Tuesday, 25 February 2014

ခြေရာဖျောက်သူတိုင်းသည် ခြေရာဖျက်သူ မဟုတ်ပါ


ပင်လယ်ကမ်းခြေတစ်ခုမှာ ဖြစ်သည်။

ဂဏန်းငယ်တစ်ကောင် ပျော်ရွှင်မြူးတူးနေသည်။

နောက်မှ ကျန်ခဲ့သော သူ့ခြေရာများက လှပလွန်းနေသည်။

သူအလွန်အမင်း ကျေနပ်ဂုဏ်ယူ အားရဝမ်းသာ ဖြစ်နေသည်။

သူ့ဘဝမှာ သူဖန်တီးနိုင်သော အလှအပသည် သူ့ခြေရာများဖြစ်သည်ဟု

သူခံယူထားသည်။


ငှက်တစ်ကောင်အတွက် ခွန်အားသည် အတောင်ပံဖြစ်ပြီး ၄င်းတို့သည်

ယင်းအတောင်ပံကို အသုံးပြု၍ ပျံသန်းခြင်းဟူသော ဘဝအနုပညာကို

ဖန်တီးကြသည်။

သို့ဆိုလျှင် သူ့အတွက်လည်း

သူ၏ ကြီးမားသန်မာထွားကျိုင်းသော ခြေလက် များက ခွန်အားမဟုတ်ပါလား.?

ထိုမျှမက ရန်သူကို တိုက်ခိုက် နိုင်သော လက်နက်များ မဟုတ်ပါလား?

ငှက်တစ်ကောင်အတွက် ပျံသန်းခြင်းက အရေးပါလျှင် သူ့အတွက်လည်း

ကမ်းခြေတစ်လျှောက် ပြေးလွားလှုပ်ရှားနေရခြင်းက အရေးပါလွန်းလှသည်

ဟု သူယုံကြည်ထားသည်။ ငှက်တစ်ကောင်က လေပေါ်မှာပဲ ပျံသန်းနိုင်ပြီး

သူဆိုလျှင် ရေနှင့်ကုန်းမြေ နှစ်ခုစလုံးတွင် ပြေးလွားရုန်းကန်နိုင်သည်။


ပြီးတော့ လူအတော်များများက သူ့ခြေရာများကို သဘောကျကြသည်။

သူ့ခြေရာများကို မုန်းသူမရှိဟု သူ နှစ်ထောင်းအားရ ဖြစ်မိသည်။

သူ့ခြေရာများကို ကျေနပ်အားရစွာဖြင့် နောက်တစ်ကြိမ် လှည့်ကြည့်သည်။

အိုး…လှလိုက်တာ။

ထိုအခိုက်အတန့်ဝယ် ကြီးမားသော ပင်လယ်လှိုင်းတစ်ခုက

သူအမြတ်တနိုးဖြစ်နေသော ခြေရာများကို ခပ်ပြင်းပြင်းရိုက်ခတ်

ချေဖျက်သွားသည်။

လှိုင်းလုံးကြောင့် သူလည်း ရေထဲရောက်သွားသည်။

သူ့ခြေရာလှလှလေးများလည်း ပြောင်စင်အောင်ကုန်သွားပြီ။

စိတ်ဆိုးမာန်ဆိုးဖြင့် သူလှိုင်းကို ဒေါသတကြီး ပြစ်တင်ပြောဆိုလိုက်သည်။



ဂဏန်း။ ကိုလှိုင်း…ခင်ဗျားဗျာ ကျွန်တော့်သူငယ်ချင်း အရင်းကြီး ဖြစ်ပြီး

လုပ်ရက်တယ်ဗျာ။ ကျွန်တော်လည်း ရေမွန်းတယ်…ခင်ဗျားလုပ်လို့ ကျွန်တော့်

ခြေရာလှလှလေးတွေ အကုန်ပျက်စီးသွားပြီ။


လှိုင်း။ ညီလေး ဂဏန်း မင်း ပင်လယ်ကမ်းခြေတစ်လျှောက် ပြေးလွှားဆော့ကစား

တာကို ငါကြည့်ပြီး ကျေနပ်ဝမ်းသာ ဖြစ်နေတာပါကွ။ မင်းခြေရာလေးတွေကို

ငါ့ကြီးကောင်ကြီးမား ခန္ဓာကိုယ်ကြီးသုံးပြီး မဖျက်စီးရက်ပါဘူးကွာ။


ဂဏန်း။ ခင်ဗျားကသာ မဖျက်စီးရက်ဘူး ပြောနေ။ ကျုပ်ခြေရာတွေတော့

ကုန်ပြီ။ ခင်ဗျားကို လုံးဝ မကျေမနပ်ဘူး။


လှိုင်း။ ညီလေးဂဏန်း အကိုလှိုင်းကို အပြစ်တင် မစောပါနဲ့ကွာ။ ဒီနေ့ ငါးဖမ်းသမား

တစ်ယောက်က ညီလေး ခြေရာတွေကို ခြေရာခံပြီးလိုက်နေတယ်။ ညီလေးက

တစ်နေရာမှာ ပျော်နေတော့ သူ့ကို ဘယ်သတိထားမိပါ့မလဲ။ အကိုလှိုင်းက သူ့ကို

မြင်နေရတော့ ညီလေးအတွက် စိတ်ပူမိတယ်။ ညီလေး ခြေရာလှလှလေးတွေ

ကြောင့် သူ့ပလိုင်းထဲကို အလွယ်တကူ ရောက်သွားမယ်။ ညီလေးအသက်

အန္တရာယ်ကို ထိခိုက်မှာစိုးလို့ အကိုဒီလို လုပ်ရတာပါကွာ။


ဂဏန်း။ ခင်ဗျာ !!!

