Sunday, 23 February 2014

တခြမ်းပဲ့ ပညာတတ်


ပညာတတ် အဖေဖြစ်သူက သားဖြစ်သူ ပညာတတ်ကြီးကို ခရီးအတွေ့အကြုံ
ရစေလိုသောကြောင့် လေ့လာရေးခရီးတစ်ခုကို ခေါ်သွားသည်။
ခရီးတစ်ထောက် နားသောအခါ ရွက်ဖျင်တဲကို ကျကျနန ထိုးလိုက်သည်။
ပြီးတော့ ပင်ပန်းလွန်းသဖြင့် သားအဖ နှစ်ဦးစလုံး အိပ်မောကျသွားသည်။
အိပ်ရာမှနိုးလာသောအခါ အဖေ ဖြစ်သူက သားကို နှိုးလိုက်သည်။
အဖေ ။ သားရေ…ကောင်းကင်ကိုကြည့်။
ပြီးရင် အဖေ့ကို မင်းဘာတွေ မြင်သလဲ ဆိုတာကို ပြောပြစမ်းကွာ။
သား ။ အဖေ… ကောင်းကင်ပေါ်မှာ ကြယ်တွေ အများကြီးတွေ့တယ် အဖေရ။
သိပ်ကြည့်လို့ကောင်းတာပဲ အဖေရာ။
အဖေ ။ အဲဒီကြယ်တွေနဲ့ လှပနေတဲ့ ကောင်းကင်ကြီးကိုကြည့်ပြီး
သား နောက်ထပ် ဘာများ ကောက်ချက်ချလို့ရသေးလဲကွ။
သား ။ သား သင်ခဲ့ရတဲ့ သဘာဝပတ်ဝန်းကျင်လေ့လာရေးသိပ္ပံပညာအရတော့
မိုးကောင်းကင်မှာ မရေမတွက်နိုင်အောင်များပြားလွန်းတဲ့ ဂလက်ဆီလို့ခေါ်တဲ့
ကြယ်အစုအဝေးရယ်၊ ပြီးတော့ ကမ္ဘာမြေလို တစ်ခြားဂြိုဟ်တွေ ရှိသေးကြောင်း
သိရပါတယ် အဖေ။
အဖေ ။ နောက်ထပ် ဘာများ သတိထားမိသေးလဲ ငါ့သား။
သား ။ ဒီလောက်ပါပဲ အဖေရာ။ တစ်ချို့ စာတွေတော့ သားလည်း မေ့နေတာမျိုးလည်း
ရှိပါတယ်။ အဖေ သတိထားပြီး မြင်တွေ့မိတာမျိုးရော ရှိနေလို့လား အဖေရ။
ပညာတွေ အများကြီးသင်ထားသော သူ့သားကို ဂုဏ်ပြုသောအားဖြင့်
နားရင်း ခပ်ပြင်းပြင်း တစ်ချက် အုပ်ပေးလိုက်ပြီး
အဖေ။ မင်း…ကြယ်တွေ၊ လ,တွေ၊ ဂြိုဟ်တွေ ခန ထားလိုက်။ အခုလောလောဆယ်
ငါတို့ ရွက်ဖျင်တဲကို တစ်ယောက်ယောက် ခိုးသွားပြီး ငတုံးရ။
--------------------------------------------------------------------
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပညာတတ်တွေအများကြီး ရှိပါတယ်။
ပညာနဲ့ သတိ တွဲပြီး ရှိနေတာမျိုးတော့ အလွန်နည်းပါးလှပါတယ်။
ပညာရပ်တစ်ခုခု ဘယ်လောက်ကျွမ်းကျင်ထားသည်ဖြစ်စေ
(သတိ၊အသိ) မရှိဘူးဆိုရင် အဲဒီပညာရပ်ဟာ တတ်မြောက်ထားသူကို
အခက်အခဲတွေကြားက ကယ်ထုတ်ပေးနိုင်မှာမဟုတ်ပါဘူး။
ပညာနဲ့ သတိဆိုတာ ဒင်္ဂါးပြား တစ်ခုလိုပါပဲ။
နှစ်ခုစလုံး ပြည့်စုံမှသာ တကယ့်ပညာတတ်လို့ ဆိုလို့ရပါတယ်။
မဟုတ်ရင်တော့....တစ်ခြမ်းပဲ့ ပညာတတ်ပဲ ဖြစ်ပါလိမ့်မယ်။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment