Saturday, 22 February 2014

အမှတ်မရှိတဲ့ သစ်ပင်


ဘယ်တော့မှ မကြွေဘူးဆိုတဲ့

သစ်ရွက်တစ်ထောက်စာ မာနကလေးနဲ့ 

တိမ်စင်တဲ့ ကောင်းကင်အောက်မှာ...

ငါ့ညတွေ.....တည်ငြိမ်အေးချမ်းခဲ့ဖူးပါရဲ့ ။



ဒီလိုနဲ့ ...

အပျံသင်စ ငှက်ကလေးတစ်ကောင်

ငါ့....ရင်ခွင်....ကိုင်းကြီးကြီးမှာနား

အမှတ်တမဲ့နဲ့ တစ်နေရာစာ ယူသွားလိုက်တာ

အိုကွယ်...ငါ့ရဲ့ ညတွေကတော့..

ယောက်ယက်ခတ်တော့မယ်နဲ့ တူပါရဲ့ ။


မြင်လိုက်မိတဲ့ အခိုက်အတန့် မှာတင်

ပြူးကျယ်ဝိုင်းစက်နေတဲ့ မျက်ဝန်းနှစ်ခု

ချွန်မြမြ နှုတ်သီးလေးတစ်စုံရယ်

ပြီးတော့....

မင်းရဲ့ ကိုယ်သင်းနံ့ လေး ပျော်ဝင်နေတဲ့

တောင်ပံခတ်သံတွေကြားမှာ....

ငါ့...နှလုံးသား ပင်စည်တစ်ခုလုံးနဲ့ မြုပ်နှံရင်း

မင်းကို ချစ်နေမိပြီ...ထင်ပါရဲ့ ကွယ်...

တစ်ပြိုင်တည်း...မျှော်လင့်မိတာက....

မင်းရဲ့ ..တောင်ပံခတ်သံတွေ...ညံနေမယ့်

ငါ့...ဘဝ အသိုက်အမြုံလေးတစ်ခုပေါ့ ။


ငှက်ကလေးရေ...

ခုဆို...မင်းရဲ့ အိပ်တန်းတက်ချိန်တွေ....

ငါ...အလွတ်ရ...မျှော်နေတတ်ပြီ...

တစ်ခါတခါ...

မင်း..မရောက်လာတဲ့ ညညတွေမှာ

ငါ့...အရွက်တွေတောင်...ခါးလိုက်ကြတာ..

အဲလိုညတွေဆို...ငါကိုယ်တိုင်...

ငါ့အမြစ်တွေနဲ့  ကြိုးကွင်းစွပ်ပြီး...

ခမ်းခမ်းနားနား သေပစ်လိုက်ချင်ရဲ့ ကွယ်။


သြော် . . .

ငယ်သွေးကြွနေတဲ့ ငှက်ကလေးရေ

တကယ်တော့လည်း

ငါက...မင်း..မခြွေလည်း ကြွေရမယ့် သစ်ပင်အိုပါ....

နွေဦးပေါက်အသစ်စက်စက်ကတော့...

ငါ့....အရွက်တွေကို ခြွေဖို့ စောင့်နှင့်နေပြီလေ

ခုဆို....မင်းမရှိရင်

ဆောင်းရာသီကတောင် ...ငါ့အရွက်တွေ....

ပြန်ဝေအောင် မလုပ်ပေးနိုင်တော့ဘူးတဲ့ကွယ်။


ငှက်ကလေးရေ....

မင်းဘက်က.. အမှတ်တမဲ့ဆိုပေမယ့်

ငါလို သစ်ပင်အို အတွက်တော့...

တစ်ဘဝစာ အမှတ်တရတွေ အုံလိုက်ကျင်းလိုက်နဲ့ ပါ

ဟောဒီ...

အမှတ်မရှိတဲ့...ငါ့..အတွက်တော့....

မင်းမရှိတော့မယ့် မနက်ဖြန်တွေရဲ့ ကောင်းကင်တိုင်းမှာ...

ဘယ်တော့မှ လ,သာမှာ မဟုတ်တော့ပါဘူးကွယ်။


အိမ်ဝေးသူ (KZ)

No comments:

Post a Comment