Monday, 19 May 2014

အတုယူလိုသော(စိတ်၊လူ) နှင့် မနာလိုတတ်သော(စိတ်၊လူ)

***********************************************************
(၁)
ထိုစိတ် ဖြစ်ပေါ်ရသည့် အကြောင်းရင်း
------------------------------------------------
အရည်အချင်း၊ ရာထူးအာဏာ၊ စည်းစိမ်ချမ်းသာ ပညာအရည်အသွေး
တစ်ခုခုသည် မိမိတွင်မရှိခြင်းကြောင့် ဖြစ်စေ၊ မိမိထက်
အခြားသူတစ်ဦးတစ်ယောက်ထံတွင် ပိုသာစွာ
ရှိနေသောအခါဖြစ်စေ ဖြစ်ထွန်းတတ်သော စိတ်မျိုးဖြစ်သည်။

(၂)
အတုယူလိုစိတ်နှင့် အတုယူတတ်သူ
---------------------------------------------
အတုယူတတ်သည်။
တစ်ဘက်လူ၏ အားသာချက်များအကြောင်းကို လေ့လာသည်။
အောင်မြင်ရသည့် အကြောင်းအရင်း၊ အရည်အချင်းရှိရသည့် အကြောင်းအရင်း
များကို သုံးသပ်အတုယူတတ်သည်။
တစ်ပါးသူ၏ အားသာချက်ကို မိမိအတွက် တွန်းအားအဖြစ် အသုံးချသည်။
အပြုသဘောဆောင်သည့်အတွက် မိမိ၏လုပ်ရပ်တိုင်းက မိမိ လက်ရှိပိုင်ဆိုင်
ထားသော အခြေအနေ၊ အဆင့်အတန်းထက်သာသော နေရာတစ်ခုကို ရောက်ရှိ
စေသည်။
ဤနေရာတွင် အတုယူသည်ဟု ဆိုသော်လည်း
အတုယူဆောင်ရွက်တိုင်း မဖြစ်နိုင်သည့် ခြွင်းချက်များလည်း ရှိသေးသည်။
ဥပမာ…
(အင်္ဂလိပ်စကား ကျွမ်းကျင်ခြင်း) မှာမူ အတုယူပြီး ကြိုးစားလေ့ကျင့်ပါက
တစ်ဘက်လူလို အင်္ဂလိပ်စာ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်သည်။
(ရုပ်ရည်ရူပကာ လှပလွန်းခြင်း) သည် အတုယူပြီး လိုက်လုပ်တိုင်း တစ်ဘက်လူလို
လှပနိုင်မည်မဟုတ်။
သို့ဆိုလျှင် မွေးရာပါ ရုပ်ရည်လှပသာလွန်ခြင်းအတွက် အတုယူလို့မရလျှင်
အကောင်းဆုံးနည်းက မိမိတွင်ရှိသည့် ရုပ်ရည်ကို (ကျေနပ်ရောင့်ရဲခြင်း) နှင့်
တစ်ဘက်သား၏ ရုပ်ရည်လှပမှုအတွက် (မုဒိတာပွားခြင်း) ဖြစ်သည်။
(၃)
မနာလိုစိတ်နှင့် မနာလိုတတ်သူ
---------------------------------------
ပူလောင်မှုကို အခြေခံပြီး ဖြစ်ထွန်းသော စိတ်မျိုးဖြစ်သည်။
အပြုသဘောမျိုး မရှိဘဲ အပျက်သဘောမျိုးကို ဦးတည်သည်။
တစ်ဘက်လူ၏ အားသာချက်နှင့်အတူ အားနည်းချက်မျိုးကိုပါ တွဲ၍
ရှာဖွေစူးစမ်းတတ်သည်။
သို့သော် ထိုသို့ ရှာဖွေခြင်းက မိမိ ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာ
တိုးတက်ကြောင်း လုပ်ရန်မဟုတ်ဘဲ တစ်ဘက်သားကို တိုက်ခိုက်အနိုင်ယူရန်
ဖြစ်တတ်သည်။
တစ်ဘက်သားကို ဒုက္ခပေးရန် ကြံစည်ခြင်းကြောင့် မိမိပိုင်ဆိုင်သော အချိန်တို့
အချည်းအနှီး ဖြစ်ရတတ်သည်။
တစ်ဘက်သားက အောင်မြင်သည့် အခြေအနေရောက်သည့်အချိန်တွင်
မိမိကမူ ဒုံရင်းမှ မတက်ဘဲ မူလအတိုင်းသာ ကျန်ရစ်ခဲ့တတ်သည်။
မနာလိုစိတ်သည် အဆင့်အတန်း အလွန်ကွာလွန်းသူများတွင် အဖြစ်နည်းသည်။
ဥပမာ…
ဖိနပ်ချုပ်သမားက ဘီလ်ဂိတ်စ် (Bill Gates ) ကို မနာလိုစိတ်မဖြစ်။
သူ့ဘေးက နောက်ထပ် ဖိနပ်ချုပ်သမားကိုသာ မနာလိုစိတ်ဖြစ်တတ်သည်။
ဆိုလိုသည်မှာ မိမိနှင့် မတိမ်းမယိမ်း အခြေအနေရှိသောသူများကိုသာ
မနာလိုစိတ် ပို၍ ဖြစ်တတ်သည်။ အကယ်၍ ဘီလ်ဂိတ်စ် (Bill Gates ) ကိုသာ
အားကျပါက အလိုလို အတုယူလိုစိတ်ဘက်ကို ပြောင်းသွားလိမ့်မည်။
သို့အတွက်။
မိမိသည် အတုယူလိုတတ်သူ ဖြစ်ပါသလား?
သို့ဆိုလျှင် အတုယူတတ်သော စိတ်ဓာတ်ကို ထိန်းသိမ်းပါ။
အတုယူ၍ မရနိုင်သည့် ကိစ္စမျိုးဖြစ်ပါက မုဒိတာပွားပါ။
ထိုစိတ်ကြောင့် မိမိ ဘယ်သောအခါမှ ပူလောင်ရမည် မဟုတ်။
မိမိသည် မနာလိုဝန်တိုစိတ် မွေးတတ်သူ ဖြစ်ပါသလား?
သို့ဆိုလျှင် မနာလိုဝန်တိုစိတ်ကို အတုယူလိုစိတ်အဖြစ် အသွင်ပြောင်းနိုင်အောင်
ကြိုးစားပါ။
မနာလိုစိတ်သည် မိမိကို တမြေ့ မြေ့ လောင်ကျွမ်းစေသော အပူတစ်မျိုး ဖြစ်သည်။
ထိုအပူကို အမြန်ဆုံး ဖယ်ရှားနိုင်အောင် သတိချပ်ပါလေ။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment