ဘာရယ်မဟုတ်ပါဘူး
ပန်းသီးကလေးတစ်လုံး
အချိန်တန်လို့ ဖြစ်ရိုးဖြစ်စဉ် ကြွေကျရုံပါ။
ဘာရယ်မဟုတ်ပါဘူး
ပန်းသီးကလေးက မရည်ရွယ်ခဲ့ပေမယ့်
မြက်ပင်ဖျန်းကလေး ခမျာ
တွန်းလှန်နိုင်စွမ်း ကင်းမဲ့ခြင်းနဲ့အတူ
အပျိုရည် ပျက်ခဲ့ရပေါ့။
ဘာရယ်မဟုတ်ပါဘူး
နယူတန်ကို ပန်းသီးကလေး မသိခဲ့ရှာသလို
ကမ္ဘာဆွဲအားအကြောင်းလည်း မြက်ပင်ကလေး မလေ့လာခဲ့ဖူးရှာဘူး
တကယ်တော့လည်း ဘယ်သူမှလည်း မမှားခဲ့ကြပါဘူး။
ဘာရယ်မဟုတ်လှပါဘူး
မြဲမြံနိုင်စွမ်းမဲ့တဲ့ ပန်းသီးကလေး အဖြစ်မျိုး
ခုခံနိုင်စွမ်းကင်းတဲ့ မြက်ပင်ဖျန်းကလေး အဖြစ်မျိုး
ဘဝတစ်ကွေ့မှာ အခါခါ ကြုံခဲ့ရတော့လည်း
ဟောဒီ…ဘယ်ဘက်ရင်အုံ တစ်နေရာမှာ
သိုသိုသိပ်သိပ် ထုပ်ပိုးသိမ်းဆည်းထားခဲ့တဲ့
“တစ်ဖက်သတ်” ဆိုတာကြီး ခမျာ
တကယ့်ကိုပဲ တစ်ဖက်သတ် ဆန်ဆန် လူလားမြောက်ခဲ့ပေါ့ကွယ်။
အိမ်ဝေးသူ (KZ)

No comments:
Post a Comment