ကျွန်တော် ငါးတန်းကျောင်းသားအရွယ်လောက်ကတည်းက ဖြစ်သည်။
မေမေသည် ယခုကဲ့သို့ပင် တစ်မိသားစုလုံးအတွက် နံနက်စာနှင့် ညစာ
အစားအသောက်များအား မိမိလက်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ရခြင်းကို
အလွန်နှစ်သက်သူဖြစ်သည်။ ပြည့်စုံကုံလုံသည့် မျိုးရိုးမှ ဆင်းသက်လာသူများ
မဟုတ်သည့်အပြင် ဖေဖေ့ဝင်ငွေတစ်ခုတည်းနှင့် မလောက်ငှသည့်အတွက်
မေမေပါ အလုပ်ကို မနားမနေ ကြိုးစား၍ လုပ်ရရှာသည်။ အိမ်မှုကိစ္စများနှင့်
ကျွန်တော့်ကို ကျောင်းသို့ပို့ပြီးသည့်အခါ ရပ်ကွက်ထဲက အလုပ်ရုံတစ်ခုတွင်
အချိန်ပိုင်းအလုပ်တစ်ခုကို မေမေလုပ်လေ့ရှိသည်။ ကျောင်းအသွားကို ဖေဖေက
လိုက်ပို့လေ့ရှိပြီး ကျောင်းအပြန်ကိုတော့ မေမေက အလုပ်မှ အပြန်ဝင်ကြိုလေ့ရှိသည်။
တစ်ရက်ကျတော့ မေမေက ကျွန်တော့်ကို ပုံမှန်အတိုင်းထက် နာရီဝက်လောက်
နောက်ကျပြီး လာကြိုသည်။ မေမေ့ပုံစံက ပင်ပန်းနွမ်းနွယ် မောဟိုက်လွန်းနေသည်။
မေမေနှင့် ကျွန်တော် အိမ်ရောက်ပြီးတော့ ထုံးစံအတိုင်း ကျွန်တော်က သူငယ်ချင်းများနှင့်
ကစားရန်ထွက်သွားသည်။ ယခုအချိန်ပြန်တွေးမိတော့လည်း ကျွန်တော်သည်
ငယ်စဉ်ကတည်းက အဆော့မက်လွန်းခဲ့သူဖြစ်သည်။ မေမေကတော့ အိမ်သန့်ရှင်းရေးနှင့်
စားရေးသောက်ရေးများကို မနေမနားလုပ်ရင်း အိမ်မှာကျန်ခဲ့သည်။
ည (၈) နာရီလောက်ကျတော့ ဖေဖေ ပြန်ရောက်လာသည်။ မိသားစုထမင်းဝိုင်းလေး
စိုစိုပြေပြေဖြင့် စတင်လိုက်ပြီ ဖြစ်သည်။ မေမေက စားပွဲပေါ်တွင် တစ်မျိုးတည်း ဖြစ်သော
ငါးကြော်နှင့် အရည်သောက် ဟင်းချိုတစ်ခွက်ကို ချပေးထားသည်။
ငါးကြော်ပန်းကန်ကို ဖေ့ဖေ့ရှေ့ သို့ ချပေးလိုက်သော မေ့မေ့မျက်နှာက သိပ်မကောင်းလှ။
ဖေဖေက ငါးကြော်ပန်းကန်ထဲက ငါးကြော်တွေကို ကြည့်ပြီး မေ့မေ့မျက်နှာကို
သေချာကြည့်၍ ပြုံးပြလိုက်သည်။ ဖေဖေ့ အပြုံးတွေကို ကျွန်တော် သိပ်နားမလည်လှ။
ကျွန်တော်ကမူ ငါးကြော်ပန်းကန်ထဲက ငါးကြော်တူးတူးများကို ကြည့်ပြီး
မေမေ့ကို ဖေဖေက ဆူပူကြိမ်းမောင်းလေမလားဟု တွေးနေမိသည်။
သို့သော် ဖေဖေကမူ ငါးကြော်တစ်ဖက်ကို ယူ၍ ကျွတ်ခနဲမြည်အောင် ဝါးရင်း
ဟင်းချိုတစ်ဇွန်းကို အားရပါးရ ခပ်သောက်လိုက်သည်။
ပြီးတော့ ထမင်းကို မြိန်ရေယှက်ရေ စားတော့သည်။
စားရင်း ကျွန်တော့်ဘက်သို့လှည့်၍ စကားပြောသည်။
“သားကြီး…ကျောင်းစာတွေ လိုက်နိုင်ရဲ့ လားကွ”
“ဟုတ်ကဲ့ ဖေဖေ…သား လိုက်နိုင်ပါတယ်”
“အေး…ကောင်းတယ်…စာကို သေသေချာချာ ကျက်နော် သား..."
"ထမင်းစားပြီးရင် စာဖတ်ချိန်ရောက်ပြီ...အပေါ်ထပ်မှာ စာသွားဖတ်ချေ”
“ဟုတ်ကဲ့…ဖေဖေ”
ကျွန်တော် စားလို့ပြီးတော့ စားပွဲဝိုင်းမှ ထပြီး လွယ်အိတ်ယူကာ အိမ်အပေါ်ထပ်သို့
တက်ခဲ့သည်။ စာဖတ်ရန် စာအုပ်ကို ဖွင့်လိုက်သော်လည်း အောက်ထပ်မှာ
“ဘာဆက်ဖြစ်မလဲ” ဟူသော စူးစမ်းစိတ်က ကျွန်တော့်ကို ထမင်းစားပွဲဝိုင်းကို
မြင်သာထင်သာသော နေရာထိရောက်အောင် တွန်းပို့လိုက်သည်။ ဖေဖေလည်း
ထမင်းစားသောက်ပြီး၍ ထမင်းဝိုင်းမှ ထမည် အလုပ် မေမေက ဖေ့ဖေ့ဘေးမှာ
လာရပ်သည်။ ပြီးတော့
“ငါးကြော်တွေ တူးသွားတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်…မောင်”
မေမေ့တောင်းပန်စကားကို ကြားသည့် ဖေဖေက မတ်တပ်ရပ်လိုက်ပြီး
“မောင့်မိန်းမရဲ့  ငါးကြော် ကျွတ်ကျွတ် တူးတူးလေးက ထမင်းစားလို့ပိုကောင်းတယ်ကွာ
မောင်ဒီနေ့ ထမင်းစား ပိုမြိန်တယ်”
“မောင်ထမင်းစားပွဲကို သိမ်းလိုက်မယ်… အနားယူလိုက်ဦးလေ”။
ထိုနေ့က ကျွန်တော် မြင်တွေ့ ခဲ့ရတာက သည်လောက်သာဖြစ်သည်။
သို့သော် ကျွန်တော့်သိချင်စိတ်မှာ မေးခွန်းတစ်ခုက အဆက်မပြတ် စီးဆင်းနေခဲ့သည်။
ဖေ့ဖေ့ကို မေးချင်ပေမယ့် အိပ်ရာဝင်ချိန် ရောက်ပြီဖြစ်၍ မေးခွင့်မကြုံလိုက်။
နောက်တစ်ရက် ဖေဖေကျွန်တော့်ကို ကျောင်းလိုက်ပို့သည်။
“ဖေဖေကို သားတစ်ခု မေးလို့ရမလား”
“မေးလေ..သားရဲ့ ”
“မေမေရဲ့  ငါးကြော်တူးတူးတွေကို ဖေဖေက တကယ်ပဲကြိုက်တာလားဟင်…
သားစားတုန်းက တူးလည်း တူးတယ်…ခါးလည်းခါးပြီး ငန်လည်း ငန်တယ် ဖေဖေရဲ့ ”
ဖေဖေက လမ်းလျှောက်တာကို ရပ်လိုက်ပြီး ကျွန်တော်နှင့် မျက်နှာချင်းဆိုင် အနေအထားကို
ဒူးထောက်ထိုင်ချလိုက်ပြီး
“သားရဲ့ မေမေက သားကို ပညာတတ်ကြီး ဖြစ်စေချင်လွန်းလို့
အပင်ပန်းခံပြီး သူများဆီမှာ အလုပ်လုပ်နေတာ…သားရဲ့ …”
“မနေ့ကတုန်းက သားရဲ့ မေမေက အလုပ်အရမ်းပင်ပန်းနေတာ ဖေဖေသိတယ်
ဖေဖေ့ကို ထမင်းဆီစမ်းချည်းပဲ ကျွေးရင်တောင် ဖေဖေက သားမေမေကို အပြစ်မတင်နိုင်ဘူး”
ပြီးတော့ ကျွန်တော် တစ်သက်မမေ့စေမည့် စကားတစ်ခွန်းကို ပြောသွားခဲ့သည်။
“ငါးကြော်တူးတာက ဖေ့ဖေ့ကို နှလုံးသားကို မနာကျင်စေဘူး…
သားမေမေရဲ့  နွမ်းလျတဲ့ မျက်နှာက ဖေဖေ့ နှလုံးသားကို ခံရခက်ပြီး နာကျင်စေတယ်”
ဤသည်မှာ လွန်ခဲ့သော ၁၅ နှစ်ကျော်ခန့်က ကျွန်တော် ကြုံတွေ့ခဲ့ရသော
အဖြစ်အပျက် တစ်ခုမျှသာ ဖြစ်သော်လည်း ယနေ့အထိ ကျွန်တော့်ဘဝမှာ
သတိတရ ဖြစ်နေဆဲ ဖြစ်သည်။ အတိတ်ဟု ဆိုပေမယ့် ကျွန်တော့်ဘဝမှာ
အရိပ်တစ်ခုလို တွယ်ကပ်နေသော ချိုမြိန်မှုတို့ဖြစ်သည်။ မကြာသော ကာလမှာ
ကျွန်တော်လည်း ဖေဖေရွေးချယ်ခဲ့သလို (အိမ်ထောင်ပြုခြင်း) တည်း ဟူသော
အသေချာဆုံးလမ်းကို လျှောက်ရဦးမည် ဖြစ်သည်။ ထိုအနေအထားမျိုးတွင်
၁) မေမေနှင့် ဖေဖေတို့ အပြန်အလှန်ထားရှိခဲ့ကြသော နားလည်မှုမျိုး ကျွန်တော့်
အလှည့်တွင် ထူထောင်နိုင်ပါမည်လား?
၂) ပြည့်စုံကြွယ်ဝခြင်း မရှိသော မိသားစုဘဝကို ရင်ဆိုင်ဖြတ်သန်းရမည်ဆိုပါက
ကြုံရသော ဘဝအခက်အခဲများကို ဖေဖေနှင့် မေမေတို့ကဲ့သို့ သတ္တိရှိရှိ
ရင်ဆိုင်နိုင်စွမ်း ရှိမည်လော?
၃) ဖေဖေကဲ့သို့ အပြစ်တင်စရာကို လစ်လျူရှုရင်း ဇနီးသည်၏ မျက်နှာပြင်ပေါ်က
အခက်အခဲကို မြင်အောင် ကြည့်ပေးနိုင်စွမ်း ရှိပါမည်လား?
၎) တစ်ချိန်တုန်းက မေမေသည် ( နေမကောင်းလို့ပါ...အလုပ်များနေလို့ပါ ) ဟူ၍
ဆင်ခြေလုံးဝ မပေးခဲ့ဘဲ သူမ၏ အမှားကိုသာ အတိအလင်း ရင်ဆိုင်ခဲ့သည်။
ကျွန်တော့် အလှည့်တွင်ရော မေမေ ကျင့်ဆောင်ခဲ့သကဲ့သို့
ကျွန်တော်မှားသွားပါသည် ဟု ရဲရဲဝံ့ဝံ့ ရင်ဆိုင်တောင်းပန်ဝံ့ပါမည်လော?
၅) မေမေ့ ငါးကြော်အကြောင်း ဖေဖေ့ကို မေးခဲ့တုန်းက ဖေဖေပေးခဲ့သော အဖြေမျိုး
“သားရဲ့ မေမေက သားကို ပညာတတ်ကြီး ဖြစ်စေချင်လွန်းလို့
အပင်ပန်းခံပြီး သူများဆီမှာ အလုပ်လုပ်နေတာ…သားရဲ့ …” လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်
သားဖြစ်သူကိုပါ မိဘ၏ အခက်အခဲ အကျပ်အတည်းနှင့် အပြန်အလှန် ထားရှိသော
မေတ္တာတရားကို မြင်သာထင်သာအောင် ဆုံးမနိုင်စွမ်း ရှိပါမည်လော?
၆) မည်သို့ပင်ဖြစ်စေကာမူ...
မည်မျှခက်ခဲ ကြမ်းတမ်းသော ဘဝကို ပိုင်ဆိုင်ရသည်ဖြစ်စေ...
မေမေ့ကဲ့သို့ ဦးစွာ တောင်းပန်တတ်ရန်နှင့်
ဖေဖေကဲ့သို့ အပြစ်ကို အပြုံးဖြင့် ဖလှယ်စိတ်မွေးရန်
ကျွန်တော် ကြိုးစားရဦးမည် ဖြစ်သည်။
အမှတ်တရ များစွာဖြင့် ...
အိမ်ဝေးသူ (KZ)