Sunday, 31 May 2015

ကျွန်တော်နှင့် ပဟေဠိဖွက်သူများ


တချို့ ပဟေဠိတွေအတွက်
ကျွန်တော်...ကျေနပ်ပျော်ရွှင်ရတယ်။
တချို့ ပဟေဠိတွေအတွက်
ကျွန်တော်...နာကျင်ကြေကွဲရတယ်။
ဆုတောင်းတိုင်း ပြည့်မယ်ဆိုရင်
ပျော်ရွှင်စရာပဟေဠိတွေကို ဖြေရှင်းရင်း
ရှင်သန်နေထိုင်ခွင့် ရချင်ပါသေးတယ်။
x
x
ကျွန်တော့် စိတ်ထဲက တကယ့်ကိုဖြူ ဖြူ စင်စင် ခင်မင်ခဲ့ဖူးတဲ့ (သူငယ်ချင်း)
တစ်ယောက်က အကြောင်းပြချက် တစ်ခုခုမပေးဘဲ ကျွန်တော့်ဘက်က
တစ်စုံတစ်ရာ မှားယွင်းခြင်းမရှိပါဘဲနဲ့ တမင်တကာ အဆက်အသွယ်ဖြတ်သွားခဲ့တယ်။
(ကျွန်တော့်မှာတော့ အံ့သြခြင်းကြီးစွာ ကျန်ခဲ့ရတယ်)
x
အဲ့ဒီ့ သူငယ်ချင်းက အကောင့်အသစ်တစ်ခု ထပ်ဖွင့်တယ်။ တကယ်ဆိုရင်တော့
သူငယ်ချင်းမိတ်ဆွေတွေဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ နေခဲ့ကြသူအချင်းချင်းပဲ။
အကောင့်အသစ်ဖွင့်တယ်ဆိုရင် ကျွန်တော့်ကို Friend Request ပို့သင့်တာပေါ့လေ။
ဒါပေမယ့် မပို့ခဲ့ဘူး။ ကျွန်တော် စိတ်လည်းမဆိုးခဲ့ပါဘူး။ ကျွန်တော်ပဲ အလိုက်သိစွာ
Friend Request ပို့ပေးခဲ့ပါတယ်။ သူလည်း လက်ခံပေးခဲ့ပါတယ်။
x
မကြာခဏဆိုသလို ကျွန်တော် အွန်လိုင်းမှာရှိနေချိန်တွေမှာ သူ့ကိုလည်း တိုက်ဆိုင်စွာ
မီးစိမ်းနေတာတွေကို မြင်မိတယ်။ သူငယ်ချင်းသံယောဇဉ်နဲ့ သူကများ ကျွန်တော့်ကို
လာနှုတ်ဆက်လာလေမလားလို့ စောင့်နေရင်း ကျွန်တော် တမင်တကာ
သွားပြီးမခေါ်ခဲ့ပါဘူး။ အချိန်ကာလတစ်ခုသာ ကြာသွားပေမယ့် သူက
နှုတ်မဆက်လာဘူး။
x
အဲ့ဒီလိုနဲ့ တစ်ခါတော့ သူ့အွန်လိုင်းက မီးစိမ်းတာတွေ့တော့ ကျွန်တော်ကပဲ အရင်ဦးဆုံး
သွားနှုတ်ဆက်လိုက်တယ်။ သာကြောင်းမာကြောင်းတွေ ပြောဖြစ်ကြတယ်ပေါ့ဗျာ။
အဆင်ပြေချောမွေ့စေဖို့ ဆုတောင်းပေးဖြစ်တယ်ဆိုတာလည်း ကျွန်တော်
ပြောပြဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ ကျွန်တော့်နှုတ်မဆက်တာလဲ၊
Friend request ဘာလို့မပို့တာလဲတို့တော့ သူ့ကို ကျွန်တော်မပြောတော့ပါဘူး။
(သူ့အရင်အကောင့်နဲ့တုန်းက မေးခဲ့ဖူးပေမယ့် တိကျတဲ့အဖြေမရခဲ့ဘူးလေ)
x
သူ့ဘက်က ဘယ်လိုပုံစံမျိုးနဲ့ အဆက်အသွယ်ဖြတ်သွားသလဲ၊ ဘယ်လိုအကြောင်း
တရား တွေကြောင့် အဆက်အသွယ်ဖြတ်ခဲ့သလဲ ဆိုတာ ကျွန်တော် ဒီစာကိုရေးတဲ့
အထိ စဉ်းစားလို့မရဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တမင်တကာ ဟန်ဆောင်
လိမ်ညာပြီး မိတ်ဆွေသူငယ်ချင်းဘဝ မတည်ဆောက်ခဲ့ဖူးဘူး။ အကယ်၍ တခြား
လူတွေက သူ့ကိုလိမ်ညာပြီးဆက်ဆံသွားလို့ အွန်လိုင်းလောကကို စိတ်ကုန်သွားတယ်
ဆိုရင်တောင် ကျွန်တော်ဆိုတာက ဘာကိုမှ မျှော်လင့်ပြီး ခင်မင်ရင်းနှီးမှုတစ်ခုကို တည်ဆောက်ခဲ့တာမဟုတ်ဘူးလေ။ အနည်းဆုံး ကျွန်တော့်ကိုတော့ အဆက်အသွယ်
ထားသင့်တာပေါ့။ အနည်းဆုံး ကျွန်တော်မှားယွင်းခဲ့တာမျိုးရှိရင်တောင် အဲ့ဒီ့အမှားကို
ထောက်ပြပြီး (မင်းကိုငါ မခင်ချင်တော့ဘူး) လို့ ပြောပြသွားသင့်တာပေါ့။
x
ဘာပဲဖြစ်ဖြစ်
ကျွန်တော် အဖြူ စင်ဆုံး ခင်မင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို သူကကျွန်တော့်ကို
စပြီးမခေါ်ခဲ့လည်း၊ သူက..ကျွန်တော့်ကို အပျက်သဘောမျိုး မြင်ခဲ့ရင်လည်း
ကျွန်တော့်ဘက်က စလာမ်စ,ဆိုပြီး ပြောဆိုဆက်ဆံခွင့်ရခဲ့လို့ ကိုယ့်ကိုယ်ကို
ကျေနပ်ကြည်နူးခွင့်ရခဲ့တယ်။ သူက မခေါ်ချင်တာကို ကိုယ်ကစပြီး ခေါ်ခဲ့လို့လည်း
သိက္ခာကျတယ်လို့ မထင်မိခဲ့ပါဘူး။ သန့်ရှင်းတဲ့ မိတ်ဆွေဆိုတဲ့ ခေါင်းစဉ်တစ်ခုကို
အတူတကွ ခိုလှုံခဲ့ဖူးရုံနဲ့ ကျွန်တော့်ထက် အသက်အရွယ် ငယ်ရွယ်တဲ့ သူငယ်ချင်းကို
ကျွန်တော် အမြဲခွင့်လွှတ်ပြီးသားပါ။
x
ကျွန်တော်က ကျွန်တော့်ရှုထောင့်ကို ပြောပြသလို သူ့ဘက်မှာလည်း သူ့ရှုထောင့်
ရှိကောင်း ရှိပါလိမ့်မယ်။ ကျွန်တော်က မှန်ပါတယ်လို့ ကိုယ့်ကိုယ်ကို အာမခံနေတဲ့
အချိန်မှာ သူကလည်း သူ..မမှားပါဘူး၊ ကျွန်တော်သာ မှားတာပါလို့ ယူဆကောင်း
ယူဆနေပါလိမ့်မယ်။ ကျွန်တော်ကတော့ အရိုးသားဆုံးတည်ဆောက်ခဲ့တဲ့
မိတ်ဆွေဘဝလေး အခုလို ဖြစ်သွားတာကို (အကြောင်းအရာ ကွဲကွဲပြားပြားမသိရဘဲ) စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ခဲ့ရပါတယ်။
x
ကျွန်တော့်မှာ ပြစ်ချက်တစ်ခုခုရှိနေရင်လည်း
ကျွန်တော့်ပြစ်ချက်ကို ပြောပြပြီး ကျွန်တော်နဲ့ သူငယ်ချင်းမလုပ်ချင်တော့တဲ့
အကြောင်းကို တရားဝင်လာပြီး အသိပေးတဲ့နေ့တစ်နေ့ ရှိလာပါစေလို့ ဆုတောင်း
မိတယ်။ ပြီးတော့ကျွန်တော့်သူငယ်ချင်းလေး ဘေးမသီရန်မခဘဲ၊ အေးချမ်း
သာယာစေဖို့ သတိရတဲ့အခါတိုင်း တောင်းဆုတွေ ခြွေပေးနေဆဲပါ။
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
တချို့ က မိတ်ဆွေသူငယ်ချင်းဘဝကို တန်ဖိုးထားတယ်။
တချို့ ကတော့ ပေါ့ပျက်ပျက်နိုင်တဲ့ ဆက်ဆံရေးမျိုး ရှိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ကို မနှစ်သက်လို့ဖြစ်ဖြစ်၊ မခင်ချင်တော့လို့ဖြစ်ဖြစ်၊
ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်စေ မပက်သက်ချင်တော့ရင် မိတ်ဆွေမဖြစ်ချင်တော့တဲ့
အကြောင်းအရာကို တိတိလင်းလင်း အသိပေးပါ။ ပဟေဠိတွေနဲ့ လူတစ်ယောက်ရဲ့
နှလုံးသားကို နာကျင်ကြေကွဲမှုတွေအများကြီးနဲ့ မချန်ထားခဲ့ပါနဲ့။
(အဲ့ဒီ့ ခံစားမှုကို ခင်ဗျား ဘယ်တော့မှ ပြန်အလျော်ပေးနိုင်မှာ မဟုတ်လို့ပါ)


No comments:

Post a Comment