Tuesday, 5 May 2015

အိမ်ထောင်ရေး မပြိုကွဲစေချင်ဘူးဆိုရင်



အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဟာ
ဘဝမှာ တစ်ကြိမ်တစ်ခါတော့
အခြားသော မိန်းမတစ်ယောက်ယောက်ရဲ့
အကျပ်ကိုင် ခြိမ်းခြောက်ခြင်းကို ခံရတတ်တယ်။
(ကိုယ်တိုင်မှားယွင်းသည်ဖြစ်စေ၊ မမှားယွင်းသည်ဖြစ်စေ)
x
အဲ့ဒီ့လို ခြိမ်းခြောက်တဲ့ မိန်းမက
အဲ့ဒီ့ ယောက်ျားရဲ့ ဂုဏ်သိက္ခာနဲ့ မိသားစုဘဝကို
အကြောင်းပြပြီး သူလိုချင်တာတွေကို တောင်းဆိုတတ်တယ်။
x
အဲ့ဒီ့ ယောက်ျားကိုယ်တိုင်က
ငြိစွန်းမှားယွင်းမိတာလည်း ဖြစ်ကောင်းဖြစ်မယ်။
ထောင်ချောက်ဆင်ခံရတာလည်း ဖြစ်တတ်တယ်။
ဘယ်လိုပုံစံမျိုးနဲ့ပဲ ခြိမ်းခြောက်ခံရသည်ဖြစ်ပါစေ
အဲ့ဒီ့လို ကြုံရတဲ့ ယောက်ျားအများစုဟာ
မိမိတို့ရဲ့ မှားယွင်းမှုကြောင့် မိသားစုဘဝလေး
ပြိုကွဲပျက်စီးသွားမှာကိုတော့ စိုးရိမ်ပူပန်ကြောင့်ကြတတ်ကြတယ်။
x
အဲ့ဒီ့လို အခြေအနေမျိုး ကြုံရတဲ့အခါ
x
# အိမ်ထောင်သည်ယောက်ျားလုပ်သင့်တာတွေက #
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁)
မိမိချစ်ဇနီးသည်ကို
အကျိုးအကြောင်း သေသေချာချာ နားဝင်အောင် ပြောပြပါ။
(၂)
မိမိဇနီးက
မိမိအမှားကို သူ့နည်းသူ့ဟန်နဲ့ ရှာတွေ့သွားတဲ့အထိ စောင့်ဆိုင်းမနေပါနဲ့။
(၃)
မိမိမှားယွင်းကြောင်းကို ဇနီးက လက်ခံနိုင်လောက်သည်အထိ တောင်းပန်ပါ။
(၄)
နောင်တစ်ကြိမ်မှာ အဲ့ဒီ့လို အမှားမျိုး ထပ်မကျူးလွန်အောင် ကတိပေးပါ။
(၅)
မိမိ ချစ်ဇနီးရဲ့ အကြံဉာဏ်ကို တောင်းခံပြီး သူမရဲ့ လမ်းညွှန်မှုကို ခံယူပါ။
တစ်ချို့  ပြသနာတွေကို မိန်းမအချင်းချင်း ဖြေရှင်းတာ ပိုကောင်းပါတယ်။
(၆)
နောင်တစ်သက်တာလုံး အဲ့ဒီ့လို ထပ်မဖြစ်အောင် အကောင်းဆုံးနေထိုင်ပါ။
ယုံကြည်မှုဆိုတာ တစ်ကြိမ်တစ်ခါဆုံးရှုံးလိုက်ရုံနဲ့ ပြန်အဖက်ဆယ်ဖို့ ခက်တဲ့
အရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာကို နားလည်ပါ။
x
# အိမ်ထောင်သည် မိန်းမလုပ်သင့်တာတွေက #
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁)
သူ့အမှားကို ကိုယ့်အမှား မဖြစ်ပါစေနဲ့။
မိမိရဲ့ ဆင်မခြင်လုပ်ရပ်တစ်ခုခုကြောင့် မိသားစုဘဝကို မပျက်စီးပါစေနဲ့။
(၂)
မိမိယောက်ျားရဲ့  ဖောက်ပြန်တဲ့သတင်းကို ကြားမိတယ်ဆိုရင်တောင်
ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရင်စုံစမ်းလေ့လာပါ။ အဲ့ဒီ့လို စုံစမ်းနေတဲ့ကာလမှာ
ယောက်ျားဖြစ်သူကို စကားနာထိုးတာမျိုးမလုပ်ဘဲ မသိသလိုနေလိုက်ပါ။
(၃)
ယောက်ျားတစ်ယောက်က ဘဝမှာ တစ်ကြိမ်တစ်ခါတော့
မှားယွင်းတတ်ကြတယ်ဆိုတာကို နားလည်သဘောပေါက်ပါ။
အပြင်လောကနဲ့ ယောက်ျားတွေက ပိုပြီးအထိအတွေ့များတဲ့အတွက
အဲ့ဒီလို ဖြစ်နိုင်ခြေတွေ ပိုများတယ်ဆိုတာကို သေသေချာချာ သိထားပါ။
x
(၄)
အဲ့ဒီလို ဖြစ်လာတဲ့အခါ ကိုယ့်လောက်နီးပါး စိတ်ချရတဲ့သူကလွဲရင်
ကျန်တဲ့သူမျိုးနဲ့ ဆွေးနွေးတိုင်ပင်ခြင်းကို ရှောင်ရှားပါ။
(သတင်းကို အတင်းတစ်ခုလို ဖွတတ်တာပိုများပါတယ်)
x
(၅)
ယောက်ျားဖြစ်သူက
အမှားကိုသိလို့ လှိုက်လှိုက်လှဲလှဲ တောင်းပန်လာရင် သူ့ကို လုံးဝခွင့်လွတ်လိုက်ပါ။
ပြီးတော့ အဲ့ဒီ့လို အမှားမျိုး ထပ်မကျူးလွန်ဖို့ ကတိတောင်းပါ။
(၆)
သိပ်အရေးကြီးတာတစ်ခုက
အဲ့ဒီ့အမှားကို ကတောက်ကဆဖြစ်တိုင်း စားမြုံ့ ပြန်ပြီး ယောက်ျားဖြစ်သူ
စိတ်အနေကျဉ်းကျပ်အောင် ဒုက္ခပေးပြောဆိုခြင်းမျိုးမလုပ်ပါနဲ့။
(မလိုလားအပ်တဲ့ အရွဲ့တိုက်ခြင်းမျိုးတွေ ဆင့်ပွားဖြစ်နိုင်တယ်)
(၇)
မိမိယောက်ျားက ဖုန်းလိုင်းမမိဘူးဆိုပြီး အပြင်ထွက်စကားပြောတာမျိုး၊
ဖုန်းပြောနေတုန်းက အသံတိုးတိုးဖြစ်ပြီး မိမိအနားကို ရောက်သွားတော့မှ
အသံကျယ်ကျယ် စကားထပြောတာမျိုး၊ ပြီးတော့ ညသန်းခေါင်တွေမှာ
အိပ်ယာကထပြီး အိမ်ရှေ့ကုလားထိုင်မှာ တစ်ယောက်တည်း
ဇောချွေးပြန်နေတာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ အိမ်ထောင်ရှင်မအနေနဲ့
မိမိ ချစ်ခင်ပွန်းမှာ ပြသနာတစ်စုံတစ်ခု ရှိနေပြီဆိုတာကို သဘောပေါက်ပါ။
(၈)
မိမိအနေနဲ့
ခင်ပွန်းဖြစ်သူရဲ့ တစ်ကြိမ်တစ်ခါ မှားယွင်းမှုကို ပြင်ဆင်ခွင့်ပေးလိုက်ခြင်းက
မိမိ မိသားစုတစ်စုလုံးရဲ့ ဂုဏ်သိက္ခာကို အသက်ဆက်ရှင်သန်ခွင့်ပေးလိုက်ခြင်းပါပဲ။

--------------------
အိမ်ဝေးသူ(KZ)
--------------------
မှတ်ချက်။
ကျွန်တော် ခင်ဗျားကို မှားဖို့ တိုက်တွန်းတာ မဟုတ်ဘူး။
တစ်ကြိမ်တစ်ခါ မှားခွင့်ရှိတယ်လို့ ပြောတာလည်း မဟုတ်ဘူး။
အကယ်၍ မှားယွင်းခဲ့ရင် ဘယ်လိုပုံစံမျိုး ထိန်းသိမ်းမလဲဆိုတာကို ပြောချင်တာပါ။
ကျွန်တော့် အတွေးအမြင်သက်သက်သာဖြစ်ပါတယ်။
မိသားစုဘဝကို တန်ဖိုးထားလေးစားစေချင်တဲ့ စိတ်စေတနာကို အခြေခံပါတယ်။
လိုအပ်တာ၊ အမြင်မတူတာရှိရင် ဖြည့်စွက်အကြံပေးနိုင်ပါတယ်



No comments:

Post a Comment