Thursday, 8 May 2014

သတ္တိရှိသူနှင့် သူရဲဘောကြောင်သူ နှင့် အခွင့်အရေး


သတ္တိရှိသူနှင့် သူရဲဘောကြောင်သူကို
ခြားနားထားသောအရာသည် “အခွင့်အရေး” ဖြစ်သည်။
သတ္တိရှိသူသည်
အခက်အခဲများကြားမှ မိမိ၏ အခွင့်အရေးကို
ရအောင်ယူတတ်သည်။
သူရဲဘောကြောင်သူမှာမူ
အကြောင်းအမျိုးမျိုးကြောင့် မိမိအခွင့်အရေးကို
လစ်လျူရှုတတ်တယ်။
အခြေခံ လူသားတစ်ယောက်အနေဖြင့် အခြေခံ လူ့အခွင့်အရေးရှိပါသည်။
တနည်းအားဖြင့်…
လူနှင့် တိရိစ္ဆာန်တို့၏ ခြားနားခြင်းဟုလည်း ပြောနိုင်ပါသည်။
လူသည် မိမိအခွင့်အရေးကို မိမိရအောင် ဖန်တီးတည်ဆောက်ကြရပြီး
တိရိစ္ဆာန်များမှာမူ လူသားတို့ ဖန်တီးပေးသော အခွင့်အရေးကို အသုံးပြုကြရသည်။
ကျွန်တော်ဖော်ပြခဲ့သော အခွင့်အရေးဆိုသည်မှာ
သူတစ်ပါး၏ အခြေခံလူ့အခွင့်အရေးကို ဖျက်ဆီးပြီးမှ ဖြစ်တည်လာသော
မိမိ၏ အခွင့်အရေးကို ဆိုလိုခြင်းမျိုးမဟုတ်ပါ။
ဥပမာ…
မိမိသည် စာလောင်မွတ်သိပ်မှုကို ခံစားနေရသည် ဆိုပါစို့။
မိမိ ဗိုက်ဆာကြောင်းကို သတ္တိရှိရှိ ဝန်ခံရမည်။
မိမိ ဝမ်းဝရေးသည် မိမိ၏ အခြေခံအခွင့်အရေး ဖြစ်သည်။
သို့သော်…မိမိ ဝမ်းဝရေးအတွက် အခြားသူ၏ ထမင်းအိုးကို ရိုက်ခွဲစရာမလို။
မိမိမှာ စားစရာမရှိသည့်အခြေအနေမျိုးတွင် မိမိဘေးမှလူကမူ
စားစရာ အလျှံအပယ် ရှိနေပါက မိမိ၏ အခွင့်အရေးကို ချိုသာစွာ တောင်းဆိုတတ်ရမည်။
(လက်ကြောမတင်းဘဲ အချောင်ခိုသမားများကို မဆိုလို)
အခွင့်အရေးဟူသည်မှာ
အရေအတွက်များများရှိလေ သက်ဆိုင်သူများက အရေးတယူ ပြုရလေဖြစ်သည်။
မိမိ၏ ဝဲယာတွင်ရှိသူများကလည်း ငတ်မွတ်နေပါက ၄င်းတို့နှင့်အတူ
စုပေါင်း၍ မိမိတို့၏ အခြေခံ အခွင့်အရေးကို တောင်းဆိုရပေလိမ့်မည်။
လူအရေအတွက်များလေ…သက်ဆိုင်သူများက ထိုအခွင့်အရေးကို
လျစ်လျူရှူ နိုင်စွမ်းမဲ့လေဖြစ်သည်။ ဆင်းရဲသားများစွာက ၄င်းတို့၏ အခွင့်အရေးကို
သတ္တိရှိရှိ တောင်းဆိုပါက လူချမ်းသာများက ဖြည့်ဆည်းပေးရသည့် ပုံစံမျိုးဖြစ်သည်။
(သူတောင်းစားများကို အားပေးအားမြှောက်လုပ်နေခြင်းမဟုတ်)
မြန်မာနိုင်ငံအတိုင်းအတာနှင့်ပြောလျှင် ကျွန်တော် လွန်ပေတော့မည်။
နိုင်ငံတစ်ခုလုံး၏ ကြွယ်ဝမှု အရင်းအမြစ်များအား လူနည်းစုတစ်စုကသာ
ဝါးမြိုနေကြသည်။ သို့ဆိုလျှင် ပြည်သူအများစု၏ အခြေခံအခွင့်အရေးတို့အတွက်
မည်သူ့မှာ တာဝန်ရှိပါသနည်း။ အုပ်ချုပ်သူများမှာ တာဝန်ရှိသည်ဆိုသော်ငြားလည်း
၎င်းတို့က ပြည်သူတို့၏ အခွင့်အရေးကို ပေးမည်ကား မဟုတ်။ ထို့အတွက် မိမိ၏ အခွင့်အရေးအား ရအောင် ယူရမည်မှာ ပြည်သူတစ်ဦးချင်းစီ၏ တာဝန်ဖြစ်လာသည်။
အခွင့်အရေးကို တောင်းဆိုရာတွင်
စုစုစည်းစည်းဖြင့် တောင်းဆိုရမည်ဖြစ်ပြီး လိုအပ်ပါက “တိုက်ပွဲ” အသွင်ပြောင်းပစ်ရမည်ဖြစ်သည်။
ကျွန်တော်တို့ တိုင်းပြည်တွင် အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေသူများမှာ ပြည်သူအများစု ဖြစ်သည်။
အခွင့်အရေးဆိုသည်မှာ တောင်းရဲ ၊ ယူရဲ ၊ တိုက်ရဲ သူများအတွက်သာ ဖြစ်သည်။
ထိုအခွင့်အရေးအတွက် အမြင့်ဆုံး အရင်းအနှီးက “အသက်” ဖြစ်သည်။ မိမိ၏ အသက်ကိုပေး၍
မိမိ၏ မျိုးဆက်သစ်များအား ၄င်းတို့ ရသင့်သည့် အခွင့်အရေးကို ပိုင်ဆိုင်စေခြင်းသည်
သူရဲဘောကြောင်သူများထက် အဆများစွာ သာမြတ်ပေသည်။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment