ညီမလေးရေ။
မျှဝေခံစားပေးတတ်တဲ့ ရင်ခွင်တစ်ခုနဲ့
စကားပြောတတ်တဲ့ မျက်ဝန်းတစ်စုံ အနီးဆုံးမှာ ရှိခဲ့လည်း
ဆန္ဒနဲ့ဘဝ ခြုံခိုတိုက်တဲ့ပွဲမှာ
ဝေးကွာခြင်းက မြေစာပင်အဖြစ် ကျန်ရစ်ခဲ့ပြီကွယ့်။
တစ်ချို့ က ပြောကြတယ်
မိုင်တွေ ဘယ်လောက်ခြားခြား နှလုံးသားချင်း နီးဖို့ပဲလိုတယ်တဲ့။
တစ်ချို့ က ပြောကြတယ်။
ဝေးကွာခြင်းကပဲ ချစ်သူနှစ်ဦးကို တဖြည်းဖြည်း ဝေးကွာစေတယ်တဲ့။
ငါ့…အတွက်တော့
ဝေးကွာခြင်းအတွက် အဘိဓာန် မလို
ဝေးကွာခြင်းမှာ ကြားခံ ဖြေရှင်းချက် မလို
ဝေးခဲ့ပြီ ဆိုမှတော့ ဝေးကွာခြင်းရသကို တစ်သိမ့်သိမ့် ခံစားတတ်ဖို့ပဲ လိုတယ်။
ဘာပဲဖြစ်ဖြစ်
ဝေးကွာခြင်းရဲ့ တစ်ဘက်မှာရှိတဲ့ နီးကပ်ခြင်း
၃ နဲ့ ၄ လို ကျောချင်းကပ်နေကြတဲ့ အဖြစ်မှာ
ပိုင်ဆိုင်ရာ ဘဝအသီးသီးကို အလှပဆုံး ထုဆစ်
သတိရမိတဲ့အခါတိုင်း
တစ်ခါတုန်းက အမှတ်တရ ဆိုတာလေးတွေ ထုတ်ကြည့်
ခရီးကိုယ်စီ ဆက်ရမယ့် ဘဝတစ်ကွေ့မှာ
“ညီမလေး” ဆိုတဲ့ အသံကြားတိုင်း
လွမ်းဆွတ်ခြင်း ခလုတ်ကို ခပ်ဆတ်ဆတ်ပိတ်
ဝေးကွာခြင်းမှာ ပျော်ဝင်စီးဆင်းရင်း…ခပ်သော့သော့လေး ပြုံးပါရစေ။
အိမ်ဝေးသူ (KZ)

No comments:
Post a Comment