Monday, 1 June 2015

ကားအကောင်းစားကြီး စီးသလို စိတ်ဓာတ်အကောင်းစားလည်း မွေးကြစေချင်


ဒီနေ့ စိတ်မကောင်းစရာ သတင်းတစ်ခု ဝင်လာတယ်။
ညီမလေး သဲသဲ ကျောင်းကအပြန်လမ်းမှာ ခြေထောက်ကို ကားကြိတ်ခံရတယ် တဲ့။
အိမ်မှာ အကူလုပ်ပေးနေတဲ့ မိန်းကလေး(၁၆)နှစ်က သဲသဲ(၁၀နှစ်)နဲ့ သူ့အကိုဖြစ်သူ
(၁၂)နှစ် တို့ကို ကျောင်းအပြန်သွားကြိုပြီး သုံးယောက်သား အိမ်ကိုပြန်လာနေကြတုန်း
ဖြစ်တာပါ။ ညီမအလတ်ကလည်း တစ်ခြားနိုင်ငံကနေ ဖုံးဆက်ပြီး အသိပေးတယ်။
သူ့လက်ပေါ်မှာ ကြီးလာတဲ့ ညီမလေးဖြစ်လို့ သူစိုးရိမ်လွန်ပြီး ငိုယိုနေတယ်။
ညီလတ်က ကျွန်တော့်ဆီ ဖုံးဆက်တဲ့ အချိန်မှာ အသံတွေ တုန်ရီနေတယ်။
ဒေါသလည်း ထွက်နေတယ်။
x
အကြောင်းရင်းက ကားအကြိတ်ခံရတာဟာ ကျောင်းဆင်းချိန် နေ့လည် (၃)
နာရီဝန်းကျင်ဖြစ်ပြီး၊ သူဖုံးဆက်တဲ့အချိန် ညနေ(၅)နာရီ ကျော်တဲ့အထိ
အဆက်အသွယ်လုံးဝ မရဘူးတဲ့။ ဘယ်သူကမှလည်း ဖုံးဆက်မလာဘူးတဲ့။ သူလည်း အနီးစပ်ဆုံး ဆေးခန်းတွေ၊ ဆေးရုံတွေ လိုက်သွားတယ်။ ကျွန်တော်နဲ့ စကားပြောတဲ့
အချိန်မှာ သူက ကားမောင်းရင်း ရန်ကုန်ဆေးရုံကြီးကို လိုက်သွားနေတဲ့အချိန်။
ဆေးရုံကြီးမှာလည်း ရှာလို့မရတဲ့အဆုံး ပြန်လာတော့မှ အိမ်အပြန်လမ်းမှာ ကလေးတွေ အိမ်ကို ပြန်ရောက်ပြီဖြစ်တဲ့အကြောင်း အိမ်ကိုရောက်နေတဲ့ အဒေါ်တစ်ယောက်က ဖုံးဆက်ပြီး ပြောတယ်။
x
ညီလတ်လည်း အိမ်ကိုအမြန်လိုက်သွားပြီး အခြေအနေကို လိုက်ကြည့်တယ်။
ဖြစ်ပုံက....ဒီလိုပါ။
ကားအကြိတ်ခံရတဲ့နေရာက လမ်းသွယ်ဖြစ်တဲ့အတွက် ကားအရှိန်က နည်းတယ်။
အဲ့ဒါကြောင့် ခြေထောက်က သိပ်ပြီးဆိုးဆိုးရွားရွား ဖြစ်မသွားဘူးလို့ ဆိုတယ်။
ကားမောင်းတာကတော့ အမျိုးသမီးလို့ ပြောတယ်။ ကားကြိတ်ပြီးတာနဲ့ အနီးနားက
ဆေးခန်းကို ခေါ်သွားတယ်လို့ ပြောတယ်။ ဆေးခန်းက လက်မခံဘဲ ဆေးရုံကြီးကို
ပို့ပေးဖို့ ညွှန်ကြား လိုက်တယ်။ အဲ့ဒါနဲ့ အဲ့ဒီ့အမျိုးသမီးက ပုဂ္ဂလ္လိက ဆေးရုံတစ်ခုမှာ ဓာတ်မှန်ဝင်ရိုက်ပေး၊ ပတ်တီးစည်းပေးပြီးတော့ ကလေး(၃) ယောက်ကို ဆေးဖိုးဆိုပြီး
ငွေ ငါးသောင်းပေးပြီး ကားငှားပေးလိုက်တယ်လို့ပြောတယ်။
x
ကလေးတွေကို သေချာမေးကြည့်တော့မှ အကျိုးအကြောင်းကို သေချာသိရတယ်။
ကားအကြိတ်ခံရတဲ့နေရာက အိမ်နဲ့ ၃မိနစ်-၅မိနစ် လောက်ပဲ ဝေးတဲ့နေရာမှာဖြစ်လို့
ကလေးတွေက အိမ်က အစ်ကိုတွေကို ဖုံးဆက်ပြီး အကြောင်းကြားဖို့ ကားမောင်းတဲ့
အမျိုးသမီးကို ပြောတယ်တဲ့။ ဒါပေမယ့် အမျိးသမီးက လုံးဝ ဖုံးမဆက်ဖို့တားတယ်လို့
ဆိုတယ်။ အိမ်က စိတ်ပူနေမယ်လို့ ပြောတော့လည်း စိတ်မပူနဲ့လို့ပဲ ပြောတယ်တဲ့။
နောက်ဆုံး ပုဂ္ဂလ္လိက ဆေးရုံတစ်ခုမှာ ပတ်တီးစည်းပေးခိုင်း၊ ငွေငါးသောင်းပေးပြီး
ကားငှားပေးလိုက်တယ်တဲ့။ ကလေးတစ်ယောက်ကတော့ အဲ့ဒီ့ ကားနံပါတ်ကို
သေသေချာချာ မှတ်ခဲ့တယ်တဲ့။
x
လူဆိုတာ အရေးအကြောင်းဖြစ်လာရင် ကိုယ့်ဘက်ကို အရင်ကြည့်တတ်ကြတာကို
ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့်ဗျာ...
(၁)
ယဉ်တိုက်မှု ဖြစ်တာနဲ့ ကားမောင်းသူအနေနဲ့ မိဘအုပ်ထိန်းသူကို အကြောင်း
ကြားသင့်တယ်လေ။ ဘယ်ဆေးခန်းမှာ ပြနေတယ်ဆိုတာကို အသိပေးသင့်တာပေါ့။
(၂)
ကလေး(၃) ယောက်မှာ (၂)ယောက်က ဖုန်းပါတယ်။ ကလေးတွေက အိမ်ကအစ်ကို
တွေကို ဖုံးဆက်ပြီး အကြောင်းကြားလိုက်မယ်လို့ ပြောတာကို ဘာလို့လက်မခံခဲ့တာလဲ။
(၃)
ဖုန်းပေးမဆက်တဲ့ ကိစ္စကိုဘေးဖယ်ထားလိုက်ဦး။ ပတ်တီးစည်းပေးပြီး ငွေငါးသောင်း
ပေးလိုက်ရုံနဲ့ ပြီးသွားရောလား၊ မိဘအုပ်ထိန်းသူတွေဆီကို အရောက်လိုက်ပို့ပြီးတော့
အကျိုးအကြောင်း သေချာပြောပြသင့်တယ်မဟုတ်လား။
x
ကားမောင်းရင် ကားတိုက်မှု ဖြစ်တတ်တယ်ဆိုတာ ကျွန်တော်လက်ခံနိုင်ပါတယ်။
ဒါပေမယ့် တစ်ဘက်သားပေါ်မှာလည်း ကိုယ်ချင်းစာစိတ်လေးတော့ ရှိသင့်တာပေါ့။
ဒါတောင် ကားတိုက်တာက ရပ်ကွက်ထဲမှာဖြစ်တဲ့အတွက် ထွက်ပြေးလို့မရလို့သာ
ဆေးခန်းလိုက်ပြပေးတာလို့ ယူဆရမလိုဖြစ်နေတယ်။ ကားတိုက်လိုက်ပေမယ့်
ကားတိုက်မိမိချင်း မိသားစုကို ဖုန်းဆက်အကျိုးအကြောင်းပြောပြမယ်ဆိုရင်
တော်သေးတယ်။ အခုတော့ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ အစ်ကိုဖြစ်သူနဲ့
အစ်မဖြစ်သူရဲ့ ရင်ထဲမှာ ဗလောင်းဆန်နေတာ၊ ရန်ကုန်မှာရှိနေတဲ့ အစ်ကိုလတ်ရဲ့ ဆေးရုံဆေးခန်းတွေ၊ တစ်ခုပြီးတစ်ခု လိုက်ရှာလိုက်ပြီး သောက
များနေရတဲ့ ဒုက္ခ၊ ရန်ကုန်နဲ့ ၃နာရီနီးပါး ကားမောင်းရတဲ့ ခရီးဝေးတစ်ခုကို ရောက်နေတဲ့ အဖေတစ်ယောက်ရဲ့ ဝေဒနာတွေကို ဘယ်လိုပုံစံနဲ့ အလျော်ပေးမှာလဲ...။
x
အခု ကျွန်တော် ဒီစာကို ရေးနေတဲ့ရန်ကုန်အချိန် ည(၁၀း၃၀) မှာ အဖေနဲ့ ညီလတ်က
ကလေးနဲ့အတူ ရန်ကုန်ဆေးရုံကြီးမှာ ရှိနေတယ်။ ကလေးခြေထောက် အခြေအနေကို
သေသေချာချာမသိရသေးလို့ ဆေးရုံကို ပြန်ခေါ်သွားကြတာပါ။ ကျွန်တော်နဲ့ အဖေ
ခဏလေး စကားပြောဖြစ်တယ်။ အဖေက တော်ရုံအမှုအခင်းကိစ္စတွေ
လုံးဝမလုပ်ချင်သူပါ။ ကိုယ်နစ်နာရင်တောင် အနစ်နာခံပြီး အမှုအခင်းကိစ္စတွေနဲ့
ဝေးဝေးနေတဲ့သူပါ။ ဒါပေမယ့် ဒီကိစ္စမှာတော့ လမ်းဘေးက မိဘမဲ့သားသမီးတွေကို လုပ်နေကျပုံစံအတိုင်း အဲ့ဒီ့လို လုပ်တတ်တဲ့ အဲ့ဒီ့အမျိုးသမီးရဲ့  အပြုအမူကို လုံးဝ
မကျေနပ်တဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ အဖေ့အတွက်က
သူ့သမီး ကားအတိုက်ခံရတဲ့ကိစ္စထက်၊ ကလေးတွေက ဖုံးဆက်ပြီး မိသားစုကို
အကြောင်းကြားဖို့ ခွင့်တောင်းခဲ့တာကို လက်မခံခဲ့ရုံမျှ မကဘဲ ငွေငါးသောင်းပေးပြီး
အိမ်ပြန်လွှတ်လိုက်တဲ့ အဲ့ဒီ့ ကားမောင်းသူအမျိုးသမီးရဲ့ လူမဆန်တဲ့ လုပ်ရပ်နဲ့
စိတ်ဓာတ်ကို လုံးဝမကျေနပ်တဲ့အတွက် အမှုဖွင့်တိုင်ကြားလိုက်တယ်လို့ ဆိုပါတယ်။ အဖေ့ခမျာ သမီးဇောနဲ့ အလုပ်တွေအားလုံးကို ပစ်ပြီး ၃နာရီခရီးကို အမြန်ဆုံးနည်းနဲ့
ပြန်လာ ရရှာတယ်။ ၃ နာရီတာ အဖေခံစားခဲ့ရတဲ့ အဲ့ဒီ့သောကကို ကားမောင်းတဲ့
အမျိုးသမီး ပြန်လျော်ပေးနိုင်မှာလားဗျာ။
x
ဘာပဲဖြစ်ဖြစ်
အသျှင့်ကျေးဇူးတော်နဲ့ သိပ်ပြီး ဆိုးဆိုးရွားရွားကြီး ဖြစ်မသွားတာကိုပဲ
ကျေနပ်မိပါတယ်။ ကိုယ်လွတ်ရုန်းတတ်တာ လူ့သဘာဝဆိုပေမယ့် တစ်ဘက်သား
ကိုလည်း ကိုယ်ချင်းစာငဲ့ညှာပေးကြပါလို့ အကြံပြုလိုပါတယ်။ ကားအကောင်းစားကြီး
စီးနိုင်သလို စိတ်ဓာတ်အကောင်းစားကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေဗျာ။ ပြီးတော့
စာဖတ်သူတွေအနေနဲ့လည်း မိမိသားသမီးတွေကို ကားအတိုက်ခံရတာမျိုး၊ အက်စီးဒင့်တစ်ခုခုဖြစ်လာရင် ဘယ်လိုတွေ လုပ်သင့်တယ်ဆိုတာကို သေသေချာချာ
ပြောဆိုသင်ကြားပေးထားစေချင်ပါတယ်လို့ ပြောရင်း။
-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment