Friday, 9 May 2014

စာရေးသူ (သို့) စာရေးဆရာ


စာရေးဆရာနှင့် ၄င်း ရေးသားသော
အကြောင်းအရာများကို ထပ်တူမမှတ်ယူလေနှင့်။
ဘိန်းစားအကြောင်း...ရေးတိုင်း....
စာရေးဆရာသည်...ဘိန်းစားမဟုတ်။
သူတော်ကောင်းတရားများ....ရေးတိုင်းလည်း
စာရေးဆရာသည်...သူတော်ကောင်းဟု မသတ်မှတ်နှင့်။
စာရေးဆရာ...မည်သို့သော လူစားဖြစ်သည်ကိုမူ
သူနှင့်အကျွမ်းဝင်သော လူနည်းစုက အတိုင်းအတာ တစ်ခုအထိ
သိမြင်တတ်ကြသည်။
တကယ်တော့
စာရေးဆရာဟူသည်
လောက၏ အရှိတရားနှင့်
စာဖတ်သူတို့၏ အမြင်တရားကို
ပေါင်းကူးပေးသော...ကြားခံလူသားတစ်ဦးသာ ဖြစ်သည်။
စာရေးသူတို့သည်
သိလွန်း၊ တတ်လွန်း၊ မြင်လွန်းခြင်းတို့ကြောင့်
စာရေးနေကြခြင်းမဟုတ်။
မရေးရလျှင် မနေနိုင်ခြင်းကြောင့်သာ
စာရေးနေကြခြင်း ဖြစ်သည်။
တနည်းအားဖြင့် ခံစားသိမြင်မှုကို
ဖော်ပြနိုင်စွမ်း ကြီးမားခြင်း ( expressions ) ကြောင့်
ဟု ဆိုနိုင်သည်။
တစ်ခါတရံ
စာရေးသူ တင်ပြသော အယူအဆထက်
သာလွန်သော အတွေးအမြင်တို့ကို
စာဖတ်သူက ချဲ့ ယူတွေးတောသွားကြသည်။
စာရေးသူသည်
သူ..တင်ပြသော အကြောင်းအရာတိုင်းကို
စာဖတ်သူများ လက်ခံရမည်ဟူသော စိတ်ဖြင့် စာရေးခြင်းမဟုတ်။
တစ်ခါတရံ...
စာရေးသူက တစ်ကျပ်ဖိုး ပေးလိုက်ပြီး စာဖတ်သူထံမှ
တစ်ရာဖိုး ပြန်ယူသည့် အခါမျိုးလည်း ရှိသည်။
စာရေးဆရာတိုင်း
လူကောင်းချည်း မဟုတ်သလို
စာရေးဆရာတိုင်းလည်း
တော်ကီသက်သက်လွှတ်သူများ မဟုတ်ကြချေ။
စာဖတ်သူ၏ တာဝန်မှာမူ
စာရေးဆရာတို့သုံးသော မှော်ဝင်စကားလုံးများ၏
ဆွဲဆောင်မှုကို သတိချပ်၍
မိမိ အလိုရှိရာအပိုင်းကို ယူလိုက်ပြီး
မိမိနှင့် မအပ်စပ်သည့် အပိုင်းကို စွန့်ပစ်လိုက်ဖို့ဖြစ်သည်။
ထပ်ပြောပါမည်။
စာရေးဆရာနှင့် ၄င်း ရေးသားသော
အကြောင်းအရာများကို အမြဲတမ်း ထပ်တူမမှတ်ယူလေနှင့်။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment