Sunday, 31 May 2015

ကျွန်တော်နှင့် ပဟေဠိဖွက်သူများ


တချို့ ပဟေဠိတွေအတွက်
ကျွန်တော်...ကျေနပ်ပျော်ရွှင်ရတယ်။
တချို့ ပဟေဠိတွေအတွက်
ကျွန်တော်...နာကျင်ကြေကွဲရတယ်။
ဆုတောင်းတိုင်း ပြည့်မယ်ဆိုရင်
ပျော်ရွှင်စရာပဟေဠိတွေကို ဖြေရှင်းရင်း
ရှင်သန်နေထိုင်ခွင့် ရချင်ပါသေးတယ်။
x
x
ကျွန်တော့် စိတ်ထဲက တကယ့်ကိုဖြူ ဖြူ စင်စင် ခင်မင်ခဲ့ဖူးတဲ့ (သူငယ်ချင်း)
တစ်ယောက်က အကြောင်းပြချက် တစ်ခုခုမပေးဘဲ ကျွန်တော့်ဘက်က
တစ်စုံတစ်ရာ မှားယွင်းခြင်းမရှိပါဘဲနဲ့ တမင်တကာ အဆက်အသွယ်ဖြတ်သွားခဲ့တယ်။
(ကျွန်တော့်မှာတော့ အံ့သြခြင်းကြီးစွာ ကျန်ခဲ့ရတယ်)
x
အဲ့ဒီ့ သူငယ်ချင်းက အကောင့်အသစ်တစ်ခု ထပ်ဖွင့်တယ်။ တကယ်ဆိုရင်တော့
သူငယ်ချင်းမိတ်ဆွေတွေဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ နေခဲ့ကြသူအချင်းချင်းပဲ။
အကောင့်အသစ်ဖွင့်တယ်ဆိုရင် ကျွန်တော့်ကို Friend Request ပို့သင့်တာပေါ့လေ။
ဒါပေမယ့် မပို့ခဲ့ဘူး။ ကျွန်တော် စိတ်လည်းမဆိုးခဲ့ပါဘူး။ ကျွန်တော်ပဲ အလိုက်သိစွာ
Friend Request ပို့ပေးခဲ့ပါတယ်။ သူလည်း လက်ခံပေးခဲ့ပါတယ်။
x
မကြာခဏဆိုသလို ကျွန်တော် အွန်လိုင်းမှာရှိနေချိန်တွေမှာ သူ့ကိုလည်း တိုက်ဆိုင်စွာ
မီးစိမ်းနေတာတွေကို မြင်မိတယ်။ သူငယ်ချင်းသံယောဇဉ်နဲ့ သူကများ ကျွန်တော့်ကို
လာနှုတ်ဆက်လာလေမလားလို့ စောင့်နေရင်း ကျွန်တော် တမင်တကာ
သွားပြီးမခေါ်ခဲ့ပါဘူး။ အချိန်ကာလတစ်ခုသာ ကြာသွားပေမယ့် သူက
နှုတ်မဆက်လာဘူး။
x
အဲ့ဒီလိုနဲ့ တစ်ခါတော့ သူ့အွန်လိုင်းက မီးစိမ်းတာတွေ့တော့ ကျွန်တော်ကပဲ အရင်ဦးဆုံး
သွားနှုတ်ဆက်လိုက်တယ်။ သာကြောင်းမာကြောင်းတွေ ပြောဖြစ်ကြတယ်ပေါ့ဗျာ။
အဆင်ပြေချောမွေ့စေဖို့ ဆုတောင်းပေးဖြစ်တယ်ဆိုတာလည်း ကျွန်တော်
ပြောပြဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ ကျွန်တော့်နှုတ်မဆက်တာလဲ၊
Friend request ဘာလို့မပို့တာလဲတို့တော့ သူ့ကို ကျွန်တော်မပြောတော့ပါဘူး။
(သူ့အရင်အကောင့်နဲ့တုန်းက မေးခဲ့ဖူးပေမယ့် တိကျတဲ့အဖြေမရခဲ့ဘူးလေ)
x
သူ့ဘက်က ဘယ်လိုပုံစံမျိုးနဲ့ အဆက်အသွယ်ဖြတ်သွားသလဲ၊ ဘယ်လိုအကြောင်း
တရား တွေကြောင့် အဆက်အသွယ်ဖြတ်ခဲ့သလဲ ဆိုတာ ကျွန်တော် ဒီစာကိုရေးတဲ့
အထိ စဉ်းစားလို့မရဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တမင်တကာ ဟန်ဆောင်
လိမ်ညာပြီး မိတ်ဆွေသူငယ်ချင်းဘဝ မတည်ဆောက်ခဲ့ဖူးဘူး။ အကယ်၍ တခြား
လူတွေက သူ့ကိုလိမ်ညာပြီးဆက်ဆံသွားလို့ အွန်လိုင်းလောကကို စိတ်ကုန်သွားတယ်
ဆိုရင်တောင် ကျွန်တော်ဆိုတာက ဘာကိုမှ မျှော်လင့်ပြီး ခင်မင်ရင်းနှီးမှုတစ်ခုကို တည်ဆောက်ခဲ့တာမဟုတ်ဘူးလေ။ အနည်းဆုံး ကျွန်တော့်ကိုတော့ အဆက်အသွယ်
ထားသင့်တာပေါ့။ အနည်းဆုံး ကျွန်တော်မှားယွင်းခဲ့တာမျိုးရှိရင်တောင် အဲ့ဒီ့အမှားကို
ထောက်ပြပြီး (မင်းကိုငါ မခင်ချင်တော့ဘူး) လို့ ပြောပြသွားသင့်တာပေါ့။
x
ဘာပဲဖြစ်ဖြစ်
ကျွန်တော် အဖြူ စင်ဆုံး ခင်မင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို သူကကျွန်တော့်ကို
စပြီးမခေါ်ခဲ့လည်း၊ သူက..ကျွန်တော့်ကို အပျက်သဘောမျိုး မြင်ခဲ့ရင်လည်း
ကျွန်တော့်ဘက်က စလာမ်စ,ဆိုပြီး ပြောဆိုဆက်ဆံခွင့်ရခဲ့လို့ ကိုယ့်ကိုယ်ကို
ကျေနပ်ကြည်နူးခွင့်ရခဲ့တယ်။ သူက မခေါ်ချင်တာကို ကိုယ်ကစပြီး ခေါ်ခဲ့လို့လည်း
သိက္ခာကျတယ်လို့ မထင်မိခဲ့ပါဘူး။ သန့်ရှင်းတဲ့ မိတ်ဆွေဆိုတဲ့ ခေါင်းစဉ်တစ်ခုကို
အတူတကွ ခိုလှုံခဲ့ဖူးရုံနဲ့ ကျွန်တော့်ထက် အသက်အရွယ် ငယ်ရွယ်တဲ့ သူငယ်ချင်းကို
ကျွန်တော် အမြဲခွင့်လွှတ်ပြီးသားပါ။
x
ကျွန်တော်က ကျွန်တော့်ရှုထောင့်ကို ပြောပြသလို သူ့ဘက်မှာလည်း သူ့ရှုထောင့်
ရှိကောင်း ရှိပါလိမ့်မယ်။ ကျွန်တော်က မှန်ပါတယ်လို့ ကိုယ့်ကိုယ်ကို အာမခံနေတဲ့
အချိန်မှာ သူကလည်း သူ..မမှားပါဘူး၊ ကျွန်တော်သာ မှားတာပါလို့ ယူဆကောင်း
ယူဆနေပါလိမ့်မယ်။ ကျွန်တော်ကတော့ အရိုးသားဆုံးတည်ဆောက်ခဲ့တဲ့
မိတ်ဆွေဘဝလေး အခုလို ဖြစ်သွားတာကို (အကြောင်းအရာ ကွဲကွဲပြားပြားမသိရဘဲ) စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ခဲ့ရပါတယ်။
x
ကျွန်တော့်မှာ ပြစ်ချက်တစ်ခုခုရှိနေရင်လည်း
ကျွန်တော့်ပြစ်ချက်ကို ပြောပြပြီး ကျွန်တော်နဲ့ သူငယ်ချင်းမလုပ်ချင်တော့တဲ့
အကြောင်းကို တရားဝင်လာပြီး အသိပေးတဲ့နေ့တစ်နေ့ ရှိလာပါစေလို့ ဆုတောင်း
မိတယ်။ ပြီးတော့ကျွန်တော့်သူငယ်ချင်းလေး ဘေးမသီရန်မခဘဲ၊ အေးချမ်း
သာယာစေဖို့ သတိရတဲ့အခါတိုင်း တောင်းဆုတွေ ခြွေပေးနေဆဲပါ။
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
တချို့ က မိတ်ဆွေသူငယ်ချင်းဘဝကို တန်ဖိုးထားတယ်။
တချို့ ကတော့ ပေါ့ပျက်ပျက်နိုင်တဲ့ ဆက်ဆံရေးမျိုး ရှိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ကို မနှစ်သက်လို့ဖြစ်ဖြစ်၊ မခင်ချင်တော့လို့ဖြစ်ဖြစ်၊
ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်စေ မပက်သက်ချင်တော့ရင် မိတ်ဆွေမဖြစ်ချင်တော့တဲ့
အကြောင်းအရာကို တိတိလင်းလင်း အသိပေးပါ။ ပဟေဠိတွေနဲ့ လူတစ်ယောက်ရဲ့
နှလုံးသားကို နာကျင်ကြေကွဲမှုတွေအများကြီးနဲ့ မချန်ထားခဲ့ပါနဲ့။
(အဲ့ဒီ့ ခံစားမှုကို ခင်ဗျား ဘယ်တော့မှ ပြန်အလျော်ပေးနိုင်မှာ မဟုတ်လို့ပါ)


Saturday, 30 May 2015

ခေတ်သစ် ယဉ်ကျေးပျူ ငှာစွာ ဆဲဆိုနည်းများ



အေရိုး၊ ငိုးမသား၊ ယီးပဲ၊ ဖျင်ယား၊ ဖျင်ခံ
ဖျာသည်မ၊ နမလ၊ ကမကလ၊ ငလမသ၊ ဖသမသ။
x
တကယ်တော့
ဒီလို အသုံးအနှုန်းတွေကို ကျွန်တော်မတင်ပြချင်ပါဘူး။
ဒါပေမယ့် သတိလက်လွတ် ဆဲဆိုနေကြတာတွေကို
မကြာခဏဆိုသလို တွေ့တွေ့နေရလို့ ရေးဖြစ်သွားတာပါ။
အခုလည်း ကျွန်တော် မြင်မိသမျှလောက်သာ ရေးပြလိုက်တာပါ။
ကျွန်တော် မသိ၊ မမြင်သေးတဲ့ ဆဲနည်းတွေ အများကြီး ရှိဦးမှာပါ။
x
ကျွန်တော်တို့က
မိမိ ဒေါသကို ထိန်းသိမ်းခြင်းမရှိဘဲ (သို့)
ထိန်းသိမ်းမြိုသိပ်နိုင်အောင် မကြိုးစားဘဲ
ဒီလို သွယ်ဝိုက်တဲ့ ဆဲဆိုနည်းတွေသုံးပြီး
အပြိုင်အဆိုင် ဆဲဆိုပုတ်ခတ်နေကြတာတွေဟာ
အင်မတန်မှ အကျည်းတန်လွန်းလှပါတယ်။
(အထူးသဖြင့် မွတ်စလင်မ်တွေ ပိုပြီး ထိန်းသိမ်းရမှာပါ)
x
မိမိကတော့
လူတွေ အမြင်မရိုင်းလောက်မယ့် သွယ်ဝိုက်အသုံးတွေကိုသုံးပြီး
ဆဲဆိုလိုက်ပေမယ့် မြင်ရတဲ့သူတွေက ဘာကို ဆိုလိုမှန်းတန်းသိကြတာပဲ။
သိပ်ဆိုးရွားတာက ဒေါသအလျောက် ဆဲဆိုတတ်တာ လုပ်လေ့လုပ်ထ ရှိကြပေမယ့်
ဆဲတတ်တဲ့ အကျင့်ဆိုးက မိမိဆီမှာ ရောဂါတစ်ခုလို ကပ်ပြီး ပါလာတတ်တာပါပဲ။
x
တစ်ခါတလေ စိတ်ပျက်စရာတချို့ ကို မျက်စိနဲ့ မြင်ရတတ်တယ်။
အဲ့ဒါက ဘာလဲဆိုတော့
မွတ်စလင်မ် မိတ်ဆွေတချို့ ရဲ့ စိတ်ပျက်စရာ စတေးတပ်စ်တွေပါ။

@ စတေးတပ်စ်(၁) @
Jummah Mubarrak to my dear friends ဆိုတာမျိုးတွေ ရေးထားတယ်။
သောကြာနေ့အတွက် ကောင်းချီးမင်္ဂလာအကြောင်းတွေ ပြောထားတာပေါ့။

@ စတေးတပ်စ်(၂) @
ငိုးမသားတွေ.............xxxxxxxxxxxxက#$%^&xxxxxxxxxxxxxxxxx။
ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် ယဉ်ကျေးစွာ ဆဲဆိုထားတာတွေပေါ့။

ဒီလိုတွေမြင်ရတာ စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။
အပေါ်က စတေးတပ်စ် (၁) ကို ကြည့်ပြီး ရတဲ့ စိတ်ချမ်းမြေ့မှုက ချက်ချင်းဆိုသလို
ပျောက်ပျက်သွားတာပါပဲ။ အဲ့ဒီ့လို စတေးတပ်စ် ၂ ခုကို စာမျက်နှာတစ်ခုတည်းပေါ်မှာ
အပေါ်အောက်ဆိုသလို မြင်ရတာဟာ သိပ်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်ရုံမကဘဲ
အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ရှက်စရာကောင်းလွန်းလှပါတယ်။
x
ကျေးဇူးပြုပြီး
မွတ်စလင်မ် တစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ဆဲဆိုတာကို လျှော့ပါ။
ကျွန်တော်တို့အကောင့်တွေမှာ ကျွန်တော်တို့ထက် ကြီးသူ၊ ငယ်သူတွေ၊
နှမအရွယ်၊ အစ်မအရွယ်၊ အမေအရွယ်တွေ၊ ဝါကြီးသူတွေ စသဖြင့်
လူအမျိုးမျိုးအဖုံဖုံ ပါဝင်နေကြတယ်ဆိုတာကိုလည်း မမေ့စေချင်ပါခင်ဗျာ။

-------------------
အိမ်ဝေးသူ(KZ)

-------------------
 

Friday, 29 May 2015

ရေငုပ်နေတဲ့ ကြောင်ဖားကြီးတွေ ဘယ်လောက် ရှိနေသလဲ


မြန်မာပြည်မှာဘာသာခြား(အစ္စလာမ်)တွေအပေါ်
မုန်းတီးတဲ့ စိတ်အခြေခံက လူအချို့ မှာ ပုန်းလျှိုးပြီးတစ်မျိုး၊ ပေါ်တင်တစ်ဖုံ ရှိနေကြတယ်။
x
မြန်မာမွတ်စလင်မ်တွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ဖျက်စီးခံရတိုင်း
စစ်မှန်တဲ့ ဗုဒဘာသာဝင်အချို့ က စိတ်မကောင်းကြောင်းနဲ့
မတရားမှုတွေကို မနှစ်မြို့ ကြောင်း ပြတ်ပြတ်သားသား ပြောလေ့ရှိတယ်။
(အဲ့ဒီ့ထဲမှာ အသံကောင်းဟစ်တဲ့ ကြောင်သူတော် ကြွက်သူခိုးတွေလည်းရှိတယ်)
x
ဒါပေမယ့်
သိပ်နာကြည်းပြီး ခံပြင်းဒေါသစိတ်နဲ့ မွတ်စလင်မ်ဘက်က တစ်ခုခုများ တုံ့ပြန်ကြည့်
(ဥပမာ- ရုပ်ထု မီးရှို့ တာမျိုးပေါ့)
သိပ်အံ့သြစရာကောင်းတဲ့အချက်တစ်ချက် တွေ့ရတတ်တယ်။ အဲ့ဒါကတော့ ကြောင်က
အချိန်ကြာကြာရေမငုပ်နိုင်သလိုပဲ မူလမုန်းတီးစိတ်တွေ ဘွားခနဲ ပေါ်ပေါ်လာတတ်တာပါပဲ။
x
သူတို့ ဆိုလိုချင်တဲ့ပုံစံက
မင်းတို့ ကုလားတွေ ငါတို့လုပ်သမျှ ခံကြ၊ လည်စင်းပေးကြ။
အဲ့ဒါဆို မင်းတို့ကို သနားကြောင်း၊ စာနာကြောင်း ငါတို့ အတိအလင်းကြေငြာပေးမယ်။ ငါတို့ဘက်က ဘယ်လောက် မင်းတို့ကို နာကျင်ပျက်စီးအောင်လုပ်လုပ်
မင်းတို့ဘက် လုံးဝ မတုံ့ပြန်နဲ့။ ကုန်ကုန်ပြောမယ်ကွာ- မင်းတို့ ဗလီတွေ
မီးရှိ့ဖျက်စီးခံလိုက်ရရင်တောင်မှ သည်းခံကြ။ မင်းတို့ဘက်က ရုပ်တုမီးရှို့တာမျိုးတောင်
မလုပ်မိစေနဲ့။ လုပ်မိရင်တော့ ငါတို့ ပါးစပ်ပေါက်တွေက ငြိမ်နေမှာမဟုတ်ဘူး။
x
မွတ်စလင်မ်ဘာသာဝင်တွေခမျာ
လူနည်းစုဖြစ်တာရယ်၊ မတရားမှုတွေနဲ့ ရင်ဆိုင်နေရတာတွေရယ်ကြောင့်
ကိုယ့်ဘက်ကို ကိုယ်ချင်းစာစိတ်လေးနဲ့ ရေးပေး၊ ပြောပေး၊ ရပ်တည်ပေးတာမျိုး
အပြင်လောကမှာ တွေ့ရင်- ရိုသေလေးစား ဂါရဝတရား ထားလိုက်ရတာ အမော။
အွန်လိုင်းလောကမှာဆိုရင်လည်း အရေးအသားမှန်ကန်စွာ ရပ်တည်သူ၊ အားနည်းသူ
ဘက်က ဝိုင်းဝန်းစဉ်းစားပေးသူ ဘယ်သူ့ကိုမဆို Friend Request တွေ ပို့၊
Follow တွေလုပ်၊ အဲ့ဒီ့ပုဂ္ဂိုလ်တွေရဲ့ မျှတတဲ့ ရပ်တည်မှုမျိုးကို လက်ခုပ်သြဘာပေး။
အဲ့ဒါတွေနဲ့ အချိန်ကုန်နေကြတဲ့ မွတ်စလင်မ်တွေ အများကြီးပါပဲ။ မင်းတို့ကို
ဘယ်သူက အဲ့ဒါတွေ လုပ်ခိုင်းနေလို့လဲ လို့ မေးလာရင်လည်းလည်း အရှက်နည်းစွာနဲ့ပဲ
ဖြေရမှာပါပဲ....
(ရေနစ်သူတစ်ယောက်အတွက် ကောက်ရိုးတစ်မျှင်ကလည်း အသက်ကယ်နိုင်တယ်လို့)
x
ကျွန်တော် စဉ်းစားမိတယ်။
x
အမုန်းတရားကို အခြေမခံဘဲ တကယ်စစ်မှန်စွာနဲ့ ဘာသာခြားအားနည်းသူတွေအပေါ်
မားမားမတ်မတ် ရပ်တည်ပေးတဲ့သူ မြန်မာပြည်မှာ ဘယ်နှစ်ယောက်များ ရှိလေမလဲ?
x
ရေငုပ်နေတဲ့ ကြောင်ဖားကြီးတွေ ဘယ်လောက်များနေပြီလဲ?
x
မြန်မာပြည် ငြိမ်းချမ်းချင်ပါတယ်လို့ ပြောနေတဲ့သူတွေရဲ့  ရင်ထဲမှာ
တကယ် ငြိမ်းချမ်းချင်စိတ် ရှိနေတယ်ဆိုတာ သေချာမှ သေချာပါရဲ့ လား?
x
ပြီးတော့ တကယ်ငြိမ်းချမ်းတဲ့ တိုင်းပြည်တစ်ခုကို ထူထောင်ဖို့အတွက်
ကိုယ့်ရဲ့ အစွန်းရောက်မုန်းတီးမှုတွေကို ဖျောက်ဖျက်ပစ်လိုက်နို်င်စွမ်း မရှိဘူးလား?
x
သင့်တင့်မျှတတဲ့ အယူအစွဲရှိသူတွေ
မြန်မာ့နိုင်ငံအရေးကို သတ္တိရှိရှိ လုပ်လာတဲ့တစ်နေ့နေ့တော့
ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံတော်ကြီး ဖြစ်လာဦးမှာပါ။
(အခုလောလောဆယ်တော့....ရွှေပြည်တော် မျှော်တိုင်းဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးး)

---------------------
အိမ်ဝေးသူ(KZ)
---------------------

Thursday, 28 May 2015

ရောသမမွှေ


"တန်သလား"
ဦးဝီရသူ
ဦးနေမျိုးဝေ
ဒီနှစ်ယောက်လောက်နဲ့
တိုင်းပြည် အမုန်းမီးတောက်နေတာ တန်ရဲ့လား?
x
"တော်ပါတယ်"
ဦးဝီရသူ
ဦးနေမျိုးဝေ
ဒီနှစ်ယောက်လောက်ကိုအသုံးချပြီး
လုပ်ချင်တာတွေ ဖြစ်အောင်လုပ်နိုင်မယ်၊
လိုချင်တာကိုလည်း ရအောင်ယူနိုင်မယ်ဆိုရင်
ခင်ဗျားတို့ တော်ပါတယ် ဦးသိန်းစိန်အစိုးရ။
x
"သိပ်မလိုပါဘူး"
ခင်ဗျားတို့ပြောတဲ့
ဂျီဟတ်(ဂျီဟာဒ်) အသေခံဗုံးခွဲမယ့်သူ
မြန်မာပြည်မှာ သိပ်များများစားစား မလိုဘူး။
တစ်ဘက်သားကို နာကျင်အောင်
အသေခံ ဗုံးခွဲပြီး ဖောက်ခွဲတတ်တဲ့
မြန်မာမွတ်စလင်မ် အယောက်(၁၀၀) လောက်ရှိရုံနဲ့
မြန်မာပြည် မီးတောက်နေလောက်ပါပြီ။
(အာချောင်နေတာတွေ ရပ်လိုက်ပါတော့)
x
"သက်သေပြနိုင်သလား"
မြန်မာပြည်ရဲ့ ကောင်းကျိုးကို
ထိခိုက်နစ်နာအောင် လက်နက်ကိုင်ပြီး
အသေခံပုန်ကန်ခဲ့တဲ့ မွတ်စလင်မ်(ကုလား)
(၁၀၀) လောက်ကို ခင်ဗျားတို့ သက်သေပြနိုင်မလား?
(ကလိမ်ကကျစ်ပုံတွေနဲ့ လှည့်စားဖို့တော့ မကြိုးစားနဲ့တော့)
x
"စဉ်းစားပါ"
နိမ့်ကျနေတဲ့ ပညာရေးကို အမြန်ဆုံး မြှင့်တင်ဖို့။
ကျန်းမာရေးအတွက် အသုံးစရိတ်တွေ မြှင့်တင်ဖို့။
ပုံစံမျိုးစုံနဲ့ အကျဉ်းကျ နှိပ်စက်ခံနေရသူတွေ လွတ်မြောက်ဖို့။
ဒါတွေကို ခင်ဗျားတို့ အရင်...စဉ်းစားကြပါ (မြန်မာပြည်သူတွေ)။
x
"ညံ့ရာကျမယ်"
ခွေးရူးက ဟောင်ရုံပဲဆို နားပိတ်ထားလို့ရတယ်။
အဲ့ဒီ့ခွေးရူးက ဟောင်ရုံမကဘဲ ကိုက်ဖို့အဆင့်ထိ ရောက်နေရင်
အများက ဝိုင်းဝန်းပြီး အဲ့ဒီ့ခွေးရူးကို သုတ်သင်ရှင်းလင်းပစ်ရတယ်။
အခု မြန်မာ့နိုင်ငံရေးမှာလည်း
ဟောင်ရုံမကဘဲ ကိုက်ဖို့အနေအထားရောက်နေတဲ့ ခွေးရူးတချို့ ရှိတယ်။
(အချိန်မလွန်ခင် မရှင်းပစ်နိုင်ရင်တော့ ရပ်ကြည့်နေတဲ့သူတွေ ညံ့ရာကျမယ်)

-------------------
အိမ်ဝေးသူ(KZ)
-------------------

လေးစားခြင်း (Respect)


*****************
မိမိက
သူတစ်ပါးကို
လေးစားရတာ (လွယ်ကူ) တယ်…။

မိမိကို
သူတစ်ပါးက
လေးစားဖို့ကျတော့ (ခက်ခဲ) တယ်…။
မိမိက
မိမိကိုယ်ကို လေးစားတတ်ဖို့ကတော့
(အခက်ခဲဆုံး) ပဲ…။
အိမ်ဝေးသူ (KZ)

Wednesday, 27 May 2015

ဆိုခဲစေ၊ မြဲစေ


ပျောက်ရှမတတ်
....................လူ့ ကျင့်ဝတ်တစ်ခုပေါ့။
ဘာပဲဖြစ်ဖြစ်
....................(ဆိုခဲစေ၊ မြဲစေ) ကွယ်။

Tuesday, 26 May 2015

အမည်မဲ့စာအုပ်


မိသားစုဆိုတာ စာအုပ်တစ်အုပ်ဆိုရင်။
x
ဖေဖေက
မာကျောခန့်ငြားလွန်းတဲ့ စာအုပ်အဖုံးပါ။
(သူ့ခန့်ငြားမှုနဲ့ အန္တရာယ်တွေကို ကာကွယ်ထားတယ်လေ)
x
မေမေက
ပျိုးထောင်မှုညွန်းကိန်းပြတဲ့ စာအုပ်အမည်ပါ။
(သူမက စာအုပ်ကုန်သွားမယ့်အထိ ပါဝင်နေချင်တာလေ)
x
သားသမီးတွေကတော့
စာအုပ်ထဲက အကြောင်းအရာလေးတွေပဲပေါ့။
(ပုံသေဖြစ်မနေတတ်ဘဲ အနိမ့်အမြင့်လည်း ရှိတတ်တယ်လေ)
x
အခု
အဲ့ဒီ့ စာအုပ်မှာ
အမြဲပါဝင်ချင်ရှာတဲ့ စာအုပ်အမည် မရှိတော့ဘူး။
ပြီးတော့ အကြောင်းအရာတွေလည်း ပြန့်ကျဲနေတယ်။
အဲ့ဒီစာအုပ် တစ်စစီဖွာလန်ကြဲဖို့
ကံကြမ္မာဇာတ်ဆရာက အမျိုးမျိးအဖုံဖုံ ဖန်တီးကြိုးကိုင်နေတယ်။
(ခေါင်းစဉ်မပါတော့ မဖတ်ချင်ဘဲ ကျော်သွားသူတွေလည်း ရှိတယ်လေ)
x
အဲ့ဒီ့ စာအုပ်ရဲ့ အဖုံးကြီး
ရှင်သန်ရပ်တည်ဖို့ အကြောင်းအရာလေးတွေက ဖေးမနေတယ်။
အဲ့ဒီ့ အကြောင်းအရာလေးတွေ
ဘေးမသီရန်မခစေဖို့လည်း စာအုပ်အဖုံးက ကာကွယ်ပေးနေတယ်။
x
ဘာပဲဖြစ်ဖြစ်
အပြန်အလှန်မှီတင်းနေထိုင်မှုအောက်မှာ
အဲ့ဒီ့စာအုပ်လေးက
မိုးရေထဲမှာ စုတ်ပြတ်မသွားဖို့ ကြိုးစားနေသလို
နေပူထဲမှာ လောင်ကျွမ်းမသွားဖို့လည်း ရုန်းကန်နေရှာတယ်။
x
အဲ့ဒီ့ စာအုပ်မှာ
ပျိုးထောင်မှုညွန်းကိန်းပြတဲ့ အမည်နာမ မရှိတော့ဘူး။
ဒါပေမယ့်
စာအုပ်အဖုံးကြီးနဲ့ စာလုံးလေးတွေရှိနေသရွေ့
အဲ့ဒီ့စာအုပ်လေး ရပ်တည်ရှန်သန်နေနိုင်ဦးမှာပါ။
x
အရေးအကြီးဆုံးကတော့
စာရွက်တွေ တစ်ရွက်ပြီးတစ်ရွက် ခရီးဆက်နေဖို့ပါပဲ။
(တစ်နေ့နေ့တော့ "ပြီးပါပြီ" ဆိုတဲ့ စာတန်းလေး ရှိလာဦးမှာပါ)

-------------------
အိမ်ဝေးသူ(KZ)
-------------------

Monday, 25 May 2015

ဖြူ စင်/ညစ်ထေးမှု


တစ်ခါတစ်ရံမှာ
လူတစ်ယောက်ရဲ့ ဖြူ စင်မှု (သို့)
လူနှစ်ယောက်ရဲ့ ဖြူ စင်မှုကို သက်သေပြဖို့
တစ်လောကလုံးက လူတွေကို လိုအပ်တယ်။
(အဲ့ဒါတောင် လက်ခံမယ်လို့ မသေချာဘူး)
x
တစ်ခါတလေကျတော့
လူအများကြီးရဲ့ ညစ်ထေးမှုကို
လူတစ်ဦးတစ်ယောက်က
သက်သေထူခဲ့ရင်လည်း အရာမရောက်ဘူး။
(ညစ်ထေးသူတွေ အောင်ပွဲခံတတ်ကြတယ်)
x
အဲ့ဒါကြောင့်
ကိုယ်တစ်ဦးတစ်ယောက်တည်း (သို့)
ကိုယ်နဲ့တစ်ပါးသူတစ်ယောက်ရဲ့  ဖြူ စင်မှုက
လူတွေရဲ့ ညစ်ထေးတဲ့ တစ်ဖက်လပ်မျက်လုံးတွေအောက်မှာ
ကျရှုံး၊ အသုံးတော်ခံပြရတာမျိုး ဖြစ်လာမယ်ဆိုရင်
ကျေးဇူးပြုပြီး
အဲ့ဒီ့ ဖြူ စင်မှုကို လူမသိ၊ သူမသိအောင် ဖျောက်ဖျက်ပစ်လိုက်ပါ။
(တချို့ ဖြူ စင်မှုတွေအတွက် သက်သေလိုက်မရှာပါနဲ့)

--------------------
အိမ်ဝေးသူ(KZ)
--------------------

ရောဂါဆန်း


တကယ်က
ကျွန်တော့်ပါးစပ် နံနေတာပါ။
x
ဒါပေမယ့်
ကျွန်တော်က
သူများ ပါးစပ်နံတာကို
ပိုပြီး စိတ်ဝင်စားနေတတ်တယ်။
x
သေချာတယ်။
ကျွန်တော့်မှာ ရောဂါတစ်ခုခုဖြစ်နေပြီဗျာ။ :)

..........................
အိမ်ဝေးသူ(KZ)

Sunday, 24 May 2015

ဖောက်ပြန်မှု


လူမိသွားရင်တော့
ဖောက်ပြန်မှု လို့ ခေါ်ကြတယ်။
(လူတွေက ရွံရှာစက်ဆုပ်ကြတယ်)
x
လူမသိသူမသိဆိုရင်ရော
ဘယ်လိုအမည်ပေးကြမလဲ?
(လူတွေနဲ့ ရောနှောနေထိုင်ကြတယ်)
x
ကျွန်တော်စဉ်းစားမိတယ်။
လူမမိ၊လူမသိသေးတဲ့ ဖောက်ပြန်မှုတွေ
ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ
ဘယ်လောက်တောင် များနေပြီလဲလို့....။
(ဖောက်ပြန်သူတွေ လက်ညှိုးထောင်ကြဟေ့ဆိုရင်)

-------------------
အိမ်ဝေးသူ(KZ)

Saturday, 23 May 2015

အဆင့်အတန်း


ဟန်ဆောင်
အဆင့်အတန်းရှိပြရတာ လွယ်ကူတယ်။
တကယ်
အဆင့်အတန်းရှိရတာတော့ သိပ်ခက်တယ်။
x
လူဆိုတဲ့သတ္တဝါက
မာန၊အတ္တနဲ့ ဂုဏ်သိက္ခာကို
တိုက်ရိုက်ထိပါးစော်ကားလာတဲ့အခါ
အဆင့်အတန်းဆိုတာကို မေ့ပစ်လိုက်ပြီး
လူနဲ့မတူတဲ့ ပုံစံတစ်မျိုးနဲ့ တုံ့ပြန်တတ်ကြတယ်။
x
မာန၊အတ္တနဲ့ ဂုဏ်သိက္ခာကို စော်ကားခံရတဲ့အခါ
ဒေါသထွက်ခွင့် စိတ်ဆိုးပိုင်ခွင့်တွေ ရှိပါတယ်။
ဒါပေမယ့်
အဆင့်အတန်းမဲ့စွာ ပြုမူဆက်ဆံပိုင်ခွင့်တော့ မရှိပါဘူး။
x
ကျေးဇူးပြုပြီး
အဆင့်အတန်းဆိုတာ ဘာလဲ?
ဆိုတဲ့ မေးခွန်းမျိုးတော့ မမေးကြပါနဲ့။
ကျွန်တော် ဖြေရခက်လွန်းလို့ပါ။
--------------------
အိမ်ဝေးသူ(KZ)

ငါ့နေရာမှာ ငါရပ်နေမည်


ငါ့ဘဝထဲကို
ဝင်လာလျှင်လည်း
ငါ ဖြူ စင်စွာ လက်ခံခဲ့သည်။
x
ငါ့ဘဝထဲက
ထွက်ခွာသွားလည်း
ငါ ကြည်ဖြူ စွာ လက်ခံခဲ့သည်။
x
ငါ့ဘဝထဲကို
ဝင်လာသူတွေလည်း ရှိမည်။
ငါ့ဘဝထဲက
ထွက်ခွာသွားသူတွေလည်း ရှိမည်။
(မည်သူ့ကိုမျှ တစ်စုံတစ်ရာဖြင့် မထိန်းချုပ်ပါ)
x
ခင်မင်ရင်းနှီးမှုကို
လိမ်လည်လှည့်ဖြားမှုများဖြင့်
ဘယ်တုန်းကမျှ...ငါ တည်ဆောက်ခဲ့ခြင်းမရှိ။
(အတတ်နိုင်ဆုံး ဖြူ စင်အောင် ကြိုးစားခဲ့သည်)
x
နေလိုက နေကြပါ။
သွားလိုကလည်း သွားကြပါ။
ငါကတော့
ငါ့နေရာမှာ ငါရပ်နေမည်ဖြစ်သည်။
(ပြီးတော့...ငါ့လိပ်ပြာ ငါ...သန့်ပါသည်)

-------------------
အိမ်ဝေးသူ(KZ)

Friday, 22 May 2015

မိသားစု


(မိ)ဘ
(သား)၊သမီး
(စု)စည်းမှု အင်္သချေ။

-------------------
အိမ်ဝေးသူ(KZ)

Wednesday, 20 May 2015

အဆိပ်(၂)မျိုး၊ အဖြစ်ဆိုးတတ်၏


အဆိပ်(၁)
အားနည်းသူဘက်မှ ရပ်တည်ပေးတတ်ခြင်း (ယောက်ျား)
အဆိပ်(၂)
သနားကြင်နာပေးတတ်ခြင်း (မိန်းမ)
x
ယောက်ျား။
ယောက်ျားတစ်ယောက်က
အားနည်းတဲ့ ဆန့်ကျင်ဘက်လိင်အပေါ် ဖေးမရပ်တည်ပေးတတ်တယ်။
ဒါပေမယ့်
ကိုယ်ကျင့်သီလကို မြဲမြံစွာ မဝတ်နိုင်သူအချို့ ဟာ
အားနည်းသူဘက်က ရပ်တည်ပေးရင်းနဲ့ ခန္ဓာကိုယ်နဲ့ပက်သက်တဲ့
လူမှုရေး အရှုပ်အထွေးဘက်ကို ဦးတည်သွားတတ်တယ်။
အဲ့ဒီ့အခါ ကိုယ့်မိသားစုဘဝလေးပါ ကျကွဲပျက်စီးသွားတတ်တယ်။
(အကျိုးဆက်အနေနဲ့...အိမ်ထောင်ရေးဖောက်ပြန်သူ ဖြစ်သွားတတ်တယ်)
x
မိန်းမ။
ဆန့်ကျင်ဘက် လိင်အပေါ် သနားတတ်တယ်။
အပျိုမိန်းကလေးဘဝမှာ သနားစိတ်ကြောင့် ချစ်သွားတတ်တယ်။
အိမ်ထောင်သည်ဘဝမှာတော့
သားသမီးမရသေးတဲ့အချိန်မျိုးမှာ သနားစိတ်ကြီးလွန်းမိရင် ချစ်သွားတတ်တယ်။
သားသမီးရှိနေတဲ့အချိန်မှာတော့
သားသမီးမျက်နှာကြောင့် မချစ်မိအောင် ထိန်းသိမ်းတတ်ကြတယ်။
အကယ်၍
တစ်ဘက်လူရဲ့ မာယာကျော့ကွင်းအောက်ကို ရောက်သွားလို့ ချစ်မိသွားရင်တောင်
ခန္ဓာကိုယ်နဲ့ ရင်းရတဲ့ ရှုပ်ထွေးမှုမျိုးကို မကျူးလွန်ဖို့တော့ သတိထားတတ်ကြတယ်။
ဆိုလိုချင်တာက
မိမိကြောင့် အိမ်ထောင်ရေး ပျက်စီးသွားမှာကို ကြောက်တတ်ကြသလို
သားသမီးတွေရဲ့ မျက်နှာကိုလည်း ထောက်ထားငဲ့ညှာစိတ် ပြင်းပြတတ်ကြတယ်။
x
အဲ့ဒါကြောင့်
ယောက်ျားများက အားနည်းသူမိန်းမသားများဘက်မှာ ရပ်တည်ပေးပါ။
ဒါပေမယ့်
အားနည်းသူမိန်းမတစ်ယောက်ရဲ့ ဘဝထဲကို
မိမိဘဝပါ ထိုးအပ်လိုက်ရတဲ့အဖြစ်မျိုး မရောက်အောင် ဂရုစိုက်ဆင်ခြင်ပါ။
မိန်းမများအနေနဲ့လည်း သနားကြင်နာတတ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို
ပိုင်ဆိုင်ထားကြသူတွေပီပီ သနားကြင်နာကြပါ။
ဒါပေမယ့်
သနားခြင်းက လက်လွန်သွားရင်တော့ တဏှာကျွံတတ်တယ်ဆိုတာ မမေ့ပါနဲ့။

-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
ဖောက်ပြန်တယ် ဆိုတဲ့ စကားကြားမိရင်
(ယောက်ျားတွေချည်းပဲ) လို့တောင် ပြောရမလို ဖြစ်နေတဲ့ ဒီဘက်ခေတ်မှာ
ကျွန်တော်တို့ ယောက်ျားလေးတွေ အစစအရာရာ သတိဝီရိယ ရှိစေချင်ပါတယ်။
ကိုယ်က ထိန်းသိမ်းချင်ပေမယ့်လည်း အခြေအနေအရပ်ရပ်က
ကိုယ့်ကို သားကောင်ဖြစ်အောင် တွန်းပို့တာမျိုးတွေ ရှိနေတတ်ပါတယ်။
အထူးမှာကြားချက်ကတော့ အားနည်းသူဘက်က ရပ်တည်ပေးပါ။
ဒါပေမယ့် (ဥပမာ)- မိုးတွေသည်းတဲ့ (နေ့၊ ည) မျိုးမှာ (အပျို ၊ အိမ်ထောင်သည်)
သူစိမ်းတရံစာ မိန်းမတစ်ယောက်ယောက်ကို သက်ကြီးရွယ်အိုတွေမရှိတဲ့
ကိုယ့်အိမ်မှာ ဖေးမစိတ်ဗရပွနဲ့ တည်းခိုခွင့်ပေးတာမျိုးကို ရှောင်ရှားပါ။
ဘာပဲဖြစ်ဖြစ် ကိုယ်ချင်းစာစိတ်မရှိဘူးလို့ အပြောခံရတာဟာ
အိမ်ထောင်ရေး ဖောက်ပြန်တဲ့သူ လို့ အပြောခံရတာထက်စာရင် တော်ပါသေးတယ်။
(တကယ်လို့ မဖြစ်မနေတည်းခိုခွင့်ပေးရမယ်ဆိုရင်တောင် အဲ့ဒီ့ မိန်းမကို အိမ်ထဲမှာ
တည်းခိုခိုင်းပြီး ခင်ဗျားက မိုးရေထဲ ထွက်ထိုင်နေလိုက်ပါ။ အဲ့ဒီ့ လုပ်ရပ်က
ခင်ဗျားဂုဏ်သိက္ခာကို အရှက်တကွဲအကျိုးနည်းရခြင်းတွေထဲက ကယ်တင်နိုင်ပါလိမ့်မယ်)

ညင်သာသိမ်မွေ့ပါစေ


လူတစ်ယောက်ရဲ့ 
ဘဝထဲကို ဝင်လာတာ ကိစ္စမရှိ။
x
လူတစ်ယောက်ရဲ့
ဘဝထဲက ထွက်သွားတာ ကိစ္စမရှိ။
x
ဒါပေမယ့်
အဝင်အထွက်လေးတော့ ညင်သာသိမ်မွေ့ပါစေ။

-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
တစ်ခါတစ်ရံမှာ ထားခဲ့သူက ပိုပြီး နာကျင်ခံစားရသူ ဖြစ်တတ်ပြီး
တစ်ခါတစ်ရံမှာတော့ အထားခံခဲ့ရသူက ပိုပြီး နာကျင်ခံစားရသူ ဖြစ်တတ်ပါတယ်။

Tuesday, 19 May 2015

မိဘ


ပွင့်မယ့်အသီး
ချိုမလား၊ခါးမလား
သူတို့မသိ။
x
ပေးဆပ်ပုံများ
ဆံဖြူ ၊သွားကျိုး
ဘဝညှိုးသည့်အထိ။

-------------------
အိမ်ဝေးသူ(KZ)

Monday, 18 May 2015

ကိုယ်ချင်းစာတရားကို ဘယ်လိုပြကြမလဲ


အစ္စလာမ်ဆိုတာ
ခန္ဓာကိုယ်ကြီးတစ်ခုနဲ့တူတယ်ဆိုရင်
ခေါင်းအခေါက်ခံရပေမယ့်
ရင်ဘတ်ထဲကလည်း နာတတ်ရပါလိမ့်မယ်။
x
ယခုလက်ရှိ
ကျွန်တော်တို့ ညီနောင်သားချင်းအချို့ 
ပင်လယ်ပြင်မှာ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်။
ကျွန်တော်တို့ ညီနောင်သားချင်းအချို့ 
မွတ်စလင်မ့်အရေးအတွက် ခေါင်းကိုက်နေကြရတယ်။
ကျွန်တော်တို့ ညီနောင်သားချင်းအချို့ 
ခြိမ်းခြောက်စော်ကားမှုတွေနဲ့ ကြုံဆုံနေကြရတယ်။
x
သူတို့ကို
ကိုယ်ချင်းစာတဲ့အကြောင်း ပြသဖို့၊
သူတို့နဲ့အတူ
နာကျင်မှုတွေကို မျှဝေခံစားနေကြောင်းပြဖို့
ကျွန်တော်တို့လည်း
ပင်လယ်ပြင်ထဲ လှေတွေနဲ့ ဆင်းပြစရာ မလိုပါဘူး။
သူတို့လို ခေါင်းဆောင်နေရာ ဝင်ယူပြစရာ မလိုပါဘူး။
သူတို့လို အခြိမ်းခြောက်ခံပြစရာ မလိုပါဘူး။
x
ဒါဆိုရင်
ကိုယ်ချင်းစာတရားကို ဘယ်လိုပြသကြမလဲ?
x
အနည်းဆုံး မျက်ရည်တစ်ပေါက်စီကျပြီး ဒိုအာတောင်းပါ။
နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝဖြစ်စဉ်တွေကို
ပြစားမှု ၊ ကြွားဝါမှုတွေ နည်းနိုင်သမျှနည်းအောင် ကြိုးစားရင်း
အရိုးရှင်းဆုံး ဖြတ်သန်းပါ။
x
မိမိ ဒံပေါက်ထမင်း စားတာ၊ မစားတာ မိမိကိစ္စပါ။
အသျှင်က ရိုဇီရိက္ခာကို ချီးမြှင့်လို့ စားခွင့်ရတာ ဝမ်းသာစရာပါ။
သို့သော်...
မိမိ မြိန်ရေရှက်ရေစားသောက်နေတာတွေကို
ထမင်းတစ်လုတ်အတွက်
ဂုဏ်သိက္ခာပါ ထိပါးခံနေရသူတွေ မြင်ပြီး
စိတ်မကောင်းဖြစ်စေမယ့် အပြုအမူမျိုးတွေကို ရှောင်ပါ။
(အခြားသော အလားတူကိစ္စတွေကိုလည်း ရှောင်ရှားပါ)
x
မိတ်ဆွေ သားချင်းတွေကို ပြသင့်တယ်လို့ ထင်တဲ့
ပျော်ရွှင်ကြည်နူးမှုတွေကို အထိုက်အလျောက် ပြသပါ။
မပြသင့်တာတွေကိုတော့ မိမိတစ်ကိုယ်စာသာ ခံစားကြည်နူးပါ။
မိမိရဲ့ အပြုအမူကြောင့်
လူတစ်ယောက်က စိတ်မချမ်းမြေ့ခြင်းတွေနဲ့ ကင်းလွတ်ခဲ့မယ်ဆိုရင်
အဲ့ဒါဟာ မိမိအရိုးသားဆုံး ရရှိလိုက်တဲ့ ကောင်းမှုကုသိုလ်တစ်ခုပါပဲ။
x
အဲ့ဒီလိုမှ မဟုတ်ဘဲ သတိလက်လွတ်နေကြမယ်ဆိုရင်
လှေပေါ်ကို ရောက်နေတဲ့သူတွေထဲမှာ
မိမိလည်း အချိန်မရွေးပါသွားနိုင်တယ်ဆိုတာကို သတိပြုပါ။
ထမင်းတစ်လုတ်အတွက် ဂုဏ်သိက္ခာစွန့်ရမယ့်သူတွေထဲမှာ၊
နည်းအမျိုးမျိုးနဲ့ အခြိမ်းခြောက်ခံရတဲ့သူတွေထဲမှာ၊
သာသနာ့အရေးအတွက် ခေါင်းကိုက်နေကြသူတွေထဲမှာ
မိမိလည်း အချိန်မရွေးပါသွားနိုင်တယ်ဆိုတာကို သတိပြုပါ။
x
မိမိကိုယ်တိုင် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ပါ။
အဲ့ဒီ့လိုပဲ
နာကျင်ကြေကွဲနေသူများကို ကိုယ်ချင်းစာဖို့လည်း မမေ့ကြပါနဲ့။

-------------------
အိမ်ဝေးသူ(KZ)
-------------------

Sunday, 17 May 2015

အတွေ့အကြုံနဲ့ ရင့်ကျက်ခြင်း


အတွေ့အကြုံဆိုတာ
ခါးသီးချင်...ခါးသီးမယ်။
ချို မြိန်ချင်...ချို မြိန်မယ်။
x
ဒါပေမယ့်
အဲ့ဒီ့ အတွေ့အကြုံက
ခါးသီးချိုမြိန်မှုတွေကို ကျော်လွှားပြီးရင်
ထိုက်တန်တာတစ်ခုကို ပြန်ပေးတယ်။
x
အဲ့ဒါကိုတော့
"ရင့်ကျက်ခြင်း" လို့ခေါ်ပါတယ်။
x
အဲ့ဒီ့ ရင့်ကျက်ခြင်းကရော
ဘယ်လိုပုံစံမျိုး အသုံးဝင်ပါသလဲ?
x
အဲ့ဒီ့ ရင့်ကျက်ခြင်းက
လူ နဲ့ လူ့ခံစားချက်တွေကို
အထိန်းအကွပ်တစ်ခု အနေနဲ့ ကူညီတယ်။

-------------------
အိမ်ဝေးသူ(KZ)

ပင်လယ်ပြင်မှ ရိုဟင်ဂျာရှိုက်သံ


သပြေခက်တွေမပါခဲ့ဘူး။
ကံတစ်စက် ၊ ယုံကြည်ချက်တစ်ဖက်နဲ့
ပင်လယ်ပြင်ထဲ...ငါတို့ ထွက်ခဲ့တယ်။
x
ငါတို့ သယ်ဆောင်လာတာ
မုန်းတီးခြင်းတွေ မဟုတ်ရပါဘူး။
လူမမည်ကလေးတွေရဲ့
အက်ကြောင်းထပ်နေတဲ့ ဆာလောင်မှုတွေပါ။
x
ငါတို့ သယ်ဆောင်လာတာ
ပဋိပက္ခတွေလည်း မဟုတ်ရပါဘူး။
သက်ကြီးရွယ်အိုတွေရဲ့
ကောက်ရိုးတစ်မျှင်စာ ခိုကိုးလိုမှုတွေပါ။
x
ငါတို့ သယ်ဆောင်လာတာ
လက်နက်ကြီးငယ်တွေ မဟုတ်ရပါဘူး။
သားသည်မိခင်တွေရဲ့
အတောမသတ်နိုင်တဲ့ ငိုညည်းသံတွေပါ။
x
ငါတို့ သယ်ဆောင်လာတာ
အဆိပ်ပန်းတွေလည်း မဟုတ်ရပါဘူး။
လူငယ်တွေရဲ့
ကမ်းမမြင်လမ်းမမြင် အနာဂတ်တွေပါ။
x
ငါတို့
ဂုဏ်သိက္ခာတွေကို ချနင်းခံခဲ့သလို
အသက်တွေကိုလည်း ရင်းခဲ့တယ်။
ငါတို့ မွတ်သိပ်မှုအတွက်
သူတောင်းစားလို ရေငုံနှုတ်ပိတ်ခဲ့သလို
ကျောတစ်ခင်းစာအတွက်
စစ်သည်တော်လိုလည်း သတ္တိရှိခဲ့တယ်။
x
ငါတို့ အားနည်းချက်တွေကိုစုပြီး
မိုးပျံပူဖောင်းတွေ ဆောက်ပစ်လိုက်မယ်။
ငါတို့ မျက်ရည်တွေကိုပေါင်းပြီး
အားဆေးရည်တွေ ဖော်ပစ်လိုက်မယ်။
x
ကမ္ဘာကြီးရေ
ဒုက္ခတွေ ပွေ့ပိုက်လာတဲ့ ငါတို့ကို
ဒေါသတွေနဲ့ မဆီးကြိုလိုက်ပါနဲ့။
နာကျင်မှုတွေနဲ့ ရောက်လာတဲ့ ငါတို့ကို
ဥပေက္ခာတွေနဲ့ မစောင့်ကြိုလိုက်ပါနဲ့။
x
လူကို
ကယ်တင်တတ်တဲ့ လူတွေရဲ့
ကြီးကျယ်ခမ်းနားတဲ့ လူသားစိတ်ဓာတ်ကို
လှေတစ်စင်းနဲ့ ရိုဟင်ဂျာတို့ အလေးပြုပါရစေ။

--------------------
အိမ်ဝေးသူ(KZ)
--------------------

Saturday, 16 May 2015

မိဘများသို့ ပန်ကြားချက်


သားသမီးတွေက
သူတို့အပြစ်ကို မိဘအကြီးအကဲထံမှာ
သတ္တိရှိရှိ ဝန်ခံတင်ပြရဲကြပါသလား...?
x
မိဘတွေက
သားသမီးတွေကို
အဲ့ဒီ့အလေ့အထမျိုး သင်ကြားပေးခဲ့ပါသလား?
x
အကယ်၍
သားသမီးတွေက
သူတို့အပြစ်တစ်ခုခုကျူးလွန်ခဲ့မိပြီး
မိဘတွေထံမှာ တင်ပြဆွေးနွေးတတ်ရင်
အဲ့ဒီ့သားသမီးတွေကို ထိန်းကျောင်းတဲ့ပုံစံ မှန်တယ်။
x
သားသမီးတွေက
သူတို့အပြစ်တစ်စုံတစ်ရာကို
မိဘထံမှာ မတင်ပြရဲလောက်အောင်ဖြစ်နေရင်
အဲ့ဒီ့သားသမီးတွေကို ထိန်းကျောင်းတဲ့ပုံစံမှာ
ချို့ ယွင်းအားနည်းချက် တစ်ခုခု ရှိနိုင်ပါတယ်။
x
ကိုယ့်အပြစ်ကို သတ္တိရှိရှိဝန်ခံရဲတတ်စိတ်က
မိဘနဲ့ သားသမီးကြားမှာ
(ယုံကြည်မှု) ကို တည်ဆောက်ပြီးသား ဖြစ်စေတယ်။
x
အဲ့ဒီ့လို အလေ့အကျင့်မျိုးကို
လေ့ကျင့်ပျိုးထောင်ပေးခဲ့ခြင်း မရှိခဲ့ရင်တော့
မိဘကိုယ်တိုင်က သားသမီးတွေကို
(လိမ်ညာ) တတ်အောင် တွန်းအားပေးလိုက်သလိုပါပဲ။
x
မိဘများအနေနဲ့
ကိုယ့်သားသမီးတွေကို
ထိန်းကျောင်းတဲ့ပုံစံတွေကို ဆန်းစစ်နိုင်ပါစေ။
ထိန်းကျောင်းတဲ့ပုံစံ မှားယွင်းခဲ့ရင်
အမြန်ဆုံး အမှန်ဘက်ကို ဦးတည်နိုင်ပါစေ။။။

-------------------
အိမ်ဝေးသူ(KZ)

Friday, 15 May 2015

သတ်ပစ်လိုက်


မထားသင့်တဲ့
အယူအစွဲဆိုရင်
ခင်ဗျားကိုယ်တိုင်...သတ်ပစ်လိုက်။
x
မသတ်ဖြစ်ခဲ့ရင်
အဲ့ဒီ့အယူအစွဲက
ခင်ဗျားကို...ပြန်သတ်လိမ့်မယ်။

-------------------
အိမ်ဝေးသူ(KZ)

အစစ်အမှန်


တစ်ခါတစ်ရံမှာ
တကယ်ချမ်းတာထက်
ချမ်းလိုက်တာ ဆိုတဲ့
စိတ်ခံစားမှုက ပိုပြီး ချမ်းစေတယ်။
x
တစ်ခါတစ်ရံမှာ
တကယ်ပူနေတာထက်
ပူလိုက်တာ ဆိုတဲ့
စိတ်ခံစားမှုက ပိုပြီး ပူစေတယ်။
x
ကျွန်တော်တို့ ရင်ဆိုင်ရတဲ့
အခြေအနေတစ်ခုခုဟာ
ကျွန်တော်တို့ စိတ်ခံစားမှုပေါ်မူတည်ပြီး
အဆမတန် ကြီးထွားသွားတတ်တယ်။
x
တကယ့်
အခြေအနေအစစ်ကို
မြင်တတ်ဖို့ သိပ်ကို အရေးကြီးပါတယ်။

-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
တကယ်... ချမ်း(မချမ်း) သိချင်ရင် အေးတဲ့အချိန်မှာ ရေချိုးကြည့်။
တကယ်... ပူ(မပူ) သိချင်ရင် နေပူထဲမှာ လမ်းလျှောက်ကြည့်။

Wednesday, 13 May 2015

ဒုက္ခ


သူ့ချည်းသက်သက်ဆို ခါးသက်တယ်။
မျှော်လင့်ချက်လေး ပေါင်းလိုက်တော့လည်း
သူက အိပ်မက်ထဲထိအောင် ချိုမြိန်နေတယ်။

-------------------
အိမ်ဝေးသူ(KZ)

စေတနာနဲ့ တန်ကြေး


အရာရာကို
ငွေကြေးနဲ့တိုင်းတာတတ်တဲ့ ခေတ်။
အရာရာကို
ငွေပေးရင် ရတယ်လို့ထင်တတ်တဲ့ ခေတ်။
x
မိမိက
တစ်စုံတစ်ရာကို သူတစ်ပါးအတွက်
စေတနာနဲ့ လုပ်ပေးလိုက်ပေမယ့်
အကောင်းပြောလာမယ်လို့ မမျှော်လင့်ပါနဲ့။
x
တစ်ဘက်က ပုတ်ခတ်ပြောဆိုလာမယ့်
တစ်ဘက်စောင်းနင်း စကားလုံးတွေကြောင့်
မိမိကိုယ်တိုင် စိတ်ပျက်နေရမယ်ဆိုရင်
မိမိ လုပ်ဆောင်ပေးမယ့်အလုပ်အတွက်
တန်ရာတန်ကြေးတစ်ခုခုကို သတ်မှတ်ပါ။
တန်ရာတန်ကြေးတစ်ခုခုကို တောင်းခံပါ။
x
မိမိ
နားလည်ထားရမှာတစ်ခု ရှိပါတယ်။
အဲ့ဒါကတော့
မိမိ သတ်မှတ်လိုက်တဲ့ တန်ကြေးက
မိမိနဲ့ မိမိရဲ့ ပညာအရည်အသွေးကို
တန်ဖိုးထား လေးစားဖို့ အကြောင်းခံဆိုတာပါပဲ။

-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုတာ ရှိသလို
ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာ ဆိုတာလည်း ရှိပါတယ်။
အဲ့ဒီ့တော့ စေတနာထားပြီး အကောင်းအဆိုးကို
မမျှော်လင့်တတ်ဘူးဆိုရင် တန်ကြေးသတ်မှတ်ချက် မထားပါနဲ့။
အဲ့ဒီ့လိုမှ မဟုတ်ရင်တော့ တန်ကြေးတစ်ခု သတ်မှတ်ထားပါ။

Sunday, 10 May 2015

ဇရာသစ်သို့


အသက်တွေ
--------------ကြီးလာတယ်။
သောကတွေ
.................တိုးလာတယ်။
အိပ်ပျက်ခြင်းတွေ
......................များလာတယ်။
ဒါဆိုရင်တော့
ငါ့ဆံပင်တွေ ဖြူ စပြု ပြီ ထင်တယ်ကွယ်။

-------------------
အိမ်ဝေးသူ(KZ)

မြင်းမိုရ်တစ်ခြမ်း ဘယ်သူထမ်း


~~~~~~~~~~~~~~~~~~~~~~
ပဲ့ကြွေသွားတဲ့
မြင်းမိုရ်တောင်တစ်ခြမ်းအတွက်
နှုတ်ဖျားမှာ ပန်းတွေမပွင့်နိုင်ရှာဘူး။
x
လက်ကျန် မြင်းမိုရ်တောင်တစ်ခြမ်း
ဘေးမသီရန်မခ၊ သက်တော်ရှည်ဖို့
ထမ်းပိုးဆုတောင်းနေရတာနဲ့တင်
ကိုယ့်ကိုယ်ကို မေ့နေတာတောင်ကြာပြီ။
x
လူမသိသူမသိ
လက်ကျန်ရက်တွေနဲ့
ဘဝကို အဓိကထမ်းပိုးနေရတော့
လူသိများတဲ့ ကမ္ဘာကျော်နေ့က
ကျွန်တော့်အတွက် တိတ်ဆိတ်လွန်းလှရဲ့။
x
ဘာပဲဖြစ်ဖြစ်
ပြန်သွားသူတွေ လမ်းရှင်းပါစေ။
ပြန်မယ့်သူတွေလည်း လမ်းထင်းပါစေ။
လောင်ကျွမ်းနာကျင်ခြင်းတို့ အသက်တိုပါစေ။
ကြည်နူးအေးမြခြင်းတို့ သက်တော်ရှည်ပါစေ။

-------------------
အိမ်ဝေးသူ(KZ)

Saturday, 9 May 2015

ဂီတစစ်


ဖေဖေ
တချို့ လူတွေက
ကျွန်တော့်အကြောင်းကို
စောင်းကြိုးပေါ်တင်ပြီး ချီးမွမ်းကြလိမ့်မယ်။
x
ဖေဖေ
တချို့ လူတွေက
ကျွန်တော့်အကြောင်းကို
ဗုံတစ်လုံးပေါ်တင်ပြီး ကဲ့ရဲ့ကြလိမ့်မယ်။
x
စောင်းနဲ့ဗုံကြားက ဂီတစစ်ကို
ဖေဖေ......ခံစားနားလည်နိုင်ပါစေသား။။။

-------------------
အိမ်ဝေးသူ(KZ)

Friday, 8 May 2015

စာဖတ်ပျင်းကြသူများ

"စာရှည်ရှည် ဖတ်ရမှာ
ပျင်းလိုက်တာ" ဆိုတဲ့
အကြောင်းပြချက်တစ်ခုတည်းနဲ့
သိသင့်၊ သိထိုက်တာတွေကို
မသိဘဲ ကျော်သွားကြသူတွေ
ကျွန်တော်တို့ ခေတ်မှာ
ဘယ်လောက် များနေပြီလဲ မသိပါဘူးဗျာ။
(ကျွန်တော်ကိုယ်တိုင်..အပါအဝင်ပေါ့)

--------------------
အိမ်ဝေးသူ(KZ)

ခါးသီးတဲ့အတွေ့အကြုံကို ဘယ်လိုပုံစံနဲ့ လက်ဆင့်ကမ်းမလဲ


လူ(၂) မျိုး ရှိတယ်။
x
ပထမအမျိုးအစား။
ခါးသီးတဲ့အတွေ့အကြုံတွေကို ပိုင်ဆိုင်ခဲ့ဖူးတယ်။
ဒါပေမယ့် သူ့နောက်က မျိုးဆက်ကိုတော့ အဲ့ဒီ့ခါးသီးမှုတွေထဲက ဆွဲထုတ်တယ်။
(သူ- ဒုက္ခရောက်ခဲ့စဉ်ကလို မဖြစ်ပျက်အောင် ဖေးမကူညီ တွဲခေါ်ယူတယ်)
x
ဒုတိယအမျိုးအစား။
သူလည်း ခါးသီးတဲ့အတွေ့အကြုံတွေနဲ့ ရှင်သန်ခဲ့ဖူးတယ်။
ဒါပေမယ့် သူ့နောက်က မျိုးဆက်ကိုလည်း သူ့လို ခါးသီးမှုကို ခံစားစေတယ်။
x
ပထမလူ...သုံးတတ်တဲ့ စကားအချို့ ရှိတယ်။
"စိတ်မပျက်နဲ့ကွာ၊ မင်းတို့ခေတ်မှာ အစစအရာရာ ဒို့တွေထက် သာတယ်ကွ၊
အလုပ်မရှိလည်း ကြိုးစားပြီးတော့ ရှာပါ၊ ဒို့လည်း မင်းအတွက် အဆင်ပြေမယ့်
အလုပ်တစ်ခုကို အမြန်ဆုံးရအောင် ရှာကြံပေးမယ်၊ အလုပ်မရသေးခင်စပ်ကြားမှာ
လိုအပ်တဲ့ အကူအညီရှိရင်လည်းပြောလေ၊ ဒီလိုပဲ တွဲခေါ်ယူရမှာပေါ့ကွာ"
x
ဒုတိယလူ...သုံးတတ်တဲ့ စကားအချို့ ရှိတယ်။
"မင်းတို့ခေတ်က တော်သေးတယ်၊ ငါတို့တုန်းက မင်းတို့ထက် ပိုဆိုးတယ်ကွ"
"ငါတို့တုန်းက အလုပ်လက်မဲ့နဲ့ နေခဲ့ရတာ (၆) လလောက် ရှိတယ်ကွ၊
မင်းက ခုမှ (၁) လလောက်ပဲ ရှိသေးတာ။ သည်းခံမှပေါ့ကွာ"
သဘောအားဖြင့်တော့ သူ့အလှည့်တုန်းကလိုပဲ (၆) လလောက်
အလုပ်လက်မဲ့နဲ့ နေပြရတော့မလိုပုံစံမျိုးပေါ့။
x
ဒီအဖြစ်အပျက်မှာ
လူ(၂) ယောက်စလုံးရဲ့ ခါးသီးတဲ့အတွေ့အကြုံ ရှိတာချင်း တူကြတယ်။
ဒါပေမယ့် "စိတ်ထားတတ်ပုံချင်းတော့ သိပ်ကိုကွာခြားလွန်းတယ်"
x
ပထမတစ်ယောက်က
သူ့အတွေ့အကြုံခါးခါးကို ချိုမြိန်တဲ့အသွင်ပြောင်းလိုက်ပြီး
မိမိ မျိုးဆက်သစ်ကို အကောင်းဆုံး စံစားစေတယ်။
ဒုတိယတစ်ယောက်ကတော့
သူ့အတွေ့အကြုံခါးခါးကို တစ်ပါးသူကိုလည်း ခံစားစေတယ်။
x
ခြွင်းချက်တစ်ခုရှိသေးတယ်။
ကျွန်တော် ပြောပြခဲ့တဲဒုတိယလူအမျိုးအစားမှာမှ
ပုံစံကွဲသွားတဲ့ လူတစ်မျိုးလည်း ရှိသေးတယ်။
သူကတော့
ခါးသီးမှုကို စေတနာနဲ့ မြည်းစမ်းခံစားစေချင်တာမျိုးပါ။
တနည်းအားဖြင့်တော့ တန်ဖိုးသိအောင် ရည်ရွယ်တတ်တာမျိုးပေါ့။
အဲ့ဒီ့လို စေတနာရှင်က သင်ခန်းစာပေးတတ်ပေမယ့်
မိမိ မျိုးဆက်ကို လျစ်လျူ ရှု ပြီး မသိကျိုးကျွံ ပြုတာမျိုးတော့ မလုပ်တတ်ဘူး။
(နောက်ကွယ်ကနေ အသာလေး ဖေးမ ကူညီတတ်တယ်)
x
ကျွန်တော် ပြောခဲ့တဲ့ ဒီအကြောင်းအရာကို
နိုင်ငံခြားရောက်ခါစမှာ မျက်စိသူငယ်၊နားသူငယ်ဖြစ်ဖူးသူတွေ
ပိုပြီး သဘောပေါက်ကြပါလိမ့်မယ်။ စာဖတ်သူကို မေးချင်ပါတယ်။
x
ပထမလူ အမျိုးအစား ဖြစ်ချင်သလား?
ဒုတိယလူ အမျိုးအစား ဖြစ်ချင်ပါသလား?
ခြွင်းချက် အမျိုးအစား ဖြစ်ချင်ပါသလား?

-------------------
အိမ်ဝေးသူ(KZ)

Wednesday, 6 May 2015

မိန်းမတစ်ယောက်ရဲ့ ဖြူ စင်မှုဆိုတာ


မိန်းမတစ်ယောက်က
သူမရဲ့ မွေးရာပါ ခန္ဓာကိုယ်ကို
လက်မထပ်ရသေးခင် အခြေအနေမှာ
တစ်စုံတစ်ယောက်လက်ထဲကို
ရက်ရက်ရောရော အပ်နှင်းတယ်ဆိုပါစို့။
x
အလွဲသုံးစားလုပ်လို့
ယောက်ျားတစ်ယောက်ဖြစ်တဲ့
ကျွန်တော်...သူမကို သတ်မှတ်မိမယ်။
x
အဲ့ဒီ့မိန်းမကိုယ်တိုင်ပဲ
အခြေအနေအရ ကံဆိုးမိုးမှောင်ကျပြီး
မမျှော်လင့်ထားတဲ့ အနေအထားမျိုးနဲ့
ယုတ်မာရိုင်းစိုင်းသူ လူတစ်စုရဲ့
မုဒိန်းကျင့်ခြင်းကို ခံလိုက်ရတယ်ဆိုပါတော့။
x
အဲ့ဒီ့ မိန်းမက
အပျိုရည်ပျက်သွားတယ်။
အကယ်၍ အဲ့ဒီ့မိန်းမကသာ
ကျွန်တော်သိပ်ချစ်ရတဲ့ ချစ်သူဖြစ်ခဲ့ရင်
သူမကို ကျွန်တော် ကျေကျေနပ်နပ် လက်ထပ်မယ်။
(မိတ်ဆွေဖြစ်ခဲ့ရင် ဖေးမကူညီ စောင့်ရှောက်မယ်)
x
ယောက်ျားအများစုက
မိန်းမတွေရဲ့အပျို စင်ဘဝကို
အငမ်းမရ တပ်မက်တတ်ကြပါတယ်။
ဒါပေမယ့်
ယောက်ျားအချို့သတ်မှတ်ထားတဲ့
မိန်းမတစ်ယောက်ရဲ့  ဖြူ စင်သန့်ရှင်းမှုဆိုတာ
အထက်မှာ ပြောခဲ့သလိုလည်း ရှိတတ်ပါသေးတယ်။
(မယုံဘူးလို့ ပြောခဲ့မယ်ဆိုရင် ပုံပြင်လို့သာ မှတ်လိုက်ပါ)

-------------------
အိမ်ဝေးသူ(KZ)

Tuesday, 5 May 2015

အိမ်ထောင်ရေး မပြိုကွဲစေချင်ဘူးဆိုရင်



အိမ်ထောင်သည် ယောက်ျားတစ်ယောက်ဟာ
ဘဝမှာ တစ်ကြိမ်တစ်ခါတော့
အခြားသော မိန်းမတစ်ယောက်ယောက်ရဲ့
အကျပ်ကိုင် ခြိမ်းခြောက်ခြင်းကို ခံရတတ်တယ်။
(ကိုယ်တိုင်မှားယွင်းသည်ဖြစ်စေ၊ မမှားယွင်းသည်ဖြစ်စေ)
x
အဲ့ဒီ့လို ခြိမ်းခြောက်တဲ့ မိန်းမက
အဲ့ဒီ့ ယောက်ျားရဲ့ ဂုဏ်သိက္ခာနဲ့ မိသားစုဘဝကို
အကြောင်းပြပြီး သူလိုချင်တာတွေကို တောင်းဆိုတတ်တယ်။
x
အဲ့ဒီ့ ယောက်ျားကိုယ်တိုင်က
ငြိစွန်းမှားယွင်းမိတာလည်း ဖြစ်ကောင်းဖြစ်မယ်။
ထောင်ချောက်ဆင်ခံရတာလည်း ဖြစ်တတ်တယ်။
ဘယ်လိုပုံစံမျိုးနဲ့ပဲ ခြိမ်းခြောက်ခံရသည်ဖြစ်ပါစေ
အဲ့ဒီ့လို ကြုံရတဲ့ ယောက်ျားအများစုဟာ
မိမိတို့ရဲ့ မှားယွင်းမှုကြောင့် မိသားစုဘဝလေး
ပြိုကွဲပျက်စီးသွားမှာကိုတော့ စိုးရိမ်ပူပန်ကြောင့်ကြတတ်ကြတယ်။
x
အဲ့ဒီ့လို အခြေအနေမျိုး ကြုံရတဲ့အခါ
x
# အိမ်ထောင်သည်ယောက်ျားလုပ်သင့်တာတွေက #
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁)
မိမိချစ်ဇနီးသည်ကို
အကျိုးအကြောင်း သေသေချာချာ နားဝင်အောင် ပြောပြပါ။
(၂)
မိမိဇနီးက
မိမိအမှားကို သူ့နည်းသူ့ဟန်နဲ့ ရှာတွေ့သွားတဲ့အထိ စောင့်ဆိုင်းမနေပါနဲ့။
(၃)
မိမိမှားယွင်းကြောင်းကို ဇနီးက လက်ခံနိုင်လောက်သည်အထိ တောင်းပန်ပါ။
(၄)
နောင်တစ်ကြိမ်မှာ အဲ့ဒီ့လို အမှားမျိုး ထပ်မကျူးလွန်အောင် ကတိပေးပါ။
(၅)
မိမိ ချစ်ဇနီးရဲ့ အကြံဉာဏ်ကို တောင်းခံပြီး သူမရဲ့ လမ်းညွှန်မှုကို ခံယူပါ။
တစ်ချို့  ပြသနာတွေကို မိန်းမအချင်းချင်း ဖြေရှင်းတာ ပိုကောင်းပါတယ်။
(၆)
နောင်တစ်သက်တာလုံး အဲ့ဒီ့လို ထပ်မဖြစ်အောင် အကောင်းဆုံးနေထိုင်ပါ။
ယုံကြည်မှုဆိုတာ တစ်ကြိမ်တစ်ခါဆုံးရှုံးလိုက်ရုံနဲ့ ပြန်အဖက်ဆယ်ဖို့ ခက်တဲ့
အရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်ဆိုတာကို နားလည်ပါ။
x
# အိမ်ထောင်သည် မိန်းမလုပ်သင့်တာတွေက #
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁)
သူ့အမှားကို ကိုယ့်အမှား မဖြစ်ပါစေနဲ့။
မိမိရဲ့ ဆင်မခြင်လုပ်ရပ်တစ်ခုခုကြောင့် မိသားစုဘဝကို မပျက်စီးပါစေနဲ့။
(၂)
မိမိယောက်ျားရဲ့  ဖောက်ပြန်တဲ့သတင်းကို ကြားမိတယ်ဆိုရင်တောင်
ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရင်စုံစမ်းလေ့လာပါ။ အဲ့ဒီ့လို စုံစမ်းနေတဲ့ကာလမှာ
ယောက်ျားဖြစ်သူကို စကားနာထိုးတာမျိုးမလုပ်ဘဲ မသိသလိုနေလိုက်ပါ။
(၃)
ယောက်ျားတစ်ယောက်က ဘဝမှာ တစ်ကြိမ်တစ်ခါတော့
မှားယွင်းတတ်ကြတယ်ဆိုတာကို နားလည်သဘောပေါက်ပါ။
အပြင်လောကနဲ့ ယောက်ျားတွေက ပိုပြီးအထိအတွေ့များတဲ့အတွက
အဲ့ဒီလို ဖြစ်နိုင်ခြေတွေ ပိုများတယ်ဆိုတာကို သေသေချာချာ သိထားပါ။
x
(၄)
အဲ့ဒီလို ဖြစ်လာတဲ့အခါ ကိုယ့်လောက်နီးပါး စိတ်ချရတဲ့သူကလွဲရင်
ကျန်တဲ့သူမျိုးနဲ့ ဆွေးနွေးတိုင်ပင်ခြင်းကို ရှောင်ရှားပါ။
(သတင်းကို အတင်းတစ်ခုလို ဖွတတ်တာပိုများပါတယ်)
x
(၅)
ယောက်ျားဖြစ်သူက
အမှားကိုသိလို့ လှိုက်လှိုက်လှဲလှဲ တောင်းပန်လာရင် သူ့ကို လုံးဝခွင့်လွတ်လိုက်ပါ။
ပြီးတော့ အဲ့ဒီ့လို အမှားမျိုး ထပ်မကျူးလွန်ဖို့ ကတိတောင်းပါ။
(၆)
သိပ်အရေးကြီးတာတစ်ခုက
အဲ့ဒီ့အမှားကို ကတောက်ကဆဖြစ်တိုင်း စားမြုံ့ ပြန်ပြီး ယောက်ျားဖြစ်သူ
စိတ်အနေကျဉ်းကျပ်အောင် ဒုက္ခပေးပြောဆိုခြင်းမျိုးမလုပ်ပါနဲ့။
(မလိုလားအပ်တဲ့ အရွဲ့တိုက်ခြင်းမျိုးတွေ ဆင့်ပွားဖြစ်နိုင်တယ်)
(၇)
မိမိယောက်ျားက ဖုန်းလိုင်းမမိဘူးဆိုပြီး အပြင်ထွက်စကားပြောတာမျိုး၊
ဖုန်းပြောနေတုန်းက အသံတိုးတိုးဖြစ်ပြီး မိမိအနားကို ရောက်သွားတော့မှ
အသံကျယ်ကျယ် စကားထပြောတာမျိုး၊ ပြီးတော့ ညသန်းခေါင်တွေမှာ
အိပ်ယာကထပြီး အိမ်ရှေ့ကုလားထိုင်မှာ တစ်ယောက်တည်း
ဇောချွေးပြန်နေတာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ အိမ်ထောင်ရှင်မအနေနဲ့
မိမိ ချစ်ခင်ပွန်းမှာ ပြသနာတစ်စုံတစ်ခု ရှိနေပြီဆိုတာကို သဘောပေါက်ပါ။
(၈)
မိမိအနေနဲ့
ခင်ပွန်းဖြစ်သူရဲ့ တစ်ကြိမ်တစ်ခါ မှားယွင်းမှုကို ပြင်ဆင်ခွင့်ပေးလိုက်ခြင်းက
မိမိ မိသားစုတစ်စုလုံးရဲ့ ဂုဏ်သိက္ခာကို အသက်ဆက်ရှင်သန်ခွင့်ပေးလိုက်ခြင်းပါပဲ။

--------------------
အိမ်ဝေးသူ(KZ)
--------------------
မှတ်ချက်။
ကျွန်တော် ခင်ဗျားကို မှားဖို့ တိုက်တွန်းတာ မဟုတ်ဘူး။
တစ်ကြိမ်တစ်ခါ မှားခွင့်ရှိတယ်လို့ ပြောတာလည်း မဟုတ်ဘူး။
အကယ်၍ မှားယွင်းခဲ့ရင် ဘယ်လိုပုံစံမျိုး ထိန်းသိမ်းမလဲဆိုတာကို ပြောချင်တာပါ။
ကျွန်တော့် အတွေးအမြင်သက်သက်သာဖြစ်ပါတယ်။
မိသားစုဘဝကို တန်ဖိုးထားလေးစားစေချင်တဲ့ စိတ်စေတနာကို အခြေခံပါတယ်။
လိုအပ်တာ၊ အမြင်မတူတာရှိရင် ဖြည့်စွက်အကြံပေးနိုင်ပါတယ်



Monday, 4 May 2015

ပုံပျက်သွားတဲ့ ဂုဏ်သိက္ခာ



(1) Floyd Mayweather (အနိုင်ရရှိသူ)
(2) Manny Pacquiao (ရှုံးနိမ့်သွားသူ)
x
အနောက်တိုင်းသား Floyd Mayweather နဲ့ အရှေ့တိုင်းသားဖြစ်တဲ့ Manny
Pacquiao တို့ ချန်ပီယံလုဖို့ လက်ဝှေ့ထိုးကြတဲ့ပွဲ။ အမှတ်ပေးစနစ်အရ Floyd
Mayweather က (၆) မှတ် သာပြီး နိုင်သွားတယ်။
x
ပွဲအနေအထားအရ Floyd Mayweather ကို အနိုင်ပေးလိုက်ပေမယ့် ဂုဏ်သိက္ခာအရ
သူက အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပါတယ်။ လက်ဝှေ့ထိုးတဲ့ပွဲမှာ ခံစစ်အနေအထားကိုချည်း
တစ်ချိန်လုံး သုံးပြီး ကြိုးဝိုင်းထဲမှာ ပတ်ပြေးနေရတာဟာ ကစားပွဲဗျူ ဟာဆိုရင်တောင်
ဘယ်လိုမှ ကြည့်လို့မကောင်းပါဘူး။ Manny Pacquiao က အဝင်အထွက် သွက်တယ်။
လှုပ်လှုပ်ရှားရှား ရှိတယ်။ ပြိုင်ဘက်ဆီကို လက်သီးတွေ တရစပ်ဝင်တတ်တယ်။ အဲ့ဒီ့
အခြေအနေတွေကိုသိတဲ့ Floyd Mayweather ရဲ့  လက်ဝှေ့နည်းပြတစ်ယောက်
ယောက်က ခံစစ်နဲ့ကစားဖို့ သွန်သင်ထားတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ခံစစ်ထက်ပိုတဲ့
ကြိုးဝိုင်းထဲမှာ ပတ်ပြေးဖို့တော့ သင်ပေးထားမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
x
လက်ဝှေ့ပညာ ရှုထောင့်အရတော့ အဲ့ဒီ့လို ပတ်ပြေးတာ မှန်ချင်မှန်မယ်။ ဒါပေမယ့်
ပွဲကြည့်ပရိတ်သတ်အများစုရဲ့ အမြင်မှာတော့ အဲ့ဒီ့နည်းဗျူ ဟာထက် ပတ်ပြေးနေတာ
ကိုသာ ကွက်ကွက်ကွင်းကွင်း မြင်ကြရမှာပဲ။ ဗြိတိန်မှာနေတဲ့ လူတစ်ယောက်ကလည်း
Floyd Mayweather ဟာ ကွင်းထဲမှာ ပတ်ပြေးရင်းနဲ့ ချန်ပီယံဆုရခဲ့တာကြောင့်
သူ့အနေနဲ့ လက်ဝှေ့ချန်ပီယံဆုထက် အပြေးချန်ပီယံသာ ဖြစ်သင့်ကြောင်း
လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။ Trolly လုပ်ကြတဲ့သူတွေကလည်း Funny Trolly
movie Clips တွေ လုပ်ပြီး Floyd Mayweather ကို ကောင်းကောင်းကြီး လှောင်ပြောင်
သရော်ထားတာကို တွေ့ရပါတယ်။
x
ပြိုင်ပွဲတစ်ပွဲမှာ ခံစစ်အနေအထားကိုချည်းသုံးတာဟာ (စစ်တိုက်ရင်တော့ တစ်မျိုးပေါ့)
စစ်တိုက်တာကို တကူးတက ပိုက်ဆံပေးပြီး ထိုင်ကြည့်နေတဲ့ ပွဲကြည့်ပရိတ်သတ်
မရှိဘူး။ အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးလို့လည်း ပြောကြသေးသကိုး။ အဲ့ဒီ့တော့ ခံစစ်ချည်းနဲ့ပဲ ရန်သူကို ခုခံတာ အပြစ်မဆိုသာဘူးပေါ့။ ဒါပေမယ့် အခုလို ကြိုးဝိုင်းပေါ်
တက်ပြီး စိန်ခေါ်ထိုးကြတဲ့ပွဲမှာတော့ အနိုင်အရှုံးအပြင်၊ ဂုဏ်သိက္ခာဆိုတာကိုပါ ထည့်တွက်ကြရဦးမှာပါပဲ။ ကိုယ်လုံးချင်း ယှဉ်ရင်လည်း အနေအထားက
ကွာခြားနေတယ်။ ကိုယ်လုံးပိုကြီးတဲ့သူက ကြိုးဝိုင်းထဲမှာ ပတ်ပြေးနေတာကို ကိုယ်လုံးသေးသေးလေးက လိုက်လံထိုးသတ် ရတာတော့ ကြည့်ရတာ တော်တော်
အကျည်းတန်သလို ခံစားမိတယ်။
x
Floyd Mayweather က အနိုင်ရသွားပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့
ဂုဏ်သိက္ခာပိုင်းဆိုင်ရာမှာ သူနစ်နာသွားရှာပါတယ်။ Manny Pacquiao ကတော့
ယှဉ်ပြိုင်ပွဲမှာ ရှုံးနိမ့်သွားပါတယ်။ ဒါပေမယ့် ကျွန်တော့်မျက်စိအတွက်တော့ သူဟာ
ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်ခဲ့ရတယ်။ အကယ်၍ ကျွန်တော်သာ Floyd Mayweather
နေရာမှာဆိုရင် ကျွန်တော် ကြိုးဝိုင်းထဲမှာပတ်ပြေးပြီး ရခဲ့တဲ့ ချန်ပီယံဆုဆိုတာကြီးကို
ကျွန်တော့် ဇနီး/ သား/ သမီး တွေရှေ့မှာ ဂုဏ်ယူပြီး ပြမိလိမ့်မယ်လို့ မထင်ဘူး။
(တစ်ခုတော့ ရှိတယ်။ ကျွန်တော်နဲ့ မထိုက်တန်သလို ခံစားရတဲ့ အဲ့ဒီ့ဆုတံဆိပ်ကို
ထိုက်တန်တယ်လို့ ထင်ရတဲ့လူလက်ထဲကို ကိုယ်တိုင်ကျေကျေနပ်နပ်အပ်လိုက်ရမယ်
ဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော့် ဇနီး/ သား/ သမီး တွေရှေ့မှာ ကျွန်တော်
ရှုံးနိမ့်ခဲ့ရကြောင်း ကျေနပ်စွာ ဝန်ခံပြောဆိုမိမှာပါ)

မှတ်ချက်။
ကျွန်တော် လက်ဝှေ့မထိုးတတ်ဘူး။ လက်ဝှေ့စည်းမျဉ်းမသိဘူး။
သာမန်ပွဲကြည့်ပရိတ်သတ်တစ်ယောက်အနေနဲ့ ကျွန်တော်မြင်မိ၊
ခံစားမိတာတွေကို အရိုးသားဆုံး ချရေးခဲ့ရုံပါ။ အမြင်မတူရင်လည်း
ကျေနပ်စွာနဲ့ ကွဲလွဲခံစား သုံးသပ်နိုင်ပါတယ်။

-------------------
အိမ်ဝေးသူ(KZ)


မိန်းမအချစ်၊ ယောက်ျားအချစ်


မိန်းမအများစုက
အချစ်နဲ့ပက်သက်လာရင်
အပြောထက် လုပ်ရပ်တွေနဲ့ သက်သေပြတတ်ကြတယ်။
(ဘဝ + ဂုဏ်သိက္ခာ ကိုပါ ရင်းပြီး ချစ်ရဲတတ်ကြတယ်)
x
ယောက်ျားအများစုက
အချစ်နဲ့ပက်သက်လာရင်
လုပ်ရပ်ထက် အပြောတွေနဲ့ သက်သေထူတတ်ကြတယ်။
(တကယ်လိုအပ်လာရင် စွန့်စားဖို့ထက် နောက်တွန့်သွားကြတာများတယ်)
x
ဘာပဲဖြစ်ဖြစ်
အချစ်အတွက်နဲ့ စွန်းစားရဲကြတာ ယောက်ျားလေးတွေထက်
မိန်းကလေးတွေက ပိုတယ်ဆိုတာတော့ ကျွန်တော်တို့ မငြင်းနိုင်ပါဘူး။
အချစ်ကို ပိုပြီးတန်ဖိုးထားတတ်ကြတယ် ဆိုတဲ့
ရှုထောင့်ကို အဓိကထားပြီး ပြောချင်တဲ့အတွက်
စဉ်းစားဆင်ခြင်ဥာဏ်နည်းလို့ အဲ့ဒီလို လုပ်ကြတာပဲဆိုတဲ့
ရှုထောင့်ကိုလည်း သယ်မလာစေချင်ပါဘူး။
(အများစုဆိုတာ အားလုံးကို ရည်ရွယ်တာမဟုတ်ပါဘူး)

-------------------
အိမ်ဝေးသူ(KZ)

Sunday, 3 May 2015

(အမြင်)မတူပေမယ့် အလုပ်ဖြစ်တတ်တယ်(ဟာသ)



မှတ်ချက်။
ဤဟာသရှည်သည်
ကျွန်တော်နားထောင်ခဲ့ဖူးသည့် ဟာသတိုလေးတစ်ခုအား အခြေခံပြီး
ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ကြားဖူးနားဝဖြစ်ပါက ကျော်သွားကြကုန်။
x
ဟိုးရှေးရှေးတုန်းက အမည်မဲ့ တိုင်းပြည်တစ်ခုမှာ အမည်မသိ ဘုရင်ကြီးတစ်ပါးရှိတယ်။ ဘုရင်ကြီးက ခေတ်စကားနဲ့ပြောရင် အတွေးအခေါ် ကောင်းတယ်ပေါ့။ ပြီးတော့ သူက စာဖတ်တဲ့အကျင့်ရှိတော့ ရှေးခေတ်ဘုရင်ကြီးတွေ၊ ပညာရှိတွေ ဘယ်လို တရားစီရင်သလဲ ဆိုတာကို အမြဲအတုယူ လေ့လာလေ့ရှိသတဲ့။ သူလေ့လာသလောက်ကတော့ ပညာရှိ
သုခမိန်ကြီး မဟောသဓာရဲ့ တရားစီရင်တဲ့အကွက်တွေဟာ အံ့မခန်းပဲပေါ့။
x
ဒီလိုနဲ့ ဘုရင်ကြီးဟာ မဟောသဓာရဲ့ အတ္ထုပ္ပတ္တိနဲ့ တရားစီရင်တာတွေကို အဆက်မပြတ် လေ့လာလိုက်စားလိုက်တာ တော်တော်လေးခရီးပေါက်ခဲ့တယ်ဆိုပဲ။
အဲဒီထဲမှာ သူအထင်ကြီးလေးစားဆုံးအကွက်က မဟောသဓာက အမရာကို
လက်သီးဆုပ်ပြတဲ့အကွက်ပဲတဲ့။ စကားတစ်လုံးမှ မပြောဘဲ လက်သီးဆုပ်ပြလိုက်ရုံနဲ့ 
ချက်ချင်း လက်ဝါးပြန်ဖြန့်ပြီး အဖြေပေးနိုင်တဲ့ အမရာကိုလည်း တိတ်တိတ်ကလေး အထင်ကြီးလေးစားပါသတဲ့။
x
အမရာဟာ မဟောသဓာနဲ့ တစ်ခြား နှုတ်မေး နှုတ်ဖြေတွေ မလုပ်ခင် လက်ဟန်နဲ့ အသံတိတ် မေးခွန်းရဲ့ အဖြေကို ပေးနိုင်ကတည်းက မဟောသဓာရဲ့ 
အထင်ကြီးလေးစားမှုကို ရခဲ့တဲ့သူလည်း ဖြစ်တယ်ဆိုတာကို ဘုရင်ကြီးက
သိထားတယ်။ တစ်ပြိုင်နက်တည်းသူလည်း မဟောသဓာရဲ့ အသံတိတ်
မေးခွန်းမေးနည်းကို လက်တွေ့ အသုံးချချင်စိတ် ဖြစ်တယ်။
x
ပြီးတော့ သူ့ တိုင်းပြည်မှာ အမရာလိုချက်ချင်းအသံတိတ် ပြန်ဖြေနိုင်တဲ့ ပညာအရှိဆုံး အရေအတွက် (အမျိုးသား၊အမျိုးသမီး) ဘယ်နှစ်ယောက် ရှိသလဲလို့ သိချင်တယ်။
ဒါပေမယ့် သူ့အလှည့်ကျရင်တော့ မဟောသဓာလို မေးခွန်း (၁) ခုတည်း မမေးဘဲ
မေးခွန်း (၃) ခွန်း မေးပစ်လိုက်မယ်လို့ ကြိမ်းဝါးထားတယ်။
x
အဲဒါနဲ့ တိုင်းသူပြည်သားတွေအတွက် မေးခွန်း(၃) ခွန်း စီစဉ်ထားတယ်။
အဲဒီမေးခွန်း ၃ခုလုံးကို မှန်အောင် ဖြေနိုင်သူကို ပညာရှိအဖြစ် သတ်မှတ်ပြီး ဆုတော်ငွေတွေလည်း ချီးမြှင့်မယ်လို့ တိုင်းပြည်မှာ ကြေငြာလိုက်တယ်။
အဲဒါနဲ့ တိုင်းပြည်မှာ ရှိတဲ့ ပညာရှိ မှူးမတ်တွေ၊ ဆရာကြီးတွေအားလုံး နန်းရင်ပြင်မှာ စုရုံးလာကြတာပေါ့လေ။
x
နန်းရင်ပြင်မှာ လူတွေစုံသလောက်ရှိလာတဲ့အခါကျတော့ ဘုရင်ကြီးက
သူ့ရဲ့ အသံတိတ် မေးခွန်း (၃)ခုကို မေးပါသတဲ့။
x
မေးခွန်းနံပါတ် (၁)
လက်ငါးချောင်း ထောင်ပြ ပါသတဲ့။
x
မေးခွန်းနံပါတ် (၂)
ရင်ဘတ်ကို ပုတ်ပြသတဲ့။
x
မေးခွန်းနံပါတ် (၃)
လက်မောင်းကို ထုတ်ပြပါသတဲ့။
x
ဘုရင်ကြီးက မေးတဲ့ မေးခွန်း (၃)ခုကို နန်းရင်ပြင်မှာရှိတဲ့ ပညာရှိအမတ်ကြီးတွေကော၊ မှူးမတ်အရာရှိတွေကော ဘယ်သူကမှ အဖြေမပေးနိုင်ဘူး။ မှူးမတ်တွေ၊ ဝန်ကြီးတွေ
အားလုံး လက်မှိုင်ချ တိတ်ဆိတ်နေကြတော့ ဘုရင်ကြီးလည်း အမရာလို
ချက်ချင်းပြန်ဖြေနိုင်စွမ်းရှိတဲ့ ပညာရှိမျိုး သူ့ တိုင်းပြည်မှာမရှိလေခြင်း ဆိုတဲ့အသိနဲ့  ဝမ်းနည်းငုတ်တုတ်(ဝမ်းနည်းပက်လက် မဖြစ်နိုင်တာ ရာဇပုလ္လင် ပေါ်မှာဖြစ်နေလို့)
ဖြစ်နေတုန်းမှာပဲ နန်းရင်ပြင်ထဲကို ဒယီးဒယိုင် ဝင်လာတဲ့ (ကဆော်သမား)
အရက်မူးသမားတစ်ယောက်ကို တွေ့ လိုက်တယ်။
x
" ဒီမှာ ပညာရှိရှာမရလို့ စိတ်ညစ်ရတဲ့အထဲ အရက်မူးသမားက တမှောင့်...
အပြင်ကိုဆွဲထုတ်ချေ" ဆိုပြီး မင်းချင်းတွေကို မိန့်လိုက်တယ်။ ဒါပေမယ့်
အရက်သမားက သူဟာ အရက်မူးသမားဖြစ်ပေမယ့် ဘုရင်ကြီးမေးထားတဲ့ မေးခွန်း
သုံးခုရဲ့ အဖြေကို သိတဲ့အတွက် ဖြေချင်ကြောင်း လျှောက်ထားတော့ ဘုရင်ကြီးက ဝမ်းသာအားရ ဖြေခွင့်ပေးလိုက်တယ်။
x
ဘုရင်ကြီးရဲ့ ခွင့်ပြုမိန့် ကို ရပြီးတာနဲ့ အရက်သမားက မေးခွန်းတွေ စတင်ဖြေဆို
ပါတော့တယ်။ သူဖြေတဲ့ အဖြေတွေကတော့…
x
မေးခွန်းနံပါတ် (၁) လက်ငါးချောင်း ထောင်ပြ တဲ့အတွက်
အရက်သမားရဲ့အဖြေနံပါတ် (၁) - လက်ဆယ်ချောင်း ပြန်ထောင်ပြ သတဲ့။
x
မေးခွန်းနံပါတ် (၂) ရင်ဘတ်ကို ပုတ်ပြ တဲ့ အတွက်
အရက်သမားရဲ့ အဖြေနံပါတ် (၂) - ရင်ဘတ်ရော ကျောရော ပြန်ပုတ်ပြ သတဲ့။
x
မေးခွန်းနံပါတ် (၃) လက်မောင်းကို ထုတ်ပြ တဲ့ အတွက်
အရက်သမားရဲ့ အဖြေနံပါတ် (၃) ပုဆိုးကိုလှန်ပြ သွားလေသတဲ့။
x
အဲဒီလို စကားတစ်လုံးမှ မပြောရဘဲ အသံတိတ် တရစပ် ဟန်ပန်နဲ့ ဖြေသွားတဲ့
အရက်မူးသမားရဲ့ အဖြေကို သဘောတော်တွေ့သွားတဲ့ ဘုရင်ကြီးက
အရက်မူးသမားကို ဆုတော်ငွေတွေအများကြီး ချီးမြှင့်လိုက်သတဲ့။
သာမန်အားဖြင့်တော့ ပုံပြင်လေးက ဤတွင် ပြီးဆုံးပါပြီပေါ့။ ဒါပေမယ့်
ဒီပုံပြင်လေးမှာ ဘုရင်ကြီးရဲ့ အတွေးအမြင်နဲ့ အရက်သမားရဲ့ အတွေးအမြင်ဆိုပြီး စိတ်ဝင်စားစရာ နောက်ဆက်တွဲလေး ကျန်ခဲ့ပါသေးတယ်။
x
x
# ဘုရင်ကြီး တွေးမိတဲ့ အတွေး #
~~~~~~~~~~~~~~~~~~~~~

မေးခွန်းနံပါတ် (၁)
x
ဘုရင်ကြီးမေး ။ ။
မင်းကျင့်တရားငါးပါးနဲ့အညီ ငါဘုရင်ကြီး အုပ်ချုပ်နိုင်ရဲ့လား
( လက်ငါးချောင်း ထောင်ပြခြင်း)
အရက်သမားဖြေ။ ။
မင်းကျင့်တရားငါးပါးတင်မကဘူး။ ဆယ်ပါးနဲ့ပါ ပြည့်စုံပါပေတယ်။
( လက်ဆယ်ချောင်း ပြန်ထောင်ပြခြင်း )
x
x
မေးခွန်းနံပါတ် (၂)
x
ဘုရင်ကြီးမေး။ ။
တိုင်းပြည်ကို ရင်အုပ်မကွာ စောင့်ရှောက်နိုင်ရဲ့လား?
(ရင်ဘတ်ကို ပုတ်ပြခြင်း)
အရက်သမားဖြေ။ ။
ရင်အုပ်မကွာ စောင့်ရှောက်ရုံတင်မကဘူး။
ကျောသား၊ ရင်သားပါ မခွဲခြားဘဲ အုပ်ချုပ်နိုင်ပါပေတယ်။
( ရင်ဘတ်ရော ကျောရော ပြန်ပုတ်ပြခြင်း )
x
x
မေးခွန်းနံပါတ် (၃)
x
ဘုရင်ကြီးမေး ။ ။
ငါဘုရင်ကြီး လက်ရုံးရည်နဲ့ ပြည့်စုံရဲ့လား?
(လက်မောင်းကို ထုတ်ပြခြင်း)
အရက်သမားဖြေ။ ။
လက်ရုံးရည်တင်မကပါဘူး။ နှလုံးရည်နဲ့ပါ ပြည့်စုံပါပေတယ်။
(ပုဆိုးကိုလှန်ပြခြင်း)
x
x
# အရက်သမား တွေးမိတဲ့ အတွေး #
~~~~~~~~~~~~~~~~~~~~~~~~
မေးခွန်းနံပါတ် (၁)
x
ဘုရင်ကြီးမေး။ ။
မင်း အရက်ငါးလုံး ကုန်အောင် သောက်နိုင်လား?
( လက်ငါးချောင်း ထောင်ပြခြင်း)
အရက်သမားဖြေ။ ။
အရက် ငါးလုံးတင်မကဘူး။ ဆယ်လုံးတောင် သောက်နိုင်တယ်။
( လက်ဆယ်ချောင်း ပြန်ထောင်ပြခြင်း )
x
x
မေးခွန်းနံပါတ် (၂)
x
ဘုရင်ကြီးမေး။ ။
အဲလောက်သောက်တာ မင်းရင်တွေ မပူဘူးလား?
(ရင်ဘတ်ကို ပုတ်ပြခြင်း)
အရက်သမားဖြေ။ ။
၁၀လုံးသောက်မှတော့ ရင်တွေတင်ဘယ်ကမလဲ။ ကျောတွေပါ ပူတယ်။
( ရင်ဘတ်ရော ကျောရော ပြန်ပုတ်ပြခြင်း )
x
x
မေးခွန်းနံပါတ် (၃)
x
ဘုရင်ကြီးမေး။ ။
မင်းက မိုက်လို့လား။
(လက်မောင်းကို ထုတ်ပြခြင်း)
အရက်သမားဖြေ။ ။
မင်းက ဗလအားကိုးနဲ့  ငါ့ကို မိုက်လားလို့ မေးတော့ …
ငါကလည်း မင်းကို ဒါပဲ ထင်တယ်ကွာ။
(ပုဆိုးကိုလှန်ပြခြင်း)
x
x
တစ်ခါတလေကျတော့ တစ်ယောက်နဲ့တစ်ယောက်က အမြင်မတူပေမယ့်လည်း
အလုပ်ဖြစ်သွားတတ်ပါတယ်။ အဓိကတော့ အမှန်တရားနှစ်ခု ထိပ်တိုက်
မတွေ့ကြလို့ပေါ့။ တကယ်လို့ အဲ့ဒီ့အမှန်တရားနှစ်ခုက ထိပ်တိုက်တွေ့ခဲ့ကြရင်
ကျွန်တော်တို့ ခုလို ရယ်မော နိုင်ကြမှာ မဟုတ်ပါဘူး။ ဒီကမ္ဘာမြေမှာ ထိပ်တိုက်မဆုံကြသေးတဲ့ အမှန်တရားတွေ ဘယ်လောက်များများ ပုန်းလျှိုးကွယ်လျှိုး
ရှိနေသလဲလို့ ကျွန်တော်တွေးနေမိတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ...ဘုရင်ကြီးရဲ့ အသံတိတ်
မေးခွန်း (၃) ခွန်းကို အပေါ်မှာ ဖြေသွားတဲ့ အရက်သမားရဲ့ အဖြေနဲ့မတူဘဲ
တမူထူးခြားစွာ အသံတိတ် ဖြေမယ့်သူများ ရှိသေးရင် ကွန့်မန့်လေးများနဲ့ ကြိုတင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း။ ;) ;) ;) ;)
--------------------
အိမ်ဝေးသူ(KZ)



ဆယ်ကြိမ်၊ တစ်ကြိမ်


တစ်စုံတယောက်က
ကိုယ့်အပေါ်မှာ ဆယ်ကြိမ်မကောင်းခဲ့တာကို
တနုံ့နုံ့တွေးပြီး ကြေကွဲဝမ်းနည်း ဒေါသထွက်မနေဘူး။
x
အဲ့ဒီ့လူ
ကိုယ့်အပေါ်မှာ တစ်ကြိမ်ကောင်းခဲ့ဖူးတာကိုပဲ
ဆယ်ဆချဲ့ပြီး ကျေနပ်ကြည်နူး ပီတိဖြစ်လိုက်မယ်။
x
တကယ်တော့လည်း
ဘဝဟာ...နေတတ်ရင် ကျေနပ်စရာတွေကြီးပါကွယ်။ smile emoticon

--------------------
အိမ်ဝေးသူ(KZ)

Saturday, 2 May 2015

Shift + DEL (Physically+Mentally+Emotionally)



Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL
Shift + DEL - Shift + DEL- Shift + DEL - Shift + DEL - Shift + DEL - Shift + DEL

-------------------------
Eainwaaythu(KZ)



Thanks Allah;
My Life Is Full Of Blessings

Friday, 1 May 2015

မေဒေး(အလုပ်သမားနေ့)


အလုပ်သမားတွေရဲ့
ရပိုင်ခွင့်တွေအကြောင်းကို
မေလ(၁) ရက်နေ့မှာ
တခမ်းတနား ဟောပြောကြတယ်။
(လက်ခုပ်တွေလည်း တီးကြတယ်)
x
အလုပ်ရှင်တွေရဲ့
နိုင်ထက်စီးနင်း ဗိုလ်ကျမှုတွေကို
အလုပ်သမားတွေက
တစ်နှစ်တာပတ်လုံး ခါးစီးခံကြရတယ်။
(ချီးကျူးစကားလေးတစ်ခွန်းရဖို့တောင် မသေချာဘူး)
x
ဘာပဲဖြစ်ဖြစ်
ပျားရည်စမ်းဝေါဟာရတွေရဲ့
လိမ်လည်လှည့်ဖြားမှုအောက်မှာ
အလုပ်သမားထုကြီးအနေနဲ့
ဒီနေ့(၁)ရက်တာတော့
ငြိမ့်ငြိမ့်လေးပျော်ဝင် စီးမျောကြဦးမှာပဲ။
(လာမယ့်နှစ် မေဒေးကို ဆက်စောင့်ကြတာပေါ့)
x
ကျွန်တော်လား?
အလုပ်သမားအခွင့်အရေးတွေအကြောင်း
ပြောကြဆိုကြတဲ့ ဒီနေ့မေဒေးမှာ
အလုပ်သွားဖို့အသင့်အနေထားဖြစ်နေပါပြီ။
အားလုံးအတွက်......ဟတ်ပီးမေဒေးပါဗျာ။

--------------------
အိမ်ဝေးသူ(KZ)
--------------------
မှတ်ချက်။
အလုပ်ရှင်၊ အလုပ်သမား
ရှုထောင့်တွေကို တင်ပြခဲ့တာမဟုတ်ကြောင်း သတိပြုပါ။
အလုပ်သမားက အလုပ်သမားလိုတွေးတယ်၊
အလုပ်ရှင်က အလုပ်ရှင်လို တွေးမယ်။
အလုပ်ရှင်လိုတွေးတဲ့ အလုပ်သမားရှိတယ် {ရှားတယ်}
အလုပ်သမားအတွက် ထည့်တွေးတဲ့ အလုပ်ရှင်ရှိတယ် {ရှားတယ်}

ကျေးဇူးပါ...ညီလတ်ရေ


ကလေးနှစ်ယောက်အဖေ ညီလတ်ဖုန်းဆက်လာတယ်။
သိပ်မကြာခင်ရက်ပိုင်းအတွင်း
လက်ထပ်တော့မယ် ကျွန်တော့်ငယ်ချစ်ဦးအကြောင်းကို
ပြောပြပြီး ညီလတ်က ဖုန်းထဲမှာ ရှိုက်ကြီးတငင် ငိုတယ်။
x
ကျွန်တော်က
ဘာမှ မဖြစ်တော့ဘူး၊ အေးဆေးပါပဲလို့ ပြောတော့
ကိုကြီး အသက်ဘယ်လောက်ကြီးသွားပါစေ၊
ကိုကြီး ဘယ်လောက်အချစ်ကြီးခဲ့သလဲဆိုတာ
ညီလတ် ဟိုးငယ်ငယ်ကတည်းက သိနေခဲ့တာပဲတဲ့။
x
မပူနဲ့ ညီလတ်...ကိုကြီးကိုယ်တိုင် ချစ်ပေမယ့်
သူ့ကို ကျေကျေနပ်နပ်ကြီး နေရစ်ခွင့်ပေးခဲ့တာပဲဆိုတော့
အဲ့ဒါကြောင့် ပိုပြီး ဝမ်းနည်းမိတယ်တဲ့...။
ကျွန်တော့်ကို စိတ်မကောင်းမဖြစ်ဖို့
တတွတ်တွတ် မှာလိုက်တာများ...သူက အကိုကြီးလိုပဲ။
x
သိပ်ပြီးတော့ နာကျင်ခံစားမနေပါနဲ့တော့ တဲ့။
သူလည်း မင်္ဂလာဆောင်ကို မသွားချင်ဘူးတဲ့။
ကျွန်တော်လည်း သွားလိုက်ပါလို့ ချော့ပြောရတယ်။
ဘာပဲဖြစ်ဖြစ်...
အကိုကြီးဖြစ်သူ နာကျင်နေမလားဆိုပြီး
စိုးရိမ်တကြီး ဖုံးဆက်သတင်းမေးဖော်ရတဲ့အတွက်
ညီလတ်ရေ....တကယ့်ကို လှိုက်လှုက်လှဲလှဲ ကျေးဇူးပါ။
(အကိုကြီးအတွက် ကျခဲ့တဲ့မျက်ရည်တွေ အလဟသ မဖြစ်စေရပါဘူး)
x
တစ်ခါတလေတော့လည်း
မောင်နှမဆိုတာ
နီးနေရင်သာ တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန် ရန်ဖြစ်လိုက်၊ အော်ဟစ်လိုက်နဲ့။
တကယ်တမ်း လိုအပ်တဲ့အချိန်အခါမျိုးမှာတော့
တစ်ယောက်အတွက် တစ်ယောက်က ကျောခင်းပေးဖို့အသင့်။
x
ဒီလိုနဲ့ပဲ
၂၀၁၅ မေဒေးကလည်း
ကျွန်တော့်အတွက် အမှတ်တရတစ်ခုတိုးခဲ့ရပြန်ပြီ။

--------------------
အိမ်ဝေးသူ(KZ)