပ်ဆောင်နေပြီး အကျဉ်းထောင်နဲ့
လုံးဝ မဆိုင်တဲ့ အာလင်ပညာရှင်များကို သူတို့ပျော်မွေ့ရာ အသျှင့်
အိမ်တော်သို့ အမြန်ဆုံး ပြန်ရောက်စေချင်တဲ့ ဆန္ဒတစ်ခုတည်းဖြင့် တိုက်တွန်းရခြင်းဖြစ်ကြောင်း။

အိမ်ဝေးသူ (KZ)

No comments:

Post a Comment