Friday, 14 February 2014
Valentine's Day အသုပ်စုံ
ချစ်သူများနေ့တဲ့...။
တစ်ချို့ က အစွန်းရောက်သည်။
တစ်ချို့ က အလယ်အလတ် ဆန်သည်။
တစ်ချို့ က ဥပေက္ခာ ပြုသည်။
ချစ်သူများနေ့တဲ့...။
အလွန်အကျွံများလျှင်တော့ မကောင်းပါ။
သို့သော် ချစ်သူများနေ့ ခေါင်းစဉ်အောက်မှာ
( ချစ်ခြင်း ထာဝရ တည်စေလိုသော စိတ်တစ်ခုဖြင့် )
ချစ်သူကို မှတ်မှတ်ရရ တစ်စုံတရာ( ဘောင်အတွင်း ) မြတ်နိုးစွာ ပေးခဲ့သည် ရှိသော်
အပြစ်ဆိုစရာ မရှိလှပါ။
ချစ်သူများနေ့တဲ့...။
မိမိ ချစ်သူကို လာမယ့် နှစ်မှာလည်း
ချစ်ခြင်းမှ မြတ်နိုးခြင်း အဖြစ် တစ်ဆင့် တိုးနိုင်ပါမည်လော။
မိမိ ချစ်သူကို လာမည့်နှစ်မှာ
ချစ်သူမှ တစ်ဘဝစာ လက်တွဲဖော် အဖြစ် လက်ခံနိုင်ပါမည်လော။
မိမိ ချစ်သူကို လာမည့်နှစ်မှာ
မိမိကသာ ပိုင်ဆိုင်နိုင်အောင် ကြိုးစားမည်ဟု ကတိပေးနိုင်ပါသလား။
ချစ်သူများနေ့တဲ့...။
နိုင်ငံရေး အခြေအနေမကောင်းပါ....
ထို့ကြောင့် ဒီနေ့ ပျော်ရွင်မှုကို တစ်ဝက်သာ ခံစားပေးပါ။
ကျန်တစ်ဝက်ကို မပျော်ရွှင်နိုင်သူ ညီအကို မောင်နှမများ အတွက် ချန်ထားပါ။
စီးပွားရေး အခြေအနေမကောင်းပါ...
ထို့ကြောင့် ဒီနေ့မှာ သုံးမည့် ငွေကြေးကို တစ်ဝက် ချွေတာပါ။
ကျန်တစ်ဝက်အား ချို့ တဲ့သူများအတွက် ရည်စူးလှူဒါန်းပါ။
ဘာသာရေး အခြေအနေ မကောင်းပါ...
ထို့ကြောင့် ဒီနေ့မှာ မိမိကြောင့် မိမိဘာသာတရား အထင်အသေးမခံရပါစေနှင့်။
အချစ်လို့...တ နေပေမယ့် အချိန်မရွေး အခြေအနေ ပြောင်းသွားနိုင်ပါတယ်။
ချစ်သူများနေ့တဲ့...။
မလိမ်ဘဲ ဖြေကြည့်ပါ....။
ချစ်သူကို တစ်စုံတရာ ပေးပြီး ...တစ်စုံတခု ပြန်လိုချင်တာမျိုးလား
ချစ်သူဆီက ( အခွင့်ထူးခံ...ခံစားခွင့် ) နေ့လို သတ်မှတ်ထားပါသလား
ချစ်သူနှစ်ယောက် ( အပြန်အလှန် ဖလှယ်ပွဲက ) မေတ္တာလဲလှယ်ပွဲသာ ဖြစ်သင့်တာ ဟုတ်ပါသလား
ချစ်သူများနေ့...တဲ့။
ချစ်သူများနေ့မှာ ချစ်သူနှင့် ကွေကွင်းရသူတို့ ရှိပါသလား
သို့ဆိုလျှင် စိတ်မကောင်း မဖြစ်ပါနှင့်...
ချစ်ခြင်းမေတ္တာဟူသည် ( လူ+လူ ) မပါလျှင် နဂိုရည်တင့်သော အနုပညာ တစ်မျိုးဖြစ်ပါသည်။
တစ်ခါတုန်းက ရှိခဲ့ဖူးသော ( ချစ်ခြင်းမေတ္တာ တရားဟူသည် )
သင်မှ လွဲ၍ မည်သူကမျှ ခိုးယူသွားနိုင်ခြင်း မရှိသည်ကို သိပါသလား
ဥပမာ ဆိုပါမည်...။
တစ်စုံတစ်ယောက်က သင့်အချစ်ကို ဥပေက္ခာပြု ထားခဲ့ပါသလား။
သင်...နာကျင် ခံစားခဲ့ရပါလိမ့်မည်။
ထို့ကြောင့်...ဒီနေ့ ချစ်သူများနေ့မှာ...
သင်...သူ့အကြောင်းကို လုံးဝ မစဉ်းစားပါနှင့်။
သို့သော်....
တစ်ချိန်တုန်းက သင်ထားရှိခဲ့ဖူးသော မေတ္တာတရားကို သင့်ထံပါးသို့ ခဏခေါ်လိုက်ပါ။
သူနှင့် စကားစမြည် ပြောကြည့်ပါ...။
သူ့ကို သင့်ထံက မည်သူမှ မလုနိုင်ပါ....။
သင်...မုန်းသော လူတစ်ယောက် မပါလျှင် သင် ချစ်ခဲ့သော ချစ်ခြင်းမေတ္တာသည်
အဘယ်မျှ ခမ်းနားလှပခဲ့သည်ကို
သင်.... ကျေကျေနပ်နပ် ခံစားရပါလိမ့်မည်...။
(ကျွန်တော်လည်း)
ကျွန်တော့်အတွက်... သူမကို မလိုအပ်တော့ပါ...။
သို့သော်...တစ်ချိန်တုန်းက ရှိခဲ့ဖူးသော
မေတ္တာတရားနှင့်တော့ စကားစမြည် ပြောလိုပါသည်။
နားလည်ပေးကြစေလိုပါသည်။
ကျေးဇူးပြုပြီး....
ကျွန်တော့်အတွေး တံခါးကို လာ....မခေါက်ပါနှင့်။
( သင် လျော်ပေးနိုင်မည် မဟုတ်ပါ )
အိမ်ဝေးသူ (KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment