(၁)
အချို့ သူတို့အတွက် အတိတ်သည် အဆိပ်။
အချို့ သူတို့အတွက် အတိတ်သည် အရိပ်။
အတိတ်သည် အချို့ သူတို့အတွက် အမှည့်လွန်သွားသော သစ်သီးပုပ်တစ်လုံး။
အတိတ်သည် အချို့ သူတို့အတွက်မူ စွန်ပလွန်ကဲ့သို့ အကျိုးပြုသော အပင်တစ်ပင်။
သို့ဆိုလျှင် အတိတ်သည် ကျွန်တော်တို့ လူမှုဘဝများအတွက် အရေးပါသည်ဟု ဆိုနိုင်ပါသည်။
အတိတ်ကို အသုံးပြုတတ်ပါက အမှားအယွင်းနည်းတတ်သည်။
အသုံးမပြုတတ်ပါကမူ သင်ခန်းစာကြီးကြီး ရတတ်လေသည်။
ဤနေရာတွင် ကျွန်တော်သတ်မှတ်ထားသော အတိတ် (၂) မျိုးရှိကြောင်း ပြောချင်ပါသည်။
(က) အတိတ်ချို (ချိုမြိန်သောအတိတ်)
(ခ) အတိတ်ခါး (ခါးသက်သောအတိတ်)
အတိတ်ချို နှင့် အတိတ်ခါးတို့သည် လူ့ဘဝအဖုံဖုံကို ပုံစံမျိုးစုံဖြင့် အထောက်အကူပြုလျက် ရှိသည်။
(က) အတိတ်ချိုအား အသုံးချခြင်း
ဥပမာ...ဆိုကြပါစို့။
ကျွန်တော်သည်...အိမ်ဝေးသူ ဖြစ်သည်။
အိမ်နှင့်ဝေးကွာခဲ့သည်မှာ...(၇) နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။
လက်ရှိကာလတွင် မိသားစုနှင့်ဝေးကွာသော ခံစားချက်တို့ဖြင့် ကျွန်တော် မပျော်မရွှင်
ဖြစ်နေသည်ဆိုပါစို့။
လက်ရှိအနေအထားကလည်း အိမ်ပြန်ပြီး မိသားစုနှင့် ပျော်ပါးနိုင်သည့် အခြေအနေမျိုးမဟုတ်။
သို့ဆိုလျှင် ကျွန်တော့်အတွက် အကောင်းဆုံးသော နည်းလမ်းမှာ တစ်ခါတုန်းက
မိမိအတိတ်အား ပြန်လည်တူးဖော်ခြင်းဖြစ်သည်။
ကျွန်တော် မိသားစုနှင့်ဝေးကွာသည့် ခံစားမှုကို ကုသရန်မှာ မိသားစုနှင့်အတူရှိစဉ်တုန်းက
ဖြစ်ထွန်းခဲ့ဖူးသော ပျော်ရွှင်ကျေနပ်ကြည်နူးမှုတို့ကို ပြန်လည်တူးဖော်ပြီး မိမိကိုယ်ကိုယ်
ကျေနပ်စေခြင်းဖြစ်သည်။
(မွေးကတည်းက မိသားစုဆိုတာနဲ့ မနေခဲ့ဖူးသူတွေ၊ အဖေအမေ၊
ညီအကိုမောင်နှမ ဆိုတာ မမြင်ဖူးသူတွေ၊ ရာသက်ပန်မိသားစုနဲ့ ဝေးကွာနေရှာတဲ့သူတွေနဲ့
ယှဉ်လိုက်ရင် ငါ့ဘဝက အများကြီး ကျေနပ်စရာကောင်းတယ်..
တစ်ချိန်က မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတာပဲလေဟု တွေးမိသည့်အခါ
ပစ္စုပ္ပန်တွင် ရင်ဆိုင်ခံစားနေရသော နာကျင်မှုတို့ အခိုက်အတန့် ပြေလျော့ရသည်။
နောင်တစ်ချိန်မှာ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေနိုင်အောင် ပိုကြိုးစားမယ်ဟူသော
ခွန်အားသစ်တို့ မွေးဖွားစေသည်)
(ခ) အတိတ်ခါးအား အသုံးချခြင်း
ဥပမာ...ဆိုကြပါစို့။
ကျွန်တော်သည် ငယ်စဉ်က စာမကြိုးစားခဲ့။ ထို့အတွက် စာမေးပွဲများစွာ ကျရှုံးခဲ့သည်။
ညီအကိုမောင်နှမများထဲတွင်လည်း ကျွန်တော်သည် အညံ့ဆုံးဖြစ်သည်။
သူငယ်ချင်းများထဲတွင်လည်း ကျွန်တော်ကသာ အညံ့ဆုံးဖြစ်သည်။
ထို့အတွက် အများစု၏ ပစ်ပယ်ရှောင်ကြဉ်ခြင်းကို ခံရသည်။
ထိုကဲ့သို့ လစ်လျူရှုခြင်း၏ အရသာကို ကျွန်တော်ကောင်းကောင်းသိသည်။
ကံကြမ္မာအလှည့်အပြောင်းကြောင့် လမ်းမှန်သို့ရောက်ပြီး ကြိုးစားရုန်းကန်ခွင့်ကို ရရှိသည်။
ဤနေရာတွင်လည်း ကျွန်တော်သည် အတိတ်ခါးများမှ သင်ခန်းစာ ယူရမည်ဖြစ်သည်။
အတိတ်တုန်းက လစ်လျူရှုခြင်း၏ ခါးသီးမှုများ၊ မကြိုးစားခြင်း၏ ရလဒ်ဆိုးများကို
ပြန်လည်သုံးသပ်ရင်း လက်ရှိကာလကို ကောင်းသထက်ကောင်းအောင် ဖန်တီးရမည်ပင်ဖြစ်သည်။
အထက်ဖော်ပြပါ ဥပမာများသည် အတိတ်ချိုနှင့် အတိတ်ခါးကို အသုံးချပုံများဖြစ်သည်။
သို့သော် အချို့ သူများက အတိတ်ချိုကိုသာ ခံနိုင်ရည်ရှိကြပြီး အတိတ်ခါး၏ ရိုက်ခတ်မှုကိုမူ
ခံနိုင်ရည်မရှိကြ။
အဘယ့်ကြောင့်ပါနည်း။
(သဘောထားခံယူချက်နှင့် လက်ခံကျင့်သုံးလိုစိတ်) ကြောင့်ဖြစ်ပါသည်။
သတိပြုရန်မှာ မိမိသည် မိမိစိတ်ကို နိုင်နင်းသလားဟု သုံးသပ်ရန်ဖြစ်သည်။
အတိတ်ချိုများကို မတူးဖော်ဘဲ အတိတ်ခါးများကိုသာ တူးဆွပြီး မိမိစိတ်ကို မိမိ ညှင်းပန်း
နှိပ်စက်သည့် အပြုအမူများကိုလုပ်ဆောင်ပါက နောင်တများ၊ နာကျင်စရာများဖြင့်သာ
ပြည့်နှက်နေပေလိမ့်မည်။
အထက်တွင် အတိတ်ခါးအတွက် ဥပမာပေးခဲ့သကဲ့သို့ ....
(ငါ့ကို အမြဲလူတွက နှိမ်ခဲ့တာပဲ၊ ဘာလို့ ကြိုးစားရမှာလဲ၊ ကိုယ့်ထမင်းကိုယ်စားတာ ဘယ်သူ့
ဂရုစိုက်ရမှာလဲ၊ ငါ့ကို နှိမ်ခဲ့၊ ဖယ်ခဲ့တဲ့လူတွေ တွေ့ကြသေးတာပေါ့)
အစရှိသဖြင့် အပြုသဘောမဆန်သည့် မကောင်းသော စိတ်ခံစားမှု ဘက်ကို အလေးသာသွားပါက
နစ်နာစရာဖြစ်ရပေလိမ့်မည်။
ထို့အတွက်ကြောင့်...မိမိသည် စိတ်ဓာတ်ကြံ့ခိုင်ပြီး အပြုသဘောဆန်သူ ဖြစ်ပါက အတိတ်ချို၊
အတိတ်ခါး နှစ်ခုစလုံးကို အသုံးပြုနိုင်ပြီး၊ အားငယ်တတ်သူ၊ အပြုသဘောမဆန်သူဖြစ်ပါက
အတိတ်ချိုမှ ချိုမြိန်မှုများကိုသာ အသုံးချစေချင်ပါသည်။
မိမိအား ခွန်အားသစ် မပေးနိုင်လျှင်...
မိမိအား ပျော်ရွှင်ချမ်းမြေ့မှု မပေးနိုင်လျှင်...
အတိတ်မှ သင်ခန်းစာ တစ်ခုခုယူပြီး ပြောင်းလဲမှု မလုပ်နိုင်လျှင်...
ထိုအတိတ်ကို အဆိပ်ခတ်၍ သတ်ပစ်လိုက်ခြင်းက ပိုကောင်းသည်။
(၂)
ကျွန်တော်သည် ကဗျာဆရာတစ်ဦး မဟုတ်ပါ။
ကဗျာဆရာဟုလည်း မိမိကိုယ်ကိုမိမိ ခံယူထားခြင်းမရှိပါ။
ခံစားတတ်သော သာမန်လူတစ်ယောက်သာ ဖြစ်ပါသည်။
ခံစားချက်တို့ တိုက်ဆိုင်လာသည့်အခါတွင်တော့ ကျွန်တော်သည် ကဗျာရေးသူတစ်ဦး
ဖြစ်သွားတတ်ပါသည်။
ကဗျာဆရာမဟုတ်သည့်ကျွန်တော့်အတွက် တစ်ခါတရံ မိမိစိတ်က
မျောက်စိတ်နှင့် အလားတူသည်ဟု ယူဆမိပါသည်။
မိမိခံစားချက် (ဈာန်) ဝင်စားရာ နယ်ပယ်သည် တစ်နေရာတည်းတွင်
တည်နေခြင်းမျိုးမဟုတ်ဘဲ (အချစ်၊ အိမ်ထောင်ရေး၊ လူမှုရေး၊ ပညာရေး......)
အစရှိသဖြင့် နယ်ပယ်များစွာ ဖြစ်နေတတ်ပါသည်။
(၃)
ကျွန်တော့်ကို အတိတ်မှ မရုန်းထွက်နိုင်သူတစ်ဦးအဖြစ် အချို့ က
ထင်မြင်ကြပါသည်။ စိတ်ပူကြပါသည်။
ထို့အတွက် ကျွန်တော် ဝမ်းသာကျေနပ်ရပါသည်။
အမှန်တကယ်တွင်မူ...
ကျွန်တော်သည် အတိတ်တွင် ပျော်မွေ့နေသူတစ်ဦး မဟုတ်ပါ။
ပစ္စုပ္ပန်တွင်နေထိုင်ရင်း ယုံကြည်ရာ အိပ်မက်များစွာဖြင့် ရုန်းကန်ကြိုးစားနေသူ
တစ်ဦးသာ ဖြစ်ပါသည်။
ခံစားမှုအားကောင်းသည့်အတွက် မိမိအလိုရှိသည့်အခါ (သို့) မိမိ
ဈာန်ဝင်စားလိုသည့်အခါ မိမိ၏ အတိတ်ကို အချိန်မရွေး ပြန်သွားနိုင်ပါသည်။
အတိတ်ကို သေသေသပ်သပ် သုံးတတ်သဖြင့် ထိုအတိတ်က ကျွန်တော့် ပစ္စုပ္ပန်အား
ဘယ်တုန်းကမျှ ဒုက္ခပေးနိုင်ခဲ့ခြင်း အလျင်းမရှိ။ အမှည့်လွန်သွားသော သစ်သီးတစ်လုံး မဖြစ်ခဲ့။
(၄)
ကျွန်တော်သည် ထိန်းချုပ်မှုတစ်စုံတရာအောက်မှ ကင်းလွတ်သော၊ အနှောင်အဖွဲ့ ကင်းလွတ်သူ
တစ်ဦးဖြစ်ပါသည်။
ထို့အတွက် တိုက်ဆိုင်မှု ရှိလာသည့်အခါ ကျွန်တော် အလွမ်းကဗျာတွေ ရေးတတ်ပါသည်။
တနည်းအားဖြင့် အတိတ်ကို အလည်သွားခြင်းဟု ပြောနိုင်ပါသည်။
သို့သော် အတိတ်မှာ အချိန်ကြာကြာပေးပြီး အလည်လွန်သည့် အဖြစ်မျိုးကို ရှောင်ကြဉ်ပါသည်။
ပစ္စုပ္ပန်မှာ တည့်တည့်နေသောကြောင့် ကြိုးစားရုန်းကန်နေခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်ကို အချိန်ပြည့် လွမ်းနေခြင်းမျိုး ကျွန်တော်မလုပ်ပါ။
တစ်စုံတစ်ယောက်အတွက် ဖြစ်ထွန်းခဲ့သော ခံစားမှုတို့ကိုသာ ပြန်လည်တူးဖော်တတ်ခြင်း
ဖြစ်ပါသည်။ ထိုသို့ တူးဖော်သည့်အခါတိုင်း ကျွန်တော့်ရင်မှာ ချမ်းမြေ့ကျေနပ်ရပါသည်။
(၅)
ကျွန်တော် အချစ်ကဗျာများ ရေးပါဦးမည်။
ထိုကဗျာများတွင် အလွမ်းရနံ့၊ အချစ်ရနံ့တို့ သင်းထုံလိမ့်ဦးမည် ဖြစ်ပါသည်။
ကျွန်တော့်မှာ ကျွန်တော့် အတိတ်နှင့် ပစ္စုပ္ပန်နှစ်ခုစလုံးကို ပုံအောရမည့် ချစ်သူသက်ထား
မရှိသေးပါ။
ထို့ကြောင့်...တစ်ခါတုန်းက ဆိုသော အရာများကို တရားဝင် တူးဖော်လွမ်းဆွတ်ခွင့်
ရှိသည်ဟု ယူဆပါသည်။
သနားစရာကောင်းလွန်းသော၊ အမြဲတမ်းကြေကွဲနေသော၊ အတိတ်တွင် တဝဲဝဲလည်နေသော
အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေသောသူတစ်ဦးအဖြစ် မမြင်ကြစေလိုပါ။
စာရေးသူနှင့် စာရေးသူရေးသားသော အကြောင်းအရာများသည် အမြဲတမ်း
ထပ်တူမကျနိုင်ကြောင်း ပြောချင်ပါသည်။ စာဖတ်သူလည်း အတိတ်ချို နှင့် အတိတ်ခါးတို့အား
လိုအပ်သလို အသုံးပြုနိုင်မည်ဟု မျှော်လင့်မိပါသည်။
အိမ်ဝေးသူ (KZ)
No comments:
Post a Comment