Thursday, 20 February 2014

ငါးဒေါ်လာမျှသာ ဖြစ်သော်လည်း


ကမ္ဘာကျော်လူချမ်းသာကြီးတစ်ဦး စားသောက်ဆိုင်ထဲသို့ ဝင်လာသည်ကို

တွေ့လိုက်သော စားပွဲထိုးလေးက ပျာပျာသလဲ ခရီးဦးကြို ပြုလိုက်သည်။ နေရာထိုင်ခင်း

ပေးပြီးနောက် လူချမ်းသာကြီးမှာသည့် အစားအစာများကို ရိုကျိုးစွာ တည်ခင်းပေးလိုက်သည်။

စားပွဲထိုးလေးသည် မလှမ်းမကမ်းမှာ အဆင်သင့် ရပ်စောင့်နေရင်း “ဒီနေ့တော့ ထောပြီ” ဟု

တွေးရင်း ပျော်နေသည်။ မနေ့တုန်းကပဲ ဒီသူဋ္ဌေးကြီး၏ သားတော်မောင်သည် ဤဆိုင်ထဲမှာပင်

စားသောက်ပြီးပြန်သွားသည့်အခါ ဒေါ်လာ ၅၀၀ တိတိကို ရက်ရက်ရောရော ပေးခဲ့သည်

မဟုတ်ပါလား။


အတန်ကြာစားသောက်ပြီးနောက် ကမ္ဘာကျော်လူချမ်းသာကြီးလည်း ကျသင့်ငွေကို

ရှင်းပေးလိုက်ပြီး သူ့ကို နေရာ ထိုင်ခင်းပေးပြီး အစားအသောက်များ ချပေးခဲ့သော

စားပွဲထိုးလေးကို ခေါ်လိုက်သည်။ ပြီးတော့ ၅ ဒေါ်လာတန် တစ်ရွက်ကို ထုတ်ပေးလိုက်ပြီး

“မင်းအတွက် မုန့်ဖိုး” ဟု ပြောလိုက်သည်။ လက်ထဲရောက်လာသည့် ၅ ဒေါ်လာတန်ကို ကြည့်ပြီး

စားပွဲထိုးလေး အံ့သြမင်သက်နေသည်။

သားဖြစ်သူကတောင် ဒေါ်လာ ၅၀၀ ပေးခဲ့သေးလျှင် ကျိကျိတက်အောင် ချမ်းသာသော

ဒီလူကြီးက သားဖြစ်သူထက် ပိုသော ငွေကြေး ဂဏန်းတစ်ခုခုကို ပေးခဲ့မည်ဟု သူ မုချ

ယုံကြည်ထားသည်။

အမူအယာ ပျက်နေသော စားပွဲထိုးလေးကို သူဋ္ဌေးကြီးက အရေးတယူမေးလိုက်သည်။


ကမ္ဘာကျော်လူချမ်းသာကြီး ။ ဘာဖြစ်လို့လဲ…ချာတိတ်။

စားပွဲထိုး ။ အန်ကယ်လ်က ကမ္ဘာမှာ အချမ်းသာဆုံး လူတစ်ယောက်ပါ။ ဒါပေမယ့် အန်ကယ်လ်

ပေးတဲ့ မုန့်ဖိုးက အန်ကယ့်သားပေးတာထက် အဆ ၁၀၀ တောင် နည်းနေတယ်ခင်ဗျ။

ကမ္ဘာကျော်လူချမ်းသာကြီး ။ ဟေ…။

စားပွဲထိုး ။ ဒီလိုပါ အန်ကယ်လ်။ မနေ့တုန်းကပဲ အန်ကယ့်သား ကျွန်တော်တို့ဆိုင်မှာ

လာရောက် စားသောက်သွားခဲ့ပါတယ်။ အပြန်မှာ သူက ကျွန်တော့်ကို ဘောက်စူး ဒေါ်လာ ၅၀၀

တိတိ ပေးသွားခဲ့ပါတယ်။ ဒီနေ့ အန်ကယ်လာတော့ ကျွန်တော်က မနေ့ကထက် မုန်ဖိုးပိုရမယ်လို့

တွက်ထားပါတယ် ခင်ဗျ။

ကမ္ဘာကျော်လူချမ်းသာကြီး ။ သြော်…ဒီလိုကိုး။ အေး…ကောင်းပြီ။ အန်ကယ်လ် ရှင်းပြမယ်။

မနေ့က လာသွားတဲ့သူက ကမ္ဘာမှာ အချမ်းသာဆုံးထဲက တစ်ယောက်ဖြစ်တဲ့

အန်ကယ်လ်ရဲ့ သား ဖြစ်ပေမယ့် အန်ကယ်ကတော့ သစ်ခွဲသမားတစ်ယောက်ရဲ့ 

သားမျှသာ ဖြစ်ပါတယ်။ သူ့အတွက် ငွေရတာ လွယ်ကူပေမယ့် အန်ကယ်လ်အတွက်တော့

မလွယ်ကူပါဘူးကွာ။ သူအတွက် ဖြုန်းတာ လွယ်ပေမယ့် အန်ကယ့်အတွက်တော့ ခက်တယ်ကွ။

စားပွဲထိုး ။ ဟုတ်ကဲ့ပါ… အန်ကယ်လ် ပေးတဲ့ (၅) ဒေါ်လာနဲ့ပဲ ကျွန်တော် ကျေနပ်လိုက်ပါပြီ။

အကြောင်းအရာကတော့ ဒီလောက်မျှသာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကတဆင့် သိနိုင်တာက


၁) ငွေရဲ့ တန်ဖိုးကို ကိုယ်တိုင် ရှာဖူးသူသာ ပိုပြီးခံစားနိုင်စွမ်းရှိတယ်။

၂) လူတစ်ယောက်ဟာ ဘယ်နေရာကိုရောက်ရောက် ဘဝ မမေ့သင့်ပါဘူး။

၃) ကိုယ်တိုင်ငွေရှာသူက လိုရာကိုသာ သုံးတတ်ပြီး၊ မရှာရသူက အလွယ်တကူ ဖြုန်းတတ်တယ်။

၎) အောင်မြင်နေတဲ့ အချိန်မှာလည်း လိုအပ်ရင် ဘဝဟောင်းကို ဖော်ထုတ်ရဲ ရမယ်။

၅) မိမိဘဝနဲ့ ရင်းပြီး ရခဲ့တဲ့ သင်ခန်းစာကို အတွေ့အကြုံနုနယ်သူတွေကို မျှဝေနိုင်ရမယ်။

၆) လူချမ်းသာတိုင်းလည်း ရက်ရောမယ်လို့ ပုံသေ မတွက်ထားပါနဲ့။


အိမ်ဝေးသူ (KZ)


မှတ်ချက်။

ဒီအကြောင်းအရာဟာ ဘီလ်ဂိတ် ( Bill Gates ) ရဲ့ နာမည်ကြီးတဲ့ အကြောင်းအရာတွေထဲက
အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။ သို့သော် သစ်ခုတ်သမားရဲ့ သား ဖြစ်မဖြစ်ဆိုတဲ့
အယူအဆတွေ ကွဲပြားစွာ ရှိနေတဲ့အတွက် ကျွန်တော့်အနေနဲ့ Microsoft ပိုင်ရှင်ဖြစ်တဲ့
ဘီလ်ဂိတ် ( Bill Gates ) အကြောင်းဆိုပြီး ခေါင်းစဉ်မတင်ခဲ့ခြင်းဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်
ကျွန်တော်တို့အတွက် လူနာမည်ကြီးတာထက် အကြောင်းအရာ အသုံးဝင်ဖို့က ပိုအရေးကြီပါတယ်။

No comments:

Post a Comment