Tuesday, 2 December 2014

လူညံ့


မင်းကိုထိုးမယ့် လက်ညှိုးတစ်ချောင်းရဲ့
အဆုံးသတ်ရလာဒ် မလှမယ့်အတူ
ဆယ်ချောင်းစလုံး ငါ့ဘက်ကို ပြိုင်တူထိုးလိုက်မယ်။

မင်းခြေလှမ်းတွေ တည့်မတ်ဖို့ထက်
ငါ့ခြေလှမ်းတွေ မယိမ်းယိုင်ဖို့ကြိုးစားမိလို့
အတ္တကြီးသူလို့ ကင်ပွန်းတပ်လည်း ငါကျေနပ်တယ်။
လောကကို ပြုပြင်ဖို့ ကြိုးစားလိုသူတစ်ချို့က
ကင်မရာပုန်းကိုယ်စီ ဆောင်ထားချိန်မှာ
ကြည့်မှန်တစ်ချပ် ရင်ဝယ်ပိုက်ထားရုံနဲ့
ငါဟာ ဘောင်အပြင်က တစ်ကိုယ်တော်လူညံ့။
ဂုဏ်သရေရှိ ဒေါင်းမင်းများအကြားက
ကျီးမည်းတစ်ကောင်ရဲ့ သေးသိမ်မှုဟာ
ခြင်္သေ့မင်းရဲ့ စားကြွင်းစားကျန်စားရဖို့
အမြီးကုပ်ထားရတဲ့ ဝံပုလွေဆယ်ကောင်ထက် ပိုမြတ်တယ်။
--------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment