Sunday, 3 May 2015

(အမြင်)မတူပေမယ့် အလုပ်ဖြစ်တတ်တယ်(ဟာသ)



မှတ်ချက်။
ဤဟာသရှည်သည်
ကျွန်တော်နားထောင်ခဲ့ဖူးသည့် ဟာသတိုလေးတစ်ခုအား အခြေခံပြီး
ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ကြားဖူးနားဝဖြစ်ပါက ကျော်သွားကြကုန်။
x
ဟိုးရှေးရှေးတုန်းက အမည်မဲ့ တိုင်းပြည်တစ်ခုမှာ အမည်မသိ ဘုရင်ကြီးတစ်ပါးရှိတယ်။ ဘုရင်ကြီးက ခေတ်စကားနဲ့ပြောရင် အတွေးအခေါ် ကောင်းတယ်ပေါ့။ ပြီးတော့ သူက စာဖတ်တဲ့အကျင့်ရှိတော့ ရှေးခေတ်ဘုရင်ကြီးတွေ၊ ပညာရှိတွေ ဘယ်လို တရားစီရင်သလဲ ဆိုတာကို အမြဲအတုယူ လေ့လာလေ့ရှိသတဲ့။ သူလေ့လာသလောက်ကတော့ ပညာရှိ
သုခမိန်ကြီး မဟောသဓာရဲ့ တရားစီရင်တဲ့အကွက်တွေဟာ အံ့မခန်းပဲပေါ့။
x
ဒီလိုနဲ့ ဘုရင်ကြီးဟာ မဟောသဓာရဲ့ အတ္ထုပ္ပတ္တိနဲ့ တရားစီရင်တာတွေကို အဆက်မပြတ် လေ့လာလိုက်စားလိုက်တာ တော်တော်လေးခရီးပေါက်ခဲ့တယ်ဆိုပဲ။
အဲဒီထဲမှာ သူအထင်ကြီးလေးစားဆုံးအကွက်က မဟောသဓာက အမရာကို
လက်သီးဆုပ်ပြတဲ့အကွက်ပဲတဲ့။ စကားတစ်လုံးမှ မပြောဘဲ လက်သီးဆုပ်ပြလိုက်ရုံနဲ့ 
ချက်ချင်း လက်ဝါးပြန်ဖြန့်ပြီး အဖြေပေးနိုင်တဲ့ အမရာကိုလည်း တိတ်တိတ်ကလေး အထင်ကြီးလေးစားပါသတဲ့။
x
အမရာဟာ မဟောသဓာနဲ့ တစ်ခြား နှုတ်မေး နှုတ်ဖြေတွေ မလုပ်ခင် လက်ဟန်နဲ့ အသံတိတ် မေးခွန်းရဲ့ အဖြေကို ပေးနိုင်ကတည်းက မဟောသဓာရဲ့ 
အထင်ကြီးလေးစားမှုကို ရခဲ့တဲ့သူလည်း ဖြစ်တယ်ဆိုတာကို ဘုရင်ကြီးက
သိထားတယ်။ တစ်ပြိုင်နက်တည်းသူလည်း မဟောသဓာရဲ့ အသံတိတ်
မေးခွန်းမေးနည်းကို လက်တွေ့ အသုံးချချင်စိတ် ဖြစ်တယ်။
x
ပြီးတော့ သူ့ တိုင်းပြည်မှာ အမရာလိုချက်ချင်းအသံတိတ် ပြန်ဖြေနိုင်တဲ့ ပညာအရှိဆုံး အရေအတွက် (အမျိုးသား၊အမျိုးသမီး) ဘယ်နှစ်ယောက် ရှိသလဲလို့ သိချင်တယ်။
ဒါပေမယ့် သူ့အလှည့်ကျရင်တော့ မဟောသဓာလို မေးခွန်း (၁) ခုတည်း မမေးဘဲ
မေးခွန်း (၃) ခွန်း မေးပစ်လိုက်မယ်လို့ ကြိမ်းဝါးထားတယ်။
x
အဲဒါနဲ့ တိုင်းသူပြည်သားတွေအတွက် မေးခွန်း(၃) ခွန်း စီစဉ်ထားတယ်။
အဲဒီမေးခွန်း ၃ခုလုံးကို မှန်အောင် ဖြေနိုင်သူကို ပညာရှိအဖြစ် သတ်မှတ်ပြီး ဆုတော်ငွေတွေလည်း ချီးမြှင့်မယ်လို့ တိုင်းပြည်မှာ ကြေငြာလိုက်တယ်။
အဲဒါနဲ့ တိုင်းပြည်မှာ ရှိတဲ့ ပညာရှိ မှူးမတ်တွေ၊ ဆရာကြီးတွေအားလုံး နန်းရင်ပြင်မှာ စုရုံးလာကြတာပေါ့လေ။
x
နန်းရင်ပြင်မှာ လူတွေစုံသလောက်ရှိလာတဲ့အခါကျတော့ ဘုရင်ကြီးက
သူ့ရဲ့ အသံတိတ် မေးခွန်း (၃)ခုကို မေးပါသတဲ့။
x
မေးခွန်းနံပါတ် (၁)
လက်ငါးချောင်း ထောင်ပြ ပါသတဲ့။
x
မေးခွန်းနံပါတ် (၂)
ရင်ဘတ်ကို ပုတ်ပြသတဲ့။
x
မေးခွန်းနံပါတ် (၃)
လက်မောင်းကို ထုတ်ပြပါသတဲ့။
x
ဘုရင်ကြီးက မေးတဲ့ မေးခွန်း (၃)ခုကို နန်းရင်ပြင်မှာရှိတဲ့ ပညာရှိအမတ်ကြီးတွေကော၊ မှူးမတ်အရာရှိတွေကော ဘယ်သူကမှ အဖြေမပေးနိုင်ဘူး။ မှူးမတ်တွေ၊ ဝန်ကြီးတွေ
အားလုံး လက်မှိုင်ချ တိတ်ဆိတ်နေကြတော့ ဘုရင်ကြီးလည်း အမရာလို
ချက်ချင်းပြန်ဖြေနိုင်စွမ်းရှိတဲ့ ပညာရှိမျိုး သူ့ တိုင်းပြည်မှာမရှိလေခြင်း ဆိုတဲ့အသိနဲ့  ဝမ်းနည်းငုတ်တုတ်(ဝမ်းနည်းပက်လက် မဖြစ်နိုင်တာ ရာဇပုလ္လင် ပေါ်မှာဖြစ်နေလို့)
ဖြစ်နေတုန်းမှာပဲ နန်းရင်ပြင်ထဲကို ဒယီးဒယိုင် ဝင်လာတဲ့ (ကဆော်သမား)
အရက်မူးသမားတစ်ယောက်ကို တွေ့ လိုက်တယ်။
x
" ဒီမှာ ပညာရှိရှာမရလို့ စိတ်ညစ်ရတဲ့အထဲ အရက်မူးသမားက တမှောင့်...
အပြင်ကိုဆွဲထုတ်ချေ" ဆိုပြီး မင်းချင်းတွေကို မိန့်လိုက်တယ်။ ဒါပေမယ့်
အရက်သမားက သူဟာ အရက်မူးသမားဖြစ်ပေမယ့် ဘုရင်ကြီးမေးထားတဲ့ မေးခွန်း
သုံးခုရဲ့ အဖြေကို သိတဲ့အတွက် ဖြေချင်ကြောင်း လျှောက်ထားတော့ ဘုရင်ကြီးက ဝမ်းသာအားရ ဖြေခွင့်ပေးလိုက်တယ်။
x
ဘုရင်ကြီးရဲ့ ခွင့်ပြုမိန့် ကို ရပြီးတာနဲ့ အရက်သမားက မေးခွန်းတွေ စတင်ဖြေဆို
ပါတော့တယ်။ သူဖြေတဲ့ အဖြေတွေကတော့…
x
မေးခွန်းနံပါတ် (၁) လက်ငါးချောင်း ထောင်ပြ တဲ့အတွက်
အရက်သမားရဲ့အဖြေနံပါတ် (၁) - လက်ဆယ်ချောင်း ပြန်ထောင်ပြ သတဲ့။
x
မေးခွန်းနံပါတ် (၂) ရင်ဘတ်ကို ပုတ်ပြ တဲ့ အတွက်
အရက်သမားရဲ့ အဖြေနံပါတ် (၂) - ရင်ဘတ်ရော ကျောရော ပြန်ပုတ်ပြ သတဲ့။
x
မေးခွန်းနံပါတ် (၃) လက်မောင်းကို ထုတ်ပြ တဲ့ အတွက်
အရက်သမားရဲ့ အဖြေနံပါတ် (၃) ပုဆိုးကိုလှန်ပြ သွားလေသတဲ့။
x
အဲဒီလို စကားတစ်လုံးမှ မပြောရဘဲ အသံတိတ် တရစပ် ဟန်ပန်နဲ့ ဖြေသွားတဲ့
အရက်မူးသမားရဲ့ အဖြေကို သဘောတော်တွေ့သွားတဲ့ ဘုရင်ကြီးက
အရက်မူးသမားကို ဆုတော်ငွေတွေအများကြီး ချီးမြှင့်လိုက်သတဲ့။
သာမန်အားဖြင့်တော့ ပုံပြင်လေးက ဤတွင် ပြီးဆုံးပါပြီပေါ့။ ဒါပေမယ့်
ဒီပုံပြင်လေးမှာ ဘုရင်ကြီးရဲ့ အတွေးအမြင်နဲ့ အရက်သမားရဲ့ အတွေးအမြင်ဆိုပြီး စိတ်ဝင်စားစရာ နောက်ဆက်တွဲလေး ကျန်ခဲ့ပါသေးတယ်။
x
x
# ဘုရင်ကြီး တွေးမိတဲ့ အတွေး #
~~~~~~~~~~~~~~~~~~~~~

မေးခွန်းနံပါတ် (၁)
x
ဘုရင်ကြီးမေး ။ ။
မင်းကျင့်တရားငါးပါးနဲ့အညီ ငါဘုရင်ကြီး အုပ်ချုပ်နိုင်ရဲ့လား
( လက်ငါးချောင်း ထောင်ပြခြင်း)
အရက်သမားဖြေ။ ။
မင်းကျင့်တရားငါးပါးတင်မကဘူး။ ဆယ်ပါးနဲ့ပါ ပြည့်စုံပါပေတယ်။
( လက်ဆယ်ချောင်း ပြန်ထောင်ပြခြင်း )
x
x
မေးခွန်းနံပါတ် (၂)
x
ဘုရင်ကြီးမေး။ ။
တိုင်းပြည်ကို ရင်အုပ်မကွာ စောင့်ရှောက်နိုင်ရဲ့လား?
(ရင်ဘတ်ကို ပုတ်ပြခြင်း)
အရက်သမားဖြေ။ ။
ရင်အုပ်မကွာ စောင့်ရှောက်ရုံတင်မကဘူး။
ကျောသား၊ ရင်သားပါ မခွဲခြားဘဲ အုပ်ချုပ်နိုင်ပါပေတယ်။
( ရင်ဘတ်ရော ကျောရော ပြန်ပုတ်ပြခြင်း )
x
x
မေးခွန်းနံပါတ် (၃)
x
ဘုရင်ကြီးမေး ။ ။
ငါဘုရင်ကြီး လက်ရုံးရည်နဲ့ ပြည့်စုံရဲ့လား?
(လက်မောင်းကို ထုတ်ပြခြင်း)
အရက်သမားဖြေ။ ။
လက်ရုံးရည်တင်မကပါဘူး။ နှလုံးရည်နဲ့ပါ ပြည့်စုံပါပေတယ်။
(ပုဆိုးကိုလှန်ပြခြင်း)
x
x
# အရက်သမား တွေးမိတဲ့ အတွေး #
~~~~~~~~~~~~~~~~~~~~~~~~
မေးခွန်းနံပါတ် (၁)
x
ဘုရင်ကြီးမေး။ ။
မင်း အရက်ငါးလုံး ကုန်အောင် သောက်နိုင်လား?
( လက်ငါးချောင်း ထောင်ပြခြင်း)
အရက်သမားဖြေ။ ။
အရက် ငါးလုံးတင်မကဘူး။ ဆယ်လုံးတောင် သောက်နိုင်တယ်။
( လက်ဆယ်ချောင်း ပြန်ထောင်ပြခြင်း )
x
x
မေးခွန်းနံပါတ် (၂)
x
ဘုရင်ကြီးမေး။ ။
အဲလောက်သောက်တာ မင်းရင်တွေ မပူဘူးလား?
(ရင်ဘတ်ကို ပုတ်ပြခြင်း)
အရက်သမားဖြေ။ ။
၁၀လုံးသောက်မှတော့ ရင်တွေတင်ဘယ်ကမလဲ။ ကျောတွေပါ ပူတယ်။
( ရင်ဘတ်ရော ကျောရော ပြန်ပုတ်ပြခြင်း )
x
x
မေးခွန်းနံပါတ် (၃)
x
ဘုရင်ကြီးမေး။ ။
မင်းက မိုက်လို့လား။
(လက်မောင်းကို ထုတ်ပြခြင်း)
အရက်သမားဖြေ။ ။
မင်းက ဗလအားကိုးနဲ့  ငါ့ကို မိုက်လားလို့ မေးတော့ …
ငါကလည်း မင်းကို ဒါပဲ ထင်တယ်ကွာ။
(ပုဆိုးကိုလှန်ပြခြင်း)
x
x
တစ်ခါတလေကျတော့ တစ်ယောက်နဲ့တစ်ယောက်က အမြင်မတူပေမယ့်လည်း
အလုပ်ဖြစ်သွားတတ်ပါတယ်။ အဓိကတော့ အမှန်တရားနှစ်ခု ထိပ်တိုက်
မတွေ့ကြလို့ပေါ့။ တကယ်လို့ အဲ့ဒီ့အမှန်တရားနှစ်ခုက ထိပ်တိုက်တွေ့ခဲ့ကြရင်
ကျွန်တော်တို့ ခုလို ရယ်မော နိုင်ကြမှာ မဟုတ်ပါဘူး။ ဒီကမ္ဘာမြေမှာ ထိပ်တိုက်မဆုံကြသေးတဲ့ အမှန်တရားတွေ ဘယ်လောက်များများ ပုန်းလျှိုးကွယ်လျှိုး
ရှိနေသလဲလို့ ကျွန်တော်တွေးနေမိတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ...ဘုရင်ကြီးရဲ့ အသံတိတ်
မေးခွန်း (၃) ခွန်းကို အပေါ်မှာ ဖြေသွားတဲ့ အရက်သမားရဲ့ အဖြေနဲ့မတူဘဲ
တမူထူးခြားစွာ အသံတိတ် ဖြေမယ့်သူများ ရှိသေးရင် ကွန့်မန့်လေးများနဲ့ ကြိုတင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း။ ;) ;) ;) ;)
--------------------
အိမ်ဝေးသူ(KZ)



No comments:

Post a Comment