Sunday, 7 December 2014

ပညာရှင်နှင့် သာမန်လူတန်းစား


ပညာရှင်
=====

(၁)
ပညာရှင်သည် သူကျွမ်းကျင်ရာ နယ်ပယ်တစ်ခုကို ဦးစွာစိတ်တိုင်းကျ ရွေးချယ်သည်။
(၂)
နယ်ပယ်ရွေးချယ်ပြီးသည်နှင့် ထိုနယ်ပယ်တစ်ခုတည်းကိုသာ စူးစိုက်လေ့လာသည်။
(၃)
အခြားနယ်ပယ်များတွင် အားနည်းကောင်း၊ အားနည်းမည်။ သို့သော်
သူရွေးချယ်ထားပြီးသား နယ်ပယ်ကိုမူ ထုံးလိုချေရေလိုနှောက်၊ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသလို ကျွမ်းကျင်လိမ္မာသည်။
(၄)
ပညာရှင်သည် သူရွေးချယ်ထားသော နယ်ပယ်တစ်ခုတည်းကိုသာ အချိန်များစွာပေးပြီး
ကျွမ်းကျင်အောင်လုပ်ထားသည့်အတွက် ပုံထဲတွင် ဖော်ပြခဲ့သည့်အတိုင်း
အဝကျဉ်းသော်လည်း တဖြည်းဖြည်း နယ်ပယ်က ကျယ်သထက် ကျယ်လာသည်။
(၅)
ထိုသို့ နယ်ပယ်တစ်ခုတည်းကို အာရုံစိုက်ပြီးလေ့လာသူသည် နှစ်ကာလတစ်ခု
ကြာမြင့်သည့်အခါ ပညာရှင်၊ ပါရမီရှင်ဟု ခေါ်ရလောက်အောင် သူ့နယ်ပယ်ကို
ကျွမ်းကျင်လွန်းသော ပညာရှင် (Professional) ဖြစ်လာတော့သည်။
ထိုသို့သော ပညာရှင်မျိုးကို ကမ္ဘာက အမြဲကြိုဆိုလေ့ရှိသည်။

သာမန်
=====

(၁)
ထိုသူသည် သူဝါသနာပါသည့် နယ်ပယ်ကိုပင်လျှင် အတိအကျ မသိသောသူ ဖြစ်တတ်၏။
(၂)
ဒုလုံးရှည်ဖြင့် ဖော်ပြထားသည့်အတိုင်း သူသည် နယ်ပယ်တစ်ခုတည်းကို တစိုက်မက်မက် လုပ်ဆောင်လေ့မရှိဘဲ တိုးတက်မှုလည်း မရှိသလောက် ဖြစ်တတ်သည်။
(၃)
အများအားဖြင့် ထိုသူမျိုးသည် အကြောင်းအရာတော်တော်များများကို ဟိုစပ်စပ်၊ ဒီစပ်စပ်
အနည်းအကျဉ်းစီသိပြီး ကျွမ်းကျင်အဆင့် ဘယ်အရာရှိသနည်းဟု မေမြန်းပါက
တိကျသော အဖြေမရှိတတ်သူများ ဖြစ်ကြသည်။
(၄)
ထိုသူမျိုး၏ နယ်ပယ်အလိုက် ကျွမ်းကျင်မှုသည် တိုးတက်မှု သိပ်မရှိဘဲ ဒုလုံးပုံစံအတိုင်း တစ်ဖြောင့်တည်းသာသွားသည်။ အခန့်မသင့်လျှင် ဆုတ်ယုတ်မှုဖြင့် ရင်ဆိုင်ရတတ်သည်။
(၅)
ကျွမ်းကျင်လိမ္မာပြီး အားကိုးလောက်သည့် အနေအထားမျိုး မရှိသဖြင့် ထင်ပေါ်လျှင်
စင်တော်က ကောက်သည့်အခွင့်အရေးမျိုးနှင့် အခါခါ လွဲရတတ်ပေသည်။

နိဂုံး။
ဤပုံလေးသည် စာရေးသူ၏ စိတ်ကူးဖြင့် ဆွဲထားခြင်းသာ ဖြစ်ပါသည်။
ပုံနှင့်စာကို တွဲ၍ ကြည့်လျှင် ပုံ၏သဘောတရား ပိုပြီး ပေါ်လွင်မည်ဟု ယူဆပါသည်။
စာရေးသူ၏ ညံ့ဖျင်းသေးသိမ်မှုကြောင့် အမှားအယွင်းနှင့် အားနည်းချက်များ တွေ့မြင်မိပါက
ဖြည့်စွက်ပေးလိုပါသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ပညာရှင်နှင့် သာမန်ဟူ၍
နှစ်မျိုးရှိရာ သာမန်လူတန်းစားက အဆမတန်များပြားသည်ကို တွေ့ရမည်ဖြစ်သည်။
ဆိုးရွားလွန်းသည့်အချက်တစ်ချက်မှာ...မိမိဝါသနာပါသည့် နယ်ပယ်၊
စိတ်ဝင်စားသည့် နယ်ပယ်ကို အသက်ကြီးသည့်အထိ ကွဲကွဲပြားပြား
မသိရှိကြခြင်းဖြစ်သည်။ Profession ဆိုသည်မှာ နယ်ပယ်အားလုံးကို များများစားစား
သိသူမဟုတ်ဘဲ နယ်ပယ်တစ်ခုကိုသာ များများစားစား သိသောသူဖြစ်ပြီး သာမန်မှာမူ
နယ်ပယ်အားလုံးကို ဟိုစပ်စပ်၊ ဒီစပ်စပ် အနည်းငယ်စီသိပြီး ကျွမ်းကျင်ပိုင်နိုင်ဆုံးသေ
အရာတစ်ခုမှ မရှိသောသူသာ ဖြစ်ချေသည်။

ကျွန်တော့်ကို ကျွန်တော် ပြန်မေးလိုပါသည်။
ငါ...နယ်ပယ်တစ်ခုတည်းကို ကျွမ်းကျင်တာလား?
ငါ...နယ်ပယ်အားလုံးကို ကျွမ်းကျင်နေတာလား?

--------------------
အိမ်ဝေးသူ(KZ)




No comments:

Post a Comment