**************
(ငါ)
တောတောင်တစ်နေရာမှာ
မျက်စိလည် လမ်းမှားနေသူတွေအတွက်
ခပ်ဖျော့ဖျော့ အလင်းရောင်ကလေးနဲ့ 
လမ်းမှန်ပြရင်း အကျိုးပြုနိုင်စွမ်းတဲ့
ပိုးစုန်းကြူးကလေးတစ်ကောင် ဖြစ်ချင်ခဲ့ဖူးပါရဲ့  ။
(ငါ)
ပူပြင်းလောင်ကျွမ်းမှုကို စုပ်ယူရပေမယ့်
တောက်ပအေးမြတဲ့ အလင်းရောင်နဲ့ 
ကမ္ဘာမြေရဲ့ မှောင်မိုက်မှုကို ဖြိုခွင်းအနိုင်ယူနိုင်စွမ်းတဲ့
လ,နတ်သားလေးတစ်ပါးလည်း ဖြစ်ချင်ခဲ့ဖူးပါရဲ့  ။
(ငါ)
ပိုးစုန်းကြူးတစ်ကောင်..ဆီမီးတစ်ခွက်
နေတစ်စင်း..မာကျူရီမီးတစ်ချောင်း
လမင်းတစ်ပါး..ဂျယ်လီငါးတစ်ကောင်
အလင်းရောင်တစ်ဆုံး...အနွေးဓာတ်တစ်ခု
ပူလောင်မှုတစ်လှေ..အေးချမ်းခြင်းတစ်ကမ္ဘာထဲက
ပိုင်ဆိုင်တာ တစ်ခုတလေများရှိမလားလို့ ကြည့်လိုက်တော့
တကယ့်ကို...ဝမ်းမြောက်ဝမ်းသာပါပဲ
ငါပိုင်ဆိုင်တာတွေက (မရှိခြင်းများ) တစ်ပွေ့ တပိုက်တဲ့ ။
(ငါ..နတ္တိ)
အလင်းတမျှင်လည်း မပေးနိုင်မယ့်အတူ
အနွေးဓာတ်တစ်ငွေ့ လည်း မဝေနိုင်မယ့်အတူ
ပြာဖုံးပြီး တစ်ငွေ့ ငွေ့နဲ့ သိမ်ငယ်စွာလာင်မြိုက်နေရတဲ့
မီးတောက်ကလေးဖြစ်ရမှာလည်း ငါ....ရှက်တယ်..
ဖြစ်ချင်တာတွေမဖြစ်မယ့်နောက်တော့...
အားမတန်လို့ မာန်လျှော့ရင်း
ကိုယ့် မီးရှိန် ကိုယ်တိုင်ပဲ ငြိမ်းသတ်လိုက်တော့တယ် ။
ကျေးဇူးပြုပြီး
ငါ့...ကိုတော့
လာ..လာ..မဆွကြပါနဲ့ ...။
အိမ်ဝေးသူ (KZ)

No comments:
Post a Comment