Saturday, 31 May 2014

တစ်ဖက်သတ်


ဘာရယ်မဟုတ်ပါဘူး
ပန်းသီးကလေးတစ်လုံး
အချိန်တန်လို့ ဖြစ်ရိုးဖြစ်စဉ် ကြွေကျရုံပါ။

ဘာရယ်မဟုတ်ပါဘူး
ပန်းသီးကလေးက မရည်ရွယ်ခဲ့ပေမယ့်
မြက်ပင်ဖျန်းကလေး ခမျာ
တွန်းလှန်နိုင်စွမ်း ကင်းမဲ့ခြင်းနဲ့အတူ
အပျိုရည် ပျက်ခဲ့ရပေါ့။
ဘာရယ်မဟုတ်ပါဘူး
နယူတန်ကို ပန်းသီးကလေး မသိခဲ့ရှာသလို
ကမ္ဘာဆွဲအားအကြောင်းလည်း မြက်ပင်ကလေး မလေ့လာခဲ့ဖူးရှာဘူး
တကယ်တော့လည်း ဘယ်သူမှလည်း မမှားခဲ့ကြပါဘူး။
ဘာရယ်မဟုတ်လှပါဘူး
မြဲမြံနိုင်စွမ်းမဲ့တဲ့ ပန်းသီးကလေး အဖြစ်မျိုး
ခုခံနိုင်စွမ်းကင်းတဲ့ မြက်ပင်ဖျန်းကလေး အဖြစ်မျိုး
ဘဝတစ်ကွေ့မှာ အခါခါ ကြုံခဲ့ရတော့လည်း
ဟောဒီ…ဘယ်ဘက်ရင်အုံ တစ်နေရာမှာ
သိုသိုသိပ်သိပ် ထုပ်ပိုးသိမ်းဆည်းထားခဲ့တဲ့
“တစ်ဖက်သတ်” ဆိုတာကြီး ခမျာ
တကယ့်ကိုပဲ တစ်ဖက်သတ် ဆန်ဆန် လူလားမြောက်ခဲ့ပေါ့ကွယ်။
အိမ်ဝေးသူ (KZ)

Wednesday, 28 May 2014

Quote Of The Day !!!


သတိ။


မျိုးဆက်သစ်တို့ Text နေသည်။
ယဉ်မောင်းဆရာတို့
Text ရင် မမောင်းနဲ့၊ မောင်းရင် မ Text နဲ့။

၃ နဲ့  ၎


ညီမလေးရေ။
မျှဝေခံစားပေးတတ်တဲ့ ရင်ခွင်တစ်ခုနဲ့
စကားပြောတတ်တဲ့ မျက်ဝန်းတစ်စုံ အနီးဆုံးမှာ ရှိခဲ့လည်း
ဆန္ဒနဲ့ဘဝ ခြုံခိုတိုက်တဲ့ပွဲမှာ
ဝေးကွာခြင်းက မြေစာပင်အဖြစ် ကျန်ရစ်ခဲ့ပြီကွယ့်။

တစ်ချို့ က ပြောကြတယ်
မိုင်တွေ ဘယ်လောက်ခြားခြား နှလုံးသားချင်း နီးဖို့ပဲလိုတယ်တဲ့။
တစ်ချို့ က ပြောကြတယ်။
ဝေးကွာခြင်းကပဲ ချစ်သူနှစ်ဦးကို တဖြည်းဖြည်း ဝေးကွာစေတယ်တဲ့။
ငါ့…အတွက်တော့
ဝေးကွာခြင်းအတွက် အဘိဓာန် မလို
ဝေးကွာခြင်းမှာ ကြားခံ ဖြေရှင်းချက် မလို
ဝေးခဲ့ပြီ ဆိုမှတော့ ဝေးကွာခြင်းရသကို တစ်သိမ့်သိမ့် ခံစားတတ်ဖို့ပဲ လိုတယ်။
ဘာပဲဖြစ်ဖြစ်
ဝေးကွာခြင်းရဲ့ တစ်ဘက်မှာရှိတဲ့ နီးကပ်ခြင်း
၃ နဲ့ ၄ လို ကျောချင်းကပ်နေကြတဲ့ အဖြစ်မှာ
ပိုင်ဆိုင်ရာ ဘဝအသီးသီးကို အလှပဆုံး ထုဆစ်
သတိရမိတဲ့အခါတိုင်း
တစ်ခါတုန်းက အမှတ်တရ ဆိုတာလေးတွေ ထုတ်ကြည့်
ခရီးကိုယ်စီ ဆက်ရမယ့် ဘဝတစ်ကွေ့မှာ
“ညီမလေး” ဆိုတဲ့ အသံကြားတိုင်း
လွမ်းဆွတ်ခြင်း ခလုတ်ကို ခပ်ဆတ်ဆတ်ပိတ်
ဝေးကွာခြင်းမှာ ပျော်ဝင်စီးဆင်းရင်း…ခပ်သော့သော့လေး ပြုံးပါရစေ။
အိမ်ဝေးသူ (KZ)

Sunday, 25 May 2014

သာသနာနဲ့ ပက်သက်လို့ သတိထားစရာလေး တစ်ခု


ကျွန်တော်တို့တတွေဟာ
သာသနာနဲ့ ပက်သက်လို့ ဆင်းရဲတဲ့ သာသနာဝင်တွေ
မဟုတ်ကြပါဘူး။
ချမ်းသာတဲ့ သာသာနာဝင်တွေ ဖြစ်ပါတယ်။

သာသနာနဲ့ ပက်သက်လို့
တစ်ခြားသာသနာ တစ်ခုခုကနေ မှီငြမ်းစရာ မလိုလောက်အောင်ကို
ပြည့်စုံချမ်းသာနေတဲ့ သာသနာပါ။

အဲဒါကြောင့် တစ်စုံတစ်ယောက်က
သင့်ကို သာသနာနဲ့ ပက်သက်လို့ တစ်ခုခု မေးလာတယ်။
သင်ကလည်း အဲဒီမေ့ခွန်းရဲ့ အဖြေကို မသိဘူးဆိုရင်
မသိဘူးလို့ ရိုးရိုးသားသား ဖြေချင်ဖြေပါ။
သိတဲ့လူကို မေးပေးမယ်ဆိုတဲ့ အကြောင်း ဖြေပါ။
မရှိဘူးလို့တော့ (ကိုယ်အကုန်သိထားတဲ့ပုံစံမျိုးနဲ့) မဖြေလိုက်ပါနဲ့။
ဒါမှမဟုတ်
ကျွန်တော့်အမြင်မှာ...ဒီအကြောင်းအရာနဲ့ ပက်သက်လို့
မတွေ့မိသေးဘူးလို့ ဖြေပါ။
သဘောကတော့
သင်မသိသေးတဲ့ အကြောင်းအရာများစွာ ရှိနိုင်ပြီး
သာသနာတစ်ခုလုံးကို ပြည့်စုံပြည့်စုံ
သင်မသိသေးတာကြောင့်ပဲ။
မုဖ်သီဂျာဖရ်
မက္ကာဟ်မြို့ တော်အကြောင်းမှ

Friday, 23 May 2014

ပထမ၊ ဒုတိယ နဲ့ အချစ်


ညီမ Layate Cho မေးထားတာလေး သဘောကျတယ်။
အဲဒါလေးနဲ့ နွယ်ပြီး နည်းနည်းပြောချင်ပါတယ်။
မရိုးနိုင်တဲ့ စကားတစ်ခွန်းကို ကိုးကားပြီး ပြောရမယ်ဆိုရင် မိန်းကလေးတွေက အချစ်ကို
ဝေမျှခြင်းမလုပ်တတ်ကြဘူး။
အဲဒါကြောင့် မုန့်ကိုသာ ဝေစားမယ်.အချစ်ကို မဝေစားနိုင်ဘူးလို့ ပြောကြတာပါ။
ယောက်ျားလေးတွေကျတော့ အချစ်ကို ဝေစားနိုင်ကြတယ်။
ပြောချင်တာက မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ထဲကို အများကြီး ချစ်တတ်ကြပြီး ယောက်ျားလေးတစ်ယောက်ကျတော့ မိန်းကလေးတွေ အများကြီးကို နည်းနည်းစီလည်း ချစ်တတ်ကြတယ်။
ဒါပေမယ့် တစ်ယောက်စီကို ထားတဲ့ သဘောထား၊ တစ်ယောက်စီအပေါ်မှာ ရှိတတ်တဲ့ ခံစားမှု မျိုး
မတူတတ်ကြဘူး။ ဒါပေမယ့် ဒီနေရာမှာ အားလုံးကို တစ်ပြိုင်တည်း ပတ်ရှု ပ်တာမျိုးကို ပြောတာ မဟုတ်ပါဘူး။ ပထမ ချစ်သူနဲ့ ကွဲပြီး ဒုတိယတစ်ယောက် ဆိုတာလည်း ရှိလာနိုင်တယ်။
ပထမ ချစ်သူကောင်မလေးအပေါ် ထားခဲ့တဲ့ စိတ်ခံစားမှု၊ အချစ်၊ တန်ဖိုးထား မြတ်နိုးမှု စတာတွေက ဒုတိယ တစ်ယောက်နဲ့ ထပ်တူမကျနိုင်ဘူး။ (သက်သက်စီပဲ)
ပထမကောင်မလေးကို အရမ်းချစ်ခဲ့တယ်ဆိုတာ ရှိတတ်ပေမယ့် ဒုတိယ ကောင်မလေးက အစစ အရာရာ သာလွန်နေရင် ဒုတိယ တစ်ယောက်ကိုလည်း ပိုချစ်နိုင်တယ်။
တစ်ခု အရေးကြီးတာက ပထမ နေရာမှာ ဒုတိယ တစ်ယောက်ကို ဘယ်တော့မှ အစားမထိုးပါနဲ့။
ဆိုလိုချင်တာက အစားထိုးတယ်ဆိုတာ ( ပထမ တစ်ယောက်ကို မမေ့နိုင်သေးဘူးလို့ ) သတ်မှတ်လို့ ရတယ်။
အဲတော့ ဒုတိယ တစ်ယောက်နဲ့ အဆင်မပြေဖြစ်တတ်တယ်။
အစားထိုးတဲ့ စိတ်ကပဲ အရင်တစ်ယောက်စီကို အမြဲတမ်း ခေါ်ဆောင်သွားတတ်တယ်။
ပထမ ချစ်သူလောက် ဒုတိယ ချစ်သူက ငါ့ကို မချစ်ပါလား၊ ဂရုစိုက် တန်ဖိုးမထားပါလား ဆိုတဲ့
ခိုင်းနှိုင်း စိတ်တွေက မိမိတို့ ဆက်ဆံရေးကို ဖျက်စီးစေတတ်တယ်။
ဒုတိယ တစ်ယောက်ကို ချစ်ရင်လည်း (အလွတ်) ချစ်လိုက်ပါ။
ပထမ တစ်ယောက်တုန်းက ခံစားမှုနဲ့ မရောယှက်လိုက်ပါနဲ့။
ညီမ လရိပ်ချို ပြောသွားသလို ပေါ့။
ရင်ခွင်သမိုင်းမှာ တစ်ယောက်တည်း အုပ်စိုးခဲ့တာလား ဆိုရင်....အဲဒါ မှန်ပါတယ်။
ဒါက လူပျို ဘဝမှာ အချိန်မရွေး တူးဆွနိုင်တဲ့ အတိတ်တစ်ခု။
အိမ်ထောင်ကျပြီဆိုရင်တော့ မိမိရင်ခွင်သမိုင်းမှာ မော်ကွန်းသစ် ထူရမှာပါ။
ပထမ ချစ်သူကို ဘယ်လောက် ချစ်ခဲ့၊ ချစ်ခဲ့ လက်တွေ့ ဘဝကို ဦးစားပေးရမှာပဲ။
လက်ရှိ မိမိ ဇနီးဖြစ်သူကို အားလုံး ပုံပေးလိုက်ရမှာပဲ။
သဘောကတော့ တံဆိပ်နဲ့ နွားတစ်ကောင် ဖြစ်သွားပြီ ဆိုပါတော့။
https://www.facebook.com/notes/eain-waay-thu/%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%81%E1%80%BA%E1%80%9A%E1%80%B9%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7-%E1%80%9B%E1%80%BD%E1%80%AD%E1%80%85%E1%80%A5%E1%80%B9-%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%81%E1%80%BA%E1%80%9A%E1%80%B9%E1%80%95%E1%80%AB-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%81%E1%80%BA%E1%80%9A%E1%80%B9%E1%80%BB%E1%80%95%E1%80%AE%E1%80%B8%E1%80%9C%E1%80%BD%E1%80%BA%E1%80%84%E1%80%B9-%E1%80%BB%E1%80%99%E1%80%90%E1%80%B9%E1%82%8F%E1%80%AD%E1%80%AF%E1%80%B8%E1%80%90%E1%80%94%E1%80%B9%E1%80%96%E1%80%AD%E1%80%AF%E1%80%B8%E1%80%91%E1%80%AC%E1%80%B8%E1%80%95%E1%80%AB/500747710031387
မှတ်ချက်။
ဒုတိယဆိုတာလည်း သူ့အခွင့်အရေးနဲ့ သူပါ။
ပုပ်သိုးနေတဲ့ အခွင့်အရေးဆိုတာ ဒုတိယ အတွက် မဟုတ်ပါဘူး။
သူ့အခွင့်အရေးကို လတ်လတ်ဆတ်ဆတ် ပေးပါ။
အိမ်ဝေးသူ (KZ)

Thursday, 22 May 2014

" ကောင်မလေးသို့ "


(၁)
ကောင်မလေးရေ
နင့်...အပြုံးတစ်ခုရှိမယ်ဆိုရင်
မိုနာလီဇာ
ကယ်လီရိုပက်ထရာနဲ့ 
ဒိုင်ယာနာတို့ အပြုံး ဘယ်လောက် ကမ္ဘာကျော်ကျော်
ငါ....ဂရုမစိုက်ပါဘူး.......!!!
(၂)
တကယ်ပါ
လောကမှာ အရာရာတိုင်းက
မက်မောစရာတွေပဲလို့  ဆိုရင်ခဲ့တောင်
ငါ....အမက်မောဆုံးက
ဟန်ဆောင်မှု ကင်းတဲ့  နင့်ရဲ့ အပြုံးတစ်ပွင့်ပေါ့......!!!
(၃)
ကောင်မလေးရယ်
နင်မသိရော့လေသလားကွယ်
ငါ....နင့်အပေါ်မှာထားတဲ့ 
ချစ်ခြင်းက ရင်ခုန်ခြင်းထက် ပိုပြီး
ချစ်ခြင်းထက် မြတ်နိုးခြင်းက သာလေရဲ့ ။
(၄)
လန်ဒန်မြို့ ရဲ့ 
မြူနှင်းနဲ့ မိုးဖွဲတွေကြားက အချမ်းတွေကြားမှာ
ငါတို့ ...လက်တွေကလည်း အေးစက်လို့ 
ပြီးတော့ ....နင့်.....နှလုံးသားကလည်း
အေးစက်...အိပ်မောကျလို့ ပေါ့....
နင့်ရဲ့ လက်တစ်စုံကို နွေးထွေးအောင်
ငါ..စွမ်းဆောင်နိုင်ခဲ့ပေမယ့်
နင့်....နှလုံးသား နိုးထလာအောင်တော့
ငါ....မစွမ်းဆောင်နိုင်သေးဘူးဟာ...
တကယ့်ကိုပဲ...ညံ့ဖျင်းလွန်းလှလေခြင်း......!!!
(၅)
အဲဒီ နှလုံးသားရဲ့ 
သန်းခေါင်ယံ ညဥ့်နက်ထဲမှာပဲ
အချစ်ရဲ့ ကျေးကျွန်
ငါ....လမ်းပျောက်ရင်းနဲ့ 
ရစ်မူးစွာ..နက်ရှိုင်းစွာ...
အကြင်နာတွေ ...ပျော်ဝင်စီးဆင်းခဲ့ပေါ့....!!!
(၆)
ကောင်မလေးရေ
တကယ်တော့ နီးကပ်စွာ ရှိနေကြပါလျက်
နင်....သတ်မှတ်ထားတဲ့ 
နယ်ခြားစည်းမျဉ်းတစ်ကြောင်းရယ်ကြောင့်
ဝေးကွာခြင်းလည်း မမည်ပဲ
လွမ်းမောတွေဝေရင်းနဲ့ 
ငါ....လမ်းပျောက်နေရပြီကွယ့်....!!!
(၇)
တစ်ချို့ ကပြောကြတယ်
ချစ်တတ်ရင်...လွမ်းတတ်ကြမှာပဲတဲ့
ငါကတော့
မချစ်ရသေးခင်ကတည်းက
လွမ်းတတ်နေခဲ့သူပါ....ကောင်မလေးရယ်...!!!
(၈)
ကောင်မလေးရယ်
နင့်ရဲ့ ..အချစ်ရောင်ခြည် မကျရောက်မယ့်
နက်ဖြန် မနက်ခင်းမှာ
ငါ...ဘာလို့ ရှင်သန်ရမှာလဲ.....?
လက်တစ်ဆုပ်စာ ...နွေးထွေးမှုအတွက်
ငါ့...နှလုံးသား
ငါ...ဘဝ
ငါ့....အတ္တ...နဲ့ 
ငါ့...မာန
အားလုံးကို ခ၀ါချ...ဒူးထောက်ခဲ့ပြီးပြီပဲ....!!!
(၉)
ရင်ဘတ်ထဲက
မပျက်စီးနိုင်တဲ့ 
ကျောက်စာတိုင်တစ်ချပ်ရယ်ကြောင့်
ကောင်မလေးရေ
နင်....သိနိုင်ပါတယ်
ငါ့...ရင်ခွင်သမိုင်းမှာ
နင်...တစ်ယောက်တည်းသာ
သီးသန့် အုပ်စိုးခွင့် ရှိခဲ့တယ်ဆိုတာ......!!!
------------------------------
အိမ်ဝေးသူ (KZ)
------------------------------


Monday, 19 May 2014

အတုယူလိုသော(စိတ်၊လူ) နှင့် မနာလိုတတ်သော(စိတ်၊လူ)

***********************************************************
(၁)
ထိုစိတ် ဖြစ်ပေါ်ရသည့် အကြောင်းရင်း
------------------------------------------------
အရည်အချင်း၊ ရာထူးအာဏာ၊ စည်းစိမ်ချမ်းသာ ပညာအရည်အသွေး
တစ်ခုခုသည် မိမိတွင်မရှိခြင်းကြောင့် ဖြစ်စေ၊ မိမိထက်
အခြားသူတစ်ဦးတစ်ယောက်ထံတွင် ပိုသာစွာ
ရှိနေသောအခါဖြစ်စေ ဖြစ်ထွန်းတတ်သော စိတ်မျိုးဖြစ်သည်။

(၂)
အတုယူလိုစိတ်နှင့် အတုယူတတ်သူ
---------------------------------------------
အတုယူတတ်သည်။
တစ်ဘက်လူ၏ အားသာချက်များအကြောင်းကို လေ့လာသည်။
အောင်မြင်ရသည့် အကြောင်းအရင်း၊ အရည်အချင်းရှိရသည့် အကြောင်းအရင်း
များကို သုံးသပ်အတုယူတတ်သည်။
တစ်ပါးသူ၏ အားသာချက်ကို မိမိအတွက် တွန်းအားအဖြစ် အသုံးချသည်။
အပြုသဘောဆောင်သည့်အတွက် မိမိ၏လုပ်ရပ်တိုင်းက မိမိ လက်ရှိပိုင်ဆိုင်
ထားသော အခြေအနေ၊ အဆင့်အတန်းထက်သာသော နေရာတစ်ခုကို ရောက်ရှိ
စေသည်။
ဤနေရာတွင် အတုယူသည်ဟု ဆိုသော်လည်း
အတုယူဆောင်ရွက်တိုင်း မဖြစ်နိုင်သည့် ခြွင်းချက်များလည်း ရှိသေးသည်။
ဥပမာ…
(အင်္ဂလိပ်စကား ကျွမ်းကျင်ခြင်း) မှာမူ အတုယူပြီး ကြိုးစားလေ့ကျင့်ပါက
တစ်ဘက်လူလို အင်္ဂလိပ်စာ ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်သည်။
(ရုပ်ရည်ရူပကာ လှပလွန်းခြင်း) သည် အတုယူပြီး လိုက်လုပ်တိုင်း တစ်ဘက်လူလို
လှပနိုင်မည်မဟုတ်။
သို့ဆိုလျှင် မွေးရာပါ ရုပ်ရည်လှပသာလွန်ခြင်းအတွက် အတုယူလို့မရလျှင်
အကောင်းဆုံးနည်းက မိမိတွင်ရှိသည့် ရုပ်ရည်ကို (ကျေနပ်ရောင့်ရဲခြင်း) နှင့်
တစ်ဘက်သား၏ ရုပ်ရည်လှပမှုအတွက် (မုဒိတာပွားခြင်း) ဖြစ်သည်။
(၃)
မနာလိုစိတ်နှင့် မနာလိုတတ်သူ
---------------------------------------
ပူလောင်မှုကို အခြေခံပြီး ဖြစ်ထွန်းသော စိတ်မျိုးဖြစ်သည်။
အပြုသဘောမျိုး မရှိဘဲ အပျက်သဘောမျိုးကို ဦးတည်သည်။
တစ်ဘက်လူ၏ အားသာချက်နှင့်အတူ အားနည်းချက်မျိုးကိုပါ တွဲ၍
ရှာဖွေစူးစမ်းတတ်သည်။
သို့သော် ထိုသို့ ရှာဖွေခြင်းက မိမိ ကောင်းရာကောင်းကြောင်း၊ တိုးတက်ရာ
တိုးတက်ကြောင်း လုပ်ရန်မဟုတ်ဘဲ တစ်ဘက်သားကို တိုက်ခိုက်အနိုင်ယူရန်
ဖြစ်တတ်သည်။
တစ်ဘက်သားကို ဒုက္ခပေးရန် ကြံစည်ခြင်းကြောင့် မိမိပိုင်ဆိုင်သော အချိန်တို့
အချည်းအနှီး ဖြစ်ရတတ်သည်။
တစ်ဘက်သားက အောင်မြင်သည့် အခြေအနေရောက်သည့်အချိန်တွင်
မိမိကမူ ဒုံရင်းမှ မတက်ဘဲ မူလအတိုင်းသာ ကျန်ရစ်ခဲ့တတ်သည်။
မနာလိုစိတ်သည် အဆင့်အတန်း အလွန်ကွာလွန်းသူများတွင် အဖြစ်နည်းသည်။
ဥပမာ…
ဖိနပ်ချုပ်သမားက ဘီလ်ဂိတ်စ် (Bill Gates ) ကို မနာလိုစိတ်မဖြစ်။
သူ့ဘေးက နောက်ထပ် ဖိနပ်ချုပ်သမားကိုသာ မနာလိုစိတ်ဖြစ်တတ်သည်။
ဆိုလိုသည်မှာ မိမိနှင့် မတိမ်းမယိမ်း အခြေအနေရှိသောသူများကိုသာ
မနာလိုစိတ် ပို၍ ဖြစ်တတ်သည်။ အကယ်၍ ဘီလ်ဂိတ်စ် (Bill Gates ) ကိုသာ
အားကျပါက အလိုလို အတုယူလိုစိတ်ဘက်ကို ပြောင်းသွားလိမ့်မည်။
သို့အတွက်။
မိမိသည် အတုယူလိုတတ်သူ ဖြစ်ပါသလား?
သို့ဆိုလျှင် အတုယူတတ်သော စိတ်ဓာတ်ကို ထိန်းသိမ်းပါ။
အတုယူ၍ မရနိုင်သည့် ကိစ္စမျိုးဖြစ်ပါက မုဒိတာပွားပါ။
ထိုစိတ်ကြောင့် မိမိ ဘယ်သောအခါမှ ပူလောင်ရမည် မဟုတ်။
မိမိသည် မနာလိုဝန်တိုစိတ် မွေးတတ်သူ ဖြစ်ပါသလား?
သို့ဆိုလျှင် မနာလိုဝန်တိုစိတ်ကို အတုယူလိုစိတ်အဖြစ် အသွင်ပြောင်းနိုင်အောင်
ကြိုးစားပါ။
မနာလိုစိတ်သည် မိမိကို တမြေ့ မြေ့ လောင်ကျွမ်းစေသော အပူတစ်မျိုး ဖြစ်သည်။
ထိုအပူကို အမြန်ဆုံး ဖယ်ရှားနိုင်အောင် သတိချပ်ပါလေ။
အိမ်ဝေးသူ (KZ)

Wednesday, 14 May 2014

ကျောက်ခေတ်ကိုပြန်သွားဖို့ ကျွန်တော်တို့ တကယ့်ကို စည်းလုံးကြပါတယ်


ကျွန်တော့်ပို့စ်တစ်ခုနဲ့ ဆက်နွယ်လို့
တစ်စုံတစ်ယောက်က မေးထားတာပါ။

မေးခွန်း ။

စည်းစည်းလုံးလုံးနဲ့ ကျောက်ခေတ်ကို ပြန်သွားနေကြတဲ့ အဖြစ်????

အဖြေ ။

ဟုတ်ပါတယ်။
ကျွန်တော်တို့အားလုံး စုစုစည်းစည်းနဲ့ ကျောက်ခေတ်ကို တပျော်တပါးကြီး ချီတက်နေကြပါတယ်။
ဘာကြောင့်ပါလဲ?

ဥပမာတစ်ခု ပေးပါမယ်။

နှစ်ထပ်သဘောင်္တစ်စင်း ရှိတယ်ဆိုပါစို့။
အပေါ်ထပ်မှာရော အောက်ထပ်မှာပါ ခရီးသည်အပြည့်ပါတယ်။
အပေါ်ထပ်မှာနေတဲ့သူတွေက ပညာတတ်တွေ၊ ပညာရှင်တွေဖြစ်ကြပြီး
အောက်ထပ်မှာ နေတဲ့သူတွေကတော့ ပညာမတတ်တဲ့သူတွေနဲ့
တွေးခေါ်မျှော်မြင်နိုင်စွမ်းနိုင်စွမ်း နည်းသူတွေဖြစ်ကြပါသတဲ့။

ကိုယ့်အကန့်သူ့အကန့် ခွဲထားကြတဲ့ သဘောပေါ့။
ခရီးပြင်းနှင်ပြီးတဲ့နောက် ရေပြတ်လပ်မှုနဲ့ ကြုံတယ်။
အပေါ်ထပ်က ခရီးသည်တွေမှာ ရေအလုံလောက်ကျန်ပြီး အောက်ထပ်က
ခရီးသည်တွေမှာ သောက်ဖို့ရေမရှိတော့တဲ့ အဖြစ်နဲ့ ကြုံတယ်။

အောက်ထပ်ကလူတွေက အပေါ်ထပ်ကလူတွေကို ရေနည်းနည်းမျှဖို့ တောင်းဆိုကြတယ်။
အပေါ်ထပ်ကလူတွေက (မင်းတို့ကို မျှလိုက်ရင် ငါတို့ ရေတွေ ကုန်သွားမှာပေါ့)လို့
အကြောင်းပြန်ကြတယ်။
ဒါနဲ့ အောက်ထပ်က လူတွေကလည်း အပေါ်ထပ်က ရေကို မရမယ့်အတူတူ
သင်္ဘောလှေဝမ်းကို ဖောက်ပြီး ရေရရှိဖို့ ကြိုးပမ်းကြတယ်။

ဒီလုပ်ရပ်ကို သင်္ဘောအပေါ်ထပ်က လူတွေ သေသေချာချာ မြင်ကြတယ်။
ဒါပေမယ့် (ငါတို့အပေါ်ထပ်နဲ့ မဆိုင်) ဆိုတဲ့ စိတ်က သူတို့ဆီမှာ ဖြစ်နေတယ်။
ဒီလို သင်္ဘောလှေဝမ်းကို ဖောက်ရင် အားလုံး ဒုက္ခရောက်မယ်ဆိုတာကို အပေါ်ထပ်က
လူတွေသိကြပေမယ့် ဘယ်သူမှ မပြောဘူး။ ဘာကိုမှ မဟန့်တားကြဘူး။

ဟန့်တားပြောဆိုခြင်းမရှိတဲ့ အဓိက အကြောင်းရင်းက...

၁) ငါတို့နဲ့ မဆိုင်ဘူး။

၂) ငါတို့ ရေတွေ မပေးနိုင်ဘူး။

ဒီလိုနဲ့ပဲ ဒီသဘောင်္ဝမ်းဗိုက်ဟာ တဖြည်းဖြည်း ရေဝင်ပြီး နစ်မြုပ်ရမယ့် အခြေအနေကို
ကြုံကြရမှာပါ။


ဒီလိုပါပဲ။
ကမ္ဘာကြီးကို သဘောင်္တစ်စင်း အဖြစ် မြင်ကြည့်ကြမယ်ဆိုပါစို့။

(၁)
ပညာတတ်တွေက ပညာမတတ်သူတွေကို ဖေးကူတာ ဘယ်လောက်ရှိပါသလဲ?

(၂)
ပညာမတတ်သူတွေ ရဲ့ စကားတစ်ခွန်းကို ဘယ်လောက်များ အရေးထားပါသလဲ?

(၃)
အဆင့်အတန်းကို သဘောင်္အပေါ်ထပ်၊ အောက်ထပ်လို သတ်မှတ်ထားသူတွေ
ဘယ်လောက်များနေပြီလဲ?

(၄)
ကိုယ်နဲ့ မဆိုင်ဘူး (ဖြစ်ချင်ရာဖြစ်စမ်း) ဆိုပြီး ဥပေက္ခာပြုတတ်တဲ့ ပညာတတ်တွေရဲ့ 
ပညာက ဘယ်လောက်များ အရာဝင်ပါသလဲ?



တစ်ခေတ်တခါတုန်းက တောတွင်းဥပဒေ ( Law Of The Jungle ) ဆိုပြီး ရှိခဲ့ဖူးပါတယ်။

သဘောက ခွန်အားအကြီးဆုံး၊ အံဝင်ခွင်ကျ အဖြစ်ဆုံးသူက အခွင့်အာဏာအရှိဆုံး အဖြစ်

သတ်မှတ်ခံရတာပါပဲ။ လူဖြစ်စေ၊ တိရိစ္ဆာန်ဖြစ်စေ နိုင်သူဘုရင်ဆိုတဲ့ မူကို ကျင့်သုံးကြတယ်။


ဒါဆို အယဉ်ကျေးဆုံးခေတ်၊ အနုပညာ၊ အတတ်ပညာတွေ အထွန်းကားဆုံး ခေတ်လို့ တင်စားကြတဲ့

ဒီနေ့လို ခေတ်အခါသမယမှာ အသုံးပြုနေတဲ့ ( The Law Of Democracy ) ဆိုတာကရော

ဘယ်လောက်များ လူသားတွေကို အကျိုးပြုနေပါသလဲ?


ညာလက်က တရားမျှတမှုကို လူမြင်သာတဲ့ လက်အိတ်လို စွပ်ပြပြီး ဘယ်လက်က

ဟန်ဆောင်လျှိုသပ်မှုတွေ သုတ်လိမ်းထားတဲ့ အဆိပ်ဓားတစ်ချောင်းကို ဝှက်ထားတဲ့

နိုင်ငံရေးခေါင်းဆောင်တွေ၊

စီးပွားရေးသမားတွေ၊

ပညာတတ်တွေ၊

ဥပဒေရေးရာ ရေးဆွဲသူတွေ၊

ဘာသာရေးခေါင်းဆောင်တွေ၊

………………..တွေ ဘယ်လောက်များ နေပြီလဲ?



  • ပြည့်တန်ဆာ တားဆီးရေးကို ညာလက်နဲ့ အားရပါးရ ဟစ်ကြွေးပြပြီး
   ဘယ်လက်က ပြည့်တန်ဆာ ကုန်ကူးတဲ့ခေတ်

  • ညာလက်က မာလာလာကို လူမြင်ကွင်း ပွဲထုတ်ပြပြီး
   ဘယ်လက်က မာလာလာလို ပညာတတ်များစွာရဲ့ ဘဝများစွာကို သတ်ပစ်နေတဲ့ခေတ်။

  • ညာလက်က တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွေကို လုပ်ပြပြီး၊
   ဘယ်လက်က ဆင်းရဲသားတွေရဲ့  အိုးအိမ်စည်းစိမ်ကို ဖျက်စီးတဲ့ သြဇာရှင်တွေများလာတဲ့ ခေတ်။


တော်ပြီ။
မြင်လောက်ပါပြီ။

ခင်ဗျားသွားချင်သည် ဖြစ်စေ။
ခင်ဗျား မသွားချင်သည် ဖြစ်စေ။
ကျောက်ခေတ်ခရီးစဉ်ကတော့ တွင်နေမှာပဲ။

ဘာ...
ခင်ဗျားက ကျောက်ခေတ်ကို မသွားချင်ဘူး...ဟုတ်လား။
မရတော့ဘူး...။
ခင်ဗျား နေခဲ့ချင်လည်း နေခဲ့လို့ မရတော့ဘူး။
ခင်ဗျားကို စည်းစည်းလုံးလုံးနဲ့လက်တွဲပြီး ကျောက်ခေတ်ကို ခေါ်သွားမယ့်သူတွေ ရှိတယ်။
ခင်ဗျားဂုတ်ကို ကိုင်ပြီးတစ်မျိုး၊ ခင်ဗျားလက်ကို ဆွဲပြီးတစ်ဖုံ နည်းမျိုးစုံနဲ့ သူတို့ ဦးဆောင်ခေါ်သွားကြလိမ့်မယ်။

ဘာ...
သူတို့ကို ခင်ဗျား တွန်းလှန်မယ်...ဟုတ်လား
မရတော့ဘူး...။
ခင်ဗျား တွန်းလှန်နိုင်စွမ်း မရှိအောင်ကို သူတို့တတွေ အင်အားကြီးမားသွားကြပြီ။
ခင်ဗျား....သူတို့နဲ့ နှိုင်းယှဉ်တဲ့အခါ အဘက်ဘက်က ရှံးနိမ့်စရာတွေနဲ့ ကြုံရလိမ့်မယ်။

အသားစိမ်းစားပြီး တင်းပုတ်ကိုင်တဲ့သူတွေကို
လူရိုင်းတွေလို့ ခေါ်ရင်....
အသားကျက်တာတွေစားပြီး ကီးဘုတ်ကိုင်နေတဲ့သူကိုတော့
လူယဉ်ကျေးတွေလို့ ယတိပြတ် သတ်မှတ်ပစ်လိုက်ရမှာလား?

ကျောက်ခေတ်ကလို
ကျွန်တော်တို့ တင်းပုတ်မကိုင်ကြတော့ပါဘူး။
ကျွန်တော်တို့ ကျက်သရေခေါင်းပေါင်းကြီးတွေ ဝတ်ကြပါတယ်။
နက်(က်)တိုင်တွေကိုလည်း ကျကျနန စီးကြပါတယ်။
ဖောင်တိန် တစ်ချောင်းကိုကိုင်၊ ယဉ်ကျေးမှု သမိုင်းတွေကို လှန်လှောမှတ်သားရင်း
တစ်ခါတုန်းက ကျောက်ခေတ်ကို ပျော်ပျော်ပါးပါး စည်းစည်းလုံးလုံး သွားနေကြပါတယ်။

မေးခွန်းရှင် ကျေနပ်လိမ့်မည်ဟု ယူဆပါသည်။


မှတ်ချက်။

ကျွန်တော် လူကောင်းပါဟု ဆိုခြင်းမှာ ခင်ဗျားကို လူဆိုးဟု ပြောခြင်းမဟုတ်။
ကျွန်တော် လူဆိုးပါဟု ပြောခြင်းမှာလည်း ခင်ဗျားကို လူကောင်းပါဟု ဆိုခြင်းမဟုတ်။
အဆိုးဆုံးထဲမှာလည်း ကောင်းခြင်းတွေ ရှိသလို
အကောင်းဆုံးထဲမှာလည်း ဆိုးခြင်းတွေ အများကြီး ရှိပါသည်။
ဆိုလိုသည်မှာ....
ယခုခေတ်ကို အပျက်သဘောများနဲ့သာ မြင်နေခြင်း မဟုတ်။
စာရေးသူက (အပျက်သဘောကိုသာ) သီးသန့် အာရုံစိုက်ထားခြင်း ဖြစ်ကြောင်း သိစေလိုပါသည်။
ခေတ်ပျက်ထဲမှာလည်း အလှတရားတွေ အုံလိုက်ကျင်းလိုက် ရှိနေသေးသည်ဟု ယူဆပါသည်။

အိမ်ဝေးသူ (KZ)

Tuesday, 13 May 2014

ကြောက်ရွံ့ ခြင်းကို ကျော်လွှားအောင်မြင်တဲ့အခါ


၁) အားငယ် သိမ်ငယ်စိတ်တို့ လျော့ပါးလာမယ်။
၂) တွန်အား(သို့) ခွန်အားသစ် တစ်ခု စတင်ရရှိလိမ့်မယ်။
၃) အပြုသဘောဆောင်တဲ့ အလုပ်တစ်ခုခုကို သေချာ လုပ်ဖြစ်လိမ့်မယ်။
၎) အဲလို လုပ်ဖြစ်တဲ့အခါ မိမိကိုယ်ကို ယုံကြည်မှု တိုးလာမယ်။
၅) အဲဒီ အလုပ်ကို လုပ်ရင်းရတဲ့ အခက်အခဲကို ဖြေရှင်းလိုစိတ် ပြင်းပြလာမယ်။
၆) ဖြေရှင်းလို့ ရတဲ့အခါ ဖြစ်လာတဲ့ စိတ်က ပျော်ရွှင်မှု ဆိုတာထက် ပိုတယ်။
ရ) အကြောက်တရား ကျော်လွှားပြီး ပထမဆုံး ကြည်လင်အေးမြစွာ
ခံစားရမှာကတော့....အဲဒီ ကြောက်ရွံ့ ခြင်းကနေ လွတ်မြောက်သွားတဲ့
ရသ....တနည်းအားဖြင့် လွတ်လပ်ခြင်း ရဲ့  အရသာ စစ်စစ်ကို ခံစားရလိမ့်မယ်။

မှတ်ချက်။
ကြောက်လို့ ငြိမ်နေတဲ့ အခါ ငြိမ်နေခြင်းရဲ့  ရသ ကို ခံစားရတယ်။ (မထူးခြားဘူး)
ကြောက်ရွံ့ ခြင်းက ရုန်းထွက်လိုက်တဲ့အခါ အခက်အခဲနဲ့ ထိပ်တိုက်တိုးလိမ့်မယ်။
အဲဒီ အခက်အခဲကို ဖြေရှင်းလို့ ရတဲ့အခါ ဖြစ်လာတဲ့ ရင်ထဲက ခံစားမှုက
ဘာနဲ့မှ မလဲနိုင်ဘူး။ (ထူးခြားတယ်)
ပုံတွင်းပါ စာသားများမှလွဲ၍ ကျန်သည်များမှာ အိမ်ဝေးသူ၏ အမြင်သက်သက် ဖြစ်ပါသည်။
အိမ်ဝေးသူ (KZ)

ကျောချင်းကပ် အားထုတ်ခြင်း


တစ်ချို့ တွေ
အပ်တိုတစ်ချောင်းစာ
ရိုးသားဖို့ ကြိုးစားနေကြတယ်။
တစ်ချို့ တွေ
အပ်ချည်တစ်မျှင်စာ
ကောက်ကျစ်ဖို့ လုံးပမ်းနေကြတယ်။
ကမ္ဘာ့ရွာဆိုတာနဲ့တင်
ငါတို့တတွေ…
ရွာရိုးကိုးပေါက် ခြားနားခဲ့ကြလေရဲ့ ။
အိမ်ဝေးသူ (KZ)

Friday, 9 May 2014

စာရေးသူ (သို့) စာရေးဆရာ


စာရေးဆရာနှင့် ၄င်း ရေးသားသော
အကြောင်းအရာများကို ထပ်တူမမှတ်ယူလေနှင့်။
ဘိန်းစားအကြောင်း...ရေးတိုင်း....
စာရေးဆရာသည်...ဘိန်းစားမဟုတ်။
သူတော်ကောင်းတရားများ....ရေးတိုင်းလည်း
စာရေးဆရာသည်...သူတော်ကောင်းဟု မသတ်မှတ်နှင့်။
စာရေးဆရာ...မည်သို့သော လူစားဖြစ်သည်ကိုမူ
သူနှင့်အကျွမ်းဝင်သော လူနည်းစုက အတိုင်းအတာ တစ်ခုအထိ
သိမြင်တတ်ကြသည်။
တကယ်တော့
စာရေးဆရာဟူသည်
လောက၏ အရှိတရားနှင့်
စာဖတ်သူတို့၏ အမြင်တရားကို
ပေါင်းကူးပေးသော...ကြားခံလူသားတစ်ဦးသာ ဖြစ်သည်။
စာရေးသူတို့သည်
သိလွန်း၊ တတ်လွန်း၊ မြင်လွန်းခြင်းတို့ကြောင့်
စာရေးနေကြခြင်းမဟုတ်။
မရေးရလျှင် မနေနိုင်ခြင်းကြောင့်သာ
စာရေးနေကြခြင်း ဖြစ်သည်။
တနည်းအားဖြင့် ခံစားသိမြင်မှုကို
ဖော်ပြနိုင်စွမ်း ကြီးမားခြင်း ( expressions ) ကြောင့်
ဟု ဆိုနိုင်သည်။
တစ်ခါတရံ
စာရေးသူ တင်ပြသော အယူအဆထက်
သာလွန်သော အတွေးအမြင်တို့ကို
စာဖတ်သူက ချဲ့ ယူတွေးတောသွားကြသည်။
စာရေးသူသည်
သူ..တင်ပြသော အကြောင်းအရာတိုင်းကို
စာဖတ်သူများ လက်ခံရမည်ဟူသော စိတ်ဖြင့် စာရေးခြင်းမဟုတ်။
တစ်ခါတရံ...
စာရေးသူက တစ်ကျပ်ဖိုး ပေးလိုက်ပြီး စာဖတ်သူထံမှ
တစ်ရာဖိုး ပြန်ယူသည့် အခါမျိုးလည်း ရှိသည်။
စာရေးဆရာတိုင်း
လူကောင်းချည်း မဟုတ်သလို
စာရေးဆရာတိုင်းလည်း
တော်ကီသက်သက်လွှတ်သူများ မဟုတ်ကြချေ။
စာဖတ်သူ၏ တာဝန်မှာမူ
စာရေးဆရာတို့သုံးသော မှော်ဝင်စကားလုံးများ၏
ဆွဲဆောင်မှုကို သတိချပ်၍
မိမိ အလိုရှိရာအပိုင်းကို ယူလိုက်ပြီး
မိမိနှင့် မအပ်စပ်သည့် အပိုင်းကို စွန့်ပစ်လိုက်ဖို့ဖြစ်သည်။
ထပ်ပြောပါမည်။
စာရေးဆရာနှင့် ၄င်း ရေးသားသော
အကြောင်းအရာများကို အမြဲတမ်း ထပ်တူမမှတ်ယူလေနှင့်။
အိမ်ဝေးသူ (KZ)

Thursday, 8 May 2014

သတ္တိရှိသူနှင့် သူရဲဘောကြောင်သူ နှင့် အခွင့်အရေး


သတ္တိရှိသူနှင့် သူရဲဘောကြောင်သူကို
ခြားနားထားသောအရာသည် “အခွင့်အရေး” ဖြစ်သည်။
သတ္တိရှိသူသည်
အခက်အခဲများကြားမှ မိမိ၏ အခွင့်အရေးကို
ရအောင်ယူတတ်သည်။
သူရဲဘောကြောင်သူမှာမူ
အကြောင်းအမျိုးမျိုးကြောင့် မိမိအခွင့်အရေးကို
လစ်လျူရှုတတ်တယ်။
အခြေခံ လူသားတစ်ယောက်အနေဖြင့် အခြေခံ လူ့အခွင့်အရေးရှိပါသည်။
တနည်းအားဖြင့်…
လူနှင့် တိရိစ္ဆာန်တို့၏ ခြားနားခြင်းဟုလည်း ပြောနိုင်ပါသည်။
လူသည် မိမိအခွင့်အရေးကို မိမိရအောင် ဖန်တီးတည်ဆောက်ကြရပြီး
တိရိစ္ဆာန်များမှာမူ လူသားတို့ ဖန်တီးပေးသော အခွင့်အရေးကို အသုံးပြုကြရသည်။
ကျွန်တော်ဖော်ပြခဲ့သော အခွင့်အရေးဆိုသည်မှာ
သူတစ်ပါး၏ အခြေခံလူ့အခွင့်အရေးကို ဖျက်ဆီးပြီးမှ ဖြစ်တည်လာသော
မိမိ၏ အခွင့်အရေးကို ဆိုလိုခြင်းမျိုးမဟုတ်ပါ။
ဥပမာ…
မိမိသည် စာလောင်မွတ်သိပ်မှုကို ခံစားနေရသည် ဆိုပါစို့။
မိမိ ဗိုက်ဆာကြောင်းကို သတ္တိရှိရှိ ဝန်ခံရမည်။
မိမိ ဝမ်းဝရေးသည် မိမိ၏ အခြေခံအခွင့်အရေး ဖြစ်သည်။
သို့သော်…မိမိ ဝမ်းဝရေးအတွက် အခြားသူ၏ ထမင်းအိုးကို ရိုက်ခွဲစရာမလို။
မိမိမှာ စားစရာမရှိသည့်အခြေအနေမျိုးတွင် မိမိဘေးမှလူကမူ
စားစရာ အလျှံအပယ် ရှိနေပါက မိမိ၏ အခွင့်အရေးကို ချိုသာစွာ တောင်းဆိုတတ်ရမည်။
(လက်ကြောမတင်းဘဲ အချောင်ခိုသမားများကို မဆိုလို)
အခွင့်အရေးဟူသည်မှာ
အရေအတွက်များများရှိလေ သက်ဆိုင်သူများက အရေးတယူ ပြုရလေဖြစ်သည်။
မိမိ၏ ဝဲယာတွင်ရှိသူများကလည်း ငတ်မွတ်နေပါက ၄င်းတို့နှင့်အတူ
စုပေါင်း၍ မိမိတို့၏ အခြေခံ အခွင့်အရေးကို တောင်းဆိုရပေလိမ့်မည်။
လူအရေအတွက်များလေ…သက်ဆိုင်သူများက ထိုအခွင့်အရေးကို
လျစ်လျူရှူ နိုင်စွမ်းမဲ့လေဖြစ်သည်။ ဆင်းရဲသားများစွာက ၄င်းတို့၏ အခွင့်အရေးကို
သတ္တိရှိရှိ တောင်းဆိုပါက လူချမ်းသာများက ဖြည့်ဆည်းပေးရသည့် ပုံစံမျိုးဖြစ်သည်။
(သူတောင်းစားများကို အားပေးအားမြှောက်လုပ်နေခြင်းမဟုတ်)
မြန်မာနိုင်ငံအတိုင်းအတာနှင့်ပြောလျှင် ကျွန်တော် လွန်ပေတော့မည်။
နိုင်ငံတစ်ခုလုံး၏ ကြွယ်ဝမှု အရင်းအမြစ်များအား လူနည်းစုတစ်စုကသာ
ဝါးမြိုနေကြသည်။ သို့ဆိုလျှင် ပြည်သူအများစု၏ အခြေခံအခွင့်အရေးတို့အတွက်
မည်သူ့မှာ တာဝန်ရှိပါသနည်း။ အုပ်ချုပ်သူများမှာ တာဝန်ရှိသည်ဆိုသော်ငြားလည်း
၎င်းတို့က ပြည်သူတို့၏ အခွင့်အရေးကို ပေးမည်ကား မဟုတ်။ ထို့အတွက် မိမိ၏ အခွင့်အရေးအား ရအောင် ယူရမည်မှာ ပြည်သူတစ်ဦးချင်းစီ၏ တာဝန်ဖြစ်လာသည်။
အခွင့်အရေးကို တောင်းဆိုရာတွင်
စုစုစည်းစည်းဖြင့် တောင်းဆိုရမည်ဖြစ်ပြီး လိုအပ်ပါက “တိုက်ပွဲ” အသွင်ပြောင်းပစ်ရမည်ဖြစ်သည်။
ကျွန်တော်တို့ တိုင်းပြည်တွင် အခြေခံလူ့အခွင့်အရေး ဆုံးရှုံးနေသူများမှာ ပြည်သူအများစု ဖြစ်သည်။
အခွင့်အရေးဆိုသည်မှာ တောင်းရဲ ၊ ယူရဲ ၊ တိုက်ရဲ သူများအတွက်သာ ဖြစ်သည်။
ထိုအခွင့်အရေးအတွက် အမြင့်ဆုံး အရင်းအနှီးက “အသက်” ဖြစ်သည်။ မိမိ၏ အသက်ကိုပေး၍
မိမိ၏ မျိုးဆက်သစ်များအား ၄င်းတို့ ရသင့်သည့် အခွင့်အရေးကို ပိုင်ဆိုင်စေခြင်းသည်
သူရဲဘောကြောင်သူများထက် အဆများစွာ သာမြတ်ပေသည်။
အိမ်ဝေးသူ (KZ)

အချစ်ဆိုတာ


အချစ်ဆိုတာ ကဗျာတစ်ပုဒ်
ငါ...နှစ်နှစ်ခြိုက်ခြိုက်ဖတ်မိတယ်
ရင်ဘတ်တစ်ခုလုံးကို မြှုပ်နှံမိတော့လည်း
နည်းနည်းတော့ လွန်တာပေါ့။

အချစ်ဆိုတာ သီချင်းတစ်ပုဒ်
ငါ...အပျင်းပြေ ဆိုညည်းမိတယ်
အသံတွေအက်ကွဲတဲ့အထိ သီဆိုမိတော့လည်း
နည်းနည်းတော့ ကျွံတာပေါ့။
အချစ်ဆိုတာ....
ဖျော်ဖြေခံ ပစ္စည်းသက်သက် မဖြစ်သင့်ပါဘူး
နှလုံးသားသတ် လက်နက်တစ်ခု မဟုတ်ပါဘူး
အတ္တနှိုးစက် တစ်ခုလည်း မဖြစ်စေချင်ပါဘူး။
ငါ့အတွက်တော့...
အချစ်ဆိုတာ မက်လို့မဆုံးတဲ့ အိပ်မက်တစ်ခု
လျှာပေါ်စွဲပြီး ကျန်နေတတ်တဲ့ ကော်ဖီတခွက်
ဘယ်တော့မှ မရိုးနိုင်တဲ့ အိပ်ယာဝင်ပုံပြင်တစ်ပုဒ်။
သူ့ဆန်စားရင် ရဲရတယ်ဆိုတဲ့စကားလို
ချစ်ခဲ့မိတော့လည်း ရူးရဲရတော့မှာပေါ့။
ဘာပဲဖြစ်ဖြစ်...
လက်တစ်ဆုပ်စာ ဖြစ်စေ
ကြက်တစ်ဝပ်စာပဲ ဖြစ်စေ
ငါ့...ဘဝလေးကို
အချစ်နဲ့ ရှင်သန်ပါရစေကွယ်။
အိမ်ဝေးသူ (KZ)

Monday, 5 May 2014

အတိတ်ချို ၊ အတိတ်ခါး နှင့် ကျွန်တော်

(၁)

အချို့ သူတို့အတွက် အတိတ်သည် အဆိပ်။

အချို့ သူတို့အတွက် အတိတ်သည် အရိပ်။

အတိတ်သည် အချို့ သူတို့အတွက် အမှည့်လွန်သွားသော သစ်သီးပုပ်တစ်လုံး။

အတိတ်သည် အချို့ သူတို့အတွက်မူ စွန်ပလွန်ကဲ့သို့ အကျိုးပြုသော အပင်တစ်ပင်။

သို့ဆိုလျှင် အတိတ်သည် ကျွန်တော်တို့ လူမှုဘဝများအတွက် အရေးပါသည်ဟု ဆိုနိုင်ပါသည်။

အတိတ်ကို အသုံးပြုတတ်ပါက အမှားအယွင်းနည်းတတ်သည်။

အသုံးမပြုတတ်ပါကမူ သင်ခန်းစာကြီးကြီး ရတတ်လေသည်။

ဤနေရာတွင် ကျွန်တော်သတ်မှတ်ထားသော အတိတ် (၂) မျိုးရှိကြောင်း ပြောချင်ပါသည်။

(က) အတိတ်ချို (ချိုမြိန်သောအတိတ်)

(ခ) အတိတ်ခါး (ခါးသက်သောအတိတ်)

အတိတ်ချို နှင့် အတိတ်ခါးတို့သည် လူ့ဘဝအဖုံဖုံကို ပုံစံမျိုးစုံဖြင့် အထောက်အကူပြုလျက် ရှိသည်။


(က) အတိတ်ချိုအား အသုံးချခြင်း


 ဥပမာ...ဆိုကြပါစို့။

ကျွန်တော်သည်...အိမ်ဝေးသူ ဖြစ်သည်။

အိမ်နှင့်ဝေးကွာခဲ့သည်မှာ...(၇) နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။

လက်ရှိကာလတွင် မိသားစုနှင့်ဝေးကွာသော ခံစားချက်တို့ဖြင့် ကျွန်တော် မပျော်မရွှင်

ဖြစ်နေသည်ဆိုပါစို့။

လက်ရှိအနေအထားကလည်း အိမ်ပြန်ပြီး မိသားစုနှင့် ပျော်ပါးနိုင်သည့် အခြေအနေမျိုးမဟုတ်။

သို့ဆိုလျှင် ကျွန်တော့်အတွက် အကောင်းဆုံးသော နည်းလမ်းမှာ တစ်ခါတုန်းက

မိမိအတိတ်အား ပြန်လည်တူးဖော်ခြင်းဖြစ်သည်။

ကျွန်တော် မိသားစုနှင့်ဝေးကွာသည့် ခံစားမှုကို ကုသရန်မှာ မိသားစုနှင့်အတူရှိစဉ်တုန်းက

ဖြစ်ထွန်းခဲ့ဖူးသော ပျော်ရွှင်ကျေနပ်ကြည်နူးမှုတို့ကို ပြန်လည်တူးဖော်ပြီး မိမိကိုယ်ကိုယ်

ကျေနပ်စေခြင်းဖြစ်သည်။

(မွေးကတည်းက မိသားစုဆိုတာနဲ့ မနေခဲ့ဖူးသူတွေ၊ အဖေအမေ၊
ညီအကိုမောင်နှမ ဆိုတာ မမြင်ဖူးသူတွေ၊ ရာသက်ပန်မိသားစုနဲ့ ဝေးကွာနေရှာတဲ့သူတွေနဲ့
ယှဉ်လိုက်ရင် ငါ့ဘဝက အများကြီး ကျေနပ်စရာကောင်းတယ်..
တစ်ချိန်က မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ဖူးတာပဲလေဟု တွေးမိသည့်အခါ
ပစ္စုပ္ပန်တွင် ရင်ဆိုင်ခံစားနေရသော နာကျင်မှုတို့ အခိုက်အတန့် ပြေလျော့ရသည်။
နောင်တစ်ချိန်မှာ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေနိုင်အောင် ပိုကြိုးစားမယ်ဟူသော
ခွန်အားသစ်တို့ မွေးဖွားစေသည်)


(ခ) အတိတ်ခါးအား အသုံးချခြင်း


ဥပမာ...ဆိုကြပါစို့။

ကျွန်တော်သည် ငယ်စဉ်က စာမကြိုးစားခဲ့။ ထို့အတွက် စာမေးပွဲများစွာ ကျရှုံးခဲ့သည်။

ညီအကိုမောင်နှမများထဲတွင်လည်း ကျွန်တော်သည် အညံ့ဆုံးဖြစ်သည်။

သူငယ်ချင်းများထဲတွင်လည်း ကျွန်တော်ကသာ အညံ့ဆုံးဖြစ်သည်။

ထို့အတွက် အများစု၏ ပစ်ပယ်ရှောင်ကြဉ်ခြင်းကို ခံရသည်။

ထိုကဲ့သို့ လစ်လျူရှုခြင်း၏ အရသာကို ကျွန်တော်ကောင်းကောင်းသိသည်။

ကံကြမ္မာအလှည့်အပြောင်းကြောင့် လမ်းမှန်သို့ရောက်ပြီး ကြိုးစားရုန်းကန်ခွင့်ကို ရရှိသည်။

ဤနေရာတွင်လည်း ကျွန်တော်သည် အတိတ်ခါးများမှ သင်ခန်းစာ ယူရမည်ဖြစ်သည်။

အတိတ်တုန်းက လစ်လျူရှုခြင်း၏ ခါးသီးမှုများ၊ မကြိုးစားခြင်း၏ ရလဒ်ဆိုးများကို

ပြန်လည်သုံးသပ်ရင်း လက်ရှိကာလကို ကောင်းသထက်ကောင်းအောင် ဖန်တီးရမည်ပင်ဖြစ်သည်။

အထက်ဖော်ပြပါ ဥပမာများသည် အတိတ်ချိုနှင့် အတိတ်ခါးကို အသုံးချပုံများဖြစ်သည်။

သို့သော် အချို့ သူများက အတိတ်ချိုကိုသာ ခံနိုင်ရည်ရှိကြပြီး အတိတ်ခါး၏ ရိုက်ခတ်မှုကိုမူ

ခံနိုင်ရည်မရှိကြ။


အဘယ့်ကြောင့်ပါနည်း။


(သဘောထားခံယူချက်နှင့် လက်ခံကျင့်သုံးလိုစိတ်) ကြောင့်ဖြစ်ပါသည်။

သတိပြုရန်မှာ မိမိသည် မိမိစိတ်ကို နိုင်နင်းသလားဟု သုံးသပ်ရန်ဖြစ်သည်။

အတိတ်ချိုများကို မတူးဖော်ဘဲ အတိတ်ခါးများကိုသာ တူးဆွပြီး မိမိစိတ်ကို မိမိ ညှင်းပန်း

နှိပ်စက်သည့် အပြုအမူများကိုလုပ်ဆောင်ပါက နောင်တများ၊ နာကျင်စရာများဖြင့်သာ

ပြည့်နှက်နေပေလိမ့်မည်။

အထက်တွင် အတိတ်ခါးအတွက် ဥပမာပေးခဲ့သကဲ့သို့ ....

(ငါ့ကို အမြဲလူတွက နှိမ်ခဲ့တာပဲ၊ ဘာလို့ ကြိုးစားရမှာလဲ၊ ကိုယ့်ထမင်းကိုယ်စားတာ ဘယ်သူ့
ဂရုစိုက်ရမှာလဲ၊ ငါ့ကို နှိမ်ခဲ့၊ ဖယ်ခဲ့တဲ့လူတွေ တွေ့ကြသေးတာပေါ့)

အစရှိသဖြင့် အပြုသဘောမဆန်သည့် မကောင်းသော စိတ်ခံစားမှု ဘက်ကို အလေးသာသွားပါက

နစ်နာစရာဖြစ်ရပေလိမ့်မည်။

ထို့အတွက်ကြောင့်...မိမိသည် စိတ်ဓာတ်ကြံ့ခိုင်ပြီး အပြုသဘောဆန်သူ ဖြစ်ပါက အတိတ်ချို၊

အတိတ်ခါး နှစ်ခုစလုံးကို အသုံးပြုနိုင်ပြီး၊ အားငယ်တတ်သူ၊ အပြုသဘောမဆန်သူဖြစ်ပါက

အတိတ်ချိုမှ ချိုမြိန်မှုများကိုသာ အသုံးချစေချင်ပါသည်။

မိမိအား ခွန်အားသစ် မပေးနိုင်လျှင်...

မိမိအား ပျော်ရွှင်ချမ်းမြေ့မှု မပေးနိုင်လျှင်...

အတိတ်မှ သင်ခန်းစာ တစ်ခုခုယူပြီး ပြောင်းလဲမှု မလုပ်နိုင်လျှင်...

ထိုအတိတ်ကို အဆိပ်ခတ်၍ သတ်ပစ်လိုက်ခြင်းက ပိုကောင်းသည်။



(၂)

ကျွန်တော်သည် ကဗျာဆရာတစ်ဦး မဟုတ်ပါ။

ကဗျာဆရာဟုလည်း မိမိကိုယ်ကိုမိမိ ခံယူထားခြင်းမရှိပါ။

ခံစားတတ်သော သာမန်လူတစ်ယောက်သာ ဖြစ်ပါသည်။

ခံစားချက်တို့ တိုက်ဆိုင်လာသည့်အခါတွင်တော့ ကျွန်တော်သည် ကဗျာရေးသူတစ်ဦး

ဖြစ်သွားတတ်ပါသည်။

ကဗျာဆရာမဟုတ်သည့်ကျွန်တော့်အတွက် တစ်ခါတရံ မိမိစိတ်က

မျောက်စိတ်နှင့် အလားတူသည်ဟု ယူဆမိပါသည်။

မိမိခံစားချက် (ဈာန်) ဝင်စားရာ နယ်ပယ်သည် တစ်နေရာတည်းတွင်

တည်နေခြင်းမျိုးမဟုတ်ဘဲ (အချစ်၊ အိမ်ထောင်ရေး၊ လူမှုရေး၊ ပညာရေး......)

အစရှိသဖြင့် နယ်ပယ်များစွာ ဖြစ်နေတတ်ပါသည်။



(၃)

ကျွန်တော့်ကို အတိတ်မှ မရုန်းထွက်နိုင်သူတစ်ဦးအဖြစ် အချို့ က

ထင်မြင်ကြပါသည်။ စိတ်ပူကြပါသည်။

ထို့အတွက် ကျွန်တော် ဝမ်းသာကျေနပ်ရပါသည်။

အမှန်တကယ်တွင်မူ...

ကျွန်တော်သည် အတိတ်တွင် ပျော်မွေ့နေသူတစ်ဦး မဟုတ်ပါ။

ပစ္စုပ္ပန်တွင်နေထိုင်ရင်း ယုံကြည်ရာ အိပ်မက်များစွာဖြင့် ရုန်းကန်ကြိုးစားနေသူ

တစ်ဦးသာ ဖြစ်ပါသည်။

ခံစားမှုအားကောင်းသည့်အတွက် မိမိအလိုရှိသည့်အခါ (သို့) မိမိ

ဈာန်ဝင်စားလိုသည့်အခါ မိမိ၏ အတိတ်ကို အချိန်မရွေး ပြန်သွားနိုင်ပါသည်။

အတိတ်ကို သေသေသပ်သပ် သုံးတတ်သဖြင့် ထိုအတိတ်က ကျွန်တော့် ပစ္စုပ္ပန်အား

ဘယ်တုန်းကမျှ ဒုက္ခပေးနိုင်ခဲ့ခြင်း အလျင်းမရှိ။ အမှည့်လွန်သွားသော သစ်သီးတစ်လုံး မဖြစ်ခဲ့။



(၄)

ကျွန်တော်သည် ထိန်းချုပ်မှုတစ်စုံတရာအောက်မှ ကင်းလွတ်သော၊ အနှောင်အဖွဲ့ ကင်းလွတ်သူ

တစ်ဦးဖြစ်ပါသည်။

ထို့အတွက် တိုက်ဆိုင်မှု ရှိလာသည့်အခါ ကျွန်တော် အလွမ်းကဗျာတွေ ရေးတတ်ပါသည်။

တနည်းအားဖြင့် အတိတ်ကို အလည်သွားခြင်းဟု ပြောနိုင်ပါသည်။

သို့သော် အတိတ်မှာ အချိန်ကြာကြာပေးပြီး အလည်လွန်သည့် အဖြစ်မျိုးကို ရှောင်ကြဉ်ပါသည်။

ပစ္စုပ္ပန်မှာ တည့်တည့်နေသောကြောင့် ကြိုးစားရုန်းကန်နေခြင်း ဖြစ်သည်။

တစ်စုံတစ်ယောက်ကို အချိန်ပြည့် လွမ်းနေခြင်းမျိုး ကျွန်တော်မလုပ်ပါ။

တစ်စုံတစ်ယောက်အတွက် ဖြစ်ထွန်းခဲ့သော ခံစားမှုတို့ကိုသာ ပြန်လည်တူးဖော်တတ်ခြင်း

ဖြစ်ပါသည်။ ထိုသို့ တူးဖော်သည့်အခါတိုင်း ကျွန်တော့်ရင်မှာ ချမ်းမြေ့ကျေနပ်ရပါသည်။



(၅)

ကျွန်တော် အချစ်ကဗျာများ ရေးပါဦးမည်။

ထိုကဗျာများတွင် အလွမ်းရနံ့၊ အချစ်ရနံ့တို့ သင်းထုံလိမ့်ဦးမည် ဖြစ်ပါသည်။

ကျွန်တော့်မှာ ကျွန်တော့် အတိတ်နှင့် ပစ္စုပ္ပန်နှစ်ခုစလုံးကို ပုံအောရမည့် ချစ်သူသက်ထား

မရှိသေးပါ။

ထို့ကြောင့်...တစ်ခါတုန်းက ဆိုသော အရာများကို တရားဝင် တူးဖော်လွမ်းဆွတ်ခွင့်

ရှိသည်ဟု ယူဆပါသည်။

သနားစရာကောင်းလွန်းသော၊ အမြဲတမ်းကြေကွဲနေသော၊ အတိတ်တွင် တဝဲဝဲလည်နေသော

အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေသောသူတစ်ဦးအဖြစ် မမြင်ကြစေလိုပါ။

စာရေးသူနှင့် စာရေးသူရေးသားသော အကြောင်းအရာများသည် အမြဲတမ်း

ထပ်တူမကျနိုင်ကြောင်း ပြောချင်ပါသည်။ စာဖတ်သူလည်း အတိတ်ချို နှင့် အတိတ်ခါးတို့အား

လိုအပ်သလို အသုံးပြုနိုင်မည်ဟု မျှော်လင့်မိပါသည်။


အိမ်ဝေးသူ (KZ)

Saturday, 3 May 2014

အလင်္ကာမြောက် စွန့်လွှတ်ခြင်း



(ဘ၀)ကို
အခမ်းနားဆုံး တည်ဆောက်မယ်လို့ ဆုံးဖြတ်ခဲ့တော့
(အချစ်)ကို ဘောင်တစ်ခုနဲ့ခတ်လို့ ဥပေက္ခာ ပြုခဲ့မိတယ်...။

အေးအတူ ပူအမျှ ဒိုးတူပေါင်းဖက်လို့ ဆိုချင်ပေမယ့်
(ဒုက္ခ)ကို ငါ့အတွက် ထုပ်ပိုးရင်း
(သုခ)ကိုတော့ ညီမလေးအတွက် ထားရစ်ခဲ့ပါတယ်...။
ကိုယ့်ဘဝကိုယ်တောင် မပိုင်တဲ့သူဆိုတော့
နောက်ထပ် ဘဝတစ်ခုကိုလည်း
ဘယ်လိုကြောင့်မှ မချည်နှောင်ချင်တော့ပါဘူးကွယ်...။
အိမ်ဝေးသူ (KZ)

Friday, 2 May 2014

"နိုင်ငံတော်"


********
“နိုင်ငံတော်” ဆိုသည်မှာ
လူတစ်စုကို ရည်ညွှန်းခြင်းလား?
သို့မဟုတ်
လူအများစုကို ကိုယ်စားပြု ခြင်းလား?

ပြည်သူအများစု၏ ဦးနှောက်ထဲတွင် သံမှိုကဲ့သို့ စွဲမြဲစွာ ရိုက်သွင်းခြင်းခံထားရသည်က
“နိုင်ငံတော်” သည် လက်တစ်ဆုပ်စာ လူနည်းစုကို တိုက်ရိုက်ကိုယ်စားပြုသည်။
သတင်းစာများ၊ ဂျာနယ်များ၊ ရုပ်မြင်သံကြား အစီအစဉ်များတွင်
ထပ်တလဲလဲ ဖော်ပြနေသော “နိုင်ငံတော်” ဟူသော ဝေါဟာရသည်
အမှန်တကယ် ဝေဖန်သုံးသပ်ပါက လူနည်းစုကိုသာ ကိုယ်စားပြုနေသည်။
ဝမ်းနည်းဖွယ် ကောင်းလေစွ။
“နိုင်ငံတော်” ၏ ကျွန်းသစ်များ
“နိုင်ငံတော်” ၏ ရေထွက်ကုန်စည်များ
“နိုင်ငံတော်” ၏ တွင်းထွက်ပစ္စည်းများ
“နိုင်ငံတော်” ၏………………………….များ
“နိုင်ငံတော်” ၏…………………………..များ
အစရှိသည်တို့သည် “နိုင်ငံတော်” ပိုင်ဖြစ်ပါက
အဘယ်ကြောင့် ပြည်သူတို့နှင့် စိုးစဉ်းမျှ မသက်ဆိုင်ရပါသနည်း။
ကျွန်တော်တို့ ပြည်သူများ ညံ့ဖျင်းသည်ဟု ဆိုရမည်လား?
ဥပမာ…
မြစ်ကြီးမြစ်ငယ်အသွယ်သွယ် စီးဆင်းနေသော မြန်မာ့မြေပေါ်မှာ ပေါက်ဖွားသော
အခြေခံလူတန်းစားကလေးငယ်တစ်ဦးအနေဖြင့် အဘယ်ကြောင့် တစ်လတွင်
တစ်ကြိမ်မျှ ပုစွန်ထုပ် မစားနိုင်ပါသနည်း?
ဤပုံစံဖြင့် ဆက်သွားမည်ဆိုပါက ယခု မျိုးဆက်သစ်တို့အတွက် ပုစွန်ထုပ်ဆိုသည်မှာ
ကျောင်းဖတ်စာအုပ်ထဲမှ ခပ်ကွေးကွေးရှိသော ရေသတ္တဝါတစ်ကောင်ဟုသာ မှတ်သားနိုင်မည့်
အခြေအနေမျိုး ဆိုက်ရောက်ချေတော့မည်။
“နိုင်ငံတော်” ဆိုသော နာမည်ကိုင်လိုက်သည်နှင့် ကြောက်ဒူးတုန်နေရသော ပြည်သူ
များပြားနေသရွေ့ …။
“နိုင်ငံတော်” ဟူသော ဝေါဟာရ၏ နောက်မှလိုက်သော ပိုင်ဆိုင်မှုများသည်
မိမိတို့ပြည်သူများ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်ကို သဘောမပေါက်သရွေ့ ….။
“နိုင်ငံတော်” ဟူသည် လူနည်းစုတို့၏ စည်းစိမ်ခံစားမှုအတွက် အထောက်အကူပြုသော လှေကားတစ်စင်းသာ ဖြစ်လာမည်မှာ မလွဲဧကန်တည်း။
အိမ်ဝေးသူ (KZ)

Thursday, 1 May 2014

လမ်းခွဲဖို့ မဆုံးဖြတ်ခင် ဘာလုပ်သင့်ပါသလဲ?


ဆိုကြပါစို့။


ချစ်သူနှစ်ယောက် ရှိတယ်။

ချစ်သူသက်တမ်းလည်း အထိုက်အလျောက် ရှိပြီ။

တစ်ယောက်အကြောင်းလည်း တစ်ယောက် အတော်အတန် သိပြီ။

ကာလကြာလို့ ငြီးငွေ့တတ်တဲ့ အနေအထားမျိုးလည်း ရှိလာပြီ။

သာမန် ကိစ္စသေးသေးလေးတွေကို တစ်ယောက်ယောက်က အကြီးကြီး လုပ်ပစ်တတ်လာမယ်။

တစ်ယောက်ကို တစ်ယောက် သည်းခံနိုင်စွမ်းနည်းလာမယ်။

တစ်ယောက်က နောက်တစ်ယောက်ကို အနွံတာခံတာမျိုး လုံးပါးပါးလာမယ်။

တစ်ယောက်က တစ်ခုခု ပြောလာတဲ့အခါ ကျန်တစ်ယောက် ပြန်ဖြေတဲ့ပုံစံက စိတ်မရှည်ဘဲ

ဒေါသသံ စွက်နေမယ်။

ပျော်စရာ အချိန်တွေထက် စိတ်ပျက်ငြီးငွေ့နေရတဲ့ အချိန်တွေ ကုန်ဆုံးဖို့သာ ကျိတ်ပြီး ဆုတောင်းနေရမယ်။


အဲဒီလို အခြေအနေမျိုးကို စာဖတ်သူ ကြုံဖူးပါသလား(သို့) ကြုံနေရပါသလား ?

ကြုံနေရပြီဆိုရင်ရော အဲဒီအခြေအနေမျိုးကို စာဖတ်သူ ဘယ်လို ဖြေရှင်းမလဲ?

သေချာတာ တစ်ခုက (အားနည်းချက်တွေ၊ စိတ်ပျက်ငြီးငွေ့မှုတွေ) က အစိုင်အခဲ အဖြစ်

တဖြည်းဖြည်း စုစည်းလာမယ်။

နောက်ဆုံး တစ်ယောက်ယောက်က အကြောင်းပြချက် တစ်စုံတရာ မည်မည်ရရ မပေးဘဲ

နောက်တစ်ယောက်ကို ချန်ထားပစ်ခဲ့တတ်ကြတယ်။

အဲဒီအခါ နှစ်ယောက်စလုံးအတွက် အစာမကြေဘဲ အမုန်းပွားတာမျိုးတွေ ဖြစ်တတ်တယ်။

အထူးသဖြင့် ချန်ထားခံရသူက အမုန်းမီးတောက်တတ်ကြတယ်။

နှစ်ယောက်စလုံးက ပြတ်ချင်ပြတ်ပစေတော့ ဆိုတဲ့ အနေအထားမျိုး ဖြစ်နေပြီဆိုပါတော့။


လုပ်သင့်တာလေးတစ်ခုကို ကျွန်တော် အကြံပေးပါရစေ။


အချိန် သုံးရက် (သို့) ခုနှစ်ရက် ယူပါ။

စာရွက်တစ်ရွက်ပေါ်မှာ မိမိ ချစ်သူရဲ့  မိမိ အမုန်းဆုံး၊ မကြိုက်ဆုံး အမူအကျင့်မျိုးတွေ၊

အားနည်းချက်တွေကို ချရေးခိုင်းပါ။ မိန်းကလေးက ယောက်ျားလေးအတွက်ရေးပေးမှာဖြစ်ပြီး

ယောက်ျားလေးကတော့ မိန်းကလေးအတွက် ရေးရပါလိမ့်မယ်။


ဥပမာအနေနဲ့…

မောင်ဖြူနဲ့ မနီတို့ ချစ်သူနှစ်ဦး အကြောင်းကို စာရင်းလုပ်ပြီး ရေးပြပါမယ်။

မောင်ဖြူက မနီ အကြောင်းရေးမှာဖြစ်ပြီး မနီက မောင်ဖြူအကြောင်း ရေးမှာပါ။



မောင်ဖြူ (မနီရဲ့ အကျင့်ဆိုးများ၊ အားနည်းချက်များကို ရေးမှာပါ)


၁)

အမြဲလိုလို shopping ထွက်ပြီး ပိုက်ဆံဖြုန်းနေတဲ့ အကျင့်ကို လုံးဝမကြိုက်ပါ။

၂)

သန်းတဲ့အခါ ပါးစပ်ကြီး ဖြဲပြီး သန်းတယ်။ ကားပေါ်လည်း မရှောင်၊ လမ်းပေါ်လည်း မရှောင်
အဲဒီအကျင့်ကြောင့် လူအများရှေ့မှာ မောင်ဖြူ မျက်နှာငယ်ရတယ်။ အမြန်ဆုံးပြင်ပါရန်။

(၃)

ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ အလှအပကို လုံးဝ စိတ်မဝင်စားတော့ဘူး။ ဖိုသီဖတ်သီ
နေတတ်လွန်းတယ်။ (အိမ်ထောင်များကျရင်မတွေးရဲပါ)။

(၄)

ချစ်သူတစ်ယောက်လုံး အရှေ့မှာ နှာခေါင်းထဲ လက်နှိုက်တဲ့အကျင့်။
ရရှိလာတဲ့ နှာချေးဖတ်ကို လက်ညှိုးလက်မ, သုံးပြီး အတွင်းအားနဲ့ ချေတတ်တဲ့အကျင့် လုံးဝ မကြိုက်ပါ။
အင်မတန် ရွံတတ်ပါတယ်။

(၅)

ကိုယ့်ချစ်သူနဲ့ တစ်ခြားယောက်ျားတစ်ယောက်ရဲ့ အခြေအနေ တစ်စုံတရာ ကွာဟမှုကို အမြဲ
ပြစ်တင်ပြောဆိုတတ်တယ်။ အဲဒီ အကျင့်ကို လုံးဝ မကြိုက်ပါ။


မနီ (မောင်ဖြူရဲ့  အကျင့်ဆိုးများ၊ အားနည်းချက်များကို ရေးမှာပါ)


(၁)

ချစ်သူတစ်ယောက်လုံးကို ဘေးမှာထားပြီး တစ်ခြား ကောင်မလေး အလှပဂေးတွေကို
လစ်ရင်လစ်သလို ပေါ်တင် ငမ်းတယ်။ တစ်ယောက်ဆို တစ်ယောက်ပဲ ဆိုတာမျိုးကိုသာ အလိုရှိပါတယ်
အမြန်ဆုံး ပြုပြင်ပါ။

(၂)

ဗိုက်အောင့်တတ်တယ်ဆိုတာကို အကြောင်းပြပြီး ချစ်သူရှေ့မှာ အားမနာတမ်း၊ မရှက်တမ်း
လေလည်တတ်တယ်။ ပြီးရင် ရုပ်တည်ကြီးနဲ့ နေတတ်တယ်။ လုံးဝ မကြိုက်ပါ။ အနည်းဆုံးတော့
လူကွယ်ရာမှာ ကိစ္စရှင်းသင့်ပါတယ်။

(၃)

မိဘပိုက်ဆံကိုပဲ ထိုင်ဖြုန်းတယ်။ အလုပ်မကြိုးစားဘူး။ ယောင်ခြောက်ဆယ် အကျင့်တွေကို
လုံးဝမကြိုက်ပါ။ ကြိုးစားရိုးသားတဲ့ ချစ်သူကိုပဲ လက်တွဲဖော်လုပ်ချင်ပါတယ်။ အမြန်ဆုံး အလုပ်ရှာရန်။

(၄)

စကားပြောလို့ အဆင်မချောတဲ့အခါ နှုတ်ကြမ်းတယ်။ ချစ်သူကိုတောင် (ကောင်မ) ဆိုတဲ့
နာမ်စားသုံးတယ်။ အခုအချိန်မှာတောင် ဒီလိုပုံစံမျိုး ပြသနာကို မဖြေရှုင်းရင် အိမ်ထောင်ဘက် ဖြစ်တဲ့အခါ
ဆဲဆိုကြိမ်းမောင်းနေမယ့် ဘဝမျိုး အလိုမရှိပါ။ လုံးဝ လက်မခံပါ။

(၅)

ဆေးလိပ်သောက်တဲ့ အကျင့်ကို ပြင်ခိုင်းတာ ချစ်သူ စဖြစ်ကတည်းကပဲ။
အဲဒီတုန်းကတော့ အဖြေပေးရင် ဆေးလိပ်ဖြတ်မယ်ဆိုလို့ အဖြေပေးမိတယ်။
အခုတော့ လုံးဝ မဖြတ်ဘဲ ဆက်သောက်တယ်။ ဆေးလိပ်အနံ့ မခံနိုင်ပါ။
အခုတော့ ဆေးလိပ်ကို ဖြတ်မလား၊ ချစ်သူကို ဖြတ်မလား လို့ပဲ မေးရလိမ့်မယ်။

(မောင်ဖြူ၊မနီ စသော နာမ်စားများသည် ဥပမာသာ ဖြစ်သည်)


အထက်မှာ ကျွန်တော် တင်ပြခဲ့တာတွေက ဥပမာ အနေနဲ့ပါပဲ။

ဘာလို့ အဲလိုတွေ ချရေးခိုင်းရသလဲဆိုတာ အကြောင်းပြချက်လည်း ရှိပါတယ်။

တော်ရုံ ချစ်သူစုံတွဲတွေက ပွင့်ပွင့်လင်းလင်း တစ်ယောက်အားနည်းချက်ကို

တစ်ယောက် မဝေဖန်တတ်ဘူး။ မဝေဖန်ရဲကြဘူး။

သိုသိပ်ခံစားရင်း ကြာလာတဲ့အခါ ငြီးငွေ့မှုတွေ၊ စိတ်ပျက်မှုတွေ၊ အားနည်းချက်တွေ စုပြီး

(နောက်ဆုံးအကြိမ် မွမ်းမံတည်ဆောက်ခြင်း) အဆင့်ကိုတောင် မရောက်ဘဲ

ဇာတ်လမ်းက ပြတ်ရော။


ဒီလို တစ်ယောက်မကြိုက်တာတွေ တစ်ယောက်က ချရေးပြီး စာရင်းနဲ့ တင်ပြလိုက်ခြင်းအားဖြင့်

ချစ်သူနှစ်ယောက် ချစ်သက်တမ်းကို ဆွဲဆန့်ခြင်းမည်တယ်။

ညှိနှိုင်းဖို့ အခွင့်အရေးတစ်ခု ရလာတယ်။

အနည်းဆုံး မိမိအားနည်းချက်ကို မိမိနဲ့ အနီးစပ်ဆုံး လူတစ်ယောက်က

အရိုးသားဆုံးနဲ့အမှန်ကန်ဆုံး ဝေဖန်ပေးတာကို ရလိုက်နိုင်တယ်။

(ပြုပြင်ပြောင်းလဲလိုစိတ်ရှိနေသမျှ အမြတ်ပဲ)

ညှိလို့မှ မရရင်....
သည်းခံနိုင်စွမ်းမှ မရှိတော့ရင်လည်း
အကောင်းဆုံးကို ကြိုးစားဆောင်ရွက်ခဲ့ပြီးဖြစ်လို့...
လွမ်းလောက်စရာ မရှိတော့ဘူး။


ချစ်တိုင်းလည်း မညား ဆိုတဲ့
စကား မှန်ခဲ့ရင်လည်း
ကိုယ့်ချစ်သူက သူ့အမှားသူသိပြီး၊ သူ့အားနည်းချက် သူပြင်ဆင်ပြီး
အကောင်းဆုံး ကြိုးစားနေထိုင်မယ်ဆိုရင်
ကိုယ်နဲ့ မညားခဲ့ပေမယ့်...
ကိုယ့်ချစ်သူနဲ့ ညားမယ့်သူအတွက် ကံကောင်းတယ်လို့ပဲ မှတ်ယူလိုက်ပါ။


မှတ်ချက်။ ကောင်းတဲ့အချက်တွကို တကူးတက ထည့်ရေးပြစရာ မလိုပါ။  



ခင်မင်စွာဖြင့်

အိမ်ဝေးသူ (KZ)