Friday, 7 February 2014

အချစ်၊ အိမ်ထောင်ရေးဘဝနှင့် အလွန်အကျွံများ


(၁)

ပထမဆုံးအနေနဲ့ သတင်းကောင်း ပေးချင်တာက အိမ်ထောင်ကျပြီးသွားရင်

ယောက်ျားလေးတွေ အများစုက အလွန်အကျွံ တစ်ဖက်သတ် ဆန်တာမျိုးနည်းပါတယ်။



(၂)

ချစ်သူဘဝမှာ ချစ်သူနှစ်ယောက်စလုံးက ချစ်နေရုံပဲ တာဝန်ရှိတာလား ?

မဟုတ်ပါဘူး။ မိမိချစ်သူအကြောင်းကို သိသင့်သိထိုက်သလောက် သိထားခြင်းက

မိမိက ချစ်သူနဲ့ အိမ်ထောင်သည်ဘဝကို ကူးပြောင်းတဲ့ အခါ အလွန်အထောက်အပံ့

ဖြစ်စေပါတယ်။

ဥပမာ…

ချစ်သူရဲ့  မျိုးရိုးနောက်ခံက ဇီဇာကြောင်တဲ့ မျိုးရိုးက ဆင်းသက်လာတာလား….?

သူ့မိဘတွေက ဘယ်လိုအနေအထားမျိုးရှိကြသလဲ…?

မိဘနှစ်ပါးအပါအဝင် မိသားစုအချင်းချင်း ဆက်ဆံရေးအနေအထားက ဘယ်လိုလဲ…?

ဗီဇနဲ့ အကျင့်မှာ ဗီဇပါလာရင် ပြင်ယူဖို့ မလွယ်ပေမယ့် အကျင့်ဆိုးတစ်ခုခု

ပါလာတာမျိုးဆိုရင်တော့ အချိန်ယူ ပြုပြင်ပေးလို့ ဖြစ်နိုင်ပါတယ်။

အဲဒီတော့ တတ်နိုင်ရင် ချစ်သူဘဝမှာ ချစ်နေရုံမဟုတ် ချစ်သူအကြောင်းကို

အတန်အသင့် သိထားခြင်းက မိမိကိုယ်ကို စောင့်ရှောက်ခြင်းမည်တယ်။



(၃)

ချစ်သူနှစ်ယောက် လက်ထပ်လိုက်သည် ဖြစ်စေ…

မိဘ သဘောတူပေးစားပြီး လက်ထပ်လိုက်ရသည်ဖြစ်…

ကျွန်တော်ကတော့ အိမ်ထောင်ပြုခြင်းဆိုတာကို ( မိမိနှင့် အိမ်ထောင်ဘက် )

ကန့်လန့်ကာနှစ်ခုကို ဖွင့်ချလိုက်ခြင်းလို့ပဲ ယူဆပါတယ်။

ဘာကြောင့်ပါလဲ???

ချစ်သူဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် ဟန်ဆောင်မှု၊ လိမ်လည်မှု တွေ

အနည်းအများ ပါတတ်ကြပါတယ်။ တနည်းအားဖြင့် မိမိဘဝအခြေအနေကို ချစ်သူက

အချိန်တိုအတွင်း သိဖို့လည်း ခက်ပါတယ်။ ဇနီးမောင်နှံဖြစ်သွားပြီဆိုရင်တော့

တစ်ယောက်အကြောင်းကို တစ်ယောက် အသိဆုံး လူနှစ်ယောက်လို့လည်း

ပြောလို့ရပါတယ်။ ဟန်ဆောင်မှုတွေ တော်တော်များများ ကွာကျသွား

တတ်ပါတယ်။ အဲဒီအခါမှာ မူရင်း စရိုက်တွေ ပေါ်လာတတ်ပါတယ်။



(၄)

အရမ်း ဇီဇာကြောင်တဲ့ ချစ်သူမျိုး ( ကိုယ်သည်းမခံနိုင်တဲ့အတိုင်းအတာမျိုးရှိသူ )

ရထားတဲ့သူဆိုရင် အချိန်မလွန်ခင် စဉ်းစားပြီး ဆက်ဆံရေး ရပ်တန့်ချင်

ရပ်တန့်လို့ ရပါတယ်။ မိမိနဲ့ယူပြီးမှ (မိန်းမ ပြော တစ်ည) တဖြည်းဖြည်း ပြင်ယူမယ်လို့ 

စိတ်မကူးလိုက်ပါနဲ့။ မိမိဘက် က ခံနိုင်ရည်မဲ့လာတဲ့အခါ ဆိုးကျိုးများတတ်ပါတယ်။



(၅)

ဥပမာ…

ပညာရေး ကွာခြားလွန်းခြင်း

စီးပွားရေး ကွာခြားလွန်းခြင်း

အတွေးအခေါ် ကွာခြားလွန်းခြင်း

တစ်ဖက်သား၏ အထောက်အပံ့ကို ယူထားရခြင်း

သြဇာအာဏာ လောင်းရိပ်မှ ရုန်းမထွက်နိုင်ခြင်း စတဲ့ အချက်တွေဟာ

ချစ်သူ ဘဝမှာ ဖြစ်စေ၊ အိမ်ထောင်သည်  ဘဝမှာ ဖြစ်စေ မိမိကို တစ်ဖက်သားက

အလွန်အကျွံ ဆက်ဆံတာမျိုးရဲ့  အကြောင်းခံ ဖြစ်စေနိုင်ပါတယ်။ မိမိရဲ့  မိဘတွေက

သူ့မိဘတွေကို ကြောက်ရတာမျိုး၊ သူ့မိဘရဲ့ ကျေးဇူး ကိုယ့်မိဘပေါ် ပိနေတာမျိုးတွေက

မိမိ တစ်ဘဝလုံးကိုလည်း ကူးစက်တတ်ပါတယ်။ မိဘ အလှည့်ပြီးတဲ့အခါ

မိမိအလှည့်မှာလည်း သူ့ရဲ့ တစ်စုံတရာ (ငွေ၊သြဇာ၊လောင်းရိပ်၊ကျေးဇူးတရား) ကို

ကြောက်ရွံ့ နေရရင်းနဲ့ အလိုလို သိမ်ငယ်အောက်ကျို့ ရတဲ့ ဘဝမျိုးကို

ရောက်သွားတတ်တယ်။ အဲဒီမှာ မိမိရဲ့ ဘဝ ကြင်ဖော် ဖြစ်လာမယ့်သူက ဘယ်လောက်

ရင့်ကျက်နားလည် စာနာတတ်သလဲဆိုတာနဲ့ မိမိ ဘယ်လောက် ခံနိုင်ရည် ရှိမလဲဆိုတာက

သိပ်အရေးကြီးပါတယ်။ တစ်ဖက်ကလည်း နားလည်မှု မရှိသူဖြစ်ပြီး မိမိမှာ သည်းခံနိုင်ရည်

မရှိဘူးလို့ သေချာနေရင် စောစောစီးစီး တစ်သက်စာ လမ်းခွဲလိုက်ခြင်းက ပိုကောင်းပါတယ်။



မေးခွန်းနဲ့ တိုက်ရိုက်ပက်သက်သော အကြောင်းပြန်ချက်များ


(၆)

ပထမဆုံး အနေနဲ့ မိန်းမ တစ်ယောက်အနေနဲ့ အိမ်ထောင်ဘက်ကို ဟိက်မဟ်

(Hikmah) လက်ကိုင်ထားပြီး မိမိရဲ့ ဒုက္ခကို အချိုသာဆုံး တင်ပြသင့်ပါတယ်။

ဥပမာ…

တစ်ခါတရံ နေမကောင်းချင်ယောင်ဆောင်ပြီး ဖြစ်စေ၊ တကယ် နေမကောင်းတဲ့အခါ

မျိုးမှာ ဖြစ်စေ၊ မိမိရဲ့  ချက်ပြုတ်လျှော်ဖွတ်ရတဲ့ အခက်အခဲကို တစ်ဖက်သား သိအောင်

သူ့ကို အိမ်မှုကိစ္စတွေကို လုပ်ခိုင်းသင့်ပါတယ်။ ( ယောက်ျားအနေနဲ့ ဇနီးမယားကို

အလားတူ လုပ်ရပ်မျိုးကို လုပ်ခိုင်းလို့ရပါတယ် ) မိမိ လုပ်ကိုင်ဆောင်ရွက်နေရတဲ့

အခက်အခဲကို တစ်ဖက်သားက အတိုင်းအတာ တစ်ခုထိ ကိုယ်တွေ့ လုပ်ခဲ့ဘူးမယ်

ဆိုရင် အလွန်အကျွံ ပြောဆို တာမျိုး သိပ်မဖြစ်ဘူးလို့ ယူဆရပါတယ်။

ဥပမာ တစ်ခုပေးပါမယ်။


မိန်းမဖြစ်သူက မီးဖိုချောင်မှာ ယောက်ျားအတွက် မနက်စာ ကြက်ဥကြော်နေပါတယ်။

ယောက်ျားဖြစ်သူက ရုတ်တရက် မီးဖိုချောင်ထဲ ဝင်လာပြီး


“ဟေ့..သေချာ ဂရုစိုက်ပြီး ကျော်လေကွာ..သေချာ ဂရုစိုက်…”
“ဘာတာ (Butter) နည်းနည်း ထပ်ထည့်…”
“ ဘုရားရေ…”
“ကြက်ဥ တစ်ဖက်တည်းကို အကြာကြီး ကြော်နေရသလားကွ”
“နောက်တစ်ခြမ်းကို လှည့်ပေးလေ….”
“ဘာတာ (Butter) နည်းနည်း ထပ်ထည့်ဦးကွ”
“ဟေ့ဟေ့…တူးကုန်တော့မယ်…ဂရုစိုက်လေကွာ”
“ဟာ…ဘာတာ (Butter) တွေလည်း များလိုက်တာကွာ”
“ဘယ်တော့မှ ငါ့စကားကို နားမထောင်ဘူး “
“ဟေ့…မင်းရူးနေသလား…ဘယ်မှာလဲ ကြက်ဥထဲကို ထည့်မယ့်ဆား”
“ဆားထည့်ကွ…မသေမချင်း မှတ်ထား ကြက်ဥကြော်ရင် ဆားထည့်ရတယ်”


အလွန်အကျွံ ပြောလာတဲ့ ယောက်ျားကို မိန်းမ ဖြစ်သူက ဒေါသတကြီး ကြည့်ပြီး


“ကျွန်မ ကြက်ဥ မကြော်တတ်ဘူးလို့ ရှင်ထင်နေသလား” တဲ့…

အဲဒီလို ပြောတဲ့ စကားကို ကြားတဲ့အခါမှာ ယောက်ျားဖြစ်သူကလည်း

“မိန်းမရေ…ကိုယ်ကားမောင်းတာကို မင်းလိုက်စီးတဲ့အခါတိုင်းမှာလည်း

…ကိုယ်…ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တာကို မင်းသိရဲ့ သားနဲ့ ဘေးကနေ

အစုံပြောပြောနေတာ မင်းကို သတိထားစေချင်တာပါ”….တဲ့


အဲဒီနေ့ကစပြီး ယောက်ျားဖြစ်သူဟာ ကားကို စိတ်ချမ်းချမ်းသာသာ မောင်းခွင့်ရသွားတယ်။



(၇)

အလွန်အကျွံ ဆက်ဆံတတ်သူအတွက် ကုစားနည်း နောက်တစ်နည်းက ပိတ်နေကျ

ပါးစပ်ပေါက်ကို ဖွင့်လိုက်ခြင်းပါပဲ…။ တနည်းအားဖြင့် သူ့ထက် အလွန်အကျွံ

ပိုလုပ်ပြလိုက်ရမှာမျိုးပါ။ ဒါပေမယ့် အန္တရာယ် တော့ အနည်းအများ ရှိတတ်ပါတယ်။

တစ်ခါတလေကျတော့ မိမိက ချစ်လို့ ခွန်းတုံ့မပြန်တာ၊ နှုတ်ဆိတ်နေတာကိုက

 တစ်ဖက်သားအတွက် အလွန်အကျွံ ဆက်ဆံစရာမျိုး ဖြစ်တတ်တယ်။ အရမ်းလွန်တဲ့

ယောကျားမျိုးကို တစ်ပတ်လောက် ကလေးထိန်းခိုင်းကြည့်လိုက်…တော်ရုံ အိမ်မှုကိစ္စတွေကို

ဘယ်တော့မှ ဝင်ပါတော့မယ်မထင်ဘူး။


နောက်ဆုံး ပြောချင်တာက....


မီးမလောင်ခင် တားရတယ်တဲ့…။

မီးလောင်တဲ့အခါ… အိမ်နဲ့ အသုံးအဆောင်တွေ ပြာကျတတ်ပေမယ့်

အိမ်ထောင်ရေး မီးလောင်တဲ့အခါ…

လူနှစ်ယောက်ထက်ပိုတဲ့ ဘဝတွေ ပြာကျပျက်စီးတတ်တယ်။

ကျေးဇူးပြုပြီး…

အိမ်ထောင်ရေး မီးမလောင်ခင် နိုင်တဲ့နည်းနဲ့ တားကြပါလို့…။



ခင်မင်စွာဖြင့်...

အိမ်ဝေးသူ (KZ)


No comments:

Post a Comment