လှိုင်း။ ညီလေးကြိုက်တဲ့ ခြေရာလေးတွေ ပြန်ဖန်တီးပေါ့ကွာ။ ညီလေးက

ကမ်းခြေမှာ ပြေးလွှားရတာကို နှစ်သက်တယ်မဟုတ်လား။ အကိုလှိုင်းကတော့

မင်းက အန္တရာယ်ပေးမယ့်သူတွေကို မျက်စိတစ်ဆုံး ကြည့်ထားပေးမယ်။


ဂဏန်း။ ကိုလှိုင်း…ကျွန်တော် မှားသွာတယ်ဗျာ။ ခင်ဗျားကို မမျှော်လင့်ဘဲ

ကိစ္စသေးသေးလေးကြောင့် ကျွန်တော် အထင်မှားမိတယ်။ တောင်းပန်ပါတယ်ဗျာ။


လှိုင်း။ ရပါတယ်ညီလေးဂဏန်းရာ။ မင်းကို ကာကွယ်ရမှာ အကိုလှိုင်းရဲ့ တာဝန်ပါ။

သွား…သွား မင်းရဲ့ ခြေရာလှလှလေးတွေ ဖန်တီးလိုက်ဦး။



(၁)

အပြန်အလှန် မှီခိုခြင်း သီအိုရီအရ ခင်ဗျား တစ်ယောက်တည်း ရပ်တည်လို့ မရပါဘူး။


(၂)

မိတ်ဆွေကောင်းဆိုတာ ကျွန်တော်တို့ အတွက် အကောင်းဆုံး မှီခိုအားထားစရာပါ

( အောင်မြင်ချိန်၊ ကျရှုံးချိန်၊ ပျော်ရွှင်ချိန်၊ ကြေကွဲချိန်.....)


(၃)

ဘဝမှာ ကျွန်တော်တို့ လူသားတွေလည်း ဒီလို အပြုအမူမျိုးတွေနဲ့ မကင်းတတ်ကြဘူး။

ပညာမာန်၊ ဓနမာန်၊ မျိုးရိုးမာန် ၊ အလှအပမာန် အစရှိသဖြင့် မာန်တွေ ဟန်တွေ

မြောက်များစွာနဲ့ မိမိ အခြေအနေနဲ့ အန္တာရာယ်ကို မြင်နိုင်စွမ်း နည်းလာတတ်တယ်။


(၄)

လူတိုင်းမှာ ဂဏန်းလက်မနဲ့တူတဲ့ ကောင်းကွက်ကြီးကြီးတွေ ရှိတတ်တယ်။

အဲဒီကောင်းကွက်ကို အသုံးချပါ။

အဲဒီကောင်းကွက်ကြောင့် မိမိကိုယ်ကို မဖျက်စီးလိုက်ပါနဲ့။


(၅)

တစ်ချို့ မိတ်ဆွေတွေမှာ ခင်ဗျားနဲ့ စကားများများ ဖောရောလုပ်နေဖို့ အချိန်မရှိဘူး။

ဒါပေမယ့် ခင်ဗျားတကယ် လိုအပ်တဲ့အချိန်တွေမှာ သူတို့က ခင်ဗျားမတောင်းဆိုတာတောင်

လှိုင်းလိုမျိုး ကူညီဖေးမတတ်တယ်။ သူတို့ကို မစော်ကားမိပါစေနဲ့။ အသိအမှတ်ပြုပေးပါ။


(၆)

မြင်သာထင်သာတဲ့ မိတ်ဆွေတွေလည်း ရှိတတ်သလို

မမြင်ရတဲ့ မိတ်ဆွေတွေ...ခင်ဗျားရှေ့မှာ ခင်ဗျားကောင်းကြောင်း မပြောပေမယ့်

ခင်ဗျားကွယ်ရာမှာ ခင်ဗျားကောင်းခြင်းတွေကို သတိတရ အမှတ်ပေးပြီး ပြောတတ်ကြတဲ့

မိတ်ဆွေတွေလည်း ရှိတယ်ဆိုတ မမေ့ပါနဲ့။


(၇)

ခင်ဗျား မတွေးမိတဲ့ ပုံစံမျိုးနဲ့ ခင်ဗျားရဲ့  တကယ့်မိတ်ဆွေက ခင်ဗျားရဲ့ 

အရှက်၊ အသက်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အသင့် ဖြစ်နေတတ်တယ်ဆိုတာ

သတိတရ ရှိပါ။


အိမ်ဝေးသူ (KZ)

No comments:

Post a Comment