Saturday, 6 December 2014
အကြင်နာပိုလွန်းသူ
နေ့လည်စာ စားချိန်တစ်ခုမှာ သူဌေးကြီးတစ်ယောက်က သူ့ဇိမ်ခံကားနောက်ခန်းမှာထိုင်ပြီး
မြို့တွင်းတစ်နေရာကို ပတ်နေတုန်း တစ်နေရာရောက်တော့ လူနှစ်ယောက်က
လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ မြက်တွေကို အပြိုင်အဆိုင် စားနေကြတာကို တွေ့တယ်။
သူဌေးကြီးက တော်တော်အံ့သြသွားပြီး ကားသမားကို ကားခဏရပ်ဖို့ အမိန့်ပေးလိုက်တယ်။
ပြီးတော့ မြက်စားနေသူ နှစ်ယောက်နားကို သွားပြီး စုံစမ်းမေးမြန်းတော့တယ်။
နှစ်ယောက်ထဲက တစ်ယောက်ကို လက်ညှိုးထိုးပြီးတော့
"မင်း...ဘာလို့ မြက်တွေစားနေရတာလဲ" လို့ မေးလိုက်တယ်။
အမေးခံရတဲ့ မြက်စားသူကလည်း
"သူဌေးကြီးခင်ဗျာ...ကျွန်တော်တို့မှာ အစားအသောက်ဝယ်စားဖို့အတွက်
ငွေမရှိလို့ ဒီမြက်တွေလာစားရတာပါ" ဆိုပြီး ပြန်ဖြေရှာတယ်။
(စိတ်ထဲမှာလည်း သူကြိတ်ပြီး ပျော်နေရှာတယ်)
သူဌေးကြီးကလည်း
"ဒါဆိုရင်...မင်းငါနဲ့ လိုက်ခဲ့ပါ" ဆိုပြီး ပြောတော့
"သူဌေးကြီးခင်ဗျာ ကျွန်တော့်မှာ ဇနီးနဲ့၊ သားသမီးနှစ်ယောက်လည်း ရှိပါသေးတယ်"
လို့ ခပ်သွက်သွက်လေး ပြန်ဖြေလိုက်တယ်။
(သေချာပြီ ဒီနေ့တော့ စားကောင်းသောက်ဖွယ်တွေနဲ့ တွေ့ပြီကွ)
ဒုတိယမြောက်တစ်ယောက်ကို မေးတော့
"ကျွန်တော့်ဒုက္ခက သူ့ထက်တောင် အများကြီး ပိုပါတယ်။
ကျွန်တော့်မှာ မိန်းမတစ်ယောက်နဲ့ ကလေးခြောက်ယောက်ရှိပါတယ်ခင်ဗျ"
လို့ ရိုရိုသေသေ ပြန်ဖြေရှာတယ်။
အတွေးကိုယ်စီ
မြက်စားသူ (၁) အတွေး
ဟာကွာ ငါ့မှာ မိသားစုဝင်လေးယောက်ပဲ ရှိတာ နာတယ်ကွာ။
မြက်စားသူ (၂) အတွေး
ဘာတတ်နိုင်သေးလဲ? ငါတို့က မင်းထက် လူပိုများတယ်ကွ။
အတိအကျဆိုရင် နှစ်ဆတောင်ပိုပြီးများတာနော်။
သူဌေးကြီး အတွေး
မြက်စားသူ (၁) မှာက မိသားစုဝင် (၄)ယောက်၊ မြက်စားသူ (၂) မှာ
မိသားစုဝင် (၈) ယောက်၊ စုစုပေါင်းတော့ ၁၂ယောက်။ အင်းမ်...မဆိုးပါဘူးလေ။
သူဌေးကြီးက သူတို့မိသားစုဝင်တွေကိုပါ ခေါ်ခိုင်းလိုက်တယ်။
အားလုံးစုံတော့ မိသားစုဝင်အားလုံးကို ကားပေါ်က တက်ပြီး သူနဲ့အတူ
လိုက်လာခိုင်းတယ်။ သူတို့တွေလည်း အလုအယက်တက်ပြီး သူဌေးကြီးခေါ်ဆောင်ရာကို
လိုက်ခဲ့ကြတယ်။ ဇိမ်ခံကားကြီးဆိုပေမယ့် လူ(၁၂) ယောက်ကို ခေါ်တင်ရတာ သိပ်ပြီး
လွယ်ကူလွန်းတဲ့ အလုပ်တော့ မဟုတ်ဘူးပေါ့။ အိမ်ထောင်ဦးစီး ယောက်ျားနှစ်ယောက်စလုံးကလည်း
စိတ်ထဲမှာ သူဌေးကြီးကို ကျိတ်ပြီး ကျေးဇူးတင်နေကြရှာတယ်။ မြိုသိပ်မရတဲ့ အဆုံး
တစ်ယောက်က ရင်ဖွင့်ပြီး ကျေးဇူးတင်စကား ဆိုတယ်။
"သူဌေးကြီး ခင်ဗျာ။
သူဌေးကြီးက အင်မတန် သနားကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်။
ကျွန်တော်တို့ မိသားစုကို ခုလို ညှာတာထောက်ထားတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်ခင်ဗျာ"
သူဌေးကြီးရဲ့ တုန့်ပြန်စကား ထွက်မလာခင်မှာပဲ
ဒုတိယ မြက်စားသူကလည်း (ငါလည်း အမှတ်ရအောင် ကြိုပြီး ချီးကျူးထားမှပဲ) ဆိုတဲ့ အတွေးနဲ့
"ကျွန်တော်လည်း သူဌေးကြီးကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ" ဆိုပြီး မျက်နှာယူတာပေါ့။
နှစ်ယောက်စလုံးရဲ့ ချီးကျူးစကားတွေကို ကြားတဲ့ သူဌေးကြီးက ပြုံးပြီး အဖြေပေးရှာတယ်။
"ကျေးဇူးတင်စရာမလိုပါဘူးကွာ။
ကြုံကြိုက်လို့ ကူညီရတာပဲ၊ အခုလို ကူညီခွင့်ရတာပဲ ငါက ဝမ်းသာနေတာကွ။
ငါ့အိမ်နောက်ဖေးကခြံထဲမှာပေါက်နေတဲ့ မြက်တွေက ထူထူထဲထဲနဲ့ ခုဆို (၃)ပေ နီးပါး ဖြစ်နေပြီ။
မင်းတို့ မိသားစု (၁၂) ယောက်အတွက် အဆင်ပြေမှာပါ"။
ရက်ရောလွန်းသူကြီးပါလား ဆိုတဲ့ အတွေးကိုယ်စီနဲ့ မြက်စားသူ အိမ်ထောင်ဦးစီး
ယောက်ျားနှစ်ယောက် တစ်ယောက်မျက်နှာကို တစ်ယောက် ပြိုင်တူ ကြည့်မိရှာတော့တယ်။
စာဖတ်သူများခင်ဗျာ။
(၁)
ခွက်စောင်းခုတ်တယ်ဆိုတာ သူတောင်းစားအချင်းချင်းမှာ ရှိသလို
သူဌေးတွေဆီမှာလည်း ရှိတယ်ဆိုတာ မမေ့ပါနဲ့။ မနာလိုဝန်တိုစိတ်ဆိုတာဟာ
အဆင့်အတန်း၊ အနေအထားကွာလွန်းတဲ့ လူတွေထက် မတိမ်းမယိမ်း၊
သူမသာ၊ ကိုယ်မသာ အခြေအနေမျိုး ရှိကြတဲ့ လူတွေမှာ ပိုဖြစ်တတ်ပါတယ်။
(၂)
အပြင်ပန်းပုံစံကို ကြည့်ပြီး သိပ်ကိုသနားကြင်နာတတ်မှာပဲ ဆိုတဲ့ အယူအဆဟာ
အမြဲတမ်းအတွက်တော့ မမှန်နိုင်ပါဘူး။ ကျွန်တော်တို့တတွေဟာ မိမိနိမ့်ပါးလွန်းတဲ့
အခြေအနေမျိုးမှာ ကောက်ရိုးလေးတစ်မျှင်ကိုဖြစ်ဖြစ် ဆွဲကိုင်ချင်တတ်ကြတယ်။
ဒါပေမယ့် ကိုယ်ကိုင်မိတဲ့ ကောက်ရိုးမျှင်က မီးစွဲနေတဲ့ ကောက်ရိုးမျှင် ဟုတ်၊ မဟုတ်
ဆိုတာတော့ သေသေချာချာ ဂရုစိုက်သင့်ပါတယ်။
(၃)
ကျွန်တော်တို့ လူသားတွေဟာ မိမိအမြင့်ရောက်ဖို့၊ မိမိအဆင်ပြေဖို့အတွက်
တစ်ပါးသူကို ချနင်းတတ်ကြတယ်ဆိုတာ သဘာဝပါ။ ချမ်းသာခြင်းနဲ့ ရက်ရောခြင်းကို
အမြဲတမ်း တွဲမြင်ဖို့ မကြိုးစားပါနဲ့။ လူတွေဟာ အတွေးကိုယ်စီနဲ့ မိမိကိုယ်ကိုယ်
လည်လွန်းလှပြီလို့ ထင်မြင်ယူဆတတ်ကြပါတယ်။ (သတိချပ်ပါလေ)
(၄)
သူဌေးကြီးဘက်ကအမြင်နဲ့ ကြည့်ရင် စေတနာနဲ့ ပိုရှည်တဲ့ မြက်ကို ခေါ်ကျွေးတာပဲလို့
ပြောချင်ရင် ပြောလို့ရပါတယ်။ သို့သော် ဒီမိသားစုဝင်ဘက်က ကြည့်မယ်ဆိုရင် (၁၂)
ယောက်စလုံးဟာ မြက်စားတဲ့ ကျွဲနွားတွေ မဟုတ်ပါဘူး။ ဘဝပေးအခြေအနေအရ
မတတ်သာလွန်းလို့ လမ်းဘေးက မြက်ကို စားရတာပါ။ သို့သော် တစ်ခါတရံမှာ
ကွန်တော်တို့ နိမ့်ပါးနေတဲ့ အချိန်မှာမှ သူဌေးကြီးဆက်ဆံခဲ့သလိုမျိုး မြေနိမ့်ရာ လှံစိုက်ပြီး
အရှက်တကွဲ အကျိုးနည်းအောင် တွန်းပို့တတ်တဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေလည်း
ရှိတတ်ပါတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်ထဲမှာလည်း
အကြင်နာပိုလွန်းသူတွေ ဒုနဲ့ဒေးဆိုတာမှတ်မှတ်ရရ ရှိနေပါစေ။
----------------
အိမ်ဝေးသူ(KZ)
----------------
မှတ်ချက်။
ကျွန်တော် ဟာသ ကြိုက်ပါတယ်။ ဟာသတွေက အမှန်တရားကို လူတွေ
အလွယ်တကူမြင်သာအောင် ပြတဲ့အနုပညာတစ်ခုဆိုတာကိုလည်း သိထားပါတယ်။
ဒါပေမယ့်...တစ်ချို့ ဟာသတွေက ကျွန်တော့်ကို ရယ်အောင် မလုပ်ပေးနိုင်ကြဘူး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment