Sunday, 21 December 2014

ချစ်ခြင်းမေတ္တာက လူကို ရာသက်ပန် တရားခံဖြစ်စေနိုင်တယ်


(၁)
ခင်ဗျား
တစ်စုံတစ်ယောက်ကို
သိပ်ချစ်နေမိတယ်ဆိုကြပါစို့။

ဒါဆိုရင်
သူ့ကို ကိုယ်ချစ်တဲ့အကြောင်း
ဖွင့်ပြောရမှာ အဖြစ်သင့်ဆုံး ကိစ္စတစ်ခုပဲပေါ့။
သူက
ခင်ဗျားရဲ့ ချစ်ခြင်းမေတ္တာကို
လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ
သူ့ကို အသိပေးသင့်တာပေါ့။
သူ့ဘက်က
ခင်ဗျားကို လက်ခံရင်လည်း ခင်ဗျား ကျေနပ်ရမှာပေါ့။
လက်မခံခဲ့ဘူးဆိုရင်လည်း ခင်ဗျား ဆက်ကြိုးစားပေါ့။
(နည်းမှန်လမ်းမှန်)
ဒါဆိုရင်
သူ့ကို ချစ်ကြောင်း ပြောလိုက်လို့
ခင်ဗျားကို
သူပြန်မချစ်ဘူးဆိုတာ သေချာသိတယ်ဆိုရင်ရော?
ငြင်းပယ်ခြင်းရဲ့ ဒဏ်ကို ခင်ဗျား ခံနိုင်ရည် ရှိရမှာပေါ့။
(၂)
ကျွန်တော်ကတော့
ကျွန်တော့်ကို ပြန်ချစ်မယ်လို့
ရာနှုန်းပြည့်သေချာကြိုတင်ခံစားမှု ရနေမှသာ
သူမကို ချစ်တယ်လို့ ဖွင့်ပြောဖြစ်မယ့် လူစားမျိုးပါ။
အကြောင်းရင်း?
သူမက ကျွန်တော့်ကို ပြန်ချစ်မယ်
သူမက ကျွန်တော့်ကို ပြန်မချစ်ဘူးဆိုတာ
ကျွန်တော့်အတွက်
ကြီးကျယ်ခမ်းနားတဲ့အရာ တစ်ခုဖြစ်လို့ပဲပေါ့။
သူမ
ကျွန်တော့်ကို ပြန်ချစ်နိုင်မလား၊ မချစ်နိုင်ဘူးလားဆိုတဲ့
မသိကိန်းတစ်လုံးကိုပဲ ထွေးပိုက်သွားချင်တဲ့ သဘောပါ။
တရားစီရင်ချက် အမိန့်ချခံလိုက်ရတဲ့
တရားခံ တစ်ယောက်ရဲ့ နေရာမျိုးထက်စာရင်
တစ်ဘဝစာလုံးအတွက် အမိန့်ချခြင်းမခံရသေးတဲ့
သူမရဲ့ တရားရုံးရင်ခွင်ထဲက တရားခံတစ်ယောက်အနေနဲ့ပဲ
နေ့စဉ် လျှောက်လွှဲချက်တွေ ပေးသွားချင်တယ်။
ကျွန်တော့်ကို
ပြန်မချစ်ခဲ့ဘူးဆိုတဲ့ ခံစားမှုထက်စာရင်
သူမ ပြန်ချစ်သည် ဖြစ်စေ၊ ပြန်မချစ်သည်ဖြစ်စေ
သူမကို အနှောင့်အယှက်လုံးဝ မပေးခဲ့ဘဲ
ကျွန်တော့် နှလုံးသားထဲက အကန့်ငယ်လေးတစ်ခုမှာ
သိမ်းထားပြီး သွားလေရာခေါ်ဆောင်သွားချင်တာမျိုးပေါ့ဗျာ။။။
-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment