********
“နိုင်ငံတော်” ဆိုသည်မှာ
လူတစ်စုကို ရည်ညွှန်းခြင်းလား?
သို့မဟုတ်
လူအများစုကို ကိုယ်စားပြု ခြင်းလား?
ပြည်သူအများစု၏ ဦးနှောက်ထဲတွင် သံမှိုကဲ့သို့ စွဲမြဲစွာ ရိုက်သွင်းခြင်းခံထားရသည်က
“နိုင်ငံတော်” သည် လက်တစ်ဆုပ်စာ လူနည်းစုကို တိုက်ရိုက်ကိုယ်စားပြုသည်။
သတင်းစာများ၊ ဂျာနယ်များ၊ ရုပ်မြင်သံကြား အစီအစဉ်များတွင်
ထပ်တလဲလဲ ဖော်ပြနေသော “နိုင်ငံတော်” ဟူသော ဝေါဟာရသည်
အမှန်တကယ် ဝေဖန်သုံးသပ်ပါက လူနည်းစုကိုသာ ကိုယ်စားပြုနေသည်။
ဝမ်းနည်းဖွယ် ကောင်းလေစွ။
“နိုင်ငံတော်” ၏ ကျွန်းသစ်များ
“နိုင်ငံတော်” ၏ ရေထွက်ကုန်စည်များ
“နိုင်ငံတော်” ၏ တွင်းထွက်ပစ္စည်းများ
“နိုင်ငံတော်” ၏………………………….များ
“နိုင်ငံတော်” ၏…………………………..များ
အစရှိသည်တို့သည် “နိုင်ငံတော်” ပိုင်ဖြစ်ပါက
အဘယ်ကြောင့် ပြည်သူတို့နှင့် စိုးစဉ်းမျှ မသက်ဆိုင်ရပါသနည်း။
ကျွန်တော်တို့ ပြည်သူများ ညံ့ဖျင်းသည်ဟု ဆိုရမည်လား?
ဥပမာ…
မြစ်ကြီးမြစ်ငယ်အသွယ်သွယ် စီးဆင်းနေသော မြန်မာ့မြေပေါ်မှာ ပေါက်ဖွားသော
အခြေခံလူတန်းစားကလေးငယ်တစ်ဦးအနေဖြင့် အဘယ်ကြောင့် တစ်လတွင်
တစ်ကြိမ်မျှ ပုစွန်ထုပ် မစားနိုင်ပါသနည်း?
ဤပုံစံဖြင့် ဆက်သွားမည်ဆိုပါက ယခု မျိုးဆက်သစ်တို့အတွက် ပုစွန်ထုပ်ဆိုသည်မှာ
ကျောင်းဖတ်စာအုပ်ထဲမှ ခပ်ကွေးကွေးရှိသော ရေသတ္တဝါတစ်ကောင်ဟုသာ မှတ်သားနိုင်မည့်
အခြေအနေမျိုး ဆိုက်ရောက်ချေတော့မည်။
“နိုင်ငံတော်” ဆိုသော နာမည်ကိုင်လိုက်သည်နှင့် ကြောက်ဒူးတုန်နေရသော ပြည်သူ
များပြားနေသရွေ့ …။
“နိုင်ငံတော်” ဟူသော ဝေါဟာရ၏ နောက်မှလိုက်သော ပိုင်ဆိုင်မှုများသည်
မိမိတို့ပြည်သူများ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်ကို သဘောမပေါက်သရွေ့ ….။
“နိုင်ငံတော်” ဟူသည် လူနည်းစုတို့၏ စည်းစိမ်ခံစားမှုအတွက် အထောက်အကူပြုသော လှေကားတစ်စင်းသာ ဖြစ်လာမည်မှာ မလွဲဧကန်တည်း။
အိမ်ဝေးသူ (KZ)

No comments:
Post a Comment