Wednesday, 31 December 2014

ဇာတာစီးသူ


မချစ်တတ်ခင်ကတည်းက
အချစ်သီချင်းတွေ....ကြိုက်တတ်ခဲ့တယ်။
မလွမ်းတတ်ခင်ကတည်းက
အလွမ်းသီချင်းတွေ.... ကြိုက်တတ်ခဲ့တယ်။
အသည်းမကွဲခင်ကတည်းက
အသည်းကွဲသီချင်းတွေ....ကြိုက်တတ်ခဲ့တယ်။
ခုတော့
အကျိုးပေးကောင်းလိုက်ပုံများ
အချစ်မခံရခင်ကတည်းက
အလွမ်းသီချင်းတွေကို ရေးစပ်နေရပြီ။
ဟော...
မကြာခင်မှာ
အသည်းကွဲသီချင်းတွေလည်း ဆိုဖြစ်ဦးမယ်နဲ့တူတယ်။
တကယ်တော့
သူ့ဇာတာနဲ့ သူလာကြတာပဲ
အဆန်းတကျယ်တော့လည်း မဟုတ်ပါဘူးလေ။
ယတြာ...?
ငါ့...အတွက် မလိုတော့ပါဘူးကွယ်။
-------------------
အိမ်ဝေးသူ(KZ)

Tuesday, 30 December 2014

မိတ်ဆွေ


မင်းမလိုချင်လို့
ချစ်ခြင်းမေတ္တာကို
ဖယ်ရှားပစ်လိုက်ရင်တောင်။

ငါတို့တတွေက
နှလုံးသားမှာ နေရာကိုယ်စီပေးထားတဲ့
တရင်းတနှီး မိတ်ဆွေတွေပဲ မဟုတ်လားကွယ်။
ငါ့မိတ်ဆွေလေးရေ
မင်းပျော်ရွှင်မယ်ဆိုရင်
အကျည်းတန်ရဲ့ အထီးကျန်ခြင်း ကဗျာကို
မင်းရဲ့ ဥပေက္ခာဓါးသွားမှာ မတ်မတ်ရပ်ရင်း ငါ...သီကုံးခဲ့ပါရစေ။
-----------------
အိမ်ဝေးသူ(KZ)

Monday, 29 December 2014

Time and Space


Virtual Life အတွက်
ပေးလိုက်တဲ့ Time and Space က
များလွန်းတဲ့အခါ။

Real Life အတွက်
ပေးနိုင်တဲ့ Time and Space က
နည်းလွန်းလာတယ်။
ဘာပဲဖြစ်ဖြစ်
ဆုံမှတ် (သို့) ညှိနှိုင်းမှတ်တစ်ခုတော့
ကျွန်တော်တို့မှာ ရှိရပါလိမ့်မယ်။
-------------------
အိမ်ဝေးသူ(KZ)

Saturday, 27 December 2014

အချစ်ကို လေးစားတန်ဖိုးထားပါ


ခင်ဗျား
သိပ်ကို အချစ်ခံနေရပါသလား...?
ဒါဆိုရင်
ခင်ဗျား...တမြတ်တနိုးနဲ့ တန်ဖိုးထားတတ်ပါစေ။
မထီမဲ့မြင်လုပ်မိပြီဆိုရင်တော့
အချစ်ဆိုတာ
အသွင်ပြောင်းကျောက်တစ်လုံးလိုလည်း
ကပြ အသုံးတော်ခံတတ်သေးတယ်ခင်ဗျ။
-------------------
အိမ်ဝေးသူ(KZ)

အကယ်ဒမီပေးပွဲ


ဒီနှစ်
အချစ်အကယ်ဒမီပေးပွဲမှာ
သူမက
အချစ်ခံရဆုံး ဆုကို
ပြိုင်ဘက်မရှိ ရရှိခဲ့ပြီး။
ကျွန်တော်က
အချစ်တတ်ဆုံး ဆုကို
နှစ်ယောက်မရှိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ကံကြမ္မာကတော့
ဗီလိန်ဆုကို ယူနိုင်ဖို့
အပတ်တကုတ် ကြိုးစားနေရှာတယ်။
လာမည့်နှစ်
အကယ်ဒမီပေးပွဲကို
ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။
--------------------
အိမ်ဝေးသူ(KZ)

Thursday, 25 December 2014

စာမေးပွဲ


ကျမလား?
အောင်မလား?
အသေအချာ…ငါမသိ။

ဖြေဆိုခွင့်ရရုံလေးနဲ့
ငါက...ကျေနပ်နေရသူလေ။

ဆရာမလေးရေ
သနားစရာအကြည့်တွေနဲ့တော့
(ငါ့)အဖြေလွှာကို အမှတ်မပေးလိုက်ပါနဲ့။

တစ်ခုပါပဲ
သိပ်ချစ်တတ်လွန်းနေတာက
အမှတ်ပေးစည်းမျဉ်းနဲ့ ကိုက်ညီပါ့မလားလို့
(ငါ) တကယ့်ကို
စိုးရိမ်ကြောင့်ကြနေရပါတယ်ကွဲ့ ။။။

-------------------
အိမ်ဝေးသူ(KZ)


အဖေသို့


(၁)
စိတ်ရဲ့ ဆာလောင်မှုအတွက်
စိတ်တွေကို ဖဲ့ယူစားသောက်ရင်း
ကျွန်တော်…လူလားမြောက်ခဲ့ပြီ…အဖေ။

(၂)
တစ်ချို့စိတ်တွေကို မနက်စာအဖြစ်
တစ်ချို့စိတ်တွေကို နေ့လည်စာအဖြစ်
တစ်ချို့စိတ်တွေကို ညစာအဖြစ်
တစ်ချို့စိတ်တွေကို အဆာပြေအဖြစ် စားသုံးရင်း
ကျွန်တော့်စိတ် အာသာပြေသလို ရှိခဲ့ပြီ…အဖေ။

(၃)
Oliver Twist လို ဆင်းရဲနုံချာပေမယ့်
ဘေဘီလုံမှာ အချမ်းသာဆုံး ဖြစ်ချင်စိတ်တွေ
ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီလို့ ယုံကြည်နေတုန်း
အရိပ်ခိုသွားရုံမက အခက်ပါအချိုးခံလိုက်ရတဲ့အဖြစ်တွေ
ကျွန်တော်…ကြုံခဲ့ဖူးပါပြီ…အဖေ။

(၄)
သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနားရတယ်ဆိုလို
မြေသြဇာကမ်းဖို့ ကျွိုးနွံအောက်ကျို့ခဲ့လေသမျှ
ပုစိန်တစ်လက်နဲ့ တစ်ထစ်ချင်းခုတ်ချချင်တဲ့
သစ်ခုတ်သမားနဲ့လည်း ဆုံခဲ့ဖူးပါပြီ…အဖေ။

(၅)
အဖေရေ
ကျွန်တော့်စိတ် ရှင်သန်ဖို့
တစ်ပါးသူရဲ့ စိတ်တွေ စုပ်ယူစားသုံးရတာ
ကြာတော့…ကျွန်တော် ငြီးငွေ့တတ်လာပြီ။
ကျွန်တော့်စိတ်ဝမ်းစာ မပြည့်ချင်လည်း နေပါစေတော့။

(၆)
သိုက်တူးသမားရှိသလို
စိတ်တူးသမားတွေလည်း ရှိလေရဲ့။
ပျော်ရွှင်မှုကို လိုချင်လို့ တူးလိုက်ပေမယ့်
ကြေကွဲမှုတွေနဲ့ ဇာတ်သိမ်းလိုက်ရတဲ့
ရွှေတူးသမားလို အဖြစ်မျိုးဆိုရင်
ကျွန်တော့်ကိုယ်တွေ့ပဲပေါ့…အဖေ။

(၇)
ဆင်ခြင်တုံတရားအရှိဆုံးက လူဆိုရင်
ဆင်ခြင်နိုင်စွမ်း အနည်းဆုံးကလည်း
လူသာလျှင် ဖြစ်ကြောင်း
ကျွန်တော်…သိလိုက်ရတဲ့ အချိန်မှာ
စိတ်ရောဂါအထူးကု ဆေးရုံကြီးမှာ
ကျွန်တော်က ကိုယ်ပိုင်နံပါတ်တစ်ခုနဲ့ပေါ့။

(၈)
အဖေ
ကျွန်တော့်ဆီ လာလည်မယ်ဆိုရင်
သော့ခလောက်ကြီးကြီး တစ်လုံးတော့…ယူခဲ့ပါ။

-------------------
အိမ်ဝေးသူ(KZ)
-------------------

မှတ်ချက်။။။ စိတ်နှင့် (ဆိတ်) ကို မရောထွေးစေလိုပါ ခင်ဗျာ။ 


Wednesday, 24 December 2014

ပြာကျခွင့်


ကျွန်တော်က
သူမ တစ်ယောက်စာသာဖြစ်ထွန်းတဲ့
နှမ်းခင်းလေး တစ်ခုပေါ့။

မှန်းချက်နဲ့
နှမ်းထွက်မကိုက်လို့
ဥပေက္ခာဆေး အဖြန်းခံရမယ့်အတူ။

နှမ်းခင်းပိုင်ရှင်ရေ
ကျေးဇူးပြုပြီး
ကျွန်တော့်ကို…မီးလောင်ပြာကျခွင့်ပြုပါ။။။

-------------------
အိမ်ဝေးသူ(KZ)


ရင်ခုန်စရာကောင်းတယ်


သူမဆီက
ဝင်လာမယ့် messages လေးတွေ
မျှော်ရတာ...ရင်ခုန်စရာကောင်းတယ်။

သူမ မသိဘဲ
သူမအပြုံးတွေကို
ခိုးခိုးကြည့်ရတာ...ရင်ခုန်စရာကောင်းတယ်။
သူမ အတွေးထဲမှာ
ကိုယ်များ ပါလေမလားလို့
စိတ်ကူးရတာ...ရင်ခုန်စရာကောင်းတယ်။
သူမ ဆုတောင်းထဲမှာ
ကိုယ့်အမည်ကို ထည့်သွင်းလေမလားလို့
စဉ်းစားရတာ...ရင်ခုန်စရာကောင်းတယ်။
အမှောင်ခွင်းပစ်နိုင်တဲ့
သူမ အကြည့်တွေကို
တောင့်တရတာ...ရင်ခုန်စရာကောင်းတယ်။
ဒီ စာစုကိုဖတ်ပြီး ဖြစ်ထွန်းမယ့်
သူမရဲ့ ကရုဏာမေးခွန်းလေးတွေကို
စောင့်စားရတာတော့...ရင်ခုန်စရာ အကောင်းဆုံးပဲ။
-------------------
အိမ်ဝေးသူ(KZ)

Tuesday, 23 December 2014

မျက်နှာရူး


သူ့မှာ
နာကျင်မှုတွေကို ဖုံးပစ်လိုက်ဖို့
ဆေးစိုနေတဲ့ မျက်နှာဖုံးတစ်ခုရှိလေရဲ့။

ငါ့မှာ
ကြေကွဲမှုတွေကို သိုဝှက်ပြဖို့တောင်
ကံကြမ္မာက မျက်နှာသာမပေးရှာဘူး။

သူက
နာမည်ကြီးပြီး ထမင်းဝတဲ့ ဂျိုကာ။
ငါက
နာမည်မကြီး ထမင်းငတ်တဲ့ မျက်နှာရူး။

သူက
အနာကို ထုံဆေးပေးပြီး ချုပ်တယ်။
ငါက
အနာကို အစိမ်းလိုက် ချုပ်ရတာကြိုက်တယ်။
(အရသာ ပိုရှိတာပေါ့)

သူ့အတွက်
ရောင်ခြယ်မျက်နှာဖုံးတစ်လက် လိုတယ်။
ငါ့အတွက်တော့
နှုတ်ခမ်းကွေးတတ်ရုံနဲ့ အဆင်ပြေတယ်။

ကောင်မလေးရေ
ငါ့…အမူအယာတွေကိုကြည့်ပြီး လှောင်ရယ်ပြုံးပါ။
ငါ့…ပြက်လုံးတွေကိုကြားနာပြီး တခစ်ခစ်ရယ်ပါ။
ငါက
မင်းသိပ်ကြိုက်တဲ့ ဂျိုကာမဟုတ်လည်း
မင်းအပြုံးတစ်ပွင့်ကို မော်ဖူးခွင့်ရဖို့
အခန်းဆက် ဟာသတွေနဲ့
အားကြိုးမာန်တက် အသုံးတော်ခံဖျော်ဖြေမယ့်
မျက်နှာဖုံးမဲ့…မျက်နှာရူးပါကွဲ့။။။

--------------------
အိမ်ဝေးသူ(KZ)


 

Monday, 22 December 2014

သူတစ်ပါး၏ အခွင့်အရေးကို လုမယူမိပါစေနှင့်


သူတစ်ပါး၏
ရပိုင်ခွင့်ကို ဘယ်တော့မှ လု,မယူမိပါစေနှင့်။
လုယူခဲ့မိသော
အခွင့်အရေးကို ပြန်လည်ပေးဆပ်ရသည့်အခါ
သင်...(လုံးဝ) ကျေနပ်ပျော်ရွှင်ရလိမ့်မည် မဟုတ်ပါ။
သေချာပါသည်။
သင့်မျက်လုံးနှစ်လုံး
ထာဝရ ပိတ်သွားသောအခါ
သင်...ပြန်လည်ပေးဆပ်ရမည့် အကြွေးကို
သင်ကိုယ်တိုင်...လက်လှမ်းမှီနိုင်တော့မည် မဟုတ်ပါ။
-------------------
အိမ်ဝေးသူ(KZ)

Sunday, 21 December 2014

ချစ်ခြင်းမေတ္တာက လူကို ရာသက်ပန် တရားခံဖြစ်စေနိုင်တယ်


(၁)
ခင်ဗျား
တစ်စုံတစ်ယောက်ကို
သိပ်ချစ်နေမိတယ်ဆိုကြပါစို့။

ဒါဆိုရင်
သူ့ကို ကိုယ်ချစ်တဲ့အကြောင်း
ဖွင့်ပြောရမှာ အဖြစ်သင့်ဆုံး ကိစ္စတစ်ခုပဲပေါ့။
သူက
ခင်ဗျားရဲ့ ချစ်ခြင်းမေတ္တာကို
လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ
သူ့ကို အသိပေးသင့်တာပေါ့။
သူ့ဘက်က
ခင်ဗျားကို လက်ခံရင်လည်း ခင်ဗျား ကျေနပ်ရမှာပေါ့။
လက်မခံခဲ့ဘူးဆိုရင်လည်း ခင်ဗျား ဆက်ကြိုးစားပေါ့။
(နည်းမှန်လမ်းမှန်)
ဒါဆိုရင်
သူ့ကို ချစ်ကြောင်း ပြောလိုက်လို့
ခင်ဗျားကို
သူပြန်မချစ်ဘူးဆိုတာ သေချာသိတယ်ဆိုရင်ရော?
ငြင်းပယ်ခြင်းရဲ့ ဒဏ်ကို ခင်ဗျား ခံနိုင်ရည် ရှိရမှာပေါ့။
(၂)
ကျွန်တော်ကတော့
ကျွန်တော့်ကို ပြန်ချစ်မယ်လို့
ရာနှုန်းပြည့်သေချာကြိုတင်ခံစားမှု ရနေမှသာ
သူမကို ချစ်တယ်လို့ ဖွင့်ပြောဖြစ်မယ့် လူစားမျိုးပါ။
အကြောင်းရင်း?
သူမက ကျွန်တော့်ကို ပြန်ချစ်မယ်
သူမက ကျွန်တော့်ကို ပြန်မချစ်ဘူးဆိုတာ
ကျွန်တော့်အတွက်
ကြီးကျယ်ခမ်းနားတဲ့အရာ တစ်ခုဖြစ်လို့ပဲပေါ့။
သူမ
ကျွန်တော့်ကို ပြန်ချစ်နိုင်မလား၊ မချစ်နိုင်ဘူးလားဆိုတဲ့
မသိကိန်းတစ်လုံးကိုပဲ ထွေးပိုက်သွားချင်တဲ့ သဘောပါ။
တရားစီရင်ချက် အမိန့်ချခံလိုက်ရတဲ့
တရားခံ တစ်ယောက်ရဲ့ နေရာမျိုးထက်စာရင်
တစ်ဘဝစာလုံးအတွက် အမိန့်ချခြင်းမခံရသေးတဲ့
သူမရဲ့ တရားရုံးရင်ခွင်ထဲက တရားခံတစ်ယောက်အနေနဲ့ပဲ
နေ့စဉ် လျှောက်လွှဲချက်တွေ ပေးသွားချင်တယ်။
ကျွန်တော့်ကို
ပြန်မချစ်ခဲ့ဘူးဆိုတဲ့ ခံစားမှုထက်စာရင်
သူမ ပြန်ချစ်သည် ဖြစ်စေ၊ ပြန်မချစ်သည်ဖြစ်စေ
သူမကို အနှောင့်အယှက်လုံးဝ မပေးခဲ့ဘဲ
ကျွန်တော့် နှလုံးသားထဲက အကန့်ငယ်လေးတစ်ခုမှာ
သိမ်းထားပြီး သွားလေရာခေါ်ဆောင်သွားချင်တာမျိုးပေါ့ဗျာ။။။
-------------------
အိမ်ဝေးသူ(KZ)

တကယ့်ဟာသ


Funny pranks တွေကို ကြည့်ပြီး
ကျွန်တော်တို့ ခွက်ထိုးခွက်လန် ရယ်မောကြတယ်။
တကယ့်ဘဝထဲက
နာကျင်ကြေကွဲ၊ ဝမ်းနည်းစရာတွေကို
ဟာသလုပ်ပြီး ရယ်မောပစ်လိုက်ဖို့တော့
ကျွန်တော်တို့တတွေ....မေ့လျော့နေတတ်ကြပါတယ်။

ကဲ...
နာကျင်ကြေကွဲမှုတွေကို
ဂုဏ်ပြု သြဘာပေးတဲ့အနေနဲ့
ကျွန်တော်တို့ ဟားတိုက်ရယ်မောလိုက်ကြပါစို့။
ဟား........ဟား.......ဟား.....ဟား။
ဟား........ဟား.......ဟား.....ဟား။
ဟား........ဟား.......ဟား.....ဟား။
မှတ်ချက်။
တကယ်ရယ်ရပါတယ်ခင်ဗျာ။
-------------------
အိမ်ဝေးသူ(KZ)

Saturday, 20 December 2014

စောင့်ကြသူများ



ငါတို့စောင့်ခဲ့ကြတယ်
မျှော်လင့်ချက်တို့ ပျောက်ရှခဲ့တဲ့အထိ။

ငါတို့စောင့်ခဲ့ကြတယ်
ယုံကြည်ချက်တို့ မှေးမှိန်ခဲ့တဲ့အထိ။

ငါတို့စောင့်ခဲ့ကြတယ်
လူမမည်ရှိုက်သံတို့ တိမ်ဝင်ခဲ့တဲ့အထိ။

ငါတို့စောင့်ခဲ့ကြတယ်
သမီးပျိုတို့ အခါမလင့်ခင် အပျိုရည်လွင့်ခဲ့တဲ့အထိ။

ငါတို့စောင့်ခဲ့ကြတယ်
အသိုက်အမြုံတို့ ကြေမွပျက်ဆီးခဲ့တဲ့အထိ။

ငါတို့စောင့်ခဲ့ကြတယ်
သက်ဝင်ယုံကြည်မှုတို့ ချနင်းခံခဲ့တဲ့အထိ။

ငါတို့စောင့်ခဲ့ကြတယ်
သူရဲကောင်းတို့သွေး မြေခခဲ့တဲ့အထိ။

ငါတို့စောင့်ခဲ့ကြတယ်
စောင့်ခဲ့ကြတာ...အနှစ် နှစ်ဆယ်ကျော်တဲ့အထိ။

ငါတို့စောင့်နေကြစဲ
ဖုန်းဆိုးမြေမှာ ဖြစ်တည်လာမယ့်
ပန်းခင်းကြီးကို မျှော်မှန်းရင်း။

ငါတို့စောင့်နေကြစဲ
မုန်တိုင်းနောက်က တိုက်ခတ်လာမယ့်
လေပြည်အေးကို တောင့်တရင်း။

ငါတို့စောင့်နေကြစဲ
အလင်းထဲမှာ (မှောင်မိုက်စွာ) နေထိုင်ရင်း
အမှောင်ထဲမှာ (လင်းလက်စွာ) ရှင်သန်ရင်း
ငါတို့တတွေ..
စောင့်ရင်းနဲ့ စောင့်ခဲ့ကြတယ်။
စောင့်လက်စနဲ့ စောင့်နေကြစဲ။

--------------------
အိမ်ဝေးသူ(KZ) 


Friday, 19 December 2014

မသိကိန်းထဲက သိကိန်းများ


ခြောက်ဆယ်က မရေရာဘူး
ပူမှုရယ်က ရာကျော်နေပြီ။
ခြောက်ဆယ်က မသေချာဘူး
အချိုးအကွေ့က ရာချီခဲ့ပြီ။

ဘဝဆိုတာ
အရှိန်အဟုန်၊ အချိုးအကွေ့တွေ
ကြိုသိခွင့်မရှိတဲ့ ပြေးပွဲတစ်ခုဆိုရင်
သက်လုံကောင်းအောင်တော့
ငါ……..လေ့ကျင့်ထားရမှာပေါ့။
ကျားနဲ့ဆင်လိုပဲ ထိပ်တိုက်ဆုံရပါစေ
ပုဆိုးခြုံထဲက လက်သီးပုန်းပဲ ကြုံရပါစေ
ပေလို ခံနိုင်ရည်မရှိခဲ့ရင်တောင်
တူလို ပြန်ထုရဖို့ ငါမတွေးမိ။
ငါးဖယ်တစ်ကောင်လို မာကျောနေရရုံနဲ့
ငါ့ဘဝ နေသားကျနေပြီ။
ဒီလိုနဲ့…
ခြောက်ဆယ်က
မသိကိန်းတစ်လုံးဆိုပေမယ့်
သိကိန်းအရေအတွက် ခြောက်ဆယ်ကျော်ခဲ့ပြီ။
-------------------
အိမ်ဝေးသူ(KZ)

Thursday, 18 December 2014

ထူးချွန်သူများနေကြတဲ့ ကျွန်တော်တို့ ကမ္ဘာမြေ


ကျွန်တော်တို့နေတဲ့ ကမ္ဘာမြေမှာ
လူတိုင်း...
တစ်ယောက်တစ်မျိုးစီ...လည်ကြတယ်။
တစ်ယောက်တစ်မျိုးစီ...တော်ကြတယ်။
တစ်ယောက်တစ်မျိုးစီ...ပါးနပ်ကြတယ်။
တစ်ယောက်တစ်မျိုးစီ...လိမ္မာကြတယ်။
တစ်ယောက်တစ်မျိုးစီ...ကျွမ်းကျင်ကြတယ်။

ခင်ဗျား လည်လွန်းပြီလို့ ထင်နေပါသလား?
ခင်ဗျားထက် ပိုပြီး လည်တဲ့ လူတစ်ယောက် ရှိနေသေးတယ်။
ခင်ဗျား တော်နေပြီလို့ ထင်နေပါသလား?
ခင်ဗျားထက် ပိုပြီး တော်တဲ့ လူတစ်ယောက် ရှိနေသေးတယ်။
ခင်ဗျား ပါးနပ်နေပြီလို့ ထင်နေပါသလား?
ခင်ဗျားထက် ပိုပြီး ပါးနပ်တဲ့ လူတစ်ယောက် ရှိနေသေးတယ်။
ခင်ဗျား လိမ္မာလွန်းနေပြီလို့ ထင်နေပါသလား?
ခင်ဗျားထက် ပိုပြီး လိမ္မာတဲ့ လူတစ်ယောက် ရှိနေသေးတယ်။
ခင်ဗျား ကျွမ်းကျင်လွန်းနေပြီလို့ ထင်ပါသလား?
ခင်ဗျားထက် ပိုပြီး ကျွမ်းကျင်တဲ့ လူတစ်ယောက် ရှိနေသေးတယ်။
"လျင်သူစားကြစတမ်း" ဆိုတဲ့
ဥပဒေနဲ့ ရှင်သန်နေကြရတဲ့ လူ့လောကကြီးမှာ
ကျွန်တော်တို့ အားလုံး တစ်ယောက်တစ်မျိုးစီ
ထူးချွန်ပြောင်မြောက်နေကြပါတယ်ခင်ဗျ။
ဘယ်လို?
ဘာမှမရှိဘူး...ဟုတ်လား?
ဘာမှ မသိဘူး...ဟုတ်လား?
ဒါဆိုရင်...
ကျေးဇူးပြုပြီး လမ်းဖယ်လိုက်ပါ။
ခင်ဗျားအတွက်
ကျွန်တော်တို့ ကမ္ဘာမြေမှာ နေရာအလွတ်မရှိလို့ပါ။
-------------------
အိမ်ဝေးသူ(KZ)
-------------------
မှတ်ချက်။
ခင်ဗျား သိပ်မိုက်တယ်လို့ ထင်နေသလား?
ခင်ဗျားထက် အဆတစ်ရာမက မိုက်တဲ့သူ တစ်ယောက်ရှိနေသေးတယ်။

ညဆုပန်ခြင်း


အမုန်းများစွာဖြင့်
ငါ၏ ညချမ်းအား
လေးလံစွာ မဖြတ်သန်းလိုပါ။

ချစ်ခြင်းများစွာဖြင့်သာ
ငါ၏ နံနက်ခင်းကို
လန်းဆန်းစွာ ကြိုဆိုချင်ပါသည်။

အို…
အသင်လောက
ကျေးဇူးပြု၍ ငါ့အားကူညီပါလေ။

-------------------
အိမ်ဝေးသူ(KZ)


Wednesday, 17 December 2014

ဗီလိန်


ခေါင်းစဉ်က ချစ်ခြင်းမေတ္တာ။
ဇာတ်လိုက်က နှလုံးသားတဲ့။
ဟော...
ဗီလိန်နေရာက
အသုံးတော်ခံရတဲ့ ဦးနှောက်ကြောင့်
ချစ်တိုင်းလည်း
မညားကြသူတွေ များလာတယ်။

သြော်..
ငြိမ့်ငြိမ့်ညောင်းညောင်းတော့
ဟုတ်ချင်မှ ဟုတ်မှာပေါ့ကွယ်။
အခက်အခဲတွေနဲ့
ရှေ့ဆက်ကြည့်ကြတာပေါ့။
အချိန်တန်တော့လည်း
တစ်ခါတုန်းက ဆိုတာတွေနဲ့
ငါတို့ ရယ်မောမိကြဦးမှာပါလေ။
--------------------
အိမ်ဝေးသူ(KZ)

Tuesday, 16 December 2014

နှုတ်ထွက်ခြင်း


မင်းက
အောင်နိုင်သူတစ်ယောက်ရဲ့
လန်းဆန်းတဲ့ အပြုံးနဲ့။

ငါက
ရှုံးနိမ့်သူတစ်ယောက်ရဲ့
နွမ်းလျတဲ့ အပြုံး။
အနိုင်အရှုံးကြားမှာ
လိပ်ပြာမကြွေခင်
ငါ့ကို နှုတ်ထွက်ခွင့်ပြုပါ သခင်မ။
-------------------
အိမ်ဝေးသူ(KZ)

မင်း...သဘောပါ သခင်မ


အချစ်ဆိုတာ
ပြိုင်ပွဲဝင်တီးလုံးတွေ ဟီးထနေတဲ့
ကစားပွဲတစ်ခုမဟုတ်ဘူး။

အချစ်ကို
တိုက်ယူရအောင်လည်း
ငါက...အချစ်သူရဲကောင်းကြီး မဟုတ်ဘူး။
ငါ့မျက်ဝန်းတွေကို
သေချာကြည့်စမ်းပါ သခင်မ။
မင်း...ရဲမယ်ဆိုရင်
ပြိုင်ဘက်မရှိ ငါ့ကို ရွေးချယ်ကြည့်ပေါ့။
စစ်သူကြီးမဟုတ်လို့
မင်းကို ချကျွေးဖို့ နယ်ရုပ်တွေတော့ ငါ့မှာ မရှိဘူး။
မင်းပျော်နိုင်မယ်ဆိုရင်တော့
ငါ့နှလုံးသားကို
မင်းရဲ့ နံနက်စာအဖြစ် စားသုံးနိုင်ပါတယ်။
အပိုတွေ
ငါ...သိပ်မပြောဘူး သခင်မ။
မင်းရှေ့မှာ
တစ်ဘဝတာ ဒူးထောက်ခစားမယ့်သူဟာ
ငါတစ်ယောက်တည်း ဖြစ်ကြောင်း
မင်းသာ...မြင်နိုင်စွမ်းရှိခဲ့မယ်ဆိုရင်။
------------------
အိမ်ဝေးသူ(KZ)

မေမေ...မုဒိန်းမကျင့်တတ်ပါ


အဖေအရင်းက
သမီးအရင်းကို မုဒိန်းကျင့်တာ အများကြီးရှိတယ်။
အမေအရင်းက
သားအရင်းကို မုဒိန်းကျင့်တာ မရှိဘူး။
(ရှိရင်လည်း စိတ်ခံစားမှုဆိုင်ရာ ချို့ယွင်းနေသူပဲ ဖြစ်လိမ့်မယ်၊
အရေအတွက်လည်း နည်းပါးလွန်းလိမ့်မယ်)
ဖခင်မေတ္တာ ဘယ်လောက်ကြီးကြီး
ထာဝရမြဲတဲ့ မိခင်မေတ္တာကို ယှဉ်လို့မရနိုင်ပါဘူး။
မိခင်တစ်ယောက်က
သူ့သားဖြစ်သူကို မွေးပြီးပြီးချင်း စွန့်ပစ်ချင် စွန့်ပစ်မယ်။
ဒါပေမယ့်...။
သူ့ဝမ်းနဲ့ လွယ်ပြီးမွေးထားတဲ့ သားကိုတော့
ဘယ်လိုအခြေအနေမျိုးမှာမှ ပစ်မှားရိုး ထုံးစံမရှိဘူး။
ဖတ်ရတာ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
မိန်းမများကို အထူးတလည် ဂုဏ်ပေး၍
အသားပေးပြီး ရေးသားနေခြင်းလည်း မဟုတ်ရပါကြောင်း။
(မြင်သာထင်သာလွန်းသော ကိစ္စများသာဖြစ်သည်)
မိခင်တို့၏ မိခင်စိတ်နှင့်အတူ
မယိမ်းမယိုင် ပြတ်သားစွာ ရပ်တည်နိုင်စွမ်းကို
အစဉ်မပြတ်လေးစား ဦးညွတ်နေမည့်။
-------------------
အိမ်ဝေးသူ(KZ)
--------------------
မှတ်ချက်။
ကိုယ်ကျင့်သီလ တည်မြဲသည့် ဖခင်များကိုလည်း အစဉ်လေးစားရိုကျိုးလျက်ရှိသည်။

စာမေးပွဲကျသူ


သူမ မျက်နှာပေါ်က အပြုံးကို
တစ်ကိုယ်စာလေး ပိုင်ဆိုင်ဖို့
ကိုယ့်မျက်နှာပေါ်က
အပြုံးကို ဆန်းစစ်ကြည့်မိတယ်။

လူညံ့တစ်ယောက်အတွက် အဖြေက
"လူဆိုတာ
ကိုယ့်ကိုယ့်ကို အသိဆုံးပဲ"တဲ့လေ။
ဒီလိုနဲ့
သူမနဲ့ ကျွန်တော်
မိုင်တိုင်တွေနဲ့အတူ ဆန့်ကျင်ဘက်ကို
ခရီးကိုယ်စီ နှင်ခဲ့ကြတော့တယ်။
သူမကို အမြဲပြုံးပျော်နေစေချင်တဲ့
မပြုံးတတ်သူတစ်ယောက်ရဲ့နှလုံးသားလေး
သူမနဲ့အတူလိုက်ပါသွားမှန်း
သူမ သိစရာလိုမယ်မထင်ပါဘူးလေ။
-------------------
အိမ်ဝေးသူ(KZ)


Sunday, 14 December 2014

နှုတ်ခမ်းနှစ်လွှာကြားက စကားပန်းခင်း


နှုတ်ခမ်းနှစ်လွှာဆိုတာ
ဘဝတွေကို အကြိမ်ကြိမ်သေဆုံးစေတတ်တဲ့
မာရဏ ခလုတ်တစ်ခုလို့
ငါ…ဘယ်လိုထင်ရက်မှာလဲကွယ်။

လျှာဖျားတစ်ခုဟာ
လူသေတွေကို လှုပ်နိုးတတ်ရုံမက
လူရှင်တွေကိုလည်း သေဆုံးစေနိုင်တယ်။
ရှင်လျက်နဲ့ အခါခါသေပေးရသူတွေအကြောင်း
တန်ကြေးတစ်ခုပေးပြီး သိခွင့်ရကတည်းက
အဟောပြောကောင်းသူတစ်ယောက်ထက
ပန်းစိုက်သူတစ်ယောက်သာ ငါ…ဖြစ်ချင်ခဲ့တော့တယ်။

နှုတ်ခမ်းနှစ်လွှာရဲ့ အဖွင့်အပိတ်မှာ
လူနဲ့ လူ့ခံစားမှုတွေ အတုံးအရုံးသေဆုံးနေကြတယ်။
အဖြစ်မရှိတဲ့ စကားတစ်ခွန်းတိုင်းအတွက်
ပန်းတစ်ပင်စီ ငါတို့ စိုက်ပျိုးကြမယ်။
ဟော့ဒီ့ကမ္ဘာမြေတစ်ခွင်
ပန်းခင်းအပြည့်နဲ့ သာယာစေတော့ကွယ်။

--------------------
အိမ်ဝေးသူ(KZ)


Saturday, 13 December 2014

ကစားပွဲ


ဘဝဆိုတာ
သွားလို့မကုန်တဲ့ ခရီးတစ်ခု။
ဘဝဆိုတာ
မက်လို့မကုန်တဲ့ အိပ်မက်တစ်ခု။
ဘဝဆိုတာ
ဖတ်လို့မကုန်တဲ့ စာအုပ်တစ်အုပ်။

ပြဌာန်းချက်ကိုယ်စီနဲ့
အဲ့ဒီ့ဘဝထဲမှာ
ရင်းရဲသူတွေ နေကြတယ်။
လျော်ရဲသူတွေ နေကြတယ်။
တကယ်တော့
ဘဝဆိုတာ
အလျော်အစားကြီးလွန်းတဲ့ ကစားပွဲတစ်ခု။
အောင်ပွဲဆိုတာ
တိုက်ရဲ၊ သေရဲသူတွေအတွက် ဆုလာဒ်တစ်ခု။
-------------------
အိမ်ဝေးသူ(KZ)


Friday, 12 December 2014

ကိုယ့်ကိုယ်ကို


တစ်ချို့တွေက
ကိုယ့်ကိုယ်ကို မသိကြဘူး။
သူတစ်ပါးကိုတော့ သိအောင် ကြိုးစားချင်ကြတယ်။

တစ်ချို့တွေက
ကိုယ့်ကိုယ်ကို နားမလည်ကြဘူး။
တစ်ပါးသူကိုတော့ နားလည်ဖို့ အားထုတ်ချင်ကြတယ်။

တစ်ချို့တွေက
ကိုယ့်ကိုယ်ကို မလေးစားကြဘူး။
သူတစ်ပါးကိုတော့ လေးစားချင်ကြတယ်။

တစ်ချို့တွေက
ကိုယ့်ကိုယ်ကို ရိုးသားစွာ မဆက်ဆံကြဘူး။
တစ်ပါးသူကိုတော့ ရိုးသားစွာ ဆက်ဆံချင်ကြတယ်။

တစ်ချို့တွေက
ကိုယ့်ကိုယ်ကို………………….ကြဘူး။
တစ်ပါးသူကိုတော့……………..ချင်ကြတယ်။

မိတ်ဆွေ !
သူတစ်ပါးကို အသိအမှတ်ပြုရတာ လွယ်တယ်။
ကိုယ့်ကိုယ်ကို အသိအမှတ်ပြုရတာတော့ ခက်လွန်းတယ်။
ကျွန်တော်ပြောတဲ့ (ကိုယ့်ကိုယ်ကို) ဆိုတာဟာ
အတ္တညွှန်းပြ အကူဝေါဟာရ ဖြစ်ခဲ့မယ်ဆိုရင်
အတ္တကြီးသူတစ်ယောက်လို့ ကျွန်တော့်ကို ခေါင်းစဉ်တပ်ဖို့
ခင်ဗျား….(လုံးဝ) မမေ့ပါနဲ့။။။

-------------------
အိမ်ဝေးသူ(KZ)



Sunday, 7 December 2014

ပညာရှင်နှင့် သာမန်လူတန်းစား


ပညာရှင်
=====

(၁)
ပညာရှင်သည် သူကျွမ်းကျင်ရာ နယ်ပယ်တစ်ခုကို ဦးစွာစိတ်တိုင်းကျ ရွေးချယ်သည်။
(၂)
နယ်ပယ်ရွေးချယ်ပြီးသည်နှင့် ထိုနယ်ပယ်တစ်ခုတည်းကိုသာ စူးစိုက်လေ့လာသည်။
(၃)
အခြားနယ်ပယ်များတွင် အားနည်းကောင်း၊ အားနည်းမည်။ သို့သော်
သူရွေးချယ်ထားပြီးသား နယ်ပယ်ကိုမူ ထုံးလိုချေရေလိုနှောက်၊ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသလို ကျွမ်းကျင်လိမ္မာသည်။
(၄)
ပညာရှင်သည် သူရွေးချယ်ထားသော နယ်ပယ်တစ်ခုတည်းကိုသာ အချိန်များစွာပေးပြီး
ကျွမ်းကျင်အောင်လုပ်ထားသည့်အတွက် ပုံထဲတွင် ဖော်ပြခဲ့သည့်အတိုင်း
အဝကျဉ်းသော်လည်း တဖြည်းဖြည်း နယ်ပယ်က ကျယ်သထက် ကျယ်လာသည်။
(၅)
ထိုသို့ နယ်ပယ်တစ်ခုတည်းကို အာရုံစိုက်ပြီးလေ့လာသူသည် နှစ်ကာလတစ်ခု
ကြာမြင့်သည့်အခါ ပညာရှင်၊ ပါရမီရှင်ဟု ခေါ်ရလောက်အောင် သူ့နယ်ပယ်ကို
ကျွမ်းကျင်လွန်းသော ပညာရှင် (Professional) ဖြစ်လာတော့သည်။
ထိုသို့သော ပညာရှင်မျိုးကို ကမ္ဘာက အမြဲကြိုဆိုလေ့ရှိသည်။

သာမန်
=====

(၁)
ထိုသူသည် သူဝါသနာပါသည့် နယ်ပယ်ကိုပင်လျှင် အတိအကျ မသိသောသူ ဖြစ်တတ်၏။
(၂)
ဒုလုံးရှည်ဖြင့် ဖော်ပြထားသည့်အတိုင်း သူသည် နယ်ပယ်တစ်ခုတည်းကို တစိုက်မက်မက် လုပ်ဆောင်လေ့မရှိဘဲ တိုးတက်မှုလည်း မရှိသလောက် ဖြစ်တတ်သည်။
(၃)
အများအားဖြင့် ထိုသူမျိုးသည် အကြောင်းအရာတော်တော်များများကို ဟိုစပ်စပ်၊ ဒီစပ်စပ်
အနည်းအကျဉ်းစီသိပြီး ကျွမ်းကျင်အဆင့် ဘယ်အရာရှိသနည်းဟု မေမြန်းပါက
တိကျသော အဖြေမရှိတတ်သူများ ဖြစ်ကြသည်။
(၄)
ထိုသူမျိုး၏ နယ်ပယ်အလိုက် ကျွမ်းကျင်မှုသည် တိုးတက်မှု သိပ်မရှိဘဲ ဒုလုံးပုံစံအတိုင်း တစ်ဖြောင့်တည်းသာသွားသည်။ အခန့်မသင့်လျှင် ဆုတ်ယုတ်မှုဖြင့် ရင်ဆိုင်ရတတ်သည်။
(၅)
ကျွမ်းကျင်လိမ္မာပြီး အားကိုးလောက်သည့် အနေအထားမျိုး မရှိသဖြင့် ထင်ပေါ်လျှင်
စင်တော်က ကောက်သည့်အခွင့်အရေးမျိုးနှင့် အခါခါ လွဲရတတ်ပေသည်။

နိဂုံး။
ဤပုံလေးသည် စာရေးသူ၏ စိတ်ကူးဖြင့် ဆွဲထားခြင်းသာ ဖြစ်ပါသည်။
ပုံနှင့်စာကို တွဲ၍ ကြည့်လျှင် ပုံ၏သဘောတရား ပိုပြီး ပေါ်လွင်မည်ဟု ယူဆပါသည်။
စာရေးသူ၏ ညံ့ဖျင်းသေးသိမ်မှုကြောင့် အမှားအယွင်းနှင့် အားနည်းချက်များ တွေ့မြင်မိပါက
ဖြည့်စွက်ပေးလိုပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ပညာရှင်နှင့် သာမန်ဟူ၍
နှစ်မျိုးရှိရာ သာမန်လူတန်းစားက အဆမတန်များပြားသည်ကို တွေ့ရမည်ဖြစ်သည်။
ဆိုးရွားလွန်းသည့်အချက်တစ်ချက်မှာ...မိမိဝါသနာပါသည့် နယ်ပယ်၊
စိတ်ဝင်စားသည့် နယ်ပယ်ကို အသက်ကြီးသည့်အထိ ကွဲကွဲပြားပြား
မသိရှိကြခြင်းဖြစ်သည်။ Profession ဆိုသည်မှာ နယ်ပယ်အားလုံးကို များများစားစား
သိသူမဟုတ်ဘဲ နယ်ပယ်တစ်ခုကိုသာ များများစားစား သိသောသူဖြစ်ပြီး သာမန်မှာမူ
နယ်ပယ်အားလုံးကို ဟိုစပ်စပ်၊ ဒီစပ်စပ် အနည်းငယ်စီသိပြီး ကျွမ်းကျင်ပိုင်နိုင်ဆုံးသေ
အရာတစ်ခုမှ မရှိသောသူသာ ဖြစ်ချေသည်။

ကျွန်တော့်ကို ကျွန်တော် ပြန်မေးလိုပါသည်။
ငါ...နယ်ပယ်တစ်ခုတည်းကို ကျွမ်းကျင်တာလား?
ငါ...နယ်ပယ်အားလုံးကို ကျွမ်းကျင်နေတာလား?

--------------------
အိမ်ဝေးသူ(KZ)




သူ့အရပ်သူ့ဇာတ်


(ဟောပြောပွဲမစခင်)
ခါးလိုက်တဲ့ ကော်ဖီ။
သကြားနည်းနည်းထည့်။
နို့မှုန့်လေးလည်း ထပ်ဖြည့်ပေး။
ဒီဟောပြောပွဲ စီစဉ်တဲ့သူ ညံ့လွန်းတယ်ဗျာ။

(ဟောပြောပွဲစပြီ)
ဟောဒီ့ ကမ္ဘာမြေကို
ပိုပြီးနေချင်စဖွယ်ဖြစ်အောင်
ခင်ဗျားတို့ ကျွန်တော်တို့ မကြိုးစားသင့်ဘူးလားဗျ။
လူသားချင်း စာနာထောက်ထားဖို့
ကျွန်တော်တို့ ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်ရပါမယ်ခင်ဗျာ။
(ဖြောင်း....ဖြောင်း....ဖြောင်း...ရွှီး....ရွှီး....ရွှီး)
ဟောပြောသူ၏ ခမ်းနားထည်ဝါလှသော
စကားလုံးများကို နားထောင်ပြီး များပြားလှသော ပရိတ်သတ်များက
တခဲနက် အားပေးလိုက်သံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းလှသည်။
မည်သို့ပင် ဖြစ်စေ...
ဟောပြောပွဲတစ်ခုတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
သို့သော်...............................................................။
--------------------
အိမ်ဝေးသူ(KZ)

ပညာရှင်နှင့် သာမန်လူတန်းစား


ပညာရှင်
=====

(၁)
ပညာရှင်သည် သူကျွမ်းကျင်ရာ နယ်ပယ်တစ်ခုကို ဦးစွာစိတ်တိုင်းကျ ရွေးချယ်သည်။
(၂)
နယ်ပယ်ရွေးချယ်ပြီးသည်နှင့် ထိုနယ်ပယ်တစ်ခုတည်းကိုသာ စူးစိုက်လေ့လာသည်။
(၃)
အခြားနယ်ပယ်များတွင် အားနည်းကောင်း၊ အားနည်းမည်။ သို့သော်
သူရွေးချယ်ထားပြီးသား နယ်ပယ်ကိုမူ ထုံးလိုချေရေလိုနှောက်၊ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသလို ကျွမ်းကျင်လိမ္မာသည်။
(၄)
ပညာရှင်သည် သူရွေးချယ်ထားသော နယ်ပယ်တစ်ခုတည်းကိုသာ အချိန်များစွာပေးပြီး
ကျွမ်းကျင်အောင်လုပ်ထားသည့်အတွက် ပုံထဲတွင် ဖော်ပြခဲ့သည့်အတိုင်း
အဝကျဉ်းသော်လည်း တဖြည်းဖြည်း နယ်ပယ်က ကျယ်သထက် ကျယ်လာသည်။
(၅)
ထိုသို့ နယ်ပယ်တစ်ခုတည်းကို အာရုံစိုက်ပြီးလေ့လာသူသည် နှစ်ကာလတစ်ခု
ကြာမြင့်သည့်အခါ ပညာရှင်၊ ပါရမီရှင်ဟု ခေါ်ရလောက်အောင် သူ့နယ်ပယ်ကို
ကျွမ်းကျင်လွန်းသော ပညာရှင် (Professional) ဖြစ်လာတော့သည်။
ထိုသို့သော ပညာရှင်မျိုးကို ကမ္ဘာက အမြဲကြိုဆိုလေ့ရှိသည်။

သာမန်
=====

(၁)
ထိုသူသည် သူဝါသနာပါသည့် နယ်ပယ်ကိုပင်လျှင် အတိအကျ မသိသောသူ ဖြစ်တတ်၏။
(၂)
ဒုလုံးရှည်ဖြင့် ဖော်ပြထားသည့်အတိုင်း သူသည် နယ်ပယ်တစ်ခုတည်းကို တစိုက်မက်မက် လုပ်ဆောင်လေ့မရှိဘဲ တိုးတက်မှုလည်း မရှိသလောက် ဖြစ်တတ်သည်။
(၃)
အများအားဖြင့် ထိုသူမျိုးသည် အကြောင်းအရာတော်တော်များများကို ဟိုစပ်စပ်၊ ဒီစပ်စပ်
အနည်းအကျဉ်းစီသိပြီး ကျွမ်းကျင်အဆင့် ဘယ်အရာရှိသနည်းဟု မေမြန်းပါက
တိကျသော အဖြေမရှိတတ်သူများ ဖြစ်ကြသည်။
(၄)
ထိုသူမျိုး၏ နယ်ပယ်အလိုက် ကျွမ်းကျင်မှုသည် တိုးတက်မှု သိပ်မရှိဘဲ ဒုလုံးပုံစံအတိုင်း တစ်ဖြောင့်တည်းသာသွားသည်။ အခန့်မသင့်လျှင် ဆုတ်ယုတ်မှုဖြင့် ရင်ဆိုင်ရတတ်သည်။
(၅)
ကျွမ်းကျင်လိမ္မာပြီး အားကိုးလောက်သည့် အနေအထားမျိုး မရှိသဖြင့် ထင်ပေါ်လျှင်
စင်တော်က ကောက်သည့်အခွင့်အရေးမျိုးနှင့် အခါခါ လွဲရတတ်ပေသည်။

နိဂုံး။
ဤပုံလေးသည် စာရေးသူ၏ စိတ်ကူးဖြင့် ဆွဲထားခြင်းသာ ဖြစ်ပါသည်။
ပုံနှင့်စာကို တွဲ၍ ကြည့်လျှင် ပုံ၏သဘောတရား ပိုပြီး ပေါ်လွင်မည်ဟု ယူဆပါသည်။
စာရေးသူ၏ ညံ့ဖျင်းသေးသိမ်မှုကြောင့် အမှားအယွင်းနှင့် အားနည်းချက်များ တွေ့မြင်မိပါက
ဖြည့်စွက်ပေးလိုပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ပညာရှင်နှင့် သာမန်ဟူ၍
နှစ်မျိုးရှိရာ သာမန်လူတန်းစားက အဆမတန်များပြားသည်ကို တွေ့ရမည်ဖြစ်သည်။
ဆိုးရွားလွန်းသည့်အချက်တစ်ချက်မှာ...မိမိဝါသနာပါသည့် နယ်ပယ်၊
စိတ်ဝင်စားသည့် နယ်ပယ်ကို အသက်ကြီးသည့်အထိ ကွဲကွဲပြားပြား
မသိရှိကြခြင်းဖြစ်သည်။ Profession ဆိုသည်မှာ နယ်ပယ်အားလုံးကို များများစားစား
သိသူမဟုတ်ဘဲ နယ်ပယ်တစ်ခုကိုသာ များများစားစား သိသောသူဖြစ်ပြီး သာမန်မှာမူ
နယ်ပယ်အားလုံးကို ဟိုစပ်စပ်၊ ဒီစပ်စပ် အနည်းငယ်စီသိပြီး ကျွမ်းကျင်ပိုင်နိုင်ဆုံးသေ
အရာတစ်ခုမှ မရှိသောသူသာ ဖြစ်ချေသည်။

ကျွန်တော့်ကို ကျွန်တော် ပြန်မေးလိုပါသည်။
ငါ...နယ်ပယ်တစ်ခုတည်းကို ကျွမ်းကျင်တာလား?
ငါ...နယ်ပယ်အားလုံးကို ကျွမ်းကျင်နေတာလား?

--------------------
အိမ်ဝေးသူ(KZ)


Saturday, 6 December 2014

အကြင်နာပိုလွန်းသူ


နေ့လည်စာ စားချိန်တစ်ခုမှာ သူဌေးကြီးတစ်ယောက်က သူ့ဇိမ်ခံကားနောက်ခန်းမှာထိုင်ပြီး
မြို့တွင်းတစ်နေရာကို ပတ်နေတုန်း တစ်နေရာရောက်တော့ လူနှစ်ယောက်က
လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ မြက်တွေကို အပြိုင်အဆိုင် စားနေကြတာကို တွေ့တယ်။
သူဌေးကြီးက တော်တော်အံ့သြသွားပြီး ကားသမားကို ကားခဏရပ်ဖို့ အမိန့်ပေးလိုက်တယ်။
ပြီးတော့ မြက်စားနေသူ နှစ်ယောက်နားကို သွားပြီး စုံစမ်းမေးမြန်းတော့တယ်။

နှစ်ယောက်ထဲက တစ်ယောက်ကို လက်ညှိုးထိုးပြီးတော့
"မင်း...ဘာလို့ မြက်တွေစားနေရတာလဲ" လို့ မေးလိုက်တယ်။
အမေးခံရတဲ့ မြက်စားသူကလည်း
"သူဌေးကြီးခင်ဗျာ...ကျွန်တော်တို့မှာ အစားအသောက်ဝယ်စားဖို့အတွက်
ငွေမရှိလို့ ဒီမြက်တွေလာစားရတာပါ" ဆိုပြီး ပြန်ဖြေရှာတယ်။
(စိတ်ထဲမှာလည်း သူကြိတ်ပြီး ပျော်နေရှာတယ်)

သူဌေးကြီးကလည်း
"ဒါဆိုရင်...မင်းငါနဲ့ လိုက်ခဲ့ပါ" ဆိုပြီး ပြောတော့
"သူဌေးကြီးခင်ဗျာ ကျွန်တော့်မှာ ဇနီးနဲ့၊ သားသမီးနှစ်ယောက်လည်း ရှိပါသေးတယ်"
လို့ ခပ်သွက်သွက်လေး ပြန်ဖြေလိုက်တယ်။
(သေချာပြီ ဒီနေ့တော့ စားကောင်းသောက်ဖွယ်တွေနဲ့ တွေ့ပြီကွ)

ဒုတိယမြောက်တစ်ယောက်ကို မေးတော့

"ကျွန်တော့်ဒုက္ခက သူ့ထက်တောင် အများကြီး ပိုပါတယ်။
ကျွန်တော့်မှာ မိန်းမတစ်ယောက်နဲ့ ကလေးခြောက်ယောက်ရှိပါတယ်ခင်ဗျ"

လို့ ရိုရိုသေသေ ပြန်ဖြေရှာတယ်။

အတွေးကိုယ်စီ 
မြက်စားသူ (၁) အတွေး
ဟာကွာ ငါ့မှာ မိသားစုဝင်လေးယောက်ပဲ ရှိတာ နာတယ်ကွာ။

မြက်စားသူ (၂) အတွေး
ဘာတတ်နိုင်သေးလဲ? ငါတို့က မင်းထက် လူပိုများတယ်ကွ။
အတိအကျဆိုရင် နှစ်ဆတောင်ပိုပြီးများတာနော်။

သူဌေးကြီး အတွေး
မြက်စားသူ (၁) မှာက မိသားစုဝင် (၄)ယောက်၊ မြက်စားသူ (၂) မှာ
မိသားစုဝင် (၈) ယောက်၊ စုစုပေါင်းတော့ ၁၂ယောက်။ အင်းမ်...မဆိုးပါဘူးလေ။

သူဌေးကြီးက သူတို့မိသားစုဝင်တွေကိုပါ ခေါ်ခိုင်းလိုက်တယ်။
အားလုံးစုံတော့ မိသားစုဝင်အားလုံးကို ကားပေါ်က တက်ပြီး သူနဲ့အတူ
လိုက်လာခိုင်းတယ်။ သူတို့တွေလည်း အလုအယက်တက်ပြီး သူဌေးကြီးခေါ်ဆောင်ရာကို
လိုက်ခဲ့ကြတယ်။ ဇိမ်ခံကားကြီးဆိုပေမယ့် လူ(၁၂) ယောက်ကို ခေါ်တင်ရတာ သိပ်ပြီး
လွယ်ကူလွန်းတဲ့ အလုပ်တော့ မဟုတ်ဘူးပေါ့။ အိမ်ထောင်ဦးစီး ယောက်ျားနှစ်ယောက်စလုံးကလည်း
စိတ်ထဲမှာ သူဌေးကြီးကို ကျိတ်ပြီး ကျေးဇူးတင်နေကြရှာတယ်။ မြိုသိပ်မရတဲ့ အဆုံး
တစ်ယောက်က ရင်ဖွင့်ပြီး ကျေးဇူးတင်စကား ဆိုတယ်။

"သူဌေးကြီး ခင်ဗျာ။
သူဌေးကြီးက အင်မတန် သနားကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်။
ကျွန်တော်တို့ မိသားစုကို ခုလို ညှာတာထောက်ထားတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်ခင်ဗျာ"

သူဌေးကြီးရဲ့ တုန့်ပြန်စကား ထွက်မလာခင်မှာပဲ
ဒုတိယ မြက်စားသူကလည်း (ငါလည်း အမှတ်ရအောင် ကြိုပြီး ချီးကျူးထားမှပဲ) ဆိုတဲ့ အတွေးနဲ့

"ကျွန်တော်လည်း သူဌေးကြီးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ" ဆိုပြီး မျက်နှာယူတာပေါ့။

နှစ်ယောက်စလုံးရဲ့ ချီးကျူးစကားတွေကို ကြားတဲ့ သူဌေးကြီးက ပြုံးပြီး အဖြေပေးရှာတယ်။

"ကျေးဇူးတင်စရာမလိုပါဘူးကွာ။
ကြုံကြိုက်လို့ ကူညီရတာပဲ၊ အခုလို ကူညီခွင့်ရတာပဲ ငါက ဝမ်းသာနေတာကွ။
ငါ့အိမ်နောက်ဖေးကခြံထဲမှာပေါက်နေတဲ့ မြက်တွေက ထူထူထဲထဲနဲ့ ခုဆို (၃)ပေ နီးပါး ဖြစ်နေပြီ။
မင်းတို့ မိသားစု (၁၂) ယောက်အတွက် အဆင်ပြေမှာပါ"။

ရက်ရောလွန်းသူကြီးပါလား ဆိုတဲ့ အတွေးကိုယ်စီနဲ့ မြက်စားသူ အိမ်ထောင်ဦးစီး
ယောက်ျားနှစ်ယောက် တစ်ယောက်မျက်နှာကို တစ်ယောက် ပြိုင်တူ ကြည့်မိရှာတော့တယ်။

စာဖတ်သူများခင်ဗျာ။

(၁)
ခွက်စောင်းခုတ်တယ်ဆိုတာ သူတောင်းစားအချင်းချင်းမှာ ရှိသလို
သူဌေးတွေဆီမှာလည်း ရှိတယ်ဆိုတာ မမေ့ပါနဲ့။ မနာလိုဝန်တိုစိတ်ဆိုတာဟာ
အဆင့်အတန်း၊ အနေအထားကွာလွန်းတဲ့ လူတွေထက် မတိမ်းမယိမ်း၊
သူမသာ၊ ကိုယ်မသာ အခြေအနေမျိုး ရှိကြတဲ့ လူတွေမှာ ပိုဖြစ်တတ်ပါတယ်။

(၂)
အပြင်ပန်းပုံစံကို ကြည့်ပြီး သိပ်ကိုသနားကြင်နာတတ်မှာပဲ ဆိုတဲ့ အယူအဆဟာ
အမြဲတမ်းအတွက်တော့ မမှန်နိုင်ပါဘူး။ ကျွန်တော်တို့တတွေဟာ မိမိနိမ့်ပါးလွန်းတဲ့
အခြေအနေမျိုးမှာ ကောက်ရိုးလေးတစ်မျှင်ကိုဖြစ်ဖြစ် ဆွဲကိုင်ချင်တတ်ကြတယ်။
ဒါပေမယ့် ကိုယ်ကိုင်မိတဲ့ ကောက်ရိုးမျှင်က မီးစွဲနေတဲ့ ကောက်ရိုးမျှင် ဟုတ်၊ မဟုတ်
ဆိုတာတော့ သေသေချာချာ ဂရုစိုက်သင့်ပါတယ်။

(၃)
ကျွန်တော်တို့ လူသားတွေဟာ မိမိအမြင့်ရောက်ဖို့၊ မိမိအဆင်ပြေဖို့အတွက်
တစ်ပါးသူကို ချနင်းတတ်ကြတယ်ဆိုတာ သဘာဝပါ။ ချမ်းသာခြင်းနဲ့ ရက်ရောခြင်းကို
အမြဲတမ်း တွဲမြင်ဖို့ မကြိုးစားပါနဲ့။ လူတွေဟာ အတွေးကိုယ်စီနဲ့ မိမိကိုယ်ကိုယ်
လည်လွန်းလှပြီလို့ ထင်မြင်ယူဆတတ်ကြပါတယ်။ (သတိချပ်ပါလေ)

(၄)
သူဌေးကြီးဘက်ကအမြင်နဲ့ ကြည့်ရင် စေတနာနဲ့ ပိုရှည်တဲ့ မြက်ကို ခေါ်ကျွေးတာပဲလို့
ပြောချင်ရင် ပြောလို့ရပါတယ်။ သို့သော် ဒီမိသားစုဝင်ဘက်က ကြည့်မယ်ဆိုရင် (၁၂)
ယောက်စလုံးဟာ မြက်စားတဲ့ ကျွဲနွားတွေ မဟုတ်ပါဘူး။ ဘဝပေးအခြေအနေအရ
မတတ်သာလွန်းလို့ လမ်းဘေးက မြက်ကို စားရတာပါ။ သို့သော် တစ်ခါတရံမှာ
ကွန်တော်တို့ နိမ့်ပါးနေတဲ့ အချိန်မှာမှ သူဌေးကြီးဆက်ဆံခဲ့သလိုမျိုး မြေနိမ့်ရာ လှံစိုက်ပြီး
အရှက်တကွဲ အကျိုးနည်းအောင် တွန်းပို့တတ်တဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေလည်း
ရှိတတ်ပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်ထဲမှာလည်း
အကြင်နာပိုလွန်းသူတွေ ဒုနဲ့ဒေးဆိုတာမှတ်မှတ်ရရ ရှိနေပါစေ။

----------------
အိမ်ဝေးသူ(KZ)
----------------

မှတ်ချက်။
ကျွန်တော် ဟာသ ကြိုက်ပါတယ်။ ဟာသတွေက အမှန်တရားကို လူတွေ
အလွယ်တကူမြင်သာအောင် ပြတဲ့အနုပညာတစ်ခုဆိုတာကိုလည်း သိထားပါတယ်။
ဒါပေမယ့်...တစ်ချို့ ဟာသတွေက ကျွန်တော့်ကို ရယ်အောင် မလုပ်ပေးနိုင်ကြဘူး။

Thursday, 4 December 2014

ပထမ + နောက်ဆုံး = တစ်ဘဝစာ


(၁)
ပ၊ ဒု၊ တ ငါ့မှာ မရှိ။
ပထမဆုံးမဖြစ်ရရင်
နောက်ဆုံးမှာ တန်းဝင်ချင်တာ … ငါ။

(၂)
ဘဝမှာ
ပထမဆိုတဲ့ပြဌာန်းချက်တစ်ခုနဲ့တင်
ကောင်းကင်တစ်ခုလုံး ညှို့မှိုင်းမတတ်
အလွမ်းတွေခင်းကျင်းထားတဲ့
ငါ့ရင်ခုန်သံတွေ တကယ့်ကို နွမ်းလျလွန်းခဲ့တယ်။

(၃)
တစ်ဘဝစာအတွက် ဒုတိယဆိုတာရှိခဲ့ရင်
ဒုတိယဆိုတာဟာ ငါ့အတွက်တော့ နောက်ဆုံး။
အဲ့ဒီ့နောက်ဆုံးဟာ
တွဲလွဲခိုနေတဲ့ အလွမ်းငွေ့တွေကို
မိုးအဖြစ်ရွာချစေမယ့် စနက်တံတစ်ချောင်းဆိုရင်
ပထမ + (ဒုတိယ)နောက်ဆုံး = (ငါ့)နိဂုံးပေါ့ကွယ်။

(၄)
တစ်ခါချစ်ဖူးရုံနဲ့ တစ်ခါလွမ်းခဲ့ဖူးတဲ့(ငါ)
နောက်ဆုံးအကြိမ်အတွက်သာ မျက်နှာပန်းမလှခဲ့ရင်
လက်သီးနှစ်ဆုပ်စာ အလွမ်းတွေကို
ကုလားအုတ်တစ်ကောင်လို (ဘို့)ထဲ သိုလှောင်ရင်း
ပထမ + (ဒုတိယ)နောက်ဆုံး =
တစ်ဘဝစာ လွမ်းပစ်လိုက်မယ်။

-------------------
အိမ်ဝေးသူ(KZ)




Wednesday, 3 December 2014

တရားသစ်သို့တမ်းခြင်း


မျောက်က ပုလင်ပေါ်တက်ထိုင်ပြီး
ဘုရားက စင်အောက်ရောက်
ဖြစ်ချင်တာတွေထက် မဖြစ်ချင်တာတွေပဲ
သောက်တလွဲ ဖြစ်နေတဲ့ ခေတ်ကြီးထဲမှာ
လူဖြစ်လာတာ…ငါတို့ပေါ့ကွယ်။

လူကို…လူလို မြင်ချင်ပေမယ့်
လူကို…လူလို မမြင်တတ်တဲ့
လူကို…လူလို မစာနာတတ်တဲ့
လူကို…လူလို မထောက်ထားတတ်တဲ့
လူကို…လူလို……………………..တဲ့။

သူတို့တတွေက စင်ပေါ်တက်
အိမ်ကြက်ချင်း ဘယ်လိုခွပ်ရကြောင်းတရား
လူထုကို နံပါတ်တုတ်နဲ့ ဘယ်လို ထိန်းသိမ်းရကြောင်းတရား
သံဃာတော်ကို မီးလောင်ဗုံးနဲ့ ဘယ်လို ပူဇော်ပသရကြောင်းတရား
ကုလားကိုဖိပြီး တရုတ်ကို ဘယ်လို အဖေခေါ်ရကြောင်းတရား
ဟောလိုက်တဲ့ တရားတွေများ
ဟောလည်း ဟောနိုင်သေးတဲ့ တရားတွေ
သြော်…
ခုတော့ ငါလည်း တရားကျနေပါပြီ။

ခုတော့လည်း
သောက်ရေးမပါတာတွေက သောက်ရေးတွေပါလာရင်း
တကယ့်မေတ္တာရှင်တွေက တိရိစ္ဆာန်တွေသတ်လို့သေ
သစ္စာတစ်ပြားသားမှ မရှိတဲ့သူတွေ
နှပ်ချေးတွဲလောင်း ပညာရှင်တွေ
သာသနာကို ထမင်းစားရေသောက် အရေခြုံသူတွေက
တကယ့် မေတ္တာရှင်ကြီးတွေလုံးလုံးကိုဖြစ်လို့
ကြာတော့…
ငါ့လည်း စိတ်ပျက်လှပါပြီ။

ကဲ…
(မစူးစမ်းမဆင်ခြင်သောတရား) ကို သယ်ဆောင်လာသူ
ပုံပြင်ထဲက ယုန်သူငယ်လို အဖြစ်မျိုး
ငါတို့တတွေ မဖြစ်ကြခင်
အမှန်တရားကို ခင်းကျင်းပြသမယ့်
ကေသရာဇာလူသား အမြန်ဆုံး လာခဲ့တော့ကွယ်…။

{ ဖွင့်ဆိုချက် }

လောကပါလတရားဆိုတာ ကျွန်တော်တို့ မြန်မာပြည်တွင်
ပျောက်ကွယ်လုမတတ် ရှားပါးရတနာများ ဖြစ်ကြလေသော

(၁) တရားမျှတခြင်း (Justice)
(၂) လွတ်လပ်ခြင်း (Liberty) နဲ့
(၃) ညီမျှခြင်း (Equality) တို့ ကို ရည်ညွှန်းကြောင်းပါခင်ဗျာ…။။

-------------------
အိမ်ဝေးသူ(KZ)


Tuesday, 2 December 2014

လူညံ့


မင်းကိုထိုးမယ့် လက်ညှိုးတစ်ချောင်းရဲ့
အဆုံးသတ်ရလာဒ် မလှမယ့်အတူ
ဆယ်ချောင်းစလုံး ငါ့ဘက်ကို ပြိုင်တူထိုးလိုက်မယ်။

မင်းခြေလှမ်းတွေ တည့်မတ်ဖို့ထက်
ငါ့ခြေလှမ်းတွေ မယိမ်းယိုင်ဖို့ကြိုးစားမိလို့
အတ္တကြီးသူလို့ ကင်ပွန်းတပ်လည်း ငါကျေနပ်တယ်။
လောကကို ပြုပြင်ဖို့ ကြိုးစားလိုသူတစ်ချို့က
ကင်မရာပုန်းကိုယ်စီ ဆောင်ထားချိန်မှာ
ကြည့်မှန်တစ်ချပ် ရင်ဝယ်ပိုက်ထားရုံနဲ့
ငါဟာ ဘောင်အပြင်က တစ်ကိုယ်တော်လူညံ့။
ဂုဏ်သရေရှိ ဒေါင်းမင်းများအကြားက
ကျီးမည်းတစ်ကောင်ရဲ့ သေးသိမ်မှုဟာ
ခြင်္သေ့မင်းရဲ့ စားကြွင်းစားကျန်စားရဖို့
အမြီးကုပ်ထားရတဲ့ ဝံပုလွေဆယ်ကောင်ထက် ပိုမြတ်တယ်။
--------------------
အိမ်ဝေးသူ(KZ)

Monday, 1 December 2014

ခွင့်မလွှတ်ပါနဲ့ ဒီဇင်ဘာ


စည်းစိမ်ကို ထပ်ဆင့်ပါဝါတင်လို့
စောင်အထပ်ထပ်နဲ့ ငါ့ဘဝအတွက်
မင်္ဂလာပါ…ဒီဇင်ဘာ။

လေအေးတစ်စက် အသည်းဆတ်ဆတ်
အနွေးတစ်လှုံနဲ့ ဘဝဖူလုံရသူတို့အတွက်တော့
ဝမ်းနည်းမိတယ်…ဒီဇင်ဘာ။

ချီးမွမ်းခန်းအထပ်ထပ်နဲ့ မင်းရဲ့အလှတရား
ပျက်ရယ်ပြုမိလို့ အပြစ်ထိုက်မယ်ဆိုရင်
ကျေးဇူးပြုပြီး…ငါ့ကို ခွင့်မလွှတ်ပါနဲ့ ဒီဇင်ဘာ။

--------------------
အိမ်ဝေးသူ(KZ)
--------------------
မှတ်ချက်။
ထိုဆောင်းသည်
အချို့သူတိုအား အေးမြစေပြီး အချို့သူတို့ကိုမူ သွေးပျက်စေသည်။
မြန်မာပြည်နှင့်တကွ
ကမ္ဘာအနှံ့အပြားရှိ အအေးဒဏ်ခံစားနေရသူ အားလုံးအတွက် ရည်စူးသည်။


Saturday, 29 November 2014

နောက်ဆုံးတစ်ကြိမ် အကူအညီမပေးနိုင်သောအခါ


(၁)
ပထမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

ဒုတိယအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

တတိယအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

စတုတ္ထအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

ပဉ္စမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

ဆဠမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

သတ္တမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

အဌမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

နဝမအကြိမ်
ခင်ဗျားက...အကူအညီပေးလိုက်သည်။

ဒသမအကြိမ်
ခင်ဗျားက...အကူအညီမပေးလိုက်နိုင်။

(၂)
စာဖတ်သူ မည်သို့ မြင်ပါသနည်း ?
ဤသည်မှာ စာဖတ်သူတို့၏ ဘဝတစ်လျှောက်တွင် အနည်းဆုံးအားဖြင့်
တစ်ကြိမ်လောက်တော့ ကြုံဖူးကြမည့် အကြောင်းအရာတစ်ခု ဖြစ်ပါသည်။

ဥပမာ...။
စာဖတ်သူ၏ မိတ်ဆွေဖြစ်သူ ဦးကကြီးက စာဖတ်သူထံမှ လိုအပ်သည့်အခါတိုင်း
အကူအညီ တောင်းခံလေ့ရှိသည်။ စာဖတ်သူကလည်း တတ်အားသရွေ့  ကူညီ
ခဲ့သည်ချည်း ဖြစ်သည်။ စာဖတ်သူက ၄င်းပုဂ္ဂိုလ်ကြီး၏ ကြီးမားလေးလံသော
အခက်အခဲပေါင်း (၉) ခုတိတိကို ကူညီခဲ့ပြီးဖြစ်သည်။ နောက်ဆုံးတစ်ကြိမ်
(ဆယ်ကြိမ်မြောက်) မှာတော့ မိမိကိုယ်တိုင်က အခက်အခဲ တစ်စုံတရာ
ကြုံတွေ့နေရသဖြင့် အကူအညီ ပေးနိုင်ခြင်းမရှိတော့။
သို့ဆိုလျှင်....
အကျိုးဆက်က မည်သို့ ဖြစ်မည်ထင်ပါနည်း?

(၃)
ရိုးရှင်းစွာ ဖြေရမည်ဆိုပါလျှင်
၎င်းပုဂ္ဂိုလ်ကြီးသည် စာဖတ်သူ ကူညီခဲ့သော အကူအညီ (၉) ခုကို
လုံးဝ ဥပက္ခောပြုပြီး နောက်ဆုံးတစ်ကြိမ်မှာ မကူညီရကောင်းလားဟု
ရွှေစိတ်တော် ညှိုးပေလိမ့်မည်။ လူသားသည် ကျေးဇူးတရားကို အသိတတ်ဆုံး
လူမှုသတ္တဝါများ ဖြစ်သလို ကျေးဇူးအကန်းတတ်ဆုံး သက်ရှိများ ဖြစ်သည်ဟုဆိုလျှင်
ကျွန်တော် လွန်မည်မထင်ပါ။ သေးငယ်ပလွှားသော အကြောင်းအရာလေးတစ်ခုကို
အကြောင်းပြုပြီး တစ်သက်ပြန်ဆက်၍ မကုန်နိုင်သော ကျေးဇူးတရားကြီးကြီးမားမား
တို့ကို မသိချင်ယောင်ဆောင်သွားတတ်ကြသည်။ ရှင်းရှင်းပြောရလျှင် တစ်ကြိမ်
မကူညီနိုင်ခြင်းကိုအကြောင်းပြုပြီး ကူညီခဲ့ဖူးသောကိုးကြိမ်ကို
ဖျက်စီးပစ်လိုက်ခြင်းဖြစ်သည်။

(၄)
စာဖတ်သူအနေနှင့်
တစ်စုံတယောက်ကို ကူညီမည်ဟု ဆုံးဖြတ်သည့်အခါ
"တစ်နေ့နေ့တွင် ငါ့ကို ပြန်ကူညီမှာပဲ" ၊ "တစ်ဦးစေတနာ တစ်ဦးမေတ္တာ"ဟု
မတွေးပါနှင့်။ ကူညီပြီဟုဆိုလျှင် ဘာကိုမျှ မျှော်လင့်ထားခြင်း မရှိသော
သန့်ရှင်းသည့် ကူညီမှုမျိုးဖြင့်သာ ကူညီစေလိုပါသည်။ တစ်စုံတရာကို မျှော်လင့်ပြီး ကူညီသော အကူအညီမျိုးသည် မိမိကို အေးမြစေခြင်းမရှိဘဲ ပူလောင်မှုများသာ
ပေးနိုင်စွမ်းသည်။ ယုတ်အဆွဆုံး နောင်တစ်ချိန်မှာ တစ်ဘက်က
မကူညီနိုင်သောအခါ (ခင်ဗျား အလှည့်တုန်းက ကျွန်တော် အကြိမ်ပေါင်းများစွာ ကူညီထားခဲ့ဖူးတယ်၊ ကျွန်တော် အကူအညီ လိုတော့ ခင်ဗျားက ဒီလိုပဲလား၊ စိတ်ဓာတ်လေးတွေ သိရတာပေါ့) စသည်ဖြင့် မလိုလားအပ်သည့် အမြင်မကြည်လင်မှုများစွာ ဖြစ်တတ်သည်။ ဤနေရာတွင် စာဖတ်သူ
အထူးဂရုပြုရမည့် အချက်တစ်ချက် ရှိသည်။ ၄င်းမှာ စာဖတ်သူက
တစ်စုံတယောက်ကို အကူအညီ ပေးခဲ့သည်မှာ ဆယ်ကြိမ်မက ဖြစ်သွားသော်လည်း ထို့သူ့ထံမှ အကူအညီ တောင်း၍ မရသောအခါ စာဖတ်သူက ထိုသူ့အား အပြစ်မတင်၍ မဖြစ်နိုင်ပေ။ အကူအညီကို (လက်ခံ၊ ငြင်းပယ်) ခြင်းမှာ
ထိုသူ၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ဖြစ်သည်ဟု ယူဆပါသည်။

(၅)
နိဂုံးချုပ်ပါမည်။
အကူအညီဟူသည်မှာ (စိတ်) ထားတတ်လျှင် အေးမြတတ်သည်။
အကူအညီဟူသည်မှာ (စိတ်) မထားတတ်လျှင် ပူလောင်စေသည်။
အကူအညီဟုဆိုလျှင် အပြန်အလှန်ဟု တွဲ၍ မမှတ်လိုက်ပါနှင့်။
အပြန်အလှန်ဟူ၍ မှတ်ယူလျှင် အကူအညီမမည်တော့ဘဲ
တန်ရာတန်ကြေးသတ်မှတ်သော အပေးအယူ သဘောမျိုးသာ ဖြစ်သွားတော့သည်။
တစ်စုံတယောက်ထံမှ မိမိက လိုအပ်၍ အကူအညီတောင်းခံသောအခါ
တစ်ခါတုန်းက မိမိကူညီပေးဖူးသော ကျေးဇူးတရားဖြင့် ချည်နှောင်ပြီး
အကူအညီတောင်းခံခြင်း မပြုပါနှင့်။
(ထိုသူ့အား လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိပါစေ)
အကူအညီ မပေးနိုင်ဟု ထင်လျှင် လုံးဝ ပြတ်သားစွာ ငြင်းဆိုပါ။ (ဇာတ်လမ်းရှင်းသည်)
အားနာလွန်း၍ ကူညီခြင်းမျိုး မလုပ်ပါနှင့်။
အားနာလွန်း၍ ကူညီလိုက်သောအခါ နောက်ဆက်တွဲအဖြစ် ခံစားရမည်မှာ
ဝန်ထုပ်ဝန်ပိုး တစ်ခုသာ ဖြစ်ချေလိမ့်မည်။

--------------------
အိမ်ဝေးသူ(KZ)
---------------------
မှတ်ချက်။
ကျွန်တော် ကူညီနိုင်တာရှိလျှင်
နှုတ်၏ ဆောင်မခြင်း၊ ကိုယ်၏ စောင့်ရှောက်ခြင်းတို့ဖြင့် မျှော်လင့်ချက် တစ်စုံတရာမျှ
မပါသည့် သန့်ရှင်းသော ကူညီမှုမျိုးဖြင့် ကူညီပါမည်။
ကျွန်တော် အကူအညီ မပေးနိုင်ခဲ့ပါက လူကြီးမင်း ကျွန်တော့်ကို စိတ်မဆိုးစေချင်ပါ။
(အကယ်၍ စိတ်ဆိုးခဲ့ပါကလည်း ကျွန်တော် လုံးဝ ဖြေရှင်းလိမ့်မည်မဟုတ်)


Friday, 28 November 2014

360 မှ ကင်းလွတ်ရပါလို၏


ဖြစ်နိုင်မည်ဆိုလျှင်
360 နည်းပညာကို ပျောက်ကွယ်သွားစေချင်ပါသည်

ဖြစ်နိုင်မည်ဆိုလျှင်
360 ဖြင့်ပြင်ထားသော ဓာတ်ပုံကို ကြည့်ပြီး
ချစ်ခင်စွဲလန်းမိသွားခြင်းမှ ကင်းဝေးလိုပါသည်။

ဖြစ်နိုင်မည်ဆိုလျှင်
360 ကြောင့် အမြင်အာရုံ မှောက်မှားခြင်းမှ ကင်းဝေးလိုပါသည်။

ဖြစ်နိုင်မည်ဆိုလျှင်
360 ကြောင့် နှလုံးသား ယိမ်းယိုင်သွားခြင်းမှ ကင်းဝေးလိုပါသည်။

ဖြစ်နိုင်မည်ဆိုလျှင်
360 က တကယ့်အလှစစ်ကို ဖုံးကွယ်ပစ်လိုက်ခြင်းမျိုးမှ ကင်းဝေးလိုပါသည်။

ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုလျှင်
အပြင်လက်တွေ့မှာ ရှိသော တကယ့်ရုပ်ရည်အစစ်နှင့် ဓာတ်ပုံ
တစ်ထပ်တည်း ကျသော ကောင်မလေးတစ်ယောက်ယောက်နှင်
ဆုံဖူးချင်ပါသေးသည်။

( Just for fun )

------------------
အိမ်ဝေးသူ(KZ)


လက်တစ်ထွာပြကွက်


တစ်ချို့တွေများ
စံစားနေလိုက်ကြတာ
နတ်ဘုံနန်းအလား။

တစ်ချို့တွေကျ
ခံစားနေကြရရှာတာ
ငရဲခန်းတစ်ခုအလား။
--------------------
အိမ်ဝေးသူ(KZ)

Wednesday, 26 November 2014

မေးကြည့်စေချင်ပါသည်


မရယ်ဘူးလို့
စိတ်ပိုင်းဖြတ်ထားတဲ့ လူတစ်ယောက်ရှေ့ မှာ
ဟာသတစ်ပုဒ် ပြောပြတာမျိုး မလုပ်ပါနဲ့။
(ရယ်ချင်စိတ်ရှိတာ သေချာလားလို့ အရင်မေးကြည့်ပါ)

ပြောင်းလဲလိုစိတ်
လုံးဝမရှိတဲ့ လူတစ်ယောက်ရှေ့ မှာ
ပြုပြင်ပြောင်းလဲရေးတရား ဟောပြောတာမျိုး မလုပ်ပါနဲ့။
(တကယ်ပြုပြင်ပြောင်းလဲလိုစိတ် ရှိသလားလို့ အရင်မေးကြည့်ပါ)

အပေးအယူ


အချစ်ဆိုတာ
သူ့ကို (မိမိ)က
မြတ်နိုးတန်ဖိုးထားတဲ့အခါ
ကြည်နူးချိုသာခြင်းတွေကို
ဆုလာဒ်တစ်ခုအနေနဲ့
မိမိအတွက် သယ်ဆောင်ပေးတယ်။

အချစ်ဆိုတာ
သူ့ကို (မိမိ)က
လှောင်ပြောင်ပျက်ရယ်ပြုတဲ့အခါ
ပူဆွေးနာကြည်းခြင်းတွေကို
ပြစ်ဒဏ်တစ်ခုအနေနဲ့
မိမိထံက အစားပြန်ယူတတ်တယ်။

(အလျော်အစားကို သတိပြုသင့်ပါတယ်)

--------------------
အိမ်ဝေးသူ(KZ)


Tuesday, 25 November 2014

ခင်ဗျား-ပတ်ဝန်းကျင်


(၁)
ခင်ဗျားက
လူတစ်ဖက်သားကို
သိပ်ပြီး အားနာတတ်တယ်ဆိုတာကို
လူ့အသိုင်းအဝိုင်းမှာ ချပြမိတယ်ဆိုရင်
ခင်ဗျားရဲ့  အားနာတတ်တဲ့ စိတ်ကိုအခြေခံပြီး
ချနင်းသွားကြမယ့်လူတွေ
ခင်ဗျားဘဝမှာ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုပါ။

(၂)
ခင်ဗျားက
(ယုတ်အစွဆုံး)
ကြွက်ကြောက်တတ်တယ်ဆိုတာကို
လူ့အသိုင်းအဝိုင်းမှာ ချပြမိတယ်ဆိုရင်
ခင်ဗျားရဲ့ ကြောက်တတ်တဲ့ စိတ်ကိုအခြေခံပြီး
ခြောက်လှန့်ကြမယ့်လူတွေ
ခင်ဗျားဘဝမှာ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုပါ။

(၃)
ခင်ဗျားက
ယုံကြည်လွယ်တတ်တယ်ဆိုတာကို
လူ့အသိုင်းအဝိုင်းမှာ ချပြမိတယ်ဆိုရင်
ခင်ဗျားရဲ့  ယုံကြည်တတ်တဲ့ စိတ်ကို အခြေခံပြီး
အလွဲသုံးစားလုပ်ကြမယ့်လူတွေ
ခင်ဗျားဘဝမှာ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုပါ။

(၄)
ခင်ဗျားက
သနားတတ်တယ်ဆိုတာကို
လူ့အသိုင်းအဝိုင်းကို ချပြမိတယ်ဆိုရင်
ခင်ဗျားရဲ့  သနားတတ်တဲ့ စိတ်ကိုအခြေခံပြီး
အမြတ်ထုတ်ကြမယ့်လူတွေ
ခင်ဗျားဘဝမှာ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုပါ။

(၅)
ခင်ဗျားက
ရိုးသားအေးဆေးစွာ နေတတ်တယ်ဆိုတာကို
လူ့အသိုင်းအဝိုင်းမှာ ချပြမိတယ်ဆိုရင်
ခင်ဗျားရဲ့  ရိုးသားတဲ့ စိတ်ကိုအခြေခံပြီး
လူနုံတစ်ယောက်လို စော်ကားကြမယ့်လူတွေ
ခင်ဗျားဘဝမှာ ရှိလာနိုင်တယ်ဆိုတာကိုလည်း သတိပြုပါ။

===========
အနှစ်ချုပ်အားဖြင့်
===========

ခင်ဗျား အားနာတတ်ကြောင်း ဖော်ပြမိရင်
ခင်ဗျား အမြဲအားနာနေအောင် ပတ်ဝန်းကျင်က တွန်းအားပေးကြလိမ့်မယ်။

ခင်ဗျား ကြောက်တတ်ကြောင်း ဖော်ပြမိရင်
ခင်ဗျား အမြဲကြောက်နေအောင် ပတ်ဝန်းကျင်က ဖြဲခြောက်ကြလိမ့်မယ်။

ခင်ဗျား ယုံကြည်လွယ်တတ်ကြောင်း ဖော်ပြမိရင်
ခင်ဗျား အမြဲယုံကြည်နေအောင် ပတ်ဝန်းကျင်က ကောင်းပြကြလိမ့်မယ်။

ခင်ဗျား သနားတတ်ကြောင်း ဖော်ပြမိရင်
ခင်ဗျား အမြဲသနားနေအောင် ပတ်ဝင်းကျင်က မျက်ရည်ခံထိုးပြကြလိမ့်မယ်

ခင်ဗျား ရိုးသားကြောင်းကို ဖော်ပြမိရင်
ခင်ဗျား အမြဲရိုးသားနေအောင် ပတ်ဝန်းကျင်က ဖြူစင်ပြကြလိမ့်မယ်။

မှတ်ချက်။
လူတစ်ဖက်သားရဲ့  အားနည်းချက်ကို အကြီးအကျယ် ချနင်းတတ်ကြတဲ့ မှန်ဘီလူးလိုလူစားမျိုးရှေ့မှောက်မှာ မိမိကိုယ်ကို ထိန်းသိမ်းနေခြင်းက
မိမိက မိမိကိုယ်ကို စောင့်ရှောက်ခြင်း တစ်မျိုးပါပဲ။
(ဖေးမကူညီ ထောက်ပြဝေဖန်ပေးတတ်တဲ့ လူတွေရှိပါတယ်။ သို့သော်
အလွန်ရှားပါးလွန်းပါတယ်)

--------------------
အိမ်ဝေးသူ(KZ)


Sunday, 23 November 2014

ALWAYS, EVER, NEVER နှင့် အတွေးအပိုင်းအစများ



(အဆို)



စိတ်ပညာအရ

Always,ever,never သုံးပြီးပြောတတ်သူတွေမှာ negative senses ရှိတယ်လို့ ဆိုပါတယ်။



(ကျွန်တော့် အတွေး)



လက်တွေ့ဘဝ ပညာအရတော့ ALWAYS, EVER, NEVER သုံးတတ်သူတွေမှာ

ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေ အထိုက်လျောက် ရှိနေပြီလို့ သွယ်ဝိုက်ပြီး ဆိုလိုတာပါပဲ။

အဲ့ဒီ့ ဘဝ အတွေ့အကြုံတွေကို အခြေခံပြီးတော့ အရာရာကို သတိထားနေတတ်တာမျိုးလို့

ကျွန်တော် ယူဆမိကြောင်းပါ။ (Auto Alert System)



ဥပမာပေးပါမယ်။



(က) ကိုယ်တိုင်သိ/ကြုံ = ALWAYS, EVER, NEVER

---------------------------------------------------------



မီးရဲ့ ပူလောင်မှုကို ခံစားခဲ့ဖူးတဲ့ လူကြီးတစ်ယောက်ဟာ ကလေးငယ်တစ်ယောက်ကို ဆုံးမတဲ့အခါ

“မီးဆိုတာ အမြဲတမ်းပူတယ်၊ အဲ့ဒီ့တော့ မီးကို ဘယ်တော့မှ လက်နဲ့ သွားမကိုင်ပါနဲ့”

လို့ ဆုံးမပါလိမ့်မယ်။ အဲ့ဒီလို ဆုံးမရခြင်းဟာ မီးဆိုတာ ပူလောင်မှန်း သူကိုယ်တိုင်ခံစား

နာကျင်ပြီး သိခဲ့လို့ ဖြစ်တယ်။ တစ်ဘက်သားကို ကိုယ်ခံစားနာကျင်ခဲ့သလို မဖြစ်စေချင်တဲ့

ဆန္ဒဖြစ်တဲ့အတွက် အဲ့ဒါကို အပျက်သဘောအမြင်လို့ ပြောရင်တောင် ရာခိုင်နှုန်းတစ်ခုလောက်သာ

ပြောနိုင်မယ်ထင်ပါတယ်။ ဆိုလိုချင်တာက (ALWAYS, EVER, NEVER ) ဆိုတဲ့ စကားလုံးတွေဟာ

အပျက်သဘောဆောင်ပေမယ့် အပြုသဘောကိုလည်း ဦးတည်နိုင်ပါသေးတယ်ဆိုတာပါပဲ။





(ခ) ပညာ/သညာ သိ= ALWAYS, EVER, NEVER မသုံးပါ

---------------------------------------------------------------



တစ်ခါမှာ မဟောသဓာနဲ့ အမရာက ခရီးတစ်ခုကို သွားရင်းနဲ့ ဆီးသီးပင်

တစ်ပင်တွေ့တယ်။ အမရာက ဆီးသီးတက်ခူးတဲ့အခါ မဟောသဓာက သူ့အတွက်လည်း

ဆီးသီးခူးပေးပါလို့ တောင်းဆိုတော့ အမရာက ပညာစမ်းပြီး မေးတယ်။



"အရှင်၊ ဆီးသီးအပူကို စားလိုသလော၊ ဆီးသီးအအေးကို စားလိုသလော"

အဲ့ဒါနဲ့ မဟောသဓာကလည်း ပညာပြန်စမ်းတာပေါ့။

"နှမ၊ ဆီးသီးပူကို စားလိုပါသည်" လို့ ဆိုတော့ အမရာလည်း ဆီးသီးကို ခူးပြီးတာနဲ့

သဲပူထဲကို ချပေးလိုက်တယ်။ မဟောသဓာက အဲ့ဒီ့ ဆီးသီးကို စားပြီးတာနဲ့

"နှမ၊ ဆီးသီးအေးကို စားလိုသည်" ဆိုပြီး တောင်းဆိုပြန်တယ်။

အဲ့ဒီ့တော့ အမရာကလည်း အားကျမခံ ဆီးသီးကို ခူးပြီးတာနဲ့  မြက်တောထဲကို

ချပေးလိုက်တယ်။ နောက်ဆုံးတော့ အမရာရဲ့ ဥာဏ်ပညာစွမ်းကို မဟောသဓာက

အသိအမှတ်ပြုခဲ့ရတယ်။



ဒီနေရာမှာ ပြောချင်တာက အမရာဟာ ဆီးသီးသည်သမီး မဟုတ်သလို မဟောသဓာကလည်း

ဆီးသီးသည်ရဲ့သား မဟုတ်ပါဘူး။ သူတို့တတွေရဲ့  ဥာဏ်ပညာအမြှော်အမြင်ဟာ

ကြီးမားလွန်းတဲ့အတွက် အခုလို ဖြေရှင်းနိုင်တာပါ။ တစ်နည်းအားဖြင့် စာသိ၊ ပညာသိလို့

ပြောလို့ ရပါတယ်။ ဆီးသီးကို ပူချင်ရင် သဲထဲကို ချရတာ၊ အေးချင်ရင် မြက်ပင်ပေါ်ကို

ချပေးရတာတွေဟာ အရင်ကြုံတွေ့ခဲ့တဲ့ ဘဝသင်ခန်းစာတွေထဲက မဟုတ်ပါဘူး။

အဲ့ဒီ့တော့ သူတို့တတွေဟာ ကျွန်တော် ဥပမာပေးခဲ့တဲ့ မီးအပူဒဏ်ကို ကိုယ်တိုင်ခံစားခဲ့ဖူးတဲ့

လူကြီးတစ်ယောက်လိုတော့ ကိုယ်တိုင်သိ မဟုတ်တဲ့အတွက် သူနဲ့ထပ်တူ

ALWAYS, EVER, NEVER ဆိုပြီး သုံးစရာ အကြောင်းမရှိဘူးလို့ ယူဆမိပါတယ်။





ပုံစံတစ်မျိုးပြောင်းပြီးတွေးခြင်း

-------------------------------



English Grammar အရ

Ever  =  At any time

Never= At no time ဆိုပြီး သတ်မှတ်ကြပါတယ်။



Never= ဘယ်တုန်းကမျှ ၊ ဘယ်တော့မှ။

Never= ဘယ်တုန်းကမျှ (I have NEVER been to Paris)

Never= ဘယ်တော့မှ (I will never break your heart)



Ever ကျတော့ အမေးနဲ့ အငြင်းဝါကျတွေမှာ သုံးလေ့ရှိပါတယ်။

Have you ever been to Paris?

Don't ever play 'Someone Like you' again.





ဥပမာ (၁)

ကျွန်တော် ဘယ်တုန်းကမျှ ပဲရစ်(စ်) မြို့ကို မရောက်ခဲ့ဖူးဘူး။

I have NEVER been to Paris.

ဒီဝါကျအရ ပဲရစ်(စ်) မြို့ ကိုတောင် မရောက်ခဲ့ဖူးတဲ့ လူတစ်ယောက်ဟာ

ဘယ်လိုလုပ်ပြီး Negative Sense ရှိနိုင်တာလဲ?



ဥပမာ (၂)

ခင်ဗျား ပဲရစ်(စ်) မြို့ ကို ရောက်ဖူးသလား ?

Have you EVER been to Paris?

ဒီဝါကျအရဆိုရင် ခင်ဗျား ပဲရစ်စ်မြို့ ကို တစ်ခါလောက်တောင် မရောက်ခဲ့ဖူးဘူးလား လို့

မေးတာပါ။ တစ်ဘက်လူရဲ့ အတွေ့အကြုံကို သိချင်လို့ မေးတဲ့သဘောပါ။



ဥပမာ (၃)

"Someone Like you"သီချင်းကို နောက်တစ်ကြိမ် ဘယ်တော့မှ မဖွင့်ပါနဲ့။

Don't ever play 'Someone Like you' again.

ဒီဝါကျအရတော့ နောင်ကို ဘယ်တော့မှ မလုပ်စေချင်တဲ့ သဘောက ဒီသီချင်းကို

သူကိုယ်တိုင် နားထောင်ပြီးသွားလို့ ထပ်ပြီး မဖွင့်စေချင်တာမျိုးပါ။



ပြီးတော့ စိတ်ပညာအရ ရှိပါသေးတယ်။

Don’t (မ) ဆိုပြီး သုံးစွဲလိုက်ခြင်းဟာ အဲ့ဒီ့ မလုပ်စေချင်တဲ့ ကိစ္စကို လုပ်ဖြစ်အောင်

တွန်းပို့တတ်ပါသေးတယ်။ ဥပမာ…



- စာမေးပွဲ (မ) ကျစေနဲ့။



အထူးသဖြင့် ကလေးသူငယ်တွေကို Negative Command အပျက်သဘောဆောင်တဲ့

အမိန့်ပေး ဝါကျမျိုးနဲ့ ခိုင်းတဲ့အခါ မသိစိတ်ထဲမှာ အပျက်သဘောမျိုးကို ဖြစ်အောင်လုပ်တတ်တဲ့

သဘောရှိပါတယ်။



နိဂုံး

----



"စိတ်ပညာအရ Always,ever,never သုံးပြီးပြောတတ်သူတွေမှာ

negative senses ရှိတယ်" ဆိုတဲ့ စာကြောင်းလေးကို အခြေခံပြီး ကျွန်တော်

ထပ်ဆင့်တွေးမိတာလေးတွေပါ။ မူရင်း စိတ်ပညာအရ ဒီအဆိုကို ချပြသူကိုတော့

ကျွန်တော်မသိပါဘူး။ ကျွန်တော် ရိုးရှင်းစွာ တွေးမိတာလေးတွေတာကတော့



(၁)

Always,ever,never သုံးတဲ့သူတွေမှာ Negative sense ရှိတယ်ဆိုတဲ့ အယူအဆကို

ရာနှုန်းပြည့် လက်မခံနိုင်ကြောင်း။



(၂)

Negative sense ရှိခဲ့ရင်တောင် အတိတ်မှာ ရခဲ့တဲ့ အတွေ့အကြုံကြောင့်

အနာဂတ်မှာ တစ်ဘက်သားကို ကူညီပေးနိုင်တဲ့ အပြုသဘောဆောင်နိုင်တဲ့

လက်နက်တစ်ခုလို ဖြစ်ကြောင်း။



(၃)

လူဟာ သူနေထိုင်ကျင်လည်ရာ ပတ်ဝန်းကျင်အနေအထားအရ တန်ပြန်တုံ့ပြန်တတ်ကြတယ်။

ဆိုးရွားတဲ့ ဘဝအနေ အထားမျိုးမှာ ရှင်သန်လာသူ အများစုက သူတို့ ကြုံခဲ့ကြသလို

ပတ်ဝန်းကျင်ကိုလည်း တန်ပြန်တုံ့ပြန်တတ်ကြတယ်။

ဥပမာ---

မိသားစုနဲ့ ကွဲကွာပြီး ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ သူကြီးပြင်းလာတဲ့အခါ

မိသားစု သိုက်သိုက်မြိုက်မြိုက်နဲ့ နေရတဲ့ သူငယ်ချင်းမိတ်ဆွေအပေါ် အကြီးအကျယ်

မနာလိုဝန်တိုတတ်ပြီး ပူလောင်မှုကို ခံစားရတတ်ပါတယ်။

ဒါပေမယ့် အဲ့ဒါဟာ အဲ့ဒီ့ကလေးငယ်ရဲ့  ရွေးချယ်မှုကြောင့် ဖြစ်လာရတာပါ။

တနည်းအားဖြင့် ( How to pick up things ) လို့ ဆိုရပါလိမ့်မယ်။

အဲ့လိုဆိုရင် အဖေတစ်ယောက်တည်းရဲ့ လက်ပေါ်မှာ ကြီးပြင်းလာတဲ့ ကလေးငယ်တစ်ယောက်

အတွက်ဆိုရင်တော့ အဲ့ဒီ့ကလေးက အပျက်သဘောမျိုး တွေးပြီး ကြီးပြင်းလာတယ်ဆိုရင်

အဖေမှာ တာဝန်ရှိသလို အမေ့လက်ပေါ်မှာပဲ ကြီးပြင်းလာတာမျိုးဆိုရင်တော့

ကလေးအမေမှာ တာဝန်ရှိပါတယ်။ မိဘမဲ့ဆိုရင်တော့ အဲ့ဒီကလေးရဲ့  ဆွေမျိုးသားချင်း၊

မိတ်ဆွေ၊ လူ့အသိုင်းအဝိုင်းတစ်ခုလုံးမှာ အဲ့ဒီကလေးအတွက် တာဝန်ရှိပါတယ်။



နောက်ဆုံးပြောချင်တာကတော့



သစ်သီးတစ်လုံးရဲ့ 

ကောင်းတဲ့အပိုင်းကို ရွေးချယ်ပြီး ကျေနပ်ရောင့်ရဲ မလား?

အဲ့ဒီ့ သစ်သီးရဲ့

ပုပ်သွားတဲ့အပိုင်းအတွက် စိတ်မကောင်းဖြစ်ပြီး ကြေကွဲနေမလား?

ဆိုတဲ့ အခြေအနေ နှစ်ခုမှာ မှန်ကန်တဲ့ အခြေအနေတစ်ခုကို ရွေးချယ်တတ်ဖို့

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အချင်းချင်း လေ့လာသင်ယူပေးကြရလိမ့်မယ်လို့

ယူဆကြောင်းပါခင်ဗျာ။





စကားမစပ်ဗျာ။

Coffee အစား Ice Coffee သုံးတယ်ဆိုတာဟာ အစားထိုးကုန်စည် (Substitute) သာဖြစ်ပါတယ်။

တကယ်လို့ Ice ကို ရှာမရနိုင်တဲ့အခါ မူလဇစ်မြစ် Coffee ဆီကိုပဲ ပြန်ပြောင်းရပါလိမ့်မယ်။

အဲ့ဒီ့တော့ သောက်လက်စ၊ သောက်နေကျ Hot Coffee ကိုပဲ နှစ်ခြိုက်စွာ သောက်တတ်အောင်

လေ့ကျင့်ပျိုးထောင်ယူတဲ့အခါ အစားထိုးစရာ မလိုတော့ဘဲ ကော်ဖီပူပူလေးရဲ့ အရသာကို

စွဲမက်လာနိုင်ပါကြောင်းပါ ခင်ဗျာ။



--------------

အိမ်ဝေးသူ(KZ)

--------------



ဝန်ခံချက်။

(၁) ကျွန်တော် စိတ်ပညာအကြောင်း ထဲထဲဝင်ဝင် မသိပါ။

(၂) ပညာရှင်အဆင့်ဖြင့် ဆွေးနွေးခြင်း မဟုတ်ပါ။

(၃) ခင်မင်ရင်းနှီးသော မိတ်ဆွေများဖြစ်သည့်အတွက် အမြင်ဖလှယ်ခြင်းသာ ဖြစ်ပါသည်။

(၄) အမှား၊ မတူသော အမြင်များရှိပါက ဖြည့်စွက်ပေးစေချင်ပါသည်။

(၅) မတူသော အမြင်များကို ပေါင်းစပ်ခြင်းဖြင့် ဧရာမ အောင်မြင်မှု တစ်ခုလည်း ရနိုင်ပါသည်။


နေရာ၊ တန်ဖိုး၊ အဆင့်အတန်း


မိမိ (နေရာ )ကို
တိတိကျကျ သိသောသူသည်
မိမိကိုယ်ကို
(တန်ဖိုး) ထားတတ်သူ၏
အသိအမှတ်ပြုခြင်းကို ခံရပေလိမ့်မည်။

ဧကန်မုချ
ထိုသူ နှစ်ဦးစလုံးသည်
လူ့ (အဆင့်အတန်း) ပြည့်မှီသူများ ဖြစ်ကြကုန်၏။

--------------------
အိမ်ဝေးသူ(KZ)


Friday, 21 November 2014

ခုခံလိုစိတ်က ပိုပါသည်


လိုအပ်လာ၍
(ဓါး) နှင့် (ဒိုင်း) မှ
ကြိုက်ရာတစ်ခု
ရွေးချယ်ကြစတမ်းဆိုလျှင်

(ဒိုင်း) ကိုသာ
ရွေးချယ်ပါရစေ။

တိုက်ခိုက်လိုစိတ်ထက်
ခုခံလိုစိတ်က ပိုပါသည်။

--------------------
အိမ်ဝေးသူ(KZ)


ကြိုးစားရပေတော့မည်


ခုခံလိုစိတ်ဖြင့်
(ဒိုင်း) ကိုသာ ရွေးချယ်ခဲ့ဖူးပါသည်။

ငြိမ်းချမ်းလိုစိတ်ဖြင့်
မာန်တို့လည်း လျှော့ချခဲ့ဖူးပါသည်။

သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှု ရှိသည်ဟု
အချိန်နှင့် အခြေအနေက
ရှင်းလင်းစွာ မီးမောင်းထိုးပြနေပါသည်။

နယူတန်နှင့်ကျွန်တော်
တစ်သားတည်းဖြစ်သွားသည့်အခိုက်

ကျွန်တော့်လက်က (ဒိုင်း) ကိုလွှတ်၍
(ဓါး) ကိုသာ ဆွဲကိုင်မိချေပြီ။

ကျွန်တော့်အလွန်ဟု မည်သူဆိုအံ့နည်း။

--------------------
အိမ်ဝေးသူ(KZ)


ကွက်လပ်ဖြည့်ပါ



ငယ်ငယ်တုန်းက
ကျောင်းဖတ်စာအုပ်ကို ကြေညက်ခဲ့လို့
ကွက်လပ်ဖြည့်ပါ ဆိုတဲ့ စာမေးပွဲတွေ
အခက်အခဲမရှိဘဲ
ကျွန်တော်…ဖြေနိုင်ခဲ့ဖူးတယ်။

ဒီနေ့
ဘဝဖတ်စာအုပ်ကို
ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ပေမယ့်
လစ်လပ်သွားတဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဖို့
အကြိမ်ကြိမ် ကြိုးစားခဲ့လည်း
ကျွန်တော်…ရှုံးနိမ့်နေစဲ။

--------------------
အိမ်ဝေးသူ(KZ)


Wednesday, 19 November 2014

သတိ။။။ စိတ်ကို သန့်ရှင်းစွာထားပြီးမှ နောက်ပြောင်ကျီစယ်ပါ


ဒီရက်ပိုင်း ခေတ်စားနေတဲ့ Status တွေ ရှယ်တဲ့ ဂိမ်းမ် လေးကို
Looping Status Sharing Game လေးလို့ ကျွန်တော် အမည်ပေးလိုက်ပါတယ်။
ကိုယ်တိုင်က Personal Life နဲ့ ပက်သက်တဲ့ ပျော်ရွှင်၊ ဝမ်းနည်းတာတွေကို အများနဲ့ မျှဝေခံစားတတ်တဲ့သူ မဟုတ်ပေမယ့် ကိုယ်နဲ့ ပက်သက်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ အခိုက်အတန့်လေးမဆို ပျော်ရွှင်ပါစေတော့ဆိုတဲ့ (ကိုယ်တိုင် အရင်ဆေးထိုးခံခဲ့ရပြီး
သကာလ) စိတ်ဆန္ဒလေးတစ်ခုနဲ့ ကိုယ်တိုင်လည်း အဲ့ဒီ့ဂိမ်းကစားပွဲလေးမှာ
တစ်စိတ်တပိုင်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။ (ကိုယ်တိုင်က အားလုံးကို ပျော်စေချင်သူကိုး)
တကယ်တော့လည်း စိတ်ကို သန့်သန့်ရှင်းရှင်း ထားနိုင်သူတွေအတွက် တကယ့်ကို
အတိုင်းအတာတစ်ခုအထိ ပျော်စရာကောင်းတဲ့ ကစားပွဲတစ်ခုဆိုလည်း မမှားပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ သန့်ရှင်းသော ကစားပွဲတစ်ခုအဖြစ်
အသုံးချ ကစားသူတွေ ဘယ်လောက်များသလဲဆိုတာတော့ အတိအကျ မပြောတတ်ပါဘူး။
တကယ်တမ်း သုံးသပ်ကြည့်တဲ့အခါ။
=======================
၁)
မသိတဲ့သူတွေက လိုက်ခ်လုပ်ပီးမှ ဆေးထိုးခံကြရလို့ ပျော်စရာကောင်းပေမယ့်
သိသိကြီးနဲ့ ကိုယ်တိုင်လည်း လိုက်ခ်လုပ်ပြီး အခြားလူပေါင်းများစွာရဲ့ 
စတေးတပ်စ်တွေမှာလည်း လိုက်ခ်လုပ်နေကြတော့ ဘယ်လိုနားလည်ရမှန်း
မသိအောင် ဖြစ်ရပါတယ်။ (ဘယ်လို ရည်ရွယ်ချက်မျိုးလဲ...?)
၂)
ဂိမ်းမ် စည်းမျဉ်းစည်းကမ်းအရ ကိုယ့်စတေးတပ်စ် ကို လိုက်ခ်၊ ကွန့်မန့်လာပေးတဲ့
မည်သူ့ကိုမဆို အချက် (၉) ချက်ပါတဲ့ Status တွေကို ချက်ဘောက်စ်ကနေ
သွားပေးမိတဲ့အခါ အခန့်မသင့်ရင် ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်မှုများနဲ့ ကြုံနိုင်ပါတယ်။
(အချက် ၉ချက်စလုံးကလည်း ကောင်းတာတစ်ခုမှ မပါဘူး)
၃)
အထူးသဖြင့် ဒီ Status ကို အကြောင်းပြုပြီး စကားမရှိ စကားရှာကာ
တစ်ဘက်သား မကြိုက်ဘဲ ရင်းနှီးအောင် အတင်း ဝင်လုံးတာမျိုးတွေ တွေ့ရနိုင်ပါတယ်။
၎)
အခန့်မသင့်ရင် ဖွန်ကြောင်ခြင်း ခံရနိုင်ပါတယ်။
အောင်သွယ်တော် စတေးတပ်စ်လေးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
(မိန်းကလေးများ အထူးသတိပြုပါ)
၅)
တကယ်ပျော်ချင်ရုံသက်သက် ကစားချင်သူထက်၊ အပျော်ဘက်ကနေ
အပျက်သဘောမျိုးကို ဦးတည်သွားကြတာတွေလည်း ဖြစ်နိုင်ပါသေးတယ်။
၆)
အထူးသတိပြုရမှာက ဒီ Status ကို ပြန်ရှယ်ရသူတွေဟာ ခင်မင်ရင်းနှီးမှုကို
အကြောင်းခံပြီး ပြန်ရှယ်တဲ့သူတွေ ရှိသလို တမင် ဝင်ရောပြီး ဇာတ်လမ်းစ
ချင်သူလို့ ရှယ်ကြသူတွေလည်း ရှိနိုင်တယ်ဆိုတာပါပဲ။
၇)
အပြုသဘောမျိုးနဲ့ ဆင်ခြင်သင့်တာတွေကို တင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။
ကိုယ်တိုင်က သာမန်မိတ်ဆွေ တိုးချင်လို့ ဖြစ်စေ၊ သန့်ရှင်းစွာ ပျော်မြူးချင်လို့
ဖြစ်စေ၊ ( ရှယ်တာ၊ ကွန့်မန့်ပေးတာ) တွေဟာ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။
အဲ့လို လူတွေအတွက် ကျွန်တော် တင်ပြသွားတဲ့ အချက်တွေ အကျုံးမဝင်ကြောင်း
အသိပေးပါတယ်။
၈)
အတွေ့အကြုံဆိုတာ ထိုက်တန်တဲ့ တန်ရာတန်ကြေး တစ်ခုခုကို ပေးရရိုးမှန်ရင်
ဒီနေ့တော့ ကျွန်တော် အတွေ့အကြုံတစ်ခုကို ဂိမ်းကစားပွဲလေးတစ်ခုကနေ ရခဲ့ပြီလို့
ဂုဏ်ယူစွာနဲ့ သတ်မှတ်နိုင်ပါတယ်။ (တန်ဖိုးကြီးကြီးတော့ မပေးလိုက်ရပါ)
မှတ်ချက်။
သန့်ရှင်းသော စိတ်ကို အခြေပြုပါက သန့်ရှင်းသော အရာတို့
ဖြစ်ထွန်းသော်လည်း ညစ်ထေးသော စိတ်ကို အခြေခံမည်ဆိုပါက သန့်ရှင်းသော အရာသည်ပင်လျှင် ညစ်ပေရပေလိမ့်မည်။ ထို့ကြောင့် သန့်ရှင်းစွာ ကစားတတ်ပါက
ဤဂိမ်းမ် သည် ပျော်စရာကောင်းသော ဂိမ်းမ် တစ်ခုဖြစ်ပြီး စိတ်ညစ်ထေးသူတို့အတွက်မူ
ဤဂိမ်းမ်သည် အပျက်သဘောကို ဦးတည်သော အခွင့်အရေးပင်တစ်ခု ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။
-------------------
အိမ်ဝေးသူ(KZ)
-------------------
{{{ မည်သူ ဖန်တီးထားမှန်းမသိသော မူရင်းStatusကိုလည်း အများသိအောင် ဖော်ပြပေးလိုက်ပါတယ်။ }}}
-----------------------------------------------------------------------------------------
မိဘီ လာခဲ့ ဟီး Status တင်ထားတာကို like or cmt ပေးမိတဲ့အတွက် ကျေးဇူးပြုပြီး ဒီစည်းကမ်းလေးလိုက်နာပေးပါ. 1 to 9 ကိုးခုထဲက တခုကို wall ပေါ်မှာ status ပြန်တင်ပေးရမှာ ဖြစ်ပါတယ်
________________________
၁ bus ပေါ်မှာ အီးပေါက်ပြီးထဲက အမြဲ နေရာရလာတယ်
၂ cuttie boy/girl လေးတေ လိုက်ငမ်း ရင်း မြောင်းထဲပြုတ်ကြဘူးတယ်
၃ ဗေလုဝကိုချစ်မိတာ အပြစ်လားလို့
၎ စကားမစပ် ၆တန်းတုန်းက ဖင်မှာငုတ် စူးဖူးတယ်
၅ ကျနော့်ရည်မှန်းချက်က OG ဖြစ်ဖို့ဗျ OG ဆိုတော့သိတယ်မလား အဟက် အဟက်
၆ ကျနော်ပါ/ကျမပါ အနော် ထမီသူခိုးပါ အဆင်လေးလှလို့ခိုးမိတာပါ
၇ ကားပေါ်မှာ ကောင်မလေးတွေပေါ် ခဏခဏ အသားယူဘူးတယ်
၈ သင်တန်းမှာ သန်းရင်းနဲ့ အီးခဏခဏထွက်ဘူးတယ်
၉ အောင်မြင်ပြီးနောက်ပိုင်း အတွင်းခံမ၀တ် ဖြစ်တော့ဘူး
_______________________
Fri ရဲ့status ကို like or cmt ပေးတဲ့သူကိုလည်း ဒီစာလေး ဖြန့်ဝေပေးပြီး friendship များမျရယူလို့ရပါတယ်....ပျော်ရွှင်ပါစေ စည်းကမ်းအရပါ ၉ချက်ထဲက တချက်ကို status တင်လိုက်ပါ ခုလုပ်ရမယ်နော်။
မလုပ်ရင်ချီးကားတိုက်သေပါစေ မြွေကိုက်ပါစေ ကျောင်းသားဆိုစာမေးပွဲတဖုန်းဖုန်းကျပါစေ အလုပ်လုပ်တဲ့သူဆိုအလုပ်ထွက်ရပါစေ ဟဲဟဲချုပ်လိုက်ပီ status တင်ရင် send တဲ့လူကို Tag ပီးတင်နော် အပျော်ပေါ့ status လေးမြင်ချင်တယ်နော်
တားက VIP တွေဖဲ ဆေးထိုးတာနော်
---------------------------------------------------------------------------------------------

Monday, 17 November 2014

“Log Out“ ခလုတ်တစ်ခုရဲ့  နိဂုံး


{ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က
ကျွန်တော့်မျက်လုံးတွေကို အနိုင်မတိုက်နိုင်ဘူး။
အဆိပ်တက်နေတဲ့ “စိတ်” တစ်ခုကတော့
ကျွန်တော့် တစ်ညတာကို ဆွဲဆန့်နိုင်စွမ်းတယ် }

အိမ်ဝေးသူ(KZ)

(၁)
ကျွန်တော့်နှလုံးသားတစ်နေရာမှာ သူမကို မြှုပ်နှံထားခဲ့သည်မှာ ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်သည်။ သူမကို မေ့မေ့ပျောက်ပျောက်ဆိုတာမျိုးမဟုတ်သလို အမြဲတမ်းတနေခြင်းမျိုးလည်း ကျွန်တော် မလုပ်ခဲ့။ သို့သော် ယနေ့တော့ မျော်လင့်မထားဘဲ သူမ၏ Wall ထဲသို့ ကျွန်တော် ရောက်သွားသည်။ ကျွန်တော့် သူငယ်ချင်းစာရင်းထဲတွင် သူမအမည် မရှိပါ။ တကယ်တော့လည်း သူမနှင့် ကျွန်တော် ဝေးကွာခဲ့သည်မှာ အတော်လေးကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။

(၂)
ဤသို့ဖြင့် သူမ၏အငွေ့အသက်တို့ လွှမ်းခြုံထားသည့် (---------) အကောင့်ထဲသို့
ကျွန်တော့် နှလုံးသားအစုံကို ခြေစုံပစ်ဝင်လိုက်သည်။ ရေငတ်နေသည့် ခရီးသည်
တစ်ယောက်၏ ရေအိုးစင်တွေ့သည့် ခြေလှမ်းမျိုးဖြင့် ကျွန်တော် သူမ၏ Timeline တလျှောက် အငမ်းမရ ကြည့်ရှုခံစားမိသည်။ ကျွန်တော့်ရင်ဘတ်တွေ လှိုက်ခနဲ
ဖြစ်သွားတတ်သည်ကို ကျွန်တော်သတိပြုမိသည်။

(၃)
သူမ၏ နာမတော်လေးကို မြင်ခွင့်ရနေခြင်းသည်ပင်လျှင် ကျွန်တော့်အတွက်
ကျေနပ်စရာ ကောင်းနေပြီ ဖြစ်သည်။ သူမ၏ လက်ချောင်းကလေးများဖြင့်
ရိုက်ထားသော စတေးတပ်စ်အချို့ ကို မြင်ရခြင်းသည်ပင် ရေတစ်ခွက်
သောက်ရသကဲ့သို့ အေးမြစေသည်။ ကျွန်တော်နှင့် ပြတ်စဲရသည့်အတွက်
နောင်တမရကြောင်း သွယ်ဝိုက်စွာဖော်ကျူးထားသည့် သီချင်းတစ်ပုဒ်ကိုလည်း
သူမ ခင်းကျင်းပြသထား သည်။ ပထမချစ်သူ မရှိတော့လျှင် ဒုတိယချစ်သူက
ကောင်းခြင်းများစွာဖြင့် သူမဘဝထဲသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း
အသိပေးထားသည်။ သူမ၏ ဝေါလ်ထဲသို့ ကျွန်တော် လမ်းမှားပြီး ရောက်လာ
လိမ့်မည်ဟု လုံးဝမျှော်လင့်ထားဟန်မတူ။ လက်ဖမိုး၊ လက်ဖဝါး အယူအဆကဲ့သို့ သူမဘက်က အမှန်တရားဟု ယူဆ၍ ကောင်းရာကောင်းကြောင်း ခရီးဆက်နေပြီ
ဆိုလျှင်ပင် ကျွန်တော်က ကျေနပ်နေပြီဖြစ်သည်။

(၄)
သူမ ခင်းကျင်းထားသော ပြခန်းထဲမှာ စိတ်လိုလက်ရ လှည့်ပတ်ကြည့်ရှူ့ နေသော ကျွန်တော့်ခြေလှမ်းတို့ တုံ့ခနဲ ရပ်သွားသည်။ ကျွန်တော့် မျက်လုံးအစုံတို့
ပြူးကျယ်သွားစေသည့် အခင်အကျင်းတစ်ခုက ကျွန်တော့်ကို ကြိုဆိုနေသည်။
“(----------) is in a relationship” တဲ့။
ထို ပက်သက်မှု ပြ ဝါကျတစ်ကြောင်းကို အကြိမ်ပေါင်းများစွာ ကျွန်တော်ဖတ်မိသည်။
သူမထားရစ်ခဲ့သည့် အငွေ့အသက်တစ်ချို့ ကို ပွေ့ပိုက်ပြီး အတိတ်ကာလတစ်ခုကို
အလည်အပတ်သွားချင်မိသောကျွန်တော့် ဆန္ဒအပိုင်းအစတို့ ကြွေလွင့်ခဲ့ရပြီ။
“အိုး..သူမက သိပ်ကိုပါးနပ်သည့် မိန်းကလေးတစ်ယောက်ပဲ၊ သူမ ရွေးချယ်တာ မမှားလောက်ပါဘူး” ဟု ကျွန်တော့်ဦးနှောက်က ကျွန်တော့်နှလုံးသားကို
ဖြေသိမ့်ရှာသည်။ တကယ်တော့ ထိုနှလုံးသားနှင့် ဦးနှောက်ဆိုသော အရာနှစ်ခုက ကျွန်တော်ဖြတ်သန်းရာ ဘဝတစ်လျှောက် အမြဲဆန့်ကျင်ဘက်အမြင် များဖြင့်
ငြင်းခုံတိုက်ခိုက်နေခဲ့သည်ချည်း ဖြစ်သည်။ ဒီနေ့တော့ သူတို့တတွေ
လေသံတစ်မျိုးတည်းဖြင့် အဖြေတိတိကျကျ ထုတ်ပေးလိုက်ပြီဖြစ်သည်။

(၅)
ကွန်ပျူ တာရှေ့တွင် ထိုင်နေသော ကျွန်တော့်နှလုံးသားက “Good Bye” သီချင်းကို အစပျိုးနေပြီဖြစ်သည်။ မာရီယာနာချောက်၏ နက်ရှိုင်းမှုမျိုး၊ အိန်ဂျယ်လ် ရေတံခွန်၏ တရစပ်စီးဆင်းမှုမျိုးဖြင့် တည်ဆောက်ခဲ့သော ကျွန်တော့်ခံစားမှုတို့ ပျက်သုဉ်းတော့မည်။ လွန်ဆွဲခြင်းများစွာ ရှိသည့်အနက် ခံစားမှုကို လွန်ဆွဲယူရခြင်းက ခက်ခဲလွန်းသည်ကို ကိုယ်တိုင်ကြုံမှ ကျွန်တော်ယုံမိပြီဖြစ်သည်။ ပိုင်ရှင်ရောက်လာပြီဖြစ်သော
သိုးကျောင်းသားတစ်ယောက်က သူ့သိုးအုပ်ကို တမ်းတမ်းတတ လှည့်ကြည့်သလို
သူမ၏ ခင်းကျင်းပြသမှုများကို ကျွန်တော် မှတ်မှတ်ရရ ကြည့်ပြီးသည့်အဆုံး ကျွန်တော့် ညာလက်၏ အကူအညီဖြင့် “Log Out” ဆိုသော ခလုတ်ကလေးကို နှိပ်ပစ်လိုက်သည်။ တကယ်တော့လည်း ထိုခလုတ်နှင့်တွဲလျက် ရှိသော ကျွန်တော့်နှလုံးသားထဲက “Log Out” ခလုတ်ကိုပါ ပိုင်နိုင်စွာ နှိပ်လိုက်နိုင်ခဲ့ခြင်းကိုမူ သူမသိဖို့ လိုလိမ့်မည်မဟုတ်ပါ။

(၆)
ကျွန်တော့်နှလုံးသားအတွင်းရှိ “Log Out” ခလုတ်ကလေးကို နှိပ်ရန်
(၇)နှစ်တာမျှ တုံ့ဆိုင်းနေခဲ့သော်လည်း “(----------) is in a relationship”
ဆိုသော စကားစုလေး၏ ကျေးဇူးတော်ဖြင့် အတားအဆီးမရှိဘဲ
တစ်ညတာအတွင်း တခမ်းတနား အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်
မည်သို့ပင်ဆိုစေကာမူ
“သူမဘဝ သာယာဖြောင့်ဖြူးပါစေ” ဟူသော ကျွန်တော့်ဆုတောင်းကိုမူ
သူမ၏ ဘဝတစ်လျှောက် နေ့စဉ်ရက်ဆက် ပိုင်ဆိုင်နေဦးမည်ဖြစ်သည်။

-------------------
အိမ်ဝေးသူ(KZ)


Sunday, 16 November 2014

ဝင်စို့၊ ထွက်စို့


နှလုံးသားဆိုတာ ရုပ်ရှင်ရုံမဟုတ်ဘူး။
ပြကွက်ဆန်းတွေ အမြဲတမ်းကြည့်နေရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။

နှလုံးသားဆိုတာ အများသုံး အိမ်သာမဟုတ်ဘူး။
ဝင်ထွက်အဆင်ပြေတိုင်း ကိစ္စပြီးလိမ့်မယ်လို့ တောင့်တမနေပါနဲ့။

လူတစ်ချို့ က
"ငါ...ဒီလူတွေနဲ့ ခင်တယ်"
"ငါ...နာမည်ကြီး ဘယ်နှစ်ယောက်နဲ့ သိတယ်" ဆိုပြီး ဂုဏ်ယူချင်ကြတယ်။

တစ်ချို့ လူတွေကတော့
မသေချာမရေရာတဲ့ လူတစ်ယောက်ကို
အကြောင်းပြချက်သေးသေးလေးတစ်ခုခုကြောင့်
မိမိရဲ့ ရိုးရှင်းအေးချမ်းတဲ့ဘဝထဲကို အလွယ်တကူအဝင်ခံလိုက်ကြတယ်။

ကိုယ့်ဇာတ်ကိုယ်မနိုင်တဲ့အခ
ကိုယ့်နှလုံးသားက ရုပ်ရှင်ရုံတစ်ရုံလို အသုံးတော်ခံရသလို
အမှိုက်ပေါင်းစုံဖွသွားတာမျိုးကိုလည်း ကြုံရတတ်တယ်။
အဆုံးသတ်တစ်နေ့ကျရင် အမှိုက်ပေါင်းစုံကို ရှင်းလင်းရင်း
စိမ်မချမ်းမသာနဲ့ ကျန်ရစ်ခဲ့ရမှာ မိမိကိုယ်တိုင်ပဲ။
အခန့်မသင့်ရင်တော့
အိမ်သာလို အနံ့အသက်ဆိုးတွေနဲ့ ညစ်ပေစုတ်ထေးပြီး ကျန်ရစ်ခဲ့ရတတ်တယ်။

မှတ်ချက်။
ဘယ်လိုလူမျိုးကို ဝင်ခွင့်ပေးမလဲ?
ဘယ်လိုလူမျိုးကို အမှိုက်မဖွခင် အမြန်ဆုံးထွက်သွားဖို့တွန်းအားပေးမလဲ?
ဆိုတာတွေကိုတော့ မိမိဘာသာ ရွေးချယ်ရပါလိမ့်မယ်။
အဝင်အထွက် ကြပ်မတ်နိုင်လေ မိမိအတွက် အကျိုးရှိလေပဲ။

--------------------
အိမ်ဝေးသူ(KZ)


Saturday, 15 November 2014

ကျွန်တော့်အတွက် သွန်းဖြိုးခဲ့သော မေမေ့မျက်ရည်များ


မေမေနှင့် မျက်ရည်။
မေမေနှင့် မျက်ရည်ကိုတွဲ၍ အကြိမ်ပေါင်းများစွာ ကျွန်တော် မြင်ခဲ့ဖူး၏။

မေမေ့မျက်ရည် (၁)
============

ကျွန်တော့်မျက်နှာကို ပထမဆုံးအကြိမ်မြင်ခဲ့ရစဉ်က ကျခဲ့သော မေမေ့မျက်ရည်။
ကျွန်တော် ကျောင်းမှာ ဆုရစဉ်က ကျခဲ့သော မေမေ့မျက်ရည်။
ကျွန်တော် ၁၀ တန်းအောင်ခဲ့စဉ်က ကျခဲ့သော မေမေ့မျက်ရည်။
ကျွန်တော် သိပ်ချစ်ရသော ချစ်သူရပြီဟုသိခဲ့စဉ်က ကျခဲ့သော မေမေ့မျက်ရည်။
ကျွန်တော် သေကံမပျောက်ဘဲ အိမ်ပြန်ရောက်ခဲ့စဉ်က ကျခဲ့သော မေမေ့မျက်ရည်။
ဤမျက်ရည်အမျိုးအစားကို
မိခင်တစ်ဦး၏ (ပျော်ရွှင်ကြည်နူးခြင်းမျက်ရည်) ဟု အမည်ပေးလိုပါသည်။

မေမေ့မျက်ရည် (၂)
============

ကျွန်တော် (၅) နှစ်သားအရွယ်၌ ကျန်းမာရေးကြောင့် ဆေးရုံတင်ခဲ့စဉ်က
ကျွန်တော့် ကိုယ်လုံးသေးသေးကွေးကွေးလေးကိုဖက်ပြီး ကျခဲ့သော မေမေ့မျက်ရည်။

ဘာသာရေးစာသင်ကျောင်းမှာ အရိုက်ကြမ်းသော ဆရာတစ်ယောက်၏
ဆုံးမခြင်း အနည်းငယ်လက်လွန်သွားစဉ်က ကျွန်တော့် ခြေသလုံးပေါ်က
ကြိမ်လုံးအရာတွေကို ဆေးလူးပေးရင်း ကျခဲ့သော မေမေ့မျက်ရည်။
(သားရဲ့ အခုအရိုက်ခံရတဲ့ နေရာတွေမှာ ငရဲမီးမလောင်ဘူး၊ ဆရာ့ကို စိတ်မဆိုးရဘူး ဟု
မေမေ ဆုံးမခဲ့ဖူးသည်)

သိပ်ချစ်ခဲ့ရသော ချစ်သူနှင့်လမ်းခွဲစဉ်အခါက အသည်းကွဲဝေဒနာသည်
ကျွန်တော့်နှလုံးသား နာကျင်မှုအတွက် ကျွန်တော်နှင့်အတူကျခဲ့သော မေမေ့မျက်ရည်။

ကျွန်တော် နိုင်ငံခြားခရီးစဉ်ထွက်မည့်ညမှာ ကျွန်တော့်ကျောကို ဖွဖွလေးသပ်ပေးရင်း၊
အားပေးစကားများ တရစပ်ပြောပြီး ကျခဲ့သော မေမေ့မျက်ရည်။
ကျန်းမာရေးအခြေအနေကြောင့် လေယဉ်ကွင်း လိုက်မပို့နိုင်သော
မေမေက ဝရံတာကနေကြည့်ပြီး ကျခဲ့သော မေမေ့မျက်ရည်။

ကျွန်တော် အဆင်မပြေတိုင်း၊ ကျွန်တော် ကျရှုံးတိုင်း၊ ကျွန်တော် မကျန်းမမာ ဖြစ်တိုင်း
ကျွန်တော့်အတွက် ကျခဲ့သော မေမေ့မျက်ရည်။

ဤမျက်ရည်များကိုတော့
မိခင်တစ်ဦး၏ (ဝမ်းနည်းကြေကွဲခြင်းမျက်ရည်) ဟု အမည်ပေးရမည်ဖြစ်သည်။

မေမေ့မျက်ရည် (၃)
============

ကျောင်းသားဘဝမှာ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်၍ ရုံးခန်းသို့လိုက်လာရန် ကျောင်းမှ
တိုင်ကြားစာ ရစဉ်တုန်းက ကျွန်တော်နှင့်မျက်နှာချင်းဆိုင်ထိုင်ပြီး ငိုခဲ့ဖူးသည်။

မေမေ မသိအောင် မေမေ့ပိုက်ဆံအိတ်ထဲမှ မုန့်ဝယ်စားရန် ကျွန်တော် ပိုက်ဆံ (၅) ကျပ်
ခိုးခဲ့ဖူးသည်။ မေမေက ကျွန်တော့်လက်ကို မှတ်လောက်သားလောက်အောင် ဆုံးမပြီး
ဆေးလိမ်းပေးသည်။ ပြီးတော့ ကျွန်တော့်ကြောင့် သူမ ငိုခဲ့သည်။ ( မှတ်မှတ်ရရ-သူခိုးလေး
ဖြစ်ချင်တာလား ဟု မေးခဲ့သည်။ မေမေ့ကျေးဇူးကြောင့် ထိုနေ့မှစ၍ ကျွန်တော် သူတစ်ပါး၏ အပ်တိုတစ်ချောင်းမျှပင် ခွင့်ပြုချက်မရဘဲ မကိုင်ခဲ့)

ရိုးရိုးသားသား ဝန်ခံရလျှင် တတိယမျက်ရည်အမျိုးအစားမျိုးကို ကျွန်တော့်ဘဝမှာ
သိပ်မကြုံခဲ့ရ။ ဤမျက်ရည်အမျိုးအစားကိုတော့ (ရှက်ကြောက်စိုးရိမ်ခြင်းမျက်ရည်) ဟု
ခေါ်တွင်ရပေမည်။

ကျွန်တော့်အကြောင်းကို ဥပမာအဖြစ် မြင်သာအောင် တင်ပြထားခြင်းသာ ဖြစ်သည်။ စာဖတ်သူတို့ထံတွင်လည်း မရိုးနိုင်သော၊ မမေ့နိုင်သော မေမေ့မျက်ရည်များစွာ ရှိမည်ဟု ယုံကြည်ပါသည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သို့ဆိုလျှင် ကျွန်တော်တို့ကြောင့် ကျွန်တော်တို့၏ မိခင်များသည် အကြိမ်ပေါင်းများစွာ မျက်ရည်ကျခဲ့ကြပါသည်။

ကျွန်တော်တို့အတွက်
ဝမ်းသာလွန်း၍ ကျသော...ပျော်ရွှင်ကြည်နူးခြင်းမျက်ရည်။
ကျွန်တော်တို့အတွက်
ဝမ်းနည်းလွန်း၍ ကျသော...ဝမ်းနည်းကြေကွဲခြင်းမျက်ရည်။
ကျွန်တော်တို့ကြောင့်
အရှက်ရလွန်း၍ ကျသော...ရှက်ကြောက်စိုးရိမ်ခြင်းမျက်ရည်။

နောင်တွင်လည်း ကျွန်တော်တို့ကြောင့် ကျွန်တော်တို့၏မိခင်များ
အကြိမ်ပေါင်းများစွာ မျက်ရည်ကျပါလိမ့်မည်။
ရှက်ကြောက်စိုးရိမ်ခြင်းမျက်ရည်များ လျော့နည်းသထက် လျော့နည်းအောင်
ကျွန်တော်တို့ ကြိုးပမ်းရပါလိမ့်မည်။
ကံကြမ္မာအလှည့်အပြောင်းအရ ကြေကွဲဝမ်းနည်းခြင်း မျက်ရည်တိုင်းကိုလည်း
ကျွန်တော်တို့ ရပ်တန့်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်။
ပျော်ရွှင်ကြည်နူးခြင်းမျက်ရည်အတွက်မူ
အထွေအထူး ပြောစရာမလိုတော့ပြီဟု ကျွန်တော်ယူဆပါသည်။

--------------------
အိမ်ဝေးသူ(KZ)


Thursday, 13 November 2014

လမ်းခွဲတေး


ခွဲခွာခြင်းအခမ်းအနား
အလင်္ကာမြောက်ဖို့
ငါတို့မျက်ဝန်းတွေကို
အားသွန်ခွန်စိုက်
စိုစွတ်ပြစရာ လိုပါသလား။

ကောင်မလေးရေ...
တကယ်တော့
မျက်ရည်သုတ်ပဝါတစ်စရဲ့ 
ဖေးမကူညီမှု မပါလည်း
ငါ့မျက်ဝန်းတွေထဲက
လမ်းခွဲဂီတစစ်စစ်ကို
မင်း....ခံစားနားဆင်နိုင်မှာပါကွယ်။
--------------------
အိမ်ဝေးသူ(KZ)

ပြိုင်ဘက်



ပြိုင်ဘက်လို့ ပြောရင်
ကျွန်တော်တို့အများစု အနည်းဆုံးတော့ ပခုံးတွန့်သွားတတ်ကြတယ်။

ကျွန်တော်တို့က
ပြိုင်ဘက်ကို ရန်သူတစ်ယောက်လို သတ်မှတ်ထားကြတာကိုး။

၁)
ဂုဏ်သိက္ခာရှိပြီး မိမိကိုယ်တိုင်က လေးစားရတဲ့ ပြိုင်ဘက်ကောင်း
၂)
အနိုင်ယူဖို့တစ်ခုတည်းသာ အာရုံစိုက်တတ်တဲ့ ပြိုင်ဘက်ဆိုး

ဆိုပြီး ပြိုင်ဘက်နှစ်မျိုးရှိပါတယ်။ ပြိုင်ဘက်ဆိုး၊ ပြိုင်ဘက်ကောင်းတို့ရဲ့ 
ခြားနားချက်ကို ကျွန်တော်တို့ သတိထားပြီး စောင့်ကြည့်ရပါလိမ့်မယ်။

ပြိုင်ဘက်ဆိုးအတွက်တော့ ခင်ဗျား အဆင်ပြေသလို ဆုံးဖြတ်နိုင်တယ်။
ဒါပေမယ့်
ပြိုင်ဘက်ကောင်းအတွက်တော့...
သူ....(ပျက်စီးရာ ပျက်စီးကြောင်း) အတွက် ခင်ဗျား မကျိန်ဆိုပါနဲ့။
ဖြစ်နိုင်မယ်ဆိုရင်...
သူ....(အသက်ရှည်ရာ အနာမဲ့ကြောင်း) အတွက် ဆုတောင်းပေးပါ။

သူက ခင်ဗျားကို မေတ္တာပို့သနေချိန်မှာ
ခင်ဗျားက သူ့အတွက် ကျိန်စာတိုက်နေတာမျိုးလည်း ဖြစ်နိုင်တယ်။
သူ့ ဆုတောင်းမေတ္တာကြောင့်
ခင်ဗျား သက်ဆိုးရှည်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ခင်ဗျား ဒီနေ့ ရောက်ရှိနေတဲ့ အနေအထားတစ်ခု
ခင်ဗျား ပိုင်ဆိုင်နေရတဲ့ အောင်မြင်မှု ထဲက တစ်စိတ်တပိုင်းဟာ
သူနဲ့လည်း ပက်သက်နေတယ်ဆိုတာကို မမေ့ပါနဲ့။
သူ့ရဲ့ တွန်းအားပေးမှုတွေကြောင့်သ
ခင်ဗျားအစဉ်မပြတ် ဖျတ်လတ်တက်ကြွနေနိုင်တာပါ။

ကျွန်တော့်အတွက်တော့
ဂုဏ်သိက္ခာရှိတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့
ရေကုန်ရေခန်း တိုက်ခိုက်ရတာဟာ အရာသာရှိလွန်းတဲ့ ကစားပွဲတစ်ပွဲလိုပါပဲ။

သူက...ကျွန်တော့်ခြေလှမ်းတွေကို ပိုသွက်စေတယ်။
သူက...ကျွန်တော့်ရဲ့  စိတ်ကျန်းမာရေးကို ပိုကြံ့ခိုင်စေတယ်။
အနိမ့်ဆုံးအဆင့် အနေနဲ့
သူက...ကျွန်တော့်ကို အပျင်းပြေစေတယ်။

ကျွန်တော့် ပြိုင်ဘက်
ကျန်းမာချမ်းသာပြီး ကျွန်တော်နဲ့ ဖြောင့်မတ်စွာ ယှဉ်ပြိုင်နိုင်ပါစေ။

မှတ်ချက်။
ပြိုင်ဘက်ဆိုးလည်း ဖြစ်ပြီး ခင်ဗျားနဲ့လည်း လက်ရည်တူ ဖြစ်နေတဲ့သူမျိုးဆိုရင်တော့
သူဆိုးပေမယ့်လည်း...ခင်ဗျား သူ့အပေါ်ကောင်းမွန်စွာဆက်ဆံခြင်း
(တန်ပြန်မယုတ်မာခြင်း) တွေနဲ့ အနိုင်ယူကြည့်ပါ။
ခင်ဗျားသူ့ကို မနိုင်ခဲ့ဘူးဆိုရင်တောင် မရှုံးသွားပါဘူး။။။

-------------------
အိမ်ဝေးသူ(KZ